Skip to main content

အဆုံးမရှိ မြစ် [ မြင့်သန်း ]

ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ဒါကြောင့်ပဲ ဆရာကြီးရုံးခန်းရှိရာကို လာခဲ့တာ။ ကန်ဘောင်ရိုးအတိုင်းလျှောက်လာရင်း တစ်ခါတလေ လေချွန်နေမိတယ်။ ဘာ၊ သီချင်းရယ်လို့တော့ သေသေချာချာ မသိဘူး။ ကန်ဘောင်ရိုးရဲ့ အောက်ဖက်ဆီက စက်သံပြင်းပြင်းနဲ့ ၀န်တင်ကားတွေ ဖြတ်သွားတတ်တယ်။ ကန်ထဲမှာတော့ ရေဘဲတစ်သိုက် ရေကူးနေကြလေရယ့်။ လေချွန်ရင်းလျှောက်လာတော့ ခရီးပေါက်လို့ ပေါက်မှန်းမသိဘူး။ ငွေတွေ၊ ကြေးတွေ အကြောင်းသင့်တဲ့အဆောက်အဦကြီးနောက်နားဆီက နောက်ဖေးပေါက်ကလေး တစ်ခုရှိရာ ရောက်လာတယ်။ ဒီအပေါက်ကလေးက လူပဲ ၀င်လို့ရတယ်။ ကားဝင်လို့မရဘူး။ ကားစီးလာရင် သိကြားမင်းပဲဖြစ်ဖြစ်၊ လမ်းလျှောက်ဝင်ရမှာပဲ။ တစ်နည်းအားဖြင့်တော့ သဘောကျစရာပဲ။ ဒီအပေါက်က ၀င်ရင်၊ လမ်းလျှောက်ဝင်ရမယ်ဆိုတာ စာရေးမထားဘဲ သင်္ကေတအရ ဖော်ထုတ်ထားတဲ့ သဘောပဲထင်တယ်။ ပညာရှိတွေနေတဲ့ အရပ်ဆိုတော့လည်း ဒီလိုပဲထင်ရယ့်။

ဆရာကြီးကို လာတွေရတာကတော့ အကြောင်းရှိလို့ပဲ။ ဆရာကြီးက အကြောင်းမရှိဘဲ သူ့ကို လာတွေ့တာမျိုးမကြိုက်ဘူး။ အချိန်ဆိုတာကို အလဟဿဖြုန်းတီးပစ်တယ်ဆိုတာမျိုး မကြိုက်ဘူး။ ကျွန်တော်ကတော့ အချိန်ဆိုတာ ဘာရယ်လို့ မသိဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ။ ဘာရယ်လို့ပြောလို့မရတဲ့ဟာလို့ ထင်တယ်။ သံပုရာသီးဆိုတာမျိုးပဲ။ ချဉ်တယ်။ အရည်ရွှမ်းတယ်။ အစေ့ပါတယ်။ အခွံစိမ်းရင် စိမ်းတယ်။ အခွံဝါရင် မှည့်တယ်။ ပါမောက္ခ ဂျီ၊ အီး၊ မိုးကတော့ ကောင်းမြတ်ခြင်းဆိုတာ အ၀ါရောင်ပဲလို့ ပြောဖူးတယ်။ အ၀ါရောင်ဆိုတာကို ဘာပဲ၊ ညာပဲလို့ ထပ်ပြောလို့မရတော့ဘူးတဲ့။ ကျွန်တော်ကတော့ သူ့လို ပါမောက္ခမဟုတ်ပေတဲ့၊ ကျွန်တော့်သံပုရာသီးဟာ သူ့အ၀ါရောင်လိုပဲ။ ဒါပေတဲ့၊ ကျွန်တော်ဆိုချင်တာက အ၀ါရောင်ဟာ သံပုရာသီးပဲလို့ ဆိုချင်တာမဟုတ်ဘူး။ အချိန်ဆိုတာ သံပုရာသီးလိုပဲလို့ ဆိုချင်တာ။ ဒါပေတဲ့လည်း သံပုရာသီးက မျိုးပွားဖို့ အစေ့ပါတယ်။ အချိန်မှာ အစေ့မပါဘူး။ မျိုးပွားလို့မရဘူး။ ပြီးရင်၊ ပြီးသွားတာပဲ။ ပြန်မရတော့ဘူး။ ပြောလို့ဆိုလို့မရတဲ့အချိန်ဆိုတာက ပြီးခဲ့တဲ့အချိန်တွေ။ ပြန်မရတော့တဲ့အချိန်တွေ၊ ရောက်မလာသေးတဲ့အချိန်တွေအကြောင်းက ပြောလို့မရဘူး။ ဒါနဲ့များတောင် တစ်ချို့က `အချိန်ရှိတယ်´၊ `အချိန်မရှိဘူး´ ရယ်လို့ ပြောတတ်ကြသေးတယ်။ တကယ်တော့ အချိန်ဆိုတာ ဘယ်တုံးကမှ ရှိတယ်၊ မရှိဘူးလို့ ပြောလို့ဖြစ်တာမျိုးမှ မဟုတ်ပဲ။ ဒီလိုဆိုပြန်တော့ အချိန်နဲ့ သံပုရာသီးဟာ မတူနိုင်တော့ဘူး။ သံပုရာသီးက ရှိတယ်၊ မရှိဘူးလို့ ပြောလို့ရတယ်။ ဘာချည်းဖြစ်ဖြစ်၊ ကျွန်တော့်ဆရာကြီးကတော့ အချိန်ဆိုတာ ရှိနေတဲ့ဟာတစ်မျိုးလို သဘောထားတယ်။ ကျွန်တော်ကတော့ သဘောမတူဘူး။ သဘောမတူဘူးဆိုလို့ ကျွန်တော်က အချိန်ဆိုတာမရှိဘူးလို့ လက်ခံထားတာတော့ မဟုတ်ဘူး။ ကျွန်တော့်သဘောကတော့ အချိန်ဆိုတာနဲ့ပတ်သက်လို့ ဘာမျှ မပြောနိုင်ဘူး။ ပြောချင်ရင်တော့၊ ခုနကပြောသလို သံပုရာသီးလိုပဲလို့ ပြောရလိမ့်မယ်။ ဒီတော့လည်း၊ ချဉ်မယ်။

ဒီအကြောင်းကိုတော့ ဆရာကြီးနဲ့ကျွန်တော် မဆွေးနွေးကြည့်ဖူးဘူး။ ဆွေးနွေးကြည့်လို့ ကျွန်တော့်ဖက်က ဘယ်လောက်ပဲဆင်ခြေကောင်းကောင်း၊ ကျမ်းကိုးတွေ ဘယ်လောက်ပဲများများ၊ ဆရာကြီးပဲ နိုင်မှာ။ အဓိက,ကတော့ သူက ကျွန်တော့်ဆရာကိုး။ ဆရာထက်တပည့်လက်စောင်းထက်ဆိုတာက ခါရတေးပညာပိုင်းမှာ ဖြစ်မယ်။ ကျွန်တော်တို့ဆရာတပည့်တွေ အသိုင်းအ၀ိုင်းမှာတော့ မဟုတ်ဘူး။ တပည့်မှန်ရင်၊ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ တော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ၊ ဆရာ့လိုတော်လို့ မဖြစ်ဘူး။ ဆရာထက်တော်ရင် ဘယ်သူမှ လူရာမသွင်းတော့ဘူး။ တကယ်တော့ ပညာတတ်ဆိုတာက သုညကို တန်ဖိုးတက်လာအောင် ၀လုံးလို့ခေါ်ပြီး၊ ၀လုံးရဲ့အတွင်းနှုတ်ခမ်းဘောင်ပေါ်မှာ စီတန်းလျှောက်နေကြတဲ့လူတွေ မဟုတ်လား။ အမြီးဟာ ခေါင်းကို ဘယ်တော့မှမကျော်ဘူး။ အမြီးလှုပ်နိုင်ဖို့က ခေါင်းနဲ့ဆိုင်တယ်။ ဒီတော့ ကျွန်တော်တို့အသိုင်းအ၀ိုင်းမှာ ၀ါစဉ်က စကားပြောတယ်။ ဆရာကြီးလိုအနေအထားမျိုး ရောက်သွားရင် ဘာကိုမှသွားမယှဉ်လေနဲ့။ ဆရာကြီးရဲ့ အဆင့်မျိုး၊ အနေအထားမျိုးမှာ တပည့်တွေကို ဘယ်လိုအသုံးချရမယ်ဆိုတာကို သိဖို့လည်း အရေးကြီးတယ်။ ဒါကလည်း သင်ကြားလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ဘ၀အတွေ့အကြုံဆိုတာနဲ့ အများကြီးဆိုင်တယ်။ ဆရာကြီးက ဘ၀အတွေ့အကြုံလည်း များခဲ့လေတော့ ငြမ်းမပါဘဲ ဘုရားတည်ဖို့မလွယ်တာ သိပြီးသား။ ဒါကြောင့်ပဲ ဘယ်ကိစ္စမျိုးဆိုရင်ဖြင့် ဘယ်တပည့်နဲ့တော်တယ်ဆိုတာ သူက သိတယ်။ ဒါကြောင့်ပဲ ခုကိစ္စမှာ ကျွန်တော့်ကို တာဝန်ပေးလိုက်တာပဲ။ ခုကိစ္စဖြစ်လာရတာက ဒီလို။

တစ်နေ့...။ ဘယ်လောက်ကြာသွားပြီလဲဆိုတာတော့ ကျွန်တော်မမှတ်မိတော့ဘူး။ တစ်နေ့တော့ အရေးပါအရာရောက်တဲ့လူကြီးနှစ်ယောက်က ဆရာကြီးကို လာတွေ့သတဲ့။ သူတို့က ဆရာကြီးကို ပြောတယ်။ ကျုပ်တို့မှာ လိုအပ်တာအားလုံးပြည့်စုံတယ်။ ဘယ်သူဘယ်ဝါလုပ်နိုင်တဲ့ကိစ္စဆိုတာမျိုးကိုလည်း ကျုပ်တို့လုပ်နိုင်တယ်။ ဒီတော့၊ ဘယ်သူမှမလုပ်ရသေးတာတစ်ခု လုပ်ချင်တယ်။ အဲဒီဟာကလည်း အရှည်ခံရမယ်။ ကျုပ်တို့မရှိတော့တဲ့တိုင် ပြောစရာတစ်ခုဖြစ်ပြီး ကျန်ရစ်ခဲ့ရမယ့်ဟာမျိုးဖြစ်ချင်တယ်။ ဆရာကြီးအနေနဲ့ စဉ်းစားပေးစမ်းပါလို့ ပြောသတဲ့။ ဒီတော့ ဆရာကြီးက၊ ကျွန်တော့်ကို အချိန်နည်းနည်းပေးပါ။ ခင်ဗျားတို့ဖြစ်စေချင်တာ ဖြစ်ရစေမယ်လို့ အာမခံလိုက်သတဲ့။ ဒီ့နောက်တော့ ဆရာကြီးက မိုးကောင်းကင်ကြီးကိုကြည့်လိုက်။ သူ့အခန်းပြတင်းပေါက်ကနေ ကွင်းပြင်ထဲမှာ အလကားပေါက်နေတဲ့ မြက်ပင်တွေ ရှည်ထွက်လာတာကိုကြည့်လိုက်။ ရေနွေးကြမ်းသောက်လိုက်။ ရှူရှူထပေါက်လိုက်နဲ့ အတော့်ကို အချိန်ယူပြီး စဉ်းစားသတဲ့။ စဉ်းစားတာက ဘာလုပ်ရမယ်လို့စဉ်းစားတာမဟုတ်ဘူး။ ဒီကိစ္စကိုဖြင့် ငါ့တပည့်တွေထဲက ဘယ်ကောင်နဲ့သင့်မယ်ဆိုတာကို စဉ်းစားတာ။ နောက်ဆုံးတော့ သူ့အတွေးထဲမှာ ကျွန်တော့်ကို ရှာဖွေတွေ့သွားတယ်။ သူနဲ့ကျွန်တော်က အဆက်အသွယ်ပြတ်နေတာ အတော်ကလေးကြာပြီ။ ပညာတတ်တို့ရဲ့ ဆင်စွယ်ရဲတိုက်ထဲကထွက်ပြီး ခြေဦးတည့်ရာလျှောက်သွားနေခဲ့တာ အတော်ကလေးကြာပြီ။ ဆရာကြီးက ကျွန်တော့်ကို သူ့အတွေးထဲမှာရှာဖွေတွေ့သွားတာနဲ့၊ အရေးပါအရာရောက်ဆိုတဲ့ လူကြီးနှစ်ယောက်ကို ခေါ်ပြီးပြောသတဲ့။ ခင်ဗျားတို့အတွက်လိုအပ်နေတာကို ဆောင်ကျဉ်းပေးနိုင်မယ့် ကျွန်တော့်တပည့်တစ်ယောက်တော့ ရှိလေရယ့်။ သူ့ကို ခင်ဗျားတို့လိုက်ရှာပြီး ကျွန်တော့်ဆီရောက်အောင် ခေါ်ခဲ့ပေးပါလို့ပြောတော့၊ တစ်ယောက်က ဆရာကြီးကို ပြန်မေးတယ်။ ဒီလူက ဆရာ့တပည့်ထဲက လူတော်တစ်ယောက်လားတဲ့။ ဒီတော့ ဆရာကြီးက ပြန်ဖြေတယ်။ ကျွန်တော့်တပည့်တွေဟာ လူတော်တွေချည်းပါပဲ။ လူတော်တွေဟာ များသောအားဖြင့် ဟုတ်တာတွေချည်း၊ ကောင်းတာတွေချည်း စဉ်းစားကြပါတယ်။ ဒီတစ်ယောက်ကတော့ဖြင့် ဟုတ်တာရောမဟုတ်တာပါ၊ ကောင်းတာရော မကောင်းတာပါ စဉ်းစားလေ့ရှိပါတယ်။ ဒီအလုပ်ကဖြင့် သူနဲ့အသင့်လျော်ဆုံးမို့ သူ့ကိုလိုက်ရှာပြီး ကျွန်တော့်ဆီခေါ်ခဲ့ပေးပါလို့ ဆရာကြီးက ပြန်ဖြေတယ်။ တိုတိုပြောရရင်တော့ ဒီအကြောင်းကြောင့် ကျွန်တော်လည်း ဆရာကြီးဆီ ပြန်ရောက်ခဲ့ရတာပါပဲ။

အဲဒါကလည်း အတော်တောင်ကြာသွားပါပြီ။ ဆရာကြီးနဲ့တွေ့တော့ ဆရာကြီးက ခုနပြောခဲ့တဲ့အကြောင်းတွေ ပြောပြတယ်။ ကျွန်တော်ကလည်း မငြင်းသာလေတော့ ကျွန်တော်တတ်သရွေ့နိုင်သရွေ့ စဉ်းစားကြည့်ပါမယ်လို့ပဲ ပြောလိုက်မိတယ်။ အိမ်ပြန်လာပြီး နေ့ရှိသရွေ့ ဒီကိစ္စပဲ ထိုင်စဉ်းစားကြည့်နေမိပေတဲ့ လွယ်လွယ်နဲ့အဖြေမထွက်ဘူး။ လူပြောစရာဖြစ်ပြီး ကျန်ရစ်ခဲ့ဖို့ဆိုတာ လွယ်လွယ်မဟုတ်ဘူး။ ဒီ့ပြင် အရှည်ကြာဖို့ဆိုတာက၊ ဘာမှမမြဲဘူးဆိုတဲ့ လောကကြီးထဲမှာ သိပ်လွယ်လှတာမဟုတ်ဘူး။ ဒီလိုနဲ့နေရာက တစ်နေ့တော့ တောဖက်က ကျွန်တော့်ငယ်သူငယ်ချင်းဆီ သွားလည်တယ်။ ညနေစောင်းတော့ ထန်းတဲဆီသွားပြီး ထန်းရည်သောက်ကြတယ်။ အတော်ကလေးနေစောင်းတော့ သူ့အိမ်ရှိရာဆီကို ပြန်လာကြရင်း ရှူရှူပေါက်ချင်တာနဲ့ ခြုံစပ်ကလေးတစ်ခုနားက မြောင်းကလေးထဲ ရှူရှူပေါက်ချလိုက်မိတယ်။ မြောင်းကလေးက အဲဒီထက်နိမ့်တဲ့ ချောင်းကလေးထဲစီးသွားတာ။ ချောင်းကလေးကတော့ အစနဲ့ အဆုံးကိုမတွေ့ရဘူး။ ခြုံတွေကွယ်နေလို့။ သဘာဝအတိုင်းကတော့ ချောင်းကလေးဟာ မြစ်ထဲစီးသွားရမှာပဲ။ မြစ်ဟာ ပင်လယ်ထဲစီးသွားရိုးပဲ။ ရှူရှူပေါက်ရင်း ဆင့်ပွားတွေးစရာတွေ ရလာတယ်။ လောကကြီးတစ်ခုလုံးဟာ တွေးစရာတွေချည်းပဲ။ တွေးမကြည့်ကြလို့ တွေးစရာမရှိတာပဲ။ မတွေးတတ်တာက ခွေးငတ်လိုပဲဆိုတာ ဟုတ်လောက်ပါရယ့်။ ခွေးမှာ ငတ်စရာအကြောင်းဆိုတာမှ မရှိပဲ။ လူစွန့်ပစ်ထားတာမှန်သမျှ သူ့အစာချည်းပဲ။ ခွေးဟာ ငတ်ရတယ်ဆိုရင်ဖြင့် ညံ့လို့ပဲ။ စင်စစ်တော့ မတွေးတတ်တာဟာ ညံ့လို့ပဲ။ ရှူရှူပေါက်ရင်းရခဲ့တဲ့၊ စခဲ့တဲ့အတွေးဟာ ရပ်တန့်မသွားတော့ဘူး။ နောက်ထပ် သုံးလေးပတ်လောက်အထိ ဆက်တွေးနေမိတယ်။ နေ့နေ့ညည အတွေးတွေ ပွင့်ကန်ပျံတက်လာကြတော့တယ်။ ဒီတော့လည်း ဆရာကြီးကိုပေးဖို့ အဖြေပေါ်လာတယ်။ ဒါနဲ့ပဲ ဆရာကြီးရဲ့ ရုံးခန်းကိုသွားပြီး အကျိုးအကြောင်းပြောပြလိုက်မိတယ်။ ကျွန်တော်ပြောသမျှကို ဆရာကြီးက သူ့ရဲ့ ကုလားထိုင်ကျောမှီပေါ်မှာ ခေါင်းကိုအသာတင်ထားပြီး မျက်လုံးမှိတ်ပြီး နားထောင်တယ်။ မင်းရဲ့ တွေးထားချက်ကို မင်းရဲ့အသံကနေတဆင့် ဆရာပုံဖော်ကြည့်ချင်တယ်လို့ ပြောတယ်။ တစ်တခါတလေတော့ မျက်လုံးဖွင့်ပြီး ပြတင်းပေါက်ကနေတဆင့် အပြင်ဖက်ကို လှမ်းကြည့်တတ်တယ်။ အပြင်ဖက်မှာတော့ မြက်ခင်းကြီးပဲရှိတယ်။ မြက်ခင်းကြီးရဲ့အဆုံးမှာ ကောင်းကင်ပြာပြာကြီးရှိတယ်။ မြက်ခင်းနဲ့ကောင်းကင်ဟာ ဆုံသွားပြီး ထိနေသလိုပဲ။ တကယ်တော့ မဆုံဘူး မထိဘူး။ မျက်စေ့နဲ့မြင်ရတာတိုင်းဟာ အမှန်အတိုင်းရှိနေကြတာတွေမှ မဟုတ်ပဲ။

ဆရာကြီးက ကျွန်တော်ပြောတာကိုနားထောင်ရင်း တစ်ချက်တစ်ချက် ပြုံးတယ်။ ကျွန်တော်ပြောတာ ရှင်းပြတာဆုံးသွားတော့ ဆရာကြီးက အတော်ကြာအောင်ပြုံးပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်နေတယ်။ နောက်တော့မှ ထိုင်ရာကထပြီး ကျွန်တော့်ကိုလက်ဆွဲနှုတ်ဆက်ရင်း အစကတည်းက ဆရာသိတယ်။ မင်းတစ်ယောက်ပဲ ဒီလိုစဉ်းစားနိုင်မယ်ဆိုတာ။ ဒီတော့ မနက်ဖြန်ကျရင် လူကြီးတွေကို မင်းနဲ့ဆရာသွားတွေ့ပြီး ရှင်းပြကြရအောင်။ ဆရာအခုဖုန်းဆက်ပြီး ချိန်းထားလိုက်မယ်လို့ ပြောတယ်။ ခုကာမှတော့ ကျွန်တော့်မှာ ငြင်းစရာမရှိတော့ဘူး။ ငြင်းမယ်ဆိုရင်၊ ကျွန်တော်တွေးထားတာတွေကို စော်ကားသလိုပဲ နေမယ်။ အတွေးဆိုတာက စော်ကားစရာမှမဟုတ်ပဲ။ ကျွန်တော့်အတွေးတွေကို တန်ဖိုးထားတဲ့အနေနဲ့ နောက်တစ်နေ့မှာ ကျွန်တော်တွေးထားတာတွေကို ပြောပြဖို့၊ ဆရာကြီးကို သဘောတူလိုက်တော့တယ်။ ဒီလိုနဲ့ နောက်တစ်နေ့မှာ ဆရာကြီးနဲ့ကျွန်တော် လူကြီးတွေကို သွားတွေ့ကြတယ်။ တွေ့တယ်ဆိုတာနဲ့ ဆရာကြီးက ကျွန်တော်ပြောခဲ့ပါသော်ကောဗျာ။ ဟောဒီတပည့်ကတော့ဖြင့် မဟုတ်က,ဟုတ်က၊ ဟုတ်က,ဟုတ်က၊ အကုန်တွေးနိုင်တဲ့လူပါ ဆိုတာ။ သူ့အတွေး သူ့အစီအစဉ် ကြားကတည်းက ကျွန်တော်ဖြင့် ကြက်သီးမွှေးညှင်းများတောင် ထမိတယ်။ ဒီအတွေးမျိုးဖြင့် ကျွန်တော်တောင် ယောင်လို့မတွေးကြည့်မိဘူး။ ခင်ဗျားတို့လည်း သဘောကျကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်လို့ ပြောတယ်။ ပုဂ္ဂိုလ်ကြီးတွေကလည်း ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ကြရင်း ခေါင်းတငြိမ့်ငြိမ့်၊ တစ်ပြုံးပြုံးနဲ့။ ပြီးတော့ သူတို့စီစဉ်ထားတဲ့ အစည်းအဝေးလုပ်တဲ့ ခန်းမကြီးတစ်ခုထဲကို ခေါ်သွားကြတယ်။

ကျွန်တော့်အထင်က ဒီလူကြီးနှစ်ယောက်ကိုပဲ ရှင်းပြရမယ်ထင်တာ။ အစည်းအဝေးခန်းထဲရောက်တော့ တခြားလူ အတော်များများထပ်တွေ့ရတယ်။ အားလုံးပေါင်း လူနှစ်ဆယ်လောက်ရှိမလားပဲ။ ကျွန်တော့်အထင်တော့ လူကြီးတွေက လိုရမယ်ရ၊ ပညာရှင်တစ်ချို့ကိုပါ ခေါ်ထားပုံပဲ။ အားလုံး နေရာယူပြီးထိုင်လိုက်ကြတော့၊ ဆရာကြီးက အရှေ့ဖက်ကိုထွက်ပြီး မိတ်ဆက်စကားကလေးပြောတယ်။ လူကြီးတွေက သူ့ကို အကူအညီတောင်းပုံ၊ သူက ကျွန်တော့်ကို တွေးလိုက်မိပုံနဲ့၊ ကျွန်တော်ဟာ သူ့တပည့်လူတော်တွေထဲက  တစ်ယောက်ဆိုတာပဲ။ ကျွန်တော့်အတွက် ထောက်ခံစာရေးပေးလိုက်တဲ့သဘောပဲ ထင်တယ်။ ဆရာကြီးပြောလို့ ပြီးသွားတာနဲ့ ကျွန်တော်လည်း ရှေ့ထွက်လိုက်ပြီး ကျောက်သင်ပုန်းဖြူဖြူရှေ့မှာ ရပ်လိုက်တယ်။ ကျောက်သင်ပုန်းဖြူဖြူပေါ်မှာ ရေးဖို့ မှင်တောင့်တွေကြည့်လိုက်တုန်း အမှုထမ်းတစ်ယောက်က ခပ်ကုတ်ကုတ်နဲ့ ကျွန်တော့်အနားလာပြီး မှင်တောင့်ရောင်စုံထားတာကိုပြရင်း ပရိုဂျက်တာတွေဘာတွေလိုရင် အသင့်ရှိပါတယ်လို့ ခပ်တိုးတိုးပြောတယ်။ ကျွန်တော်ကတော့ ခေါင်းကိုသာသာငြိမ့်ပြရင်း ပြုံးပြလိုက်မိတယ်။ ပြီးတော့မှ ခုလို ကျွန်တော့်အပေါ် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်ခဲ့တဲ့ ဆရာကြီးနဲ့အတူ၊ လူကြီးမင်းတွေအားလုံးကို ကျေးဇူးတင်ကြောင်း အပျိုးလေးချလိုက်ပြီးမှ ကျွန်တော်ရှင်းပြတာကို မရှင်းလင်းရင် ချက်ခြင်းမေးကြစေလိုကြောင်း လမ်းဖွင့်ပေးပြီး ကျွန်တော့်အစီအစဉ်ကို ပြောပြလိုက်ရပါတော့တယ်။

ကျွန်တော့်အနေနဲ့ ဘယ်သူမှ ဘယ်မှာမှ မလုပ်ဖူးသေးတာတစ်ခု။  အရှည်အကြာခံအောင် တည်မယ့်ဟာ တစ်ခုလုပ်ဖို့အတွက် နည်းမျိုးစုံနဲ့ စဉ်းစားခဲ့ပါတယ်။ ဒီ့ပြင် အစီအစဉ်ဟာ ခိုင်မာဖို့ ဆင်ခြင်တုံတရားရဲ့ ဘောင်အတွင်းမှာ ယုတ္တိရှိဖို့ စတာတွေပါ စဉ်းစားခဲ့ပါတယ်။ စဉ်းစားလို့ရတဲ့ ရလဒ်တွေအထဲက နောက်ဆုံးတော့ တစ်ခုကို ရွေးချယ်ခဲ့တယ်။ အဲဒါကတော့ အဆုံးမရှိတဲ့ မြစ်ကြီးတစ်ခုကို တူးဖော်တည်ဆောက်ကြဖို့ပါပဲ။ ဒီလိုလည်းပြောလိုက်ရော ဟာ,ဆိုတဲ့ အသံတစ်ချို့ဟာ တစ်ပြိုင်နက်လို ခပ်တိုးတိုးထွက်လာတယ်။ ရှေ့တန်းမှာထိုင်နေတဲ့ လူကြီးတွေကတော့ အံ့အားသင့်သွားပုံရပေတဲ့ သူတို့မျက်နှာမှာ သိလိုစိတ်ပြင်းထန်ပုံက ပေါ်နေတယ်။ ကျွန်တော် ဆက်ရှင်းပြရပြန်တယ်။ မြစ်ဆိုတာမျိုးက သဘာဝအလျောက်ရှိနေတတ်ကြတယ်။ အခုလုပ်မှာက သဘာဝအတိုင်းမဟုတ်တဲ့မြစ်။ မြစ်တိုင်းဟာ ပင်လယ်သမုဒ္ဒရာထဲ စီးဆင်းသွားရပေတဲ့ ဒီမြစ်ကတော့ ပင်လယ်ထဲစီးဆင်းမသွားဘူး။ ရှေ့ဆက်သွားစရာမရှိတော့ရင် မြစ်ထဲပဲ ပြန်စီးမယ်။ တောင်ကမြောက်ကို၊ မြောက်ကတောင်ကို စီးဆင်းတဲ့သဘောကို ဆန့်ကျင်ပြီး အရှေ့အနောက်တောင်မြောက် စတဲ့ အရပ်လေးပါကို လိုအပ်ရင်လိုအပ်သလို ပြောင်းလဲစီးဆင်းမယ်။ အဓိကအချက်တစ်ရပ်အနေနဲ့ကတော့ မြေသားရဲ့ တည်နေပုံ၊ တောင်မြောက်ကို ကန့်လန့်ဖြတ်လို့ အရှေ့အနောက်အတိုင်း စီးမြောသွားမယ်။ ဘယ်လိုစီးဆင်းတာပဲဖြစ်ဖြစ်၊ မြစ်ဟာ အဆုံးမရှိဘဲနေရမယ်။ တစ်ခြားအရပ်တွေကလည်း သူတို့ထဲကို စီးဆင်းစေချင်ရင် စီးဆင်းမယ်။ ဒါပေတဲ့ ရပ်မသွားရဘူး။ ပြီးမသွားရဘူး။ ဒီအချက်ဟာ ကျွန်တော့်အတွေးအရ ဖော်ထုတ်ထားတဲ့ စီမံကိန်းတစ်ခုပဲ။ ကျွန်တော်ပြောနေတာကို ခဏနားလိုက်တော့ လက်ခုပ်သံတစ်ချို့ ထွက်လာတယ်။ ရှေ့တန်းမှာထိုင်နေတဲ့ ဆရာကြီးနဲ့  လူကြီးတွေဆီက။ နောက်တော့မှ နောက်ဖက်ဆီက လက်ခုပ်သံတွေထွက်လာလို့ နည်းနည်းပိုမြိုင်သွားတယ်။ ရှေ့တန်းကလူကြီးတစ်ယောက်က  နောက်မှာထိုင်နေတဲ့လူတစ်ယောက်ကို အသာလက်ပြခေါ်လိုက်ပြီး တစ်ခုခု ခပ်တိုးတိုးပြောလိုက်တယ်။ ကျွန်တော်က သူ ဘာများပြောလေမလဲရယ်လို့ တွေးမိလို့ စကားဆက်မပြောသေးဘဲ စောင့်နေလိုက်တယ်။

ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်း သူ့ကိုယ်သူမိတ်ဆက်ရင်း ကျွန်တော့်ကိုမေးတယ်။ ကျွန်တော်ကတော့ မြစ်ကြောင်း၊ ဆည်မြောင်းတာတမံတွေအတွက် တာဝန်ရှိတဲ့လူပါ။ ဆရာပြောတဲ့ အဆုံးမရှိမြစ်ကို ဘယ်ကစမှာလဲ။ ရေဘယ်ကရမှာလဲတဲ့။ လွယ်လွယ်လေးပါခင်ဗျားလို့ ကျွန်တော်က စကားစလိုက်တယ်။ ပြီးတော့မှ စီးဆင်းနေတဲ့မြစ်တစ်ခုခုဆီက ရေလမ်းကြောင်း ပြောင်းယူလိုက်ရုံပါပဲလို့ ထပ်ပြီးရှင်းပြလိုက်တယ်။ အဲဒီလူက သိပ်ကျေနပ်ပုံမရဘူး။ ထိုင်ရာက ထလိုက်ပြန်တယ်။ ဒီလိုဖြင့် ရှိရင်းစွဲမြစ်ကောသွားပြီး မြစ်ကိုမှီတင်းနေထိုင်ရတဲ့လူတွေ ဒုက္ခရောက်သွားမှာပေါ့လို့ သံသယအသံကို မသိမသာထည့်ပြီး မေးတယ်။ မှန်ပါတယ်လို့ ကျွန်တော်က ဖြေလိုက်တယ်။ ဒါတွေလည်း ကျွန်တော် ထည့်တွက်ထားပါတယ်။ ဒုက္ခရောက်တယ်ဆိုတာက တိုက်ဆိုင်မှုတစ်မျိုးလို့ ကျွန်တော်မြင်ပါတယ်။ ကံလိုခေါ်ချင်ခေါ်၊ ထာဝရဘုရားသခင်ရဲ့အလိုလို့ ခေါ်ချင်ခေါ်၊ ဒုက္ခရောက်ရတယ်ဆိုတာ တိုက်ဆိုင်မှုတစ်ခုပါပဲ။ ဒုက္ခရောက်ရတယ်ဆိုတာ လူတိုင်းမှာဖြစ်နိုင်တဲ့ အခြေအနေတစ်မျိုးပါ။ အဆင်မပြေမှုတစ်မျိုးမျိုးဟာ ဒုက္ခချည်းပါပဲ။ မြစ်ကြီးတစ်ခုလုံးကို နေရာပြောင်းလိုက်လို့မှ ဒုက္ခရောက်ရတယ်လို့ မပြောနိုင်ပါဘူး။ ထိုင်ရာကထလိုက်လို့ ခါးမြက်သွားတာလည်း ဒုက္ခတစ်မျိုးပါပဲ။ ဒုက္ခရောက်ရတဲ့လူတစ်ချို့ တိုးလာရုံနဲ့တော့ဖြင့် သူ့ဝင်ရိုးပေါ်မှာ သူ့ဘာသာလည်နေတဲ့ ကမ္ဘာကြီးရဲ့ လည်ပတ်ရှိန်ဟာ လျော့သွားမယ်မထင်ပါဘူး။ နေလည်း အနောက်ဖက်ဆီကိုပြောင်းပြီး ထွက်လာမယ် မထင်ပါဘူး။ မတတ်သာရင်ဗျာ၊ ဒုက္ခကို မြိန်ရည်ရှက်ရည်ခံစားတတ်တဲ့ စာရေးဆရာပညာရှိတစ်ယောက်ကိုခေါ်ပြီး ဒုက္ခရောက်တာကို မကောင်းမှုတစ်ခုပဲလို့ အဆိုးမြင်ဝါဒအခြေခံနဲ့မြင်တဲ့လူတွေကို ဟောပြောခိုင်းရမှာပဲ။ ဒုက္ခကို မြိန်ရည်ယှက်ရည်ခံစားတတ်အောင် ကျွန်တော်တို့က စီစဉ်ပေးရမှာပေါ့လို့ ကျွန်တော်ကဆက်ပြောလိုက်တော့ အဲဒီလူလည်း ပြန်ထိုင်လိုက်ရင်း မသိမသာခေါင်းခါတာ တွေ့လိုက်ရတယ်။ နောက်တော့ ကျွန်တော်လည်း ဆက်ပြောရင်း ရှင်းလင်းစရာရှိတာတွေ ရှင်းလင်းပြရတယ်။ မေးတဲ့လူတွေကိုလည်း ဖြေရတယ်။ ကျွန်တော်ဒီလိုပြောရင် သူတို့ဒီလိုမေးမယ်ဆိုတာ တွက်ထားပြီးသား။ မဟာဗျူဟာလေ့လာတဲ့လူတွေ ကိုးကွယ်တဲ့ စကားတစ်ခွန်းရှိတယ်။ ကိုယ့်ကိုယ်ကိုယ် မေးခွန်းများများ မေးမကြည့်ဘဲ ဘယ်လိုစကားမျိုးမှ မပြောသင့်ဘူးတဲ့။ ဟုတ်တယ်၊ ကျွန်တော်သဘောတူတယ်။ သူတို့မေးသမျှ မေးခွန်းတွေဟာ ကျွန်တော့်ဘာသာ အကြိမ်ကြိမ် မေးကြည့်ပြီးသား။ ဒီတော့၊ အမေးတိုင်းအတွက် အဖြေရှိတယ်။ သူတို့ကြားချင်တဲ့အဖြေတော့ ဟုတ်ချင်မှဟုတ်မယ်။

ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ အဆုံးမရှိမြစ် တည်ဆောက်ရေးအတွေးဟာ စီမံကိန်းတစ်ခုဖြစ်လာတယ်။ ဆရာကြီးနဲ့ လူကြီးတွေက တောင်းတောင်းပန်ပန်နဲ့ပြောလို့ ကျွန်တော်ကပဲ ဦးစီးဦးဆောင်လုပ်ဖို့ တာဝန်ယူလိုက်ရတယ်။ ဒီတော့လည်း ကိုယ်နဲ့လုပ်နိုင်ကိုင်နိုင်မယ့်သူတွေ၊ လုပ်လို့ဖြစ်မယ့်သူတွေ ရွေးရတော့တယ်။ ဒီကိစ္စကလည်း အရေးကြီးတာပဲ။ ကိုယ့်ကို စောဒကတက်နေမယ့်သူနဲ့ တိုးနေပြန်ရင် ရှေ့တိုးလို့မှ မလွယ်ပဲ။ ဒါတောင် တစ်ခါတရံ ကိုယ့်အမြင်လို မြင်နိုင်မယ့်လူမျိုးတွေနဲ့ တိုးနေရသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆုံးမရှိမြစ်ဟာ တဖြည်းဖြည်းချင်း အကောင်အထည်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ မမျှော်လင့်ထားတာလေးတွေပါ ဖြစ်လာတယ်။ မြစ်ကြီးတစ်ခုတူးနေတယ်လို့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေက ရေးကြ၊ ရုပ်မြင်သံကြားတို့ ရေဒီယိုတို့က ပြောကြ, ပြကြတော့ လာကြည့်တဲ့လူတွေ ပေါ်လာတယ်။ အမှန်မှာတော့ ပြစရာ ဘာမှမရှိဘူး။ မြေကြီးပုံပဲရှိတယ်။ ကြည့်တဲ့လူများလာတော့ နောက်ပိုင်းမှာ လမ်းညွှန်တွေတောင် ထားပေးရတယ်။ သူတို့ကိုလည်း သေသေချာချာ သင်ကြားပေးထားရတယ်။ အလုပ်မရှိတဲ့ ကွန်မြူနစ်ဇာတ်ပျက်တစ်ချို့ကို စကားလုံးကြီးကြီးရှာခိုင်းပြီး၊ အဲဒီစကားလုံးတွေသုံးရင်း လမ်းညွှန်တွေက လမ်းညွှန်ကြတော့တာကိုး။ အမှန်မှာတော့ ဘာမှမရှိတဲ့ မြေကြီးပုံတွေကို ကြီးကြီးကျယ်ကျယ်လုပ်ပြီး ပြနေတာ။ နောက်တစ်ခုကတော့ အနယ်နယ်အရပ်ရပ်ဆီက အပျော်ခရီးထွက်လာတဲ့လူတွေက လမ်းကြုံတုန်းဝင်ပြီး အပျော်တူးကြဆွကြတဲ့ ကိစ္စ။ အမြှော်အမြင်ရှိတဲ့ အလုပ်ကြပ်တစ်ယောက်က အမှတ်တရလက်ဆောင်ကလေးတွေ ပေးရာက နောက်ဆုံးမှာ အဆုံးမရှိတဲ့မြစ်ကြီး တည်ဆောက်ရေးမှာ ပါဝင်ပတ်သက်ခဲ့သူများ လက်မှတ်ဆိုပြီးဖြစ်လာတော့၊ အမှတ်တရ တံဆိပ်ခေါင်းထုတ်တာမျိုး ဖြစ်လာတယ်။ လိုချင်တဲ့လူတွေ ရှိလာတယ်။ ဒီတော့ မြစ်ကြီးတူးဖော်နေတဲ့နေရာကို လူတွေကလာပြီး တစ်နာရီ၊ တစ်နေ့၊ တစ်ပတ် ကိုယ်နိုင်သလောက်လာပြီး တူးပေးကြတယ်။ ကိုယ်နိုင်သလောက်ဆိုရာမှာ တစ်နာရီကိုဘယ်လောက်ဆိုတဲ့ နှုန်းအတိုင်း သူတို့က တူးဖော်ရေးလုပ်ငန်းကို ပြန်ပေးရတယ်။ ဒီလိုနဲ့ အဆုံးမရှိမြစ်ကြီး တူးဖော်ရေးဟာ တစ်ဖက်ဖက်က ကြောင့်ကြတောင့်တစရာမရှိဘဲ အကောင်အထည်ဖော်လာခဲ့ကြတယ်။

အချိန်တွေကတော့ ဘယ်ရောက်သွားမှန်းမသိဘူး။ ခုဆို ဆရာကြီးကိုလာပြီး တိုင်တည်ခဲ့တဲ့လူကြီးတွေလည်း မရှိတော့ဘူး။ ဘယ်ရောက်သွားကြမှန်းတော့ မသိဘူး။ သေကုန်ကြပြီထင်တယ်။ ဆရာကြီးတောင် အတော့်ကို အိုမင်းနေပြီ။ သူ့ရုံးခန်းကလေးမှာပဲ အိမ်အမှတ်နဲ့ နေတော့တယ်။ ဟိုလူကြီးတွေကောင်းမှုနဲ့ ဆရာကြီးက ရုံးခန်းအသစ်ရတယ်။ ရုံးခန်းက အတော်ကြီးကျယ်တယ်။ သူ့ရုံးခန်းကနေကြည့်ရင် ကွင်းပြင်အလွတ်ကြီးနဲ့ တောင်တွေကိုပဲ မြင်နေရတယ်။ သူကိုယ်တိုင်ကလည်း ဘာမှမည်မည်ရရမလုပ်တော့ ပြတင်းပေါက်နားမှာပဲ ထိုင်ပြီး အပြင်ဖက်ကိုကြည့်နေတာ များတယ်။ သူထိုင်တဲ့ သားရေ ပက်လက်ကုလားထိုင်ဟာ ကျွန်တော်ကလက်ဆောင်ပေးထားတာ။ ဒါပေတဲ့လည်း ဆရာကြီးနဲ့ ကျွန်တော်တို့ မတွေ့ဖြစ်ကြတာ ကြာပြီ။ ကျွန်တော်ကိုယ်တိုင်ကလည်း အသက်ကြီးလာတော့ အသွားအလာ နည်းလာတယ်။ တစ်ခါတရံ အင်ဂျင်နီယာတွေ၊ အလုပ်ကြပ်တွေ စတဲ့လူတွေ မတွေးတတ်တဲ့ကိစ္စမျိုး ကြုံကာမှပဲ ကျွန်တော်ကိုယ်တိုင်သွားပြီး ဖြေရှင်းရတာလောက်ပဲ ရှိတော့တယ်။ အဆုံးမရှိမြစ် စီမံကိန်းကတော့ ရှိနေသေးတယ်။ မြစ်ကြီးဟာ မဆုံးနိုင်သလို၊ မြစ်ကြီးတူးဖော်ရေးစီမံကိန်းဟာ ပြီးမှာမဟုတ်ဘူး။ ဘယ်သူကမှလည်း ရပ်ပစ်ဖို့ မပြောကြဘူး။ ရပ်ပစ်လိုက်တာနဲ့ မြစ်ရေတွေဟာ ထွက်ပေါက်မရှိဘဲ အကုန်လျှံသွားမယ်။ ရေလမ်းကြောင်းပြောင်းလိုက်ပြီး ရေသွင်းထားလို့၊ ခုဆို မြစ်ကြောင်းဟာ အတော်ကိုပေါက်ရောက်နေပြီ။ ရှေ့ကိုတိုးပြီး တူးပြီးသွားတိုင်း ရေကြောကို ဆက်ပေးကြတယ်။ မြစ်ရေရဲ့ သဘောသဘာဝအရ မြင့်ရာကနိမ့်ရာကို စီးဆင်းတာမျိုးမဟုတ်ဘဲ လှည့်ပတ်စီးနေအောင် လုပ်ထားတော့ တစ်ချို့နေရာတွေမှာ မြစ်ကြီးဟာ ချာချာလည်နေတယ်။ တစ်ချို့နေရာတွေမှာ နောက်ထပ်မြစ်တစ်ခု မလိုပေတဲ့၊ အဆုံးမရှိမြစ်ကြီးက ဖြတ်စီးလာလို့ လူတွေအူကြောင်ကြောင်ဖြစ်သွားတတ်တယ်။ ဒါကလည်း ခဏပဲ။ နောက်တော့ အဲဒီအရပ်ကလူတွေလည်း အသားကျသွားကြတယ်။ စာရေးဆရာပညာရှိကောင်းမှုကြောင့် လူတွေဟာ ဒုက္ခကို မြိန်ရည်ယှက်ရည် ခံစားတတ်လာကြယုံတင်မကဘူး၊ ဒုက္ခဟာ ဘ၀ရဲ့ လိုအပ်မှုကြီးတစ်ခုလို့တောင် လက်ခံလာကြတယ်။ ဒုက္ခမရှိရင်တောင် ဖင်ကြားထဲခဲခုနေသလို မနေတတ်မထိုင်တတ်တွေ ဖြစ်နေကြတယ်။ ခုတော့ အဆုံးမရှိမြစ်ကြီး တူးဖော်တည်ဆောက်နေကြတာကိုက ဘ၀ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေတယ်။ မကြာခင်ကတင်ပဲ အဆုံးမရှိမြစ်ကို တာဝန်ယူလုပ်ကိုင်နေရတဲ့ လက်ရှိအင်ဂျင်နီယာချုပ်၊ ကျွန်တော့်ဆီလာပြီးတွေ့တယ်။

သူလာတွေ့ရတဲ့ အဓိကအကြောင်းကတော့ အနားယူချင်လို့တဲ့။ ဒီတော့ ကျွန်တော်က မေးကြည့်လိုက်မိတယ်။ အနားယူရင် ခင်ဗျား ဘာလုပ်မယ်စဉ်းစားသလဲလို့။ ချက်ချင်းလိုပဲ သူက ပြန်ဖြေတယ်။ အနားယူလိုက်ရင် ဒီမြစ်ကြီးနဲ့ပတ်သက်လို့ တာဝန်မရှိတော့ဘူး။ အဲဒီအခါ အမြင်က တစ်မျိုးဖြစ်ကောင်းဖြစ်မယ်။ အဲဒီအမြင်နဲ့ မြစ်ကြောင်းအတိုင်း လျှောက်သွားကြည့်မလားလို့ စိတ်ကူးထားပါတယ်တဲ့။ ဟာ အတော်ကောင်းတဲ့စိတ်ကူးပဲလို့ ကျွန်တော်ကပြောလိုက်ပြီး ခင်ဗျားစိတ်ကူးကို ကျွန်တော်လည်း သဘောကျတယ်။ ကျွန်တော်ရော ခင်ဗျားနဲ့လိုက်ခဲ့လို့ ဖြစ်မလား။ ခရီးစရိတ်ကို ကျွန်တော် အကုန်အကျခံမယ်ဗျာ။ တစ်ပတ်လောက်တော့ စောင့်ဦးလို့တောင် ပြောလိုက်တယ်။ ဒီအကြောင်းကြောင့်ပဲ ကျွန်တော်လည်း ဆရာကြီးနဲ့လာတွေ့တာ။ ကျွန်တော်ကိုယ်တိုင်လည်း အနားယူချင်ပြီ။ နေ့နေ့ညည ဒီမြစ်ကြီးအကြောင်း ထည့်စဉ်းစားနေရတာကို ရပ်ချင်ပြီ။ ဒီမြစ်ကြီးဟာ အဆုံးမရှိတဲ့မြစ်တစ်ခု ဖြစ်လာမယ်ဆိုတာ ကျွန်တော် သိပြီးသား။ သိပြီးသားဆို၊ ကျွန်တော့်စိတ်ကူးကို အကောင်အထည်ဖော်တာ မဟုတ်လား။ ကျွန်တော်လည်း ဆရာကြီးရဲ့အခန်းရောက်တော့ မာကြောင်းသာကြောင်းကလေးတွေပြောပြီးတယ်ဆိုတာနဲ့ လိုရင်းကို တည့်တည့်ပဲပြောလိုက်မိတယ်။ အဆုံးမရှိတဲ့မြစ်တစ်ခု ဖြစ်လာစေချင်တဲ့လူတွေလည်း မရှိတော့ဘူး။ ဒီစိတ်ကူးကို စခဲ့တဲ့လူနဲ့၊ စဖို့အားပေးတဲ့ခဲ့တဲ့လူလောက်ပဲ ကျန်တော့တယ်။ နောင်လာနောက်သားတွေကတော့ အဆုံးမရှိမြစ်ကို ဆက်ပြီး တူးဖော်တည်ဆောက်နေရတာကိုက ပျော်စရာတစ်ခုလို သဘောထားနေကြတာ။ ဘာမှ ကြီးကြီးကျယ်ကျယ်ရည်ရွယ်ချက် မရှိကြတော့ဘူး။ သမိုင်းတွင်ရစ်ဖို့တို့ဘာတို့ စဉ်းစားကြတာ မဟုတ်တော့ဘူး။ ရှေ့ကိုဆက်ပြီး တူးဖော်နေကြတဲ့လူတွေကလည်း ပျော်ပျော်ပါးပါးပဲ။ နောက်ကလူတွေ ပျော်နေသရွေ့ ရှေ့ကလူတွေကို မှားတယ်လို့ပြောစရာ အကြောင်းမှမရှိပဲ။ ခုဆို သဘာဝထိမ်းကျောင်းရေး ဘာရေးညာရေးနဲ့ပတ်သက်တဲ့ လူတွေက၊ မြစ်ဘကီးဖြစ်နေတဲ့အပိုင်းကို ဘယ်လိုထိမ်းကြောင်းရမယ်ဆိုပြီး စာတမ်းတွေဘာတွေ ရေးကြတယ်။ တကယ်တော့ ဒီမြစ်ကြီးဟာ သဘာဝအရ ရှိနေတဲ့မြစ်ကြီးမဟုတ်ဘူးဆိုတာကိုတောင် မေ့လာကြပြီ။ မြစ်ကြီးဖြစ်လာဖို့ စခဲ့တဲ့ လူကြီးနှစ်ယောက်နဲ့ ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်ကတော့ မိုးဦးကျအစမှာ ရွာခဲ့တဲ့မိုးစက်၊ တစ်စက်နှစ်စက်လိုပဲ။ နောက်ထပ်ကျလာတဲ့ မိုးစက်မိုးပေါက်တွေအကြားမှာ ပျောက်ဆုံးသွားတယ်။ ဒုက္ခကို မြိန်ရည်ယှက်ရည် ခံစားတတ်အောင် ဆုံးမပြောဆိုပေးတဲ့ စာရေးဆရာပညာရှိကို တစ်ချို့က ရုပ်တုထုပြီး ဘိုးတော်အမှတ်နဲ့ ကိုးကွယ်လာကြတယ်။ ဒီတော့လည်း ကျွန်တော့်အနေနဲ့ သင့်တော်တဲ့လူတစ်ယောက်ကိုလွှဲပြီး ဒီလုပ်ငန်းက နားမှသင့်တော်မယ်လို့ ဆုံးဖြတ်လိုက်တယ်ဆိုတာ ဆရာကြီးကို ပြောပြလိုက်တယ်။

ဆရာကြီးကတော့ ပြတင်းပေါက်ဖက်ကိုမျက်နှာမူထားတဲ့ သားရေပက်လက်ကုလားထိုင်ပေါ်မှာထိုင်ပြီး မျက်လုံးပိတ်ထားရင်း နားထောင်နေတယ်။ ကျွန်တော့်စကားဆုံးသွားတော့ ချက်ခြင်း ဘာမှမပြောသေးဘဲ ငြိမ်နေပြီးကာမှ မင်းသဘောပဲလို့ ပြောတယ်။ အတော်ကလေးကြာအောင် ငြိမ်နေပြီးကာမှ ထပ်ပြောပြန်တယ်။ ဆရာကတော့ မင်းရဲ့အဆုံးမရှိမြစ်ကို မြင်လည်းမမြင်ဖူးဘူး။ ဒီအခန်းထဲကကို မထွက်နိုင်တာကြာပြီ။ မင်းပြောပြတိုင်း ဆရာ့အနေနဲ့ မျက်လုံးမှိတ်ပြီး အာရုံနဲ့ ခံစားကြည့်,ကြည့်ရတာကလွဲလို့ ဘာမှမသိဘူး။ တစ်ခါတလေတော့ ကိုယ့်စိတ်ကိုယ် ဖြေတဲ့အနေနဲ့ တစ်နေ့မှာ အဆုံးမရှိမြစ်ဟာ ဆရာကြည့်နေတဲ့ ပြတင်းပေါက်ရှေ့ဆီက ဖြတ်စီးသွားကောင်း စီးသွားမှာပဲလို့ တွေးကြည့်တတ်တယ်။ အကောင်းမြင်ဝါဒ အခြေခံလေးနဲ့ပေါ့ကွာတဲ့။ နောက်တော့ ကျွန်တော်လည်း ဆရာကြီးကို နှုတ်ဆက်ပြီး ပြန်ဖို့အတွက် အခန်းတံခါးဝဆီ လျှောက်လာခဲ့တော့တယ်။ အခန်းတံခါးကို ဖွင့်လိုက်တုန်း ဆရာကြီးအသံကြားရလိုက်လို့ လှည့်ကြည့်လိုက်မိတယ်။ ဆရာကြီးက မေးတယ်။ အနားယူပြီးရင် မင်းဘာလုပ်မယ်လို့ စိတ်ကူးထားသလဲတဲ့။ ကျွန်တော်က အင်ဂျင်နီယာချုပ်နဲ့အတူ အဆုံးမရှိမြစ်ကြီးရဲ့ မြစ်ရိုးအတိုင်း မော်တော်ဘုတ်ကလေးတစ်စင်းနဲ့ ခရီးထွက်ကြမယ်လို့ ဖြေလိုက်တယ်။ ဖြေပြီးတော့၊ ကျွန်တော်ရှိရာဖက်ကိုကြောပေးပြီး သားရေပက်လက်ကုလားထိုင်ပေါ်မှာနေတဲ့ ဆရာကြီးကို အတော်ကလေးကြာအောင် ကျွန်တော် လှမ်းကြည့်နေလိုက်မိတယ်။ ဆရာကြီးက ကျွန်တော်ကိုလှည့်မကြည့်ဘဲ လှမ်းပြောလိုက်ပြန်တယ်။ အဆုံးမရှိတဲ့မြစ်အတိုင်း လိုက်သွားလို့တော့ မင်းတို့ ဘယ်ကိုမှရောက်မှာမဟုတ်ဘူးလို့ ဆရာထင်တယ်တဲ့။ ကျွန်တော်ကတော့ ကိုယ့်ဘာသာပဲ ပြုံးလိုက်မိတယ်။ နောက်တော့မှ ကျွန်တော်သိပါတယ်ဆရာကြီးလို့ ပြောလိုက်တယ်။ တစ်ဆက်တည်းပဲ သေချာအောင် ထပ်ပြောလိုက်မိပြန်တယ်။ အစကတည်းက ကျွန်တော်သိပါတယ်လို့။ ပြောပြီး ဆရာကြီးဆီကို လှမ်းကြည့်နေမိတယ်။ ဆရာကြီးက ကျွန်တော့်ကိုလှည့်မကြည့်ဘဲ သူ့ရဲ့ ညာဘက်လက်ကိုထောင်ပြီး ဝှေ့ယမ်းပြတယ်။ သွားပေတော့သဘောမျိုးနဲ့ နှုတ်ဆက်လိုက်တာပဲ ထင်တယ်။ ကျွန်တော်လည်း ဆရာကြီးအခန်းထဲက ထွက်လိုက်ပြီး၊ အခန်းတံခါးကို ပြန်ပိတ်ပေးထားလိုက်တော့တယ်။ ခုလို နေသာတဲ့နေ့တစ်နေ့မှာ ဂျင်နဲ့တောနစ်သောက်ရရင် ကောင်းမှာပဲလို့ အတွေးရလိုက်မိတယ်။ ဒီလိုဖြင့် ဟင်းသီးဟင်းရွက်ရောင်းတဲ့ဆိုင်ကိုဝင်ပြီး သံပုရာသီးနှစ်လုံးလောက်တော့ ၀ယ်သွားဦးမှ။

မြင့်သန်း

Comments

  1. မိုးယံMay 30, 2011 at 10:04 PM

    ရေးသူလှည့်စား ဖတ်သူခံစား သဘောမျိုးဖြစ်သွားတယ်လို့ ခံစားမိတာပဲ။

    ဒီစာတစ်ပုဒ်လုံးကို အစအဆုံးဖတ်မိပြီး ဘာသာရေးဘက်ကို တွေးတော့ကြည့်မိတယ်....အဆုံးမရှိတဲ့မြစ်ကို အခုတိုင်တူးဖော်နေကြတုန်းပါပဲလား။

    ReplyDelete
  2. နောက်ဆုံးမှာ ကိုမိုးယံလိုပဲ တွေးမိသွားတယ်ဗျ။

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”