Skip to main content

အီမန်နွယ်ကန့် (သို့) ကြယ်စုံသော ကောင်းကင်ဘုံအောက်မှလူ (၂)

နောက်အဆင့်မှာ သဘာဝလွန်ယုတ္တိ (Transcendental Logic) ဖြစ်ပြီး အာရုံသိခြင်းမှ သဘောတရားဆီသို့ အသွင်ကူးပြောင်းခြင်း၊ တစ်နည်း အတွေ့အကြုံမှ သိပ္ပံဆီသို့ ကူးပြောင်းခြင်း ဖြစ်သည်။ `သဘာဝလွန်ရသ´ တွင် ၀တ္ထုတစ်ခုအား ကျွန်တော်တို့မှ ရယူ (ခံစား/သိမြင်) သည်။ သဘာဝလွန်ယုတ္တိတွင်သော် အဆိုပါဝတ္ထုသည် လူ၏စိတ်အတွင်းမှ အတွေးနှင့်သာ သက်ဆိုင်သောကိစ္စဖြစ်သည်။ ပထမပုံစံသည် ထိုးထွင်းသိကို အသုံးပြုပြီး ဒုတိယသည် သဘောတရားကို အသုံးပြုသည်။ သဘာဝလွန်ယုတ္တိဆိုသည်မှာ နားလည်သိမှတ်ပုံ စည်းမျဉ်းများနှင့်ဆိုင်သော သိပ္ပံသာ ဖြစ်သည်။

လူသား၏ နားလည်သိမှတ်ပုံစနစ်တွင် အသုံးပြုသည့် အဆိုပါ ကနဦး သဘောတရားများအား ကန့်က အုပ်စု (၁၂) စုအဖြစ် ခွဲခြမ်းသတ်မှတ်ခဲ့သည်။

၁ )    အရေအတွက်ဆိုင်ရာ။    ညီညွတ်မှု၊ ၊ ပေါများမှု၊ စုပေါင်းမှု
၂ )    အရည်အသွေးဆိုင်ရာ။    အရှိတရား၊ အကန့်အသတ်၊ ငြင်းဆန်မှု
၃ )    ဆက်နွယ်မှုဆိုင်ရာ။    ၀တ္ထုပစ္စည်းနှင့် တိုက်ဆိုင်မှု၊ အကြောင်းနှင့် အကျိုး၊ သက်ရောက်မှုနှင့် တန်ပြန်သက်ရောက်မှု
၎ )    နမူနာပုံစံဆိုင်ရာ။        ဖြစ်တန်စွမ်း၊ အရှိတရား၊ လိုအပ်မှု

အထက်ပါတို့မှာလည်း နေရာနှင့် အချိန်ကဲ့သို့ပင် ပုဂ္ဂလသဘောများသာဖြစ်ပြီး ကျွန်တော်တို့ စုပ်ယူရရှိသည့် ဖြစ်စဉ်တွင် အသုံးချနိုင်ပေသည်။ ၎င်းတို့က အနှစ်သာရနှင့် စိတ်၏၀ိသေသများကို ဖြစ်ပေါ်စေသည်။ အကြောင်းနှင့်အကျိုးကိုလည်း အထက်ပါ အုပ်စုများထဲတွင် ထည့်သွင်းထားသည်ကို ကြည့်ခြင်းအားဖြင့်၊ ကန့်အနေဖြင့် ကြောင်းကျိုးဆက်နွယ်မှု သဘောတရားအား ကနဦး (a priori) နှင့် အနက်ကွဲ (Synthetic) အဖြစ် လက်ခံခဲ့ကြောင်း သိမြင်နိုင်သည်။ ထို့ကြောင့်ပင် ဖြစ်စဉ်တစ်ခုအား ကြောင်းကျိုးဆက်နွယ်မှု သဘောအရ စဉ်းစားခြင်းသည် ကျွန်တော်တို့၏ မွေးရာပါ နားလည်သိမှတ်မှု အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်ပေသည်။ တစ်ဖန် `အကြောင်း´ (Cause) ဟူသော သဘောသည် အတွေ့အကြုံများအားလုံးထက် အရင် တည်ရှိနေသည်။ သို့ရာတွင် ကျွန်တော်တို့၏ ဆင်ခြင်တုံတရားတွင်သာ အသုံးချနိုင်ပြီး၊ ကိုယ်တိုင်အတွင်းသားအရာဟူမူ မဆိုနိုင်ပေ။

ကန့်က `ဖြစ်စဉ်´ (Phenomenon) နှင့် `ပကတိ´ (Noumenon) တို့ကြား ပြတ်ပြတ်သားသား ကန့်သတ်ပိုင်းခြားခဲ့သည်။ ကျွန်တော်တို့ ခံစားသိမြင်သလို [အမြင်၊ အကြား စသည့် အာရုံများကို ဖြတ်ပြီး စိတ်တွင်း၌] ပုံပေါ်နေသော အရာမှာ ဖြစ်စဉ် ဖြစ်သည်။ အရှိတရားဖြင့် ပေါင်းစည်းထားသော မူလ၀တ္ထုပစ္စည်း၊ တစ်နည်း `ပင်ကိုယ်အတွင်းသား´ (Thing-in-itself or Ding an sich) အရာမှာ ပကတိ ဖြစ်သည်။ ပကတိများအား သိရှိနိုင်ခြင်းမရှိဟု ကန့်က ဆိုခဲ့ပြီး၊ ၎င်းတို့၏ အရှိတရားအား ကျွန်တော်တို့အနေဖြင့် သိရှိနိုင်ရန် လမ်းကြောင်းမရှိ၊ တစ်နည်း ကျွန်တော်တို့သည် ပကတိများအား လုံးလုံးလျားလျား ကင်းကွာနေသည့် အခြေအနေတွင်သာ တည်ရှိနေသည်ဟု ဆို၏။ ကျွန်တော်တို့၏ `အနက်ကွဲ ကနဦး´ ဆုံးဖြတ်မှုများအားလုံးကို `ဖြစ်စဉ်´ နယ်ပယ်အတွင်းတွင်သာ အသုံးချနိုင်၏။ ကိုယ်တိုင်အတွင်းသားအရာများနှင့်ပတ်သက်၍ ၎င်းတို့ တည်ရှိနေခြင်းမှတစ်ပါး အခြား တိတိပပအရာတစ်ခုအား ကျွန်တော်တို့ သိမြင်နိုင်ခြင်း မရှိပေ။

ထိုးထွင်းသိအားအသုံးချခြင်းများနှင့် အဆိုပါ ကိုယ်တိုင်အတွင်းသား သဘောတရားကြောင့် တက္ကဗေဒဆိုင်ရာ ယုံကြည်ချက်အမှား အများအပြား ပေါ်ထွက်လာခဲ့သည်။ ကိုယ်တိုင်အတွင်းသားနှင့် ပတ်သက်၍ ရှင်းလင်းနိုင်ရန် သိပ္ပံနည်းအရ ကြိုးပမ်းခဲ့ရာ `ဒွိဝိရောဓိ´ (Antinomies) နှင့်သာ ရင်ဆိုင်တိုးခဲ့ရပြီး၊ ဘာသာရေးနည်းလမ်းတွင်မူ `ဟန်ဆောင်ယုတ္တိ´ (Paralogisms) ဖြင့်သာ လမ်းဆုံးခဲ့ရသည်။ Critique ကျမ်းတွင် ကန့်က အဆိုပါ ဒွိဝိရောဓိ လေးမျိုးအား ချပြခဲ့ပြီး၊ ယင်းတို့မှာ အဖြေမထွက်နိုင်သော ပြဿနာများသာ ဖြစ်လေသည်။ ဥပမာအားဖြင့် `ကမ္ဘာဖြစ်သည် အချိန်တစ်ခုအတွင်း အစပြုခဲ့သည်ဟူသော အယူအဆတွင် အဆိုပါအချိန်မတိုင်မီက ဘာရှိသနည်း´ ဟူသော မေးခွန်းပေါ်လာသည်။ အချိန်မရှိသည့် အခြေအနေတစ်ရပ်အား ကျွန်တော်တို့အနေဖြင့် တွေးထင်နိုင်စွမ်းမရှိ။ သို့တိုင် `ကမ္ဘာကြီးသည် ထာဝရတည်ရှိနေခဲ့သည်´ ဟူ၍ ဆန့်ကျင်ဘက်အားဖြင့် စဉ်းစားကြည့်မည်ဆိုလျှင်လည်း အလားတူပင် ဖြစ်နေသည်။ ထာဝရဟူသော သဘောတရားအားလည်း ကျွန်တော်တို့ တွေးထင်နိုင်စွမ်းရှိသည် မဟုတ်ပေ။ တစ်ဖန် နေရာ (Space) သည် အကန့်အသတ်၊ သို့မဟုတ် အကန့်အသတ်မရှိဟူသော မေးခွန်းသည်လည်း မနှီးရိုးစွဲ ပြဿနာဖြစ်သည်။ နေရာသို့မဟုတ် စကြ၀ဠာသည် အကန့်အသတ်ရှိသည်ဆိုလျှင် စကြာဝဠာ၏ အခြားတစ်ဘက်တွင် ဘာများရှိသနည်း။ ထို့ပြင် အဆုံးအစမရှိသော စကြာဝဠာ အယူအဆသည်လည်း စိတ်ကျေနပ်ဖွယ်ရာ မဟုတ်ပြန်ပေ။ အဆိုပါမေးခွန်းများအား ကျွန်တော်တို့ အဘယ်ကြောင့် မဖြေဆိုနိုင်သနည်းဆိုသော် ဆင်ခြေယုတ္တိမှ ကင်းလွတ်နေသော အရာများတွင် ကျွန်တော်တို့၏ ဆင်ခြေများအား အသုံးချနိုင်ရန် ကြိုးစားနေခြင်းကြောင့်သာဖြစ်သည်။ အချိန်နှင့်နေရာတို့မှာ အာရုံသိမှု၏ အခြေအနေတစ်ရပ်သာဖြစ်ပြီး ထာဝရအရှိတရားနှင့် ဆက်ဆိုင်ခြင်းကား မရှိပေ။

တစ်ဖန် ဘုရားသခင်၏ တည်ရှိမှုနှင့်ပတ်သက်၍ ဆင်ခြင်တုံအခြေပြု သက်သေများအားလုံးကိုလည်း ငြင်းပယ် (တစ်နည်း မှားကြောင်းသက်သေပြ) နိုင်ရန် ကန့်က ကြိုးပမ်းခဲ့ပြီး၊ ဘုရားသခင်၏ တည်ရှိမှုအား သက်သေပြရန်`ဆင်ခြေ´ အား အသုံးမပြုနိုင်ဟု သူက ဆိုခဲ့၏။ ဘုရားသခင် တည်ရှိမှုနှင့်ပတ်သက်၍ ရှိမှုဗေဒနှင့် အာကာသဆိုင်ရာ ငြင်းခုန်ချက်တို့ကို အစပိုင်းတွင် [ဒေးကားအခန်းအား ပြန်ရှု] ကျွန်တော်တို့ တွေ့ခဲ့ရပြီး ဖြစ်သည်။ အခြားသော ငြင်းခုန်ချက်တစ်ခုမှာ ရူပဗေဒနှင့်ဘာသာရေးဆိုင်ရာ ဖြစ်၏။ သဘာဝသည် ရှေ့နောက်ညီညွတ်ခြင်းနှင့် သဟဇာတကို ဖွင့်ဆိုပြပြီး၊ ယင်းအား လူသားလွန်ဖန်တီးရှင် တစ်ဦး၏ တည်ရှိမှုဖြင့်သာ ရှင်းပြနိုင်သည် ဟူသော လူကြိုက်များ အငြင်းပုံစံဖြစ်သည်။ အဆိုပါ ငြင်းခုန်ချက်အား ကန့်က အလေးထား ဆွေးနွေးခဲ့သော်လည်း၊ ယင်းအဆိုမှ အလွန့်အကျွံ ဖော်ထုတ်နိုင်သည်မှာ `ဗိသုကာ´ တစ်ယောက်သာဖြစ်ပြီး `ဖန်ဆင်းရှင်´ မဟုတ်ဟု ဆိုခဲ့၏။ အဆိုပါ ငြင်းခုန်ချက်သည် ဘုရားသခင် သဘောတရားနှင့်ပတ်သက်သည့် မျိုးစေ့ (၀ါ) မူလဂုဏ်ရည်များအကြောင်း တစ်စုံတစ်ရာ သက်သေပြထားခြင်းမရှိ။ ဥပမာအားဖြင့် ဘုရားသခင်၏ ညီညွတ်မျှတမှုအား သက်သေပြထားခြင်းမရှိ။ ဘုရားသခင်၏ မျိုးစေ့မှာ မရေတွက်နိုင်သော အနန္တဖြစ်ကြောင်း သက်သေပြထားခြင်းမရှိ။ ဘုရားသခင်သည် ဖြောင့်မှန်သောစေတနာရှိကြောင်း၊ သို့မဟုတ် အနန္တတန်ခိုးတော်ရှိကြောင်း၊ သို့မဟုတ် အကုန်အစင်သိမြင်ကြောင်း စသည့် ဘုရားသခင်တွင် အကျုံးဝင်နေသော `သဘောတရား´ များအား သက်သေပြထားခြင်းမရှိသည့်အတွက် ဘုရားသခင်ရှိကြောင်း သက်သေပြချက်တစ်ခုဖြစ်နိုင်ရန် လုံလောက်မှုမရှိပေ။ ဤနည်းအားဖြင့် ကန့်က [ခရစ်ယန်] ဘာသာတရားသည် ဆင်ခြေစစ်စစ်ဖြင့် သက်သေပြရန် မဖြစ်နိုင်ကြောင်း ပြသခဲ့သည်။

တစ်ဖန် The Critique of Practical Reason နှင့် Metaphysics of Morals တို့တွင် ဆွေးနွေးထားသည့် ကန့်၏ ကျင့်ဝတ်ဆိုင်ရာ သီအိုရီများအကြောင်း ဆက်ကြပါဦးစို့။ ကန့်က `စိတ်နှလုံးကောင်းမြတ်ခြင်း´ (Good will) သည် ပင်ကိုယ်မူလအားဖြင့် ကောင်းခြင်းဖြစ်သည်ဟု ဆိုသည်။ အခြားဂုဏ်ရည်တစ်ခုခု မလိုအပ်ဘဲ ကောင်းမြတ်ခြင်းသဘောအား စဉ်းစားကြည့်နိုင်သည်။ လူသားအားလုံးသည် ကောင်းခြင်းဆိုသည်မှာ အဘယ်နည်းဟု သိကြသည်။ ၎င်းသည် လုပ်ရပ်၏ ရည်ရွယ်ရင်း အကျိုးဆက်များနှင့်လည်း ကင်းလွတ်သည်။ ထို့ကြောင့် ကန့်၏ ကျင့်ဝတ်သီအိုရီမှာ၊ လုပ်ရပ်များသည် `တာဝန်´ဟူသော အသိမှ ပေါ်ထွက်လာရမည်ဖြစ်သည့် ရည်ရွယ်ရင်း၊ သို့မဟုတ် စေတနာကြောင့်သာ ကျင့်ဝတ်နှင့်ညီခြင်းဖြစ်သည်ဟူသော `၀တ္တရားဆိုင်ရာ´ (Deontological) သီအိုရီ ဖြစ်ပေသည်။ တာဝန်ဟူသောအသိဖြင့် ပြီးမြောက်ခဲ့သော လုပ်ရပ်များသည်သာ ကျင့်ဝတ်တန်ဖိုး တည်ရှိပြီး သဘာဝအားဖြင့် အကျင့်ဖြစ်နေခြင်းကြောင့်၊ သို့မဟုတ် အခြားသော ဆင်ခြေများကြောင့်ဆိုသော် ကျင့်ဝတ်တန်ဖိုး မရှိနိုင်တော့ပေ။ ဤသီအိုရီအရ ရဲကိုကြောက်ရွံ့သဖြင့် ရိုးသားရသော ဈေးသည်သည် တန်ဖိုးတစ်စုံတစ်ရာမရှိ၊ မိမိ၏ တာဝန်ဖြစ်သည်ဟု ခံစားရသဖြင့် ရိုးသားသူသည်သာ တန်ဖိုးရှိ၏။ ကျင့်ဝတ်သည် ကျင့်ဝတ်ဆိုင်ရာ ဥပဒေသများအပေါ်တွင်သာ အခြေတည်ရမည်ဟု ကန့်က ယုံကြည်ပြီး၊ ယင်းတို့သည် အလုံးစုံသဘော (Universal) ဖြစ်ပြီး မည်သည့်လူက၊ မည်သည့်နေရာတွင်မဆို အသုံးချနိုင်စွမ်းရှိရမည်ဟု ဆို၏။

ကန့်က သူ၏အယူအဆအား ဥပဒေသအဖြစ် တင်ဆက်ခဲ့၏။ သဘာဝတရားမှ အရာများအားလုံးတို့သည် ဥပဒေသများအရ ဖြစ်ပျက်နေကြပြီး လူသားသည် အဆိုပါ ကျင့်ဝတ်ဥပဒေများအား လိုက်နာရာတွင် လွတ်လပ်မှုရှိသည်။ ကျင့်ဝတ်ဥပဒေသများအား သတိပြုမိခြင်းမှတစ်ပါး လူသားသည် ပုဂ္ဂလိက အလိုဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားများ ရှိသည်။ `၀တ္တရား´ (Obligation) အား ခံစားခြင်း၊ သို့မဟုတ် `သြဇာ´ (Imperative) (၀ါ) တစ်စုံတရာသောနည်းလမ်းအတိုင်း ပြုမူရန် တိုက်တွန်းမှု စသည့်အရာနှစ်ခု၏ အကျိုးရလဒ်များအကြား ပြန်လှန်သက်ရောက်မှုတို့ ရှိသည်။

သြဇာ အမျိုးအစား နှစ်ရပ်ရှိသည်။ ယူဆချက်ဆိုင်ရာ သြဇာ (Hypothetical Imperative) တွင် ` [က] အား ရလိုလိုလျှင် [ခ] လုပ်ရမည်´ ဟု ဆိုနိုင်ပြီး၊ ရည်ရွယ်သော အဆုံးသတ်တစ်ခုအတွက် လုပ်ရပ်တစ်ခုအား သြဇာပေးခြင်းဖြစ်သည်။ အမျိုးအစားဆိုင်ရာ သြဇာ (Categorical Imperative) တွင်သော် အကျိုးဆက်များအား မည်သို့မျှ မပြဆိုဘဲ ` [က] အား လုပ်ရမည်´ ဟုသာ တုံးတိ ညွှန်းသည်။ ကန့်အနေဖြင့် အမျိုးအစားဆိုင်ရာသြဇာအပေါ် ယုံကြည်ပြီး၊ ၎င်းသည် ကနဦးနှင့် အနက်ကွဲဖြစ်သည်ဟု သူက ဆိုသည်။

ကျင့်ဝတ်ဥပဒေသများသည် အလုံးစုံသဘောဖြစ်သင့်သည်ဟူသော အယူအဆကို အသုံးပြုကာ အမျိုးအစားအဆိုင်ရာသြဇာအား ကန့်က `ယေဘုယျဥပဒေ (Maxim) များအတိုင်း ပြုမူပါ။ တစ်ချိန်တည်းတွင် ၎င်းသည် အလုံးစုံဥပဒေတစ်ခုဖြစ်လာလိမ့်မည်ဟု သင်က ဆန္ဒရှိနိုင်လာပါလိမ့်မည်´ ဟူသော စကားရပ်ဖြင့် ပြဆိုခဲ့သည်။ ဆိုလိုသည်မှာ `ကမ္ဘာပေါ်မှ အခြားသောလူများအားလုံးကို သင်က လုပ်စေချင်သည့် အလုပ်ကို သင်ကိုယ်တိုင်လုပ်ပါ´ ဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့် သင့်အနေဖြင့် အကျိုးတစ်စုံတစ်ရာအတွက် လိမ်ညာမိနိုင်သော်လည်း တစ်ကမ္ဘာလုံးရှိလူများအားလုံး လိမ်ပြောသင့်သည်ဟု သင်က ဆန္ဒမရှိနိုင်။ အကြောင်းမှာ ယင်းတွင် ကတိဟူ၍ လုံးဝရှိတော့မည် မဟုတ်ခြင်းကြောင့်ဖြစ်၏။ သူခိုးတစ်ယောက်အနေဖြင့် သူကိုယ်တိုင် ခိုးကောင်းခိုးနိုင်သော်လည်း တစ်ကမ္ဘာလုံးသူခိုးများဖြစ်လာရန်မူ သူက အလိုရှိနိုင်မည် မဟုတ်ပေ။ ကိုယ်တိုင်လုပ်ဆောင်သော်လည်း အခြားလူများ မိမိအပေါ်ပြုမူရန် သင် အလိုမရှိသည့် အလုပ်မှာ မှားယွင်းသည်။ သူခိုးတစ်ယောက်အနေဖြင့် သူပိုင်ဆိုင်သည့်ပစ္စည်းအား အခြားလူများခိုးယူရန်မူ အလိုမရှိပေ။

ကျင့်ဝတ်ဥပဒေနှင့်ပတ်သက်သည့် အခြားသော ပုံစံတစ်မျိုးအားလည်း ကန့်က ဖော်ပြခဲ့ပြီး၊ `လူသားအချင်းချင်းဆက်ဆံပုံမျိုးဖြင့်သာ ပြုမူပါ။ မိမိကိုယ်တိုင်ဖြစ်စေ၊ တခြားလူတစ်ဦးတစ်ယောက်အတွက် ဖြစ်စေ တစ်ချိန်တည်းတွင် `ပန်းတိုင်´ (End) အနေဖြင့်သာပြုမူပြီး `နည်းလမ်း´ (Means) မဖြစ်စေသင့်´ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အမျိုးအစားဆိုင်ရာသြဇာတွင် ဖော်ညွှန်းခဲ့သည့် အပြုအမူများနှင့် တူညီသည်။ ပမာအားဖြင့် သူခိုးတစ်ယောက်က လူတစ်ယောက်အား လုယက်သည်ဆိုလျှင် သူသည် ငွေးကြေးအားရရှိရန် `နည်းလမ်း´ အဖြစ် အဆိုပါလူအား အသုံးချ/ဆက်ဆံ လိုက်ခြင်းပင်ဖြစ်ပြီး၊ `ယတိပြတ်ကိစ္စ´ (End-in-itself) [လုယက်မှုသက်သက်အတွက်] မဟုတ်တော့ပေ။

လူသားများသည် အဆိုပါ ကျင့်ဝတ်ဆိုင်ရာ ၀တ္တရားများအား ခံစားနိုင်ခြင်းကြောင့်ပင် လွတ်လပ်နေခြင်းဖြစ်သည်ဟု ကန့်က ဆိုသည်။ မိမိကိုယ်ကိုယ် လွတ်လပ်သည်ဟု မခံစားရပါလျှင် `တာဝန်´ ဟူသည့်ကိစ္စအား ကျွန်တော်တို့ မည်ကဲ့သို့ တွေးထင်ကြည့်နိုင်ပါမည်နည်း။ ထို့ကြောင့် လွတ်လပ်မှုဆိုသည်မှာ သီအိုရီနည်းကျ ဆင်ခြေများဖြင့် သက်သေပြနိုင်သောအရာ မဟုတ်ဘဲ၊ ကျင့်ဝတ်ဆိုင်ရာ နည်းလမ်းအားဖြင့်သာ သက်သေပြနိုင်သောအရာ ဖြစ်သည်။

သို့ရာတွင် ကျွန်တော်တို့အနေဖြင့် ကျင့်ဝတ်ဆိုင်ရာ ၀တ္တရားများနှင့်အညီ ပြုမူနေထိုင်သင့်သည်ဟု ခံစားရသော်လည်း အခြေအနေအရပ်ရပ်တွင် ထိုအပြုအမူတို့ကြောင့် အကျိုးများသည်တော့ မဟုတ်ပေ။ မကြာခဏဆိုသလို ကျင့်ဝတ်နှင့်ဖီလာဖြစ်သော နည်းလမ်းများကို အသုံးပြုသော ပုဂ္ဂိုလ်များမှာ လူကောင်းများထက် ပို၍အကျိုးများလေ့ရှိကြသည်။ သို့တိုင်အောင် ဤကမ္ဘာကြီးတွင် မျှမျှတတ အကျိုးခံစားခွင့် ရှိကောင်းမှရှိလိမ့်မည်ဟု သိသော်ငြား မှန်ကန်သည့်အလုပ်ကိုသာ လုပ်ဆောင်ရမည်ဟူသော သြဇာတစ်ခုအား ကျွန်တော်တို့ ခံစားရနိုင်သေးသည်။ ယင်းမှာ ယခုဘ၀သည် အဆုံးသတ် (၀ါ) ပန်းတိုင်မဟုတ်ဘဲ ညီညွတ်မျှတသည့် ရလဒ်များ ရရှိနိုင်သည့် ဘ၀တစ်ခု ၎င်းနောက်တွင် ကျန်ရှိသေးသည်ဟု ကျွန်တော်တို့ နှလုံးသားထဲမှ ယုံကြည်နေခြင်းကြောင့်သာ ဖြစ်နိုင်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ ကျင့်ဝတ်ဆိုင်ရာအသိသည် ဤမှတစ်ပါး အခြားသော ကမ္ဘာတစ်ခုကိုလည်း သက်သေပြသည်ဟု ကန့်က ကြေငြာသည်။

အဆုံးတွင် သဘာဝအားဖြင့်ရှိနေသော ထိုကျင့်ဝတ်ဆိုင်ရာအသိက ကျွန်တော်တို့အား `ဥပဒေပြုသူ´ (၀ါ) ဘုရားသခင်၏ တည်ရှိမှုအား လိုအပ်စေသည်ဟု ဆိုခဲ့၏။ ကျွန်တော်တို့၏ ကျင့်ဝတ်ဆိုင်ရာအသိက ယင်းကဲ့သို့ တည်ရှိမှုတစ်ခုအားယုံကြည်ရန် ကျွန်တော်တို့အား သြဇာပေးသည်။ ထို့ကြောင့်ပင် ကန့်က ဆင်ခြေသန့်သန့် (Pure Reason) နည်းလမ်းအားဖြင့် ပယ်ဖျက်ခဲ့သော ဘာသာရေးဆိုင်ရာ အစိတ်အပိုင်းများအားလုံးမှာ လက်တွေ့ဆင်ခြေ (Practical Reason) များအား အသုံးပြုရာတွင် ပြန်လည်အသက်ဝင်လာကြသည်။

ကန့်၏ ဒဿနမှာ ဝေဖန်ရေးနယ်ပယ်နှင့် မလွတ်ကင်းခဲ့ဘဲ နောက်ပါ ဒဿနပညာရှင် အများအပြား၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရ၏။ နေရာနှင့်အချိန်တို့၏ ပုဂ္ဂလဒိဋ္ဌာန်ကျမှုနှင့်ပတ်သက်သော သူ၏ ငြင်းခုန်ချက်သည် အကျအပေါက်ရှိသည်ဟု ပြသခဲ့ကြသည်။ ဥပမာအားဖြင့် ဂျီသြမေတြီသည် ကနဦးနှင့် အနက်ကွဲဖြစ်ခြင်းကြောင့် နေရာသည် ထိုးထွင်းသိဖြစ်သည်၊ တစ်ဖန် ဂျီသြမေတြီက နေရာအယူအဆအား ထောက်ပံ့ပေးသည်ဟု ကန့်က ဆိုခဲ့၏။ အလားတူစွာ ဂဏန်းသင်္ချာသည် အချိန်အား ထောက်ပံ့ပြီး၊ ကနဦး အနက်ကွဲဖြစ်သည်။ သို့ရာတွင် အမှန်မှာ ဂျီသြမေတြီဟူသော စကားလုံးသည် မတူညီသည့်နယ်ပယ်နှစ်ခုအား ပေါင်းရုံးခေါ်ဝေါ်ထားခြင်းဖြစ်၏။ ယူကလစ် (Euclidean) ဂျီသြမေတြီ ဟူသည့် ဂျီသြမေတြီသန့်သန့်နှင့် အထွေထွေနှိုင်းရသီအိုရီကဲ့သို့သော ရူပဗေဒလက်တက်များတွင် အသုံးပြုသည့် ယူကလစ်မဟုတ်သော (Non-Euclidean) ဂျီသြမေတြီတို့ ပါဝင်သည်။ ပထမတစ်ခုသည် ကနဦးမှန်သော်လည်း အနက်ကွဲ မဟုတ်ပေ။ တစ်ဖန် ဒုတိယတစ်ခုကား အနက်ကွဲဖြစ်သော်လည်း ကနဦး မဟုတ်တော့။ [4] ကန့်ထင်ခဲ့သလို ဂဏန်းသင်္ချာသည် အနက်ကွဲမဟုတ်ကြောင်းကို သင်္ချာပညာက သက်သေပြခဲ့ပြီး ဖြစ်သည်။ ရူပဗေဒတွင် အသုံးပြုထားသော အမြင်ကို ကျွန်တော်တို့အသုံးပြုမည်ဆိုလျှင် အာရုံတွင်ရှိသော ဂုဏ်ရည်များသည် အာရုံမှ မစုပ်ယူလိုက်မိသော အကြောင်းတရားများတွင် ကွဲပြားသွားမည်ဖြစ်သော်လည်း အဆိုပါနှစ်ခုကြား အပြန်အလှန်မှီတွယ်မှုတစ်ခုကား ရှိနေသည်။ ဥပမာအားဖြင့် အရောင်များနှင့် လှိုင်းအလျားကြား ပြန်လှန်မှီတွယ်မှုတစ်ရပ် ရှိနေသည်။ ဤအခြေခံအရဆိုလျှင် နေရာ (Space) သည် နှစ်မျိုးနှစ်စားရှိသည်ဟု ကျွန်တော်တို့ ပြောဆိုနိုင်သည်။ တစ်ခုသည် ပုဂ္ဂလဒိဋ္ဌာန်ဖြစ်ပြီး အခြားတစ်ခုမှာ ဓမ္မဓိဋ္ဌာန်ဖြစ်ပြီး၊ အရောင်နှင့် လှိုင်းအလျားကဲ့သို့ပင် ယင်းတွင် တူညီသော ပြန်လှန်မှီတွယ်မှုတစ်ခု ရှိနေသည်။ သို့ရာတွင် အချိန် (Time) နှင့်ပတ်သက်၍မူ တစ်မျိုးဖြစ်သည်။ ပုဂ္ဂလဒိဋ္ဌာန်အချိန်သည် ဓမ္မဓိဋ္ဌာန်အချိန်နှင့် တူညီမှု ရှိရပေမည်။ သင့်အနေဖြင့် ကိုကိုနှင့်စကားပြောနေသည်ဆိုလျှင် သင့်စကားသံအား သူက ကြားခြင်းသည် သင်မသိနိုင်သည့်အရာ ဖြစ်သည်။ အခြေတင်စကားပြောခန်း ပြီးမြောက်ရန်ဆိုလျှင် ယာယီဖြစ်ရပ်များ အားလုံး၏ ရှေ့နောက်အစီအစဉ်သည် ပုဂ္ဂလဒိဋ္ဌာန်နှင့် ဓမ္မဒိဋ္ဌာန်အခြေအနေနှစ်ရပ်လုံးတွင် တူညီနေရမည်ဖြစ်သည်။

ထို့ပြင် ကိုယ်တိုင်အတွင်းသားအရာများအပေါ် ကန့်၏ အမြင်တစ်ရပ်ရှိရာ ၎င်းတို့မှာ ကျွန်တော်တို့ အာရုံများ၏ အကြောင်းရင်းဖြစ်သည်ဟု ကန့်က ယူဆခဲ့သည်။ သို့ရာတွင် ကန့်ကိုယ်တိုင် ဆိုခဲ့သလို ကြောင်းကျိုးဆက်နွယ်မှုအယူအဆသည် သဘောတရားဆိုင်ရာ ခေါင်းစဉ်ခွဲများထဲမှ တစ်ခုသာဖြစ်ပြီး ကျွန်တော်တို့၏ ပုဂ္ဂလဒိဋ္ဌာန် ကိရိယာများသာဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့၏ အာရုံများတွင် အကြောင်းရင်းတစ်ခု ရှိရမည်ဟု ယူဆနိုင်စရာ ခိုင်လုံသောဆင်ခြေတစ်ခု ကန့်တွင် မကျန်ရစ်တော့။ ကိုယ်တိုင်အတွင်းသား အယူအဆသည် ကန့်၏ စိတ်ကူးစံဒဿနအား ဖွံ့ဖြိုးစေခဲ့သည့် `ဖှီစတာ´ (Fichte) `ရှဲလင်း´ (Schelling) နှင့် `ဟေဂယ်´ (Hegel) ကဲ့သို့သော နောက်ပါ ဒဿနပညာရှင်များ၏ ပယ်စွန့်ခြင်းကို ခံခဲ့ရသည်။ ကန့်အနေဖြင့် ဟှူမ်း၏ သံသယအမြင်နှင့်လည်း စစ်ထိုးရန်ကြိုးစားမှု ရှိခဲ့သော်လည်း ကျွန်တော်တို့သည် ကိုယ်တိုင်အတွင်းသားအရာများအကြောင်းကို ဘာဆိုဘာမျှ မသိရှိနိုင်ဟူသော  ၎င်း၏ သံသယအမြင်ကိုယ်၌သည်ပင် အစွန်းရောက်သံသယအခြေအနေအား ကိုယ်စားပြုနေခဲ့ပြန်သည်။ အရှိတရားနှင့်ပတ်သက်၍ ကျွန်တော်တို့အနေဖြင့် ဘာမှ သိရှိနိုင်လိမ့်မည်မဟုတ် ဟူသော သံသယအမြင်သည် ကမ်းကုန်သွားခဲ့ပြီဖြစ်၏။ ကန့်ဒဿနအား စိတ်ကူးစံဝါဒီ (Idealist) များက တိုးချဲ့ခဲ့ရာတွင် `အတ္တတစ်ကိုယ်တည်းဝါဒ´ (Solipsism) နှင့် ထူးမခြားနားသောရလဒ်ထွက်ပေါ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ယင်းဝါဒတွင် အတ္တ (Self) သည်သာ အခိုင်အမာတည်ရှိနေသည့် တစ်ခုတည်းသောအရာဖြစ်သည်၊ သို့မဟုတ် အတ္တကိုသာ သိရှိ၊ ခွဲခြမ်းစိစစ်နိုင်သည်ဟု ယူဆသည်။

ကန့်၏ ကျင့်ဝတ်ဆိုင်ရာဒဿနသည်လည်း အားနည်းချက် ရှိပြီး၊ ၎င်းမှာ သူ ဘာသာရေးမှ ချေဖျက်ခဲ့သောအရာများအား ပြန်လည်တည်ဆောက်နိုင်ရန် ကန့်က ကြိုးပမ်းခဲ့ခြင်းပင်ဖြစ်သည်။ သူ၏ ဒုတိယ Critique သည် `သဘာဝလွန်မေ့ဆေး´ (Transcendental Anesthetic) ဟု ရိသဲ့သဲ့ခေါ်ညွှန်းခြင်းခံခဲ့ရသည်။ ကန့်ယုံကြည်ခဲ့သည့် ဘုရားသခင်က ဖန်တီးထားသည့် ပင်ကိုယ်မူလ ကနဦးကျင့်ဝတ်အသိမှာ `ဆင့်ကဲ့ဆင်းသက်မှု´ (Evolution) သီအိုရီ၏ ရောင်စဉ်အောက်တွင် အမှားထောက်ခြင်း ခံလိုက်ရသည်။ ကျင့်ဝတ်အသိသည် ဘုရားပေးလက်ဆောင်မဟုတ်ဘဲ ဆင့်ကဲဆင်းသက်လာသော လူသား၏ ထုတ်ကုန်/ရလဒ် တစ်ခုသာဖြစ်ပါသည်။ ၎င်းသည် ဘ၀၏စဉ်ဆက်မပြတ်ရုန်းကန်မှု တိုက်ပွဲအတွင်း အုပ်စုလိုက်ရှင်ကျန်နိုင်ရန်အတွက် ကြိုးစားရာမှ ဖွံ့ဖြိုးလာသော အပြုအမူပုံစံတစ်ရပ်သာ ဖြစ်သည်။ ထို့ပြင် ကန့်နည်းကျ ကျင့်ဝတ်ပညာတွင် ကောင်းမြတ်မှန်ကန်သော သက်ရောက်မှုတစ်စုံတရာအတွက်လည်း အာမခံချက် ရှိမနေပေ။ ချစ်ခြင်းကြောင့် မိမိ၏ ညီအစ်ကိုအား ကြင်နာစွာဆက်ဆံသော လူတစ်ယောက်သည် ကန့်အလိုအရ ကောင်းမြတ်သည်မဟုတ်၊ အကြောင်းမှာ တာဝန်ဟူသော အသိတရားမှ ထွက်ပေါ်လာသော အပြုအမူတစ်ရပ် မဟုတ်ခြင်းကြောင့်ဖြစ်သည်။ အဆိုပါနိယာမမှာ အပြုအမူတစ်ရပ်၏ အကျိုးဆက်များအား ထည့်တွက်ထားခြင်းမရှိသည့်အတွက် ကန့်သတ်ခံထားရသည့် အယူအဆတစ်ရပ်ဟုလည်း ဆိုနိုင်ပါကြောင်း…။

တေဇာ (လရောင်လမ်း)

Footnotes:

[1] Russell, however, adds that he soon invented a soporific and went to sleep again!
[2] Kant, Critique of Pure Reason
[3] The argument from design has been severely weakened by the theory of evolution by means of natural selection by Charles Darwin. Natural Selection provides a scientific mechanism by which organisms evolve with increasing complexity as if they have been ‘designed’ by some supernatural force. It is not the purpose of this book to discuss the arguments for God’s existence in detail. For those interested, I’ll strongly recommend The God Delusion by Richard Dawkins, and Philosophy of Religion by John Hick.
[4] See Bertrand Russell, History of Western Philosophy, Routledge, London, page 688

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”