Skip to main content

ဘီလူးစီးခြင်း

ညက ကျွန်တော့်ကို ဘီလူးစီးသည်။ စီးတာမှ ရိုးရိုးစီးတာ မဟုတ်၊ သုံးကြိမ်သုံးခါ တိတိ စီးသည်။ ဂုတ်ကိုခွပြီး အကြမ်းပတမ်း စီးသည်။ မကြောက် ကြောက်အောင် ဖြဲခြောက်သလို ရှိ၏။ ဤအတွေ့အကြုံကို ယခင်ကလည်း အတန်အသင့် ကြုံခဲ့ရဖူးသည်။ ယခုတစ်ကြိမ်တွင်မူ ဘီလူးစီးခြင်းနှင့် ပတ်သက်၍ သဲလွန်စတစ်စ ရလိုက်သလို ရှိ၍ ကျေနပ်မိသည်။ ဘီလူးစီးခြင်းဟူသော ဖြစ်ရပ်နှင့် ပတ်သက်၍ စာပေကျမ်းဂန်များထဲမှ မွှေနှောက် ဖတ်ရှုထားသော အသိပညာမျိုး ကျွန်တော့်တွင် မရှိပါ။ အတွေ့အကြုံ အချို့သာ ရှိပါသည်။ နားလည်သလို ပြောကြည့်ပါမည်။

ကျွန်တော့်တွင် နေ့တိုင်းနီးပါး အရက်သောက်ဖြစ်လေ့ရှိသည့် ကာလတစ်ခု ရှိခဲ့ဖူးသည်။ နှစ်အတန် ကြာခဲ့ပါသည်။ အိမ်ပြန်ချိန်မှာ ည ၁၂ နာရီ ၁ နာရီ ဖြစ်ခဲ့သည့် ညများ အတော်များများ ရှိခဲ့ဖူးသည်။ လူမှန်းသူမှန်းမသိအောင် မူးသည်။ သူငယ်ချင်းများနှင့် ဂစ်တာတီးသည်။ တစ်ခါတရံ ရန်ဖြစ်သည်။ ထိုကာလများအတွင်းက ကျွန်တော်သည် ဘုန်းနိမ့်ကံနိမ့် ဖြစ်နေသည်ဟု ယူဆချင်သော် ယူဆနိုင်ပါလိမ့်မည်။ ကျွန်တော်သည် စိတ်ဓာတ်ပျက်ပြားနေသည်။ ဂယောင်ချောက်ခြား စိတ်အခြေအနေတွင် တည်ရှိသည်။ ထိုအချိန်က ဘုရားရှိခိုးခြင်း မရှိတော့သည်မှာလည်း နှစ်အတော်အတန် ကြာမြင့်ခဲ့ပြီ။ ထိုသို့ အိမ်ပြန်နောက်ကျသည့် ညများတွင် မူးမူးနှင့် အိပ်ယာထဲသို့ ထိုးအိပ်လိုက်သည်သာ များသည်။ ဘာသာရေးအရသော် မကောင်းဆိုးရွားများ ခြောက်လှန့်ပူးကပ်မည်ဆိုလျှင် အလွန်လွယ်ကူမည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ထိုအရာတို့မှာ ကျွန်တော့် ယုံကြည်သည့်အရာများ မဟုတ်ခဲ့။
§ § § § § § §

တစ်ညတွင် အသက်ရှူကြပ်သလိုလို ခံစားမိသဖြင့် ကျွန်တော် လန့်နိုးလာသည်။ ကျွန်တော်က စောင်ကို ခေါင်းမြီးခြုံ၍ အိပ်လေ့ရှိသည်။ နိုးနိုးချင်းပင် ကျွန်တော့် အပေါ်သို့ တစ်စုံတစ်ယောက်က တက်ဖိထားသလို ခံစားရသည်။ အမူးလည်း မပြေသေး၊ ရေငတ်သလိုလိုလည်း ဖြစ်နေသည်။ သူငယ်ချင်း တစ်ယောက်ယောက်များ ကျွန်တော်နှင့်အတူတူခေါ်အိပ်မိသလား စဉ်းစားကြည့်သည်။ ဘယ်သူမျှ မပါ။ တစ်ယောက်တည်း အိပ်ယာဝင်ခဲ့ခြင်းသာ ဖြစ်ကြောင်း မှတ်မိနေသည်။ နည်းနည်း လန့်သွား မိသော်လည်း မလှုပ်မိအောင် ငြိမ်သက်ရင်း စောင့်ကြည့်နေမိသည်။ စောင်အောက်မှနေ၍ မျက်လုံးပြူး၍ ကြည့်လိုက်မိသည်။ အရိပ်မည်းမည်းကြီးတစ်ခုက ကျွန်တော့်ကို အပေါ်မှ တက်ဖိနေသည်ကို ထင်ထင်ရှားရှား မြင်ရသည်။ ထိုအချိန်တွင် ထိတ်ခနဲ ဖြစ်သွားမိပြီ ဖြစ်၏။ ပါးစပ်က အော်လိုက်မိသည်။ အသံ ထွက်မလာ။ နောက်တစ်ခါ ထပ်အော်ပြန်သည်။ အသံက လည်ချောင်းအတွင်းမှာပင် ကပ်နေသည်။ အပြင်ဘက်သို့ ထွက်မလာ။ ကြိုးစားပြီး ရုန်းကြည့်သည်။ ဘယ်လိုမျှ လှုပ်မရ။ ခလုတ်ထိမှ ဘုရားတပြီး “ဗုဒ္ဓံသရဏံဂစ္စာမိ” ဟု ရွတ်ကြည့်လည်း မထူးခြား။ ထို့နောက်တွင် အကြောက်သည် မခံချင်စိတ်နှင့် ဒေါသအဖြစ်သို့ ကူးပြောင်းသွားသည်။ ကိုယ့်ဘာကိုယ် မူးပြီး အေးအေးချမ်းချမ်း အိပ်နေသည့် လူတစ်ယောက်ကို နာနာဘာဝဖြစ်လည်း လာရောက်နှောက်ယှက်ပိုင်ခွင့်မရှိ။ ငါ့ကို ရာရာစစ လာဖိနေရအောင် သင်းက ဘာကောင်လဲ။ ဒီလိုအတွေးများ ၀င်လာမိသည်။ ထူးခြားသည်က ထိုအချိန်တွင် ထိုအကောင်သည် ဘာအကောင်ကြီးလဲ စသည့်အတွေးများ မ၀င်မိ။ မခံချင်စိတ်နှင့် ဒေါသကသာ လွှမ်းမိုးနေသည်။ နောက်ဆုံး မရုန်းဘဲ တစ်ကိုယ်လုံး ဖြေလျှော့ချလိုက်သည်။ စိတ်အတွင်းမှ တစ်နှစ်သုံး ရေတွက်ပြီး အငိုက်ဖမ်း၍ အားကုန် ရုန်းထလိုက်မိသည်။ အားဆိုသော အော်သံနှင့်အတူ လူလည်း ထိုင်ရက်သား ဖြစ်သွားသည်။ အမေက ဘာဖြစ်တာလဲဟု လှမ်းမေးသည်။ ဘာမှ မဖြစ်ဘူးဟု ပြောကာ ပြန်လှဲချလိုက်ရသည်။ တော်တော်နှင့် ပြန်အိပ်မရတော့။ နောက်တစ်ခါ ထပ်ဖြစ်မှာ လန့်နေမိသည်။ ဘာကောင်လဲဆိုတာကိုလည်း စဉ်းစားကြည့်မိသည်။ သရဲဟုလည်း မဆိုနိုင်။ အဖြေမရ။

နောက်နေ့မနက်တွင် ဤကိစ္စကို အမေ့အား မေးကြည့်မိသည်။ အဲဒါ ဘီလူးစီးတာဟု အမေက ပြောသည်။ စီးမှာပေါ့ ဒီလောက် သောက်စားမူးယစ်နေတာ ဟုလည်း မျက်စောင်းထိုးပြောတာ ခံရသည်။ ထိုအချိန်မှစ၍ ဤကိစ္စကို ဘီလူးစီးခြင်းဟုသာ အလွယ်မှတ်ထားလိုက်မိသည်။ နောက်လည်း မကြာမကြာဆိုသလို အဆိုပါ အမည်းကောင်ကြီး ရောက်ရောက်လာ တတ်ပါသည်။ လာတိုင်းလည်း ကောင်းကျိုးမပေး၊ ယခင်နည်းအတိုင်း အနှောင့်အယှက်ပေးသည်ချည်း ဖြစ်သည်။ ကျွန်တော်ကလည်း အလစ်အငိုက်ဖမ်း၍ ထသည့် နည်းအတိုင်း အလွတ်ရုန်းနိုင်ခဲ့သည်။ ထူးခြားသည်မှာ အိပ်မက်ဆိုးမက်ပြီး ယောင်ယမ်းနိုးထလာခြင်းမျိုးနှင့် မတူ။ နိုးနေသည့် အချိန်တွင် အဖိခံထားရခြင်း ဖြစ်ပါသည်။ အသံမထွက်၊ လှုပ်ရှားမရသည့်အခြေအနေမျိုးဖြင့် နိုးနေရခြင်းမျိုး ဖြစ်သည်။ မူးနေသည်က များသဖြင့် ရုန်းထွက်နိုင်သည့်အချိန်တွင်လည်း ထိုအကောင်အကြောင်း ရှည်ရှည်ဝေးဝေး စဉ်းစားမိခြင်းမျိုး မရှိပါ။ ဘီလူးစီးပြန်ပြီဟုသာ တွေးပြီး မြန်မြန်ပြန်အိပ်နိုင်ရန် ကြိုးစားခဲ့သည်။ ထိုသို့ သုံးခါထက် မနည်း ကြုံခဲ့ဖူးသည်။

ယခုသော် အရက်မသောက်သည်မှာ ကြာခဲ့ပြီ။ သွေးလေခြောက်ခြား ဖြစ်စရာမရှိ။ လုပ်ငန်းခွင် “ဖိအား” (Stress) များမှလည်း ကင်းလွတ်ခွင့်ရနေသည်။ စိတ်ဓာတ်လည်း တည်ငြိမ်အေးချမ်းနေသည်ဟု ဆိုနိုင်သည်။ ဘီလူးစီးခဲ့ဖူးသည့် အတွေ့အကြုံများကိုပင် ကျွန်တော် မေ့နေခဲ့ပြီ ဖြစ်သည်။ သို့သော် ညက အလားတူအတွေ့အကြုံမျိုး ထပ်ကြုံရပြန်သည်။ သည်တစ်ခါ မဲမဲအကောင်ကြီး မဟုတ်တော့။ ပျော့ပြဲနေသည့် ကိုယ်ခန္ဓာမျိုးဖြင့် ကျွန်တော့် တစ်ကိုယ်လုံးအား နေရာလပ်မရှိအောင် အုပ်ထားသည်။ တင်းကြပ်နေအောင် ဖိထားသည်။ ကျွန်တော် မကြောက်ပါ။ အတွေ့အကြုံ ရင့်နေပြီဟု ဆိုနိုင်သည်။ ဘုရားစာလည်း စိတ်ထဲကမျှ မရွတ်မိပါ။ ခလုတ်ထိမှ ဘုရားတမည်ဆိုလျှင် ယခုအခြေအနေတွင်သော် ကိုယ့်လိပ်ပြာ ကိုယ်ရှက်မိတော့မည် ဖြစ်သည်။ စောင်ကို ထုံးစံအတိုင်း ခေါင်းမြီးခြုံထားသည်။ ထိုစောင်ကို လှန်ဖို့ ကျွန်တော် ကြိုးစားမိသည်။ အလွယ်တကူ မဟုတ်သော်လည်း မကြာခင်ပင် ကျွန်တော် လှန်နိုင်လိုက်ပါသည်။ မီးအလင်းရောင်ကြောင့် မျက်စိကျိန်းသွားသည်။ ဖြစ်ပြန်ပြီဟု တစ်ချက်သာတွေးပြီး ပြန်အိပ်လိုက်သည်။ မျက်စိမှိတ်မှိတ်ပြီးချင်း တစ်မိနစ်ခန့် မကြာခင်မှာပင် ပြန်ဖိနေသည်ဟု ခံစားရပြန်သည်။ စောင်ကို ချက်ချင်း ပြန်လှန်လိုက်လျှင် ဘာမှ ရှိတော့မည် မဟုတ်မှန်း သိပါသည်။ သို့သော် သည်အကောင်ကို လေ့လာချင်စိတ် ကျွန်တော့်တွင် ပြင်းပြနေသည်။ သူက ဘာလဲ၊ ဘာဖြစ်တာလဲ။ တဖြည်းဖြည်း ပိုမို မွန်းကြပ်လာပြန်သည်။ မခံနိုင်တော့သည့် အချိန်တွင် ကျွန်တော် စောင်ကို ပြန်လှန်လိုက်မိသည်။ တတိယအကြိမ်တွင်လည်း ထိုနည်းလည်းကောင်း။

ဤတွင် ဖြစ်နိုင်စရာရှိသည့် ယူဆချက်တစ်ခုကို တွေးမိသည်။ တကယ်တော့ အကောင်အထည် ထင်ထင်ရှားရှားရှိသည့် သတ္တ၀ါတစ်ကောင်က လာဖိနေခြင်း မဟုတ်သည်မှာ ထင်ရှားသည်။ သို့သော် အဘယ်ကြောင့် အိပ်ပျော်နေခိုက်မဟုတ်ဘဲ နိုးရက်သား ခံစားနေရသနည်း။ စင်စစ် ထိုသို့ ကြုံတွေ့ရစဉ်တွင် အမှန်တကယ် နိုးနေသည်မဟုတ်ဘဲ REM အခြေအနေတွင် “အိပ်ယာမှ လန့်နိုးလာသည်ဟု အိပ်မက်မက်နေခြင်း” သာ ဖြစ်နေနိုင်ပါသည်။ အိပ်မက်သည် မက်နေစဉ်အတွင်း အမှန်တကယ်နှင့်မခြား စိတ်ခံစားချက်များကို ခံစားရသည်။ နိုးနေပြီး တစ်စုံတစ်ရာက အပေါ်မှတက်ဖိထားသည်။ ရုန်းကန်လှုပ်ရှား၊ အော်ဟစ်၍ မရ။ ဤသို့ အိပ်မက် မက်နေခြင်းသာ ဖြစ်နိုင်ပါသည်။ ထူးခြားချက်က ၎င်းသည် အိပ်မက်နှင့် လုံးဝမတူဘဲ ဖြစ်ရပ်မှန် ဆန်လွန်းနေခြင်း ဖြစ်ပါသည်။ သရုပ်ပါလှသည်။ တကယ်ဖြစ်နေသည်နှင့် မခြား ခံစားရခြင်းမျိုး ဖြစ်ပါသည်။ သုံးခါဆက်တိုက် ဖြစ်သည်ဆိုလျှင် တူညီသည့် အိပ်မက်တစ်ခုတည်းအား သုံးခါပြန် မက်နေသလားဟု မေးရန်ရှိပါသည်။ ဤအတွက် ကျွန်တော့်တွင် အဖြေမရှိပါ။

တကယ်တော့ ဘီလူးစီးခြင်းသည် စိတ်ဝင်စားဖွယ် အတွေ့အကြုံ တစ်ခုမျှသာ ဖြစ်ပါသည်။ ကြောက်စရာ လိုအပ်လိမ့်မည်ဟု မထင်ပါ။ တစ်ချိန်ချိန်တွင် လာစီးသည့်ဘီလူးအား လက်ရဖမ်းဆီးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ဖိနှိပ်မွမ်းကြပ်မှုများမှ သွေးအေးအေးဖြင့် နိုးထရခြင်းသည် စိတ်ဝင်စားဖွယ် ကောင်းလှသည့် အနုပညာတစ်ရပ် ဖြစ်ပါလိမ့်မည်။

◄ တေဇာ ► ဖေဖော်ဝါရီ (၄)

Comments

  1. ဖြစ်တတ်တယ်။ မဖြစ်တာအတော်ကြာပြီ။ ကြောက်စရာမလိုပေမယ့် တခါတခါဖြစ်ရင် အသက်ပါမတတ်ပဲ။ အား ကနဲ့အော်နိုင်မှကို အသက်ပြန်ဝင်လာသလိုခံစားရတယ်။
    စကားမစပ်... ဒူးကွေးအိပ်ရင် အိပ်မက်ထဲမှာ မပြေးနိုင်တော့ဘူး။ နောက်ကလိုက်သူ (လူ၊ တိရစ္ဆာန်) က အမြဲတမ်းမိတယ်။ မပြေးနိုင်တော့ဘူးလေ။ ခွေးအလိုက်ခံရရင် ခွေးအကိုက်ခံရတော့တာပဲ ... နိုးလာရင် အိပ်မက်မကောင်းဘူးဆိုပြီး စိတ်လေးရော ...
    ဒါရော (စိတ်ပညာအရ)အနုပညာတစ်ရပ်ပဲလား ...
    (အိပ်မက်ကိုဆိုလိုတာမဟုတ်ပါ။ ဒူးကွေးအိပ်ခြင်းကိုဆိုလိုပါသည်)

    ReplyDelete
  2. ကိုတေဇာရေ ဘီးလူးစီးတာကိုတော့ မကြုံဖူးဘူးပြောရမလားပဲ...
    အိပ်မက်ဆိုးတော့ ဖြစ်ဖူးတယ်...
    ဦးသုခရဲ့ စိတ်ဆိုသောစိတ်ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ထဲမှာလည်း ဖတ်ဖူးတယ်... စိတ်ရဲ့ ဆန်းကျယ်မှုဆိုတာမျိုး...
    ကိုတေဇာပြောသလို အိပ်မက်က တကယ်လိုထင်နေသလားပေါ့...
    ကျနော်တွေးမိတာလေးတော့ ရှိဘူးတယ်... အိပ်ပျော်နေချိန် ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှုတစ်ခုခုမညီတာကြောင့်များ အိပ်မက်လို စိတ်က ဖန်တီးပီး ဖြစ်နေတာလားပေါ့...
    သေခြာမသိတော့ ပြောရတာ အထင်ဖြစ်နေတယ်....
    ဖတ်ခွင့်၇တဲ့အတွက်ကျေးဇူးပါခင်ဗျာ...

    ReplyDelete
  3. အဲ့ဒါ နှလုံးသွေးလှည့်ပတ်မှု လမ်းကြောင်း (circulation system) အနည်းငယ် ချို့ယွင်းခြင်းကြောင်းဖြစ်တာ...။ အရက်သောက်တဲ့ လူတွေနဲ့ နှလုံးရောဂါသည်တွေ အဖြစ်များတယ်...။ တချို့ကလေးငယ်တွေလဲ ညအိပ်တဲ့ ပုံစံမမှန်ဘဲ နှလုံးကို ဖိမိရင် ဖြစ်တတ်တယ်။ အပေါ်က ခွစီးတဲ့ ပုံမျိုးမဟုတ်ပဲ ချောက်ထဲကို ကျနေသလိုလဲ ခံစားရတတ်တယ်..။

    ReplyDelete
  4. ကျွန်တော်ကတော့ စာမေးပွဲကို နောက်ကျလိုပဲ ဖြစ်ဖြစ် ဘာသာမှား ဖြေလိုပဲ ဖြစ်ဖြစ် နည်းမျိုးစုံနဲ့ စာမေးပွဲကျတဲ့ အိပ်မက်တွေ အတော်မက်ဖူးတယ်.. ဒါလည်း Stress တစ်မျိုးပဲ ဖြစ်မယ်။

    ReplyDelete
  5. ထိုနည်းလည်းကောင်း
    ဘာမှမဟုတ်ဘူး အဲဒါ အစာမကျေလို့ ဖြစ်တာ။ နှလုံးခဏရပ်သွားတာကြောင့်လဲဖြစ်တယ်။

    အမည်မသိဘလော့၈်ဖတ်သူ

    ReplyDelete
  6. ကျမ တခါဆေးရုံတက်တုန်းကဘီးလူးစီးသလို ဖြစ်ဖူးတယ်။
    တခါခါ တနေရာရာကိုသွားနေတာ လမ်းမှားလိုက်၊ ကားမှားစီလိုက်၊
    တွေ့ ချင်တဲ့သူနဲ့ လွဲသွားလိုက်..အဲ့ဒီလိုခဏခဏမက်တယ်။

    ReplyDelete
  7. ဖြစ်ဘူးပါသော်ကောရှင်။ အစားအသောက်တွေ ၀အောင်လင်အောင် စားပြီးကာစ ၀င်အိပ်ရင် ဖြစ်တတ်ပါတယ်။ အိပ်မက်ပေမဲ့ တကယ်ဖြစ်နေတဲ့ အတိုင်းမှို့ ကြောက်မိပါတယ်။ အိပ်မက်ထဲမှာပဲ ဘုရားစာတွေ အသံကုန်ဟစ်အော်မှ ပျောက်ပါတယ်။ ဘေးမှာလူရှိရင်တော့ အဲ့လူကို အတင်းသွားထိမိအောင် ဘီလူးစီးခံနေရတာ သူသိအောင်ကျိုးစားရပါတယ်။ အဲတော့မှ သူက လှုတ်နှိုးမှ တကယ်နိုးတော့တာကိုး။

    ReplyDelete
  8. မအိပ်ခင်မှာ ခြေလက် အကြောဆန့်ပြီးမှ အိပ်ပါ။ နောင် ဘယ်တော့မှ ဒီဘီလူး လာမစီးတော့ဘူးဆိုတာ အာမခံပါတယ်။ =)

    Ariel

    (P.S. stress အကြောင်း googling လုပ်ရင်းက ဒီ blog ဒီ post ကို ရောက်လာတယ်)

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ