ရေးသားသူ ◄ အောင်ဗလ ►
မေ ၂၀၀၄၊ ဥဒါန်းမဂ္ဂဇင်းမှ ပြန်လည် ရိုက်နှိပ်တင်ပြပါသည်။
§ § § § § § §
တဲငယ်၏ လှေကားတက်တွင် ရုပ်ပြစာစောင် တစ်ခုကို ကြည့်နေသော မိချိုသည်၊ ဇာတ်လမ်းစွဲ နေသဖြင့် ချက်ခြင်း မလာနိုင်ဘဲ မကြားဟန် ပြုနေသည်။ မေမေက သမီး၏ သဘောကို သိသည်။ အသက် ၁၃ နှစ်အရွယ်၊ လူလားမမြောက်တမြောက်၊ မလိမ်မိုးမလိမ္မာ သမီးကိုကြည့်ကာ ပြုံးမိရှာသည်။ သမီးမလာသဖြင့် အမေက သမီးထံ သွားရသည်။
“သမီးမှာ ပိုက်ဆံရှိသေးသလား၊ အမေ့ကို ခဏပေးပါလား”
မိချိုက မျက်မှောင်လေး ကြုတ်သွားသည်။ သူ့တွင် ပိုက်ဆံအနည်းငယ် ရှိသည်။ သို့သော် အမေ့ကို မပေးလို။ လိမ်ညာကာ မပြောတတ်သဖြင့် - “သမီးမှာ ငွေတစ်သောင်းတန် သုံးရွက်ရှိတယ် အမေ။ နက်ဖြန်ခါ ကျောင်းမှာ ပြောင်းဖူးပြုတ် ၀ယ်စားဖို့ သိမ်းထားတာပါ” ဟု ဖြေရှာ၏။
“မေမေသိပါတယ် သမီးရယ်၊ ပြောင်းဖူးပြုတ်ကို နက်ဖြန် မစားပါနဲ့ဦး။ အမေ ထန်းလျက် တစ်ခြမ်း ပေးလိုက်ပါမယ်။ သောကြာနေ့မှာ ဖေဖေ့ လုပ်ခရတော့မှ သမီးကို ငွေငါးသောင်း ပေးပါ့မယ်။ အဲဒီတော့မှ သမီးစားချင်တာ ၀ယ်စားပါကွယ်”
အမေ့စကားကို ပယ်ရှားလေ့မရှိသော မိချိုက စာအုပ်ကြားတွင် သိမ်းထားသော ကျပ်တစ်သောင်းတန် သုံးရွက်ကို ထုတ်ပေးလေ၏။
“အင်း၊ သမီးရဲ့ ပိုက်ဆံရပေမင့် မလောက်သေးပါကလား။ မင်းအဖေ အလုပ်က ပြန်လာချိန်မှာ ထမင်းပူပူကလေး စားရအောင် ဆန်ဝယ်ဖို့လိုတယ် သမီးရဲ့” ဟု အမေက ညည်းရှာ၏။ အမေသည် တစ်ညနေလုံး စာရင်းတွက်နေသည်။ နံနက်က ကျန်သော ပဲပြုတ်အနည်းငယ်နှင့် ဘရာကြော်တစ်ဖဲ့ ရှိသည်။ ကြက်သွန် တစ်ဥရှိသည်။ နောက်ဖေးတွင် စိုက်ထားသော စိုက်ခင်းမှ ခရမ်းချဉ်သီးကို ဆီမပါဘဲ သုတ်ပေးမည်ဟု ဖွယ်ဖွယ်ရာရာ ဟင်းလျာ စီစဉ်ခဲ့သည်။ အရေးကြီးသည်မှာ ဆန်ဖြစ်သည်။
§ § § § § § §
“ရှိသလောက် ၀ယ်တာပေါ့ မေမေရယ်”
“ပိုက်ဆံနည်းနည်းနဲ့ ၀ယ်လေ၊ ဆန်အရ နည်းလေကွဲ့ သမီးရဲ့။ အမေ့မှာ ငွေတစ်သိန်းတန် နှစ်ရွက်ရယ်၊ တစ်သောင်းတန် သုံးရွက်ရယ်၊ အစုစု နှစ်သိန်းသုံးသောင်း ရှိတယ်။ သမီးပေးတဲ့ငွေနဲ့ ပေါင်းရင်၊ အစုစု ကျပ် နှစ်သိန်းခြောက်သောင်း ရှိနေပြီ”
“အဲဒါနဲ့ပဲ ၀ယ်ပေါ့ မေမေရဲ့”
“ပြောပြီကော သမီးရယ်။ ဆန်တပြီကို ကျပ် တစ်သန်းရှိတယ်ကွဲ့။ တို့ဝယ်နိုင်တာက တစ်စလယ်ရယ်။ တစ်စလယ်သာ ၀ယ်ပြန်တော့ လက်လီဈေးမို့ တစ်စလယ်ကို ငွေသုံးသိန်းတဲ့။ ဒါဟာ ထုံးစံပဲ။ မေမေတို့က ဆန်တစ်ပြည်ဖိုးမှ မရှိတော့ အနည်းဆုံး တစ်စလယ်ဝယ်နိုင်မှသာ တွက်သားကိုက်တယ်”
မိချိုသည် မေမေ၏ စာရင်းဇယားများကို နားရှုတ်သွားသည်။
“ကဲပါ သမီးရယ်။ သမီးရဲ့ မမအိမ်ကိုသွားပြီး အမေက ငွေလေးသောင်းလောက် ချေးပါ။ သောကြာနေ့ ဖေဖေ လုပ်ခရတော့ ဆပ်ပါ့မယ်လို့ ပြော”
“သမီးမသွားချင်ဘူး မေမေ။ မမယောက်ျား ဗိုလ်ကြီးမိုးဟိန်းကို မတွေ့ချင်ဘူး”
မမဆိုသည်မှာ မေမေ၏ သမီးအရင်းမဟုတ်။ တူမသာ ဖြစ်သည်။ ဗိုလ်ကြီးမိုးဟိန်းဟု ခေါ်ကြစေကာမူ အမှန်မှာ တပ်ကြပ်ကြီး တစ်ဦးသာ ဖြစ်သည်။ အရပ်နှင့် ဆွေမျိုးများက ရာထူမြှင့်ခေါ်ကြသည်သာ ဖြစ်သည်။ အမျိုးသမီးများကို တို့ကဆိတ် တို့ကနန်း လက်ဆော့တတ်သည်ကို အမေသိသည်။ သို့သော် ဆွေမျိုးများ အလယ်တွင်သာမက အရပ်ထဲတွင် ရွှေတွဲလဲ ငွေတွဲလဲ နေနိုင်သူမှာ သူတို့သာ ရှိသည်။ မည်သူကမှ ငွေချေးနိုင်မည် မဟုတ်သဖြင့်၊ ရင်လေးစွာ စိတ်မကောင်းစွာနှင့် သမီးငယ်ကို စေလွှတ်ရသည်။
မိချိုသည် မိခင်ကို ငဲ့ညှာကာ တစ်ဖက်လမ်းတွင်နေသော ဗိုလ်ကြီးမိုးဟိန်းတို့ အိမ်သို့ သွားရှာသည်။ ကံဆိုးချင်တော့ အစ်မဖြစ်သူ မရှိဘဲ ဗိုလ်ကြီးကိုသာ တွေ့ရသည်။ ကပျာကယာ လှည့်ပြန်သည်ကို မြင်သောအခါ ဗိုလ်ကြီးက တားသည်။
“ဟဲ့ မိချို၊ ဘာလုပ်ချင်လို့လဲ။ လာ၊ လာ၊ ငါ့ကို ပြောလေ”
ဇွတ်မေးသဖြင့် အမေက ငွေကျပ်လေးသောင်းလောက် ချေးပါဟု စေလွှတ်ကြောင်း တုန်တုန်ရီရီ ပြောရရှာသည်။
“ရမှာပေါ့ ချိုလေးရယ်”
ဗိုလ်ကြီးက ပြုံးရယ်ကာပြောရင်း မိချို၏ ပါးကလေးကို လိမ်ဆွဲလိုက်သည်။ “ဒါပေမဲ့ တို့အိမ်မှာ ငွေတစ်သောင်းတန် မရှိဘူး။ မသုံးဘူး။ တစ်သိန်းတန်ပဲ ရှိတယ်။ တစ်သိန်းပဲ ယူသွားတော့။ ရော့” ဟု ငွေစက္ကူတစ်ရွက်ကို ထုတ်ပေးရင်း မိချို၏ ကျောကလေးကို ပွတ်တော့သည်။
အိမ်စောင့်နတ်၊ တော့စောင့်နတ်၊ တောင်စောင့်နတ်၊ သမာဒေ၀ နတ်ကောင်းနတ်မြတ်များက မိချိုကို စောင့်ရှောက်ကြပါပေသည်။ ထိုအခိုက်မှာပင် အိမ်ရှေ့တွင် ကားတစ်စီး ၀င်ဆိုက်သည်။ မိချို၏ အစ်မတော် ကားပေါ်မှ ဆင်းလာသည်။ မိချိုသည် အစ်မတော်ကို အမြန်နှုတ်ဆက်ကာ အမေ့ထံသို့ ပြန်လာနိုင်ခဲ့သည်။
“၀မ်းသာလိုက်တာ သမီးရယ်။ သမီးဆီက အမေယူထားတဲ့ ငွေသုံးသောင်းကို ပြန်ပေးမယ်။ နက်ဖြန်ကျရင် ပြောင်းဖူး ၀ယ်စားပေတော့။ အခု ငွေသုံးသိန်း ယူသွားပြီး လမ်းထိပ်က ဆန်ဆိုင်မှာ ဆန် တစ်စလယ် ၀ယ်ခဲ့။ အိမ်က စလယ်ဝင်ခြင်းကို ယူသွား။ ငွေသုံးသိန်းကြီးများတောင် ပေးရတာ။ ပြည့်ပြည့်မမ ချင်ပေးပေ့စေ”
မိချိုတစ်ယောက် ရုပ်ပြစာစောင် မကြည့်ရသေးဘဲ၊ ဆန်ဆိုင်သို့ ပြေးရပြန်လေပြီ။ ဆန်ဆိုင်သို့ ရောက်သောအခါ ဆိုင်ထိပ်တွင် တင်ထားသော ရုပ်မြင်သံကြားကို ဈေးဝယ်သူများ ၀ိုင်းကြည့်နေသဖြင့် ဆန်မ၀ယ်သေးဘဲ ၀င်ငေးမိသည်။
“ယနေ့ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ် ထုတ်လွှင့်ပါတော့မည်၊ ၀န်ကြီးချုပ် မဟာဗိုလ်ချုပ်ကြီး ခင်ညွန့်က တိုးတက်နေတဲ့ မြန်မာ့စီးပွားရေးအခြေအနေကို ရှင်းပြပါမည်ရှင်” ဟု အစီအစဉ်ကြေငြာပြီးနောက် စစ်ဗိုလ်ချုပ်ကြီး ထွက်လာသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံတော် လူထုအတွက် တပ်မတော်ရဲ့ ချွေးနဲ့သွေးနဲ့ အားထုတ်ဆောင်ရွက်တာကြောင့် စီးပွားရေး အဆများစွာ တိုးတက်နေပါတယ်။ နိုင်ငံခြားမှ ငွေပင်ငွေရင်း ဒေါ်လာဘီလျံ ကုဋေတစ်သောင်းဝင်လာတာကြောင့် နိုင်ငံတစ်ခုလုံး ချမ်းသာနေပါပြီ။ အမေရိကန်ပြည်က ဖိုဘီ စီးပွားရေးမဂ္ဂဇင်းက နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်နှစ်ရာတို့ရဲ့ စာရင်းကို ဖော်ပြလေ့ ရှိပါတယ်။ ဒီနှစ်အဖို့ သူကြွယ်ကြီး နှစ်ရာ စာရင်းမှာ မြန်မာ ငါးဦးပါဝင်ပါတယ်။ သူတို့ကတော့ (၁) ဗိုလ်ချုပ်ကြီး သန်းရွှေ၊ (၂) ဗိုလ်ချုပ်ကြီး မောင်အေး၊ (၃) “၀” အမျိုးသားခေါင်းဆောင် မစ္စတာဝေရှောင်ကန်း၊ (၄) ဦးလော်စစ်ဟန်နဲ့ (၅) ဦးခွန်ဆာတို့ ဖြစ်ကြပါတယ်။ အခုလို မြန်မာငါးဦးတို့ ကမ္ဘာ့ထိပ်တန်း သူဌေးကြီးများ စာရင်းဝင် ဖြစ်လာကြတာကို မြန်မာတစ်မျိုးသားလုံး ဂုဏ်ယူသင့်ပါတယ်။ တပ်မတော်က ဆက်လက်ပြီး ပြည်သူတို့အတွက် -- ”
မီးပျက်သွားသဖြင့် အသံရော ရုပ်ပါ ပျောက်သွားသည်။
မသိနားမလည်ရှာသော မိချို စဉ်းစားရှာသည်။ သူ့ဉာဏ်မှီသလောက် တွေးတောရှာသည်။ အဲဒီသူကြွယ်ကြီးတွေဆီ သွားပြီး ငွေချေးလျှင်လည်း ငါ့ပါးကို လိမ်ဆွဲကြမှာပဲလေ - တဲ့။
ကောင်းတယ် မောင်တေဇာ
ReplyDeleteတီတော့ ကြိုက်တယ်
ဒါပေမယ့် စာပေတော်လှန်ရေးက အလုပ်ဖြစ်ပါ့မလားလို့ တခါတခါ တွေးမိတယ်
ဘာမှမလုပ်တာထက်စာရင်တော့ ထနေ ပြေးနေတာ က ကောင်းမယ်မှလား
တိန်
ReplyDeleteခင်ညွန်.ကပြုတ်သွားပီလေ
ဘုရား ဘုရား
ဆန်ကအဲလောက်ဈေးကြီးနေတာ
ထမင်းမှစားမှစားရပါတော.မလားမသိ