Skip to main content

ရာဇ၀တ်ဘေးနှင့် တူတူပုန်းတမ်းကစားခြင်း

ဝေလငါးကို လိပ်ခွံဖြင့် ဖုံးအုပ်၍ မရပါဟု ဆိုလျှင် ဆင်သေကို ဆိတ်ရေဖြင့်ဖုံး ဆိုသော စကားထက် ပိုမို နီးစပ်မှု ရှိမည်ဟု မျှော်လင့်သည်။ ဆင်သေကို ဆိတ်ရေဖြင့်ဖုံးရန် ဆိတ်ဘယ်နှစ်ကောင် လိုအပ်ပါသလဲ။ ဆင်နှင့်ဆိတ်တို့၏ ကိုယ်ခန္ဓာအချိုးကို အသေအချာ တွက်ချက်တိုင်းထွာရန် လိုအပ်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဆင်သေကို ဆိတ်ရေဖြင့် လုံခြုံစွာ ဖုံးကွယ်ထားနိုင်ရန် ဖြစ်နိုင်ချေရှိသည်ဟုပင် ဆိုရမည်။ ကျွန်တော်တို့၏ မြို့ပြယဉ်ကျေးမှုတွင် ဆင်လောက်ကြီးမားသော ဆိတ်ကြီးများ အတုံးအရုံး လဲကျသေဆုံးနေ သည်ကို တွေ့မြင်နိုင်သည်။ အမှန်တရားတစ်ခုကို ဖုံးကွယ်နိုင်ရန် အမှားခပ်များများ လိုအပ်ပါလိမ့်မည်။ ဆင်တစ်ကောင် ဆိတ်တစ်ကောင် နှုန်းဖြင့် ဖုံးကွယ်ရန် မဖြစ်နိုင်ပါ။ ဖုံးကွယ်နိုင်သည် ထားဦး ဆင်လောက်ရှိသည့် ဆိတ်ကြီးများ အမှန်တကယ် တည်ရှိကြောင်း ယုံကြည်ပေးနိုင်ရန် သင်၏ဦးနှောက်မှ သံသယ ထုတ်လုပ်ရာအပိုင်းကို ခွဲစိတ်ဖြတ်တောက်ထားရန် လိုအပ်လိမ့်မည်။ ကျွန်တော်က  အခု ဆင်တစ်ကောင် အကြောင်း ပြောပြပါမည်။

§ § § § § § §


“ရာဇ၀တ်ဘေး ပြေးမလွတ်” ဟူသော ဆောင်ပုဒ်ယောင်ယောင် အဆိုတစ်ခုအား မည်သည့်အချိန်က စတင်ကြားခဲ့ဖူးမှန်း မသိသော်လည်း မျက်မုန်းကျိုးနေခဲ့မိသည်မှာတော့ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ငယ်ငယ်က ကြည့်ခဲ့ဖူးသည့် မြန်မာရုပ်ရှင်ဇာတ်လမ်း တစ်ခုခုအတွင်းမှ ပြည်သူ့ရဲတစ်ဦးပြောသော အပေါစား ဒိုင်ယာလော့ခ် တစ်ခုအား စတင်ကြားဖူးခဲ့ခြင်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် မှုခင်းမဂ္ဂဇင်းတစ်အုပ်မှ ၂၄ နာရီအတွင်းဖမ်းမိခဲ့သော မှုခင်းဆောင်းပါးတစ်ပုဒ်၏ နောက်ဆုံးဝါကျလည်း ဖြစ်နိုင်သည်။ စကြားဖူးသည့် အချိန်အား အသေအချာ မမှတ်မိသော်လည်း မြန်မာ့လူမှုအသိုင်းအ၀ိုင်းတွင် ခပ်စိတ်စိတ်ကြားရလေ့ ရှိသည့် စကားတစ်ခွန်း ဖြစ်သည်မှာ သေချာသည်။ ထိုအဆို၏ ခိုင်လှုံမှုအား မေးခွန်းထုတ်ချင်သည်။ အတိအကျပြောရလျှင် အဆိုပါစကားမှာ လုံးဝ မှားယွင်းနေသည့် အဆိုသာ ဖြစ်သည်။

ပြေးလွတ်ခဲ့သော ရာဇ၀တ်ဘေးပေါင်း မြောက်များစွာ ရှိပါသည်။ စင်စစ် ဖမ်းမိသည့် ရာဇ၀တ်မှုထက် ပြေးလွတ်နေသည့် ရာဇ၀တ်မှုများက ပို၍ပင် များလိမ့်မည်။ ဖမ်းမိသည့် ရာဇ၀တ်မှုများသာ စာမျက်နှာထက် ရောက်လာပြီး ဖတ်ရှုခွင့်ရရှိသဖြင့် ပြေးမလွတ်ပါဟု အာခေါင်ခြစ် အော်နေနိုင်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ နောက်ကွယ်တွင် အမှုပိတ်သွားသည့် ရာဇ၀တ်မှုများ မြောက်များစွာ ရှိနေကြောင်း စဉ်းစားကြည့်ရုံနှင့် သိနိုင်သည်။ ရာဇ၀တ်ဘေးအား ငွေဖြင့်ကာကွယ်၍ ရသည်။ အာဏာဖြင့် ကာကွယ်နိုင်သည်။ ရာဇ၀တ်ဘေးကို ကာကွယ်နိုင်သော ဒိုင်းအမျိုးအစားပေါင်း မြောက်များစွာ ရှိသည်။ စင်စစ် ရာဇ၀တ်ဘေး ပြေးမလွတ်ပါဟု အော်ဟစ်နေသော သူများသည်ပင် ပြေးလွတ်နေသည့် ရာဇ၀တ်ကောင်များ မဟုတ်ဘူးဟု မည်သူပြောနိုင်ပါသနည်း။

အခြားတစ်ဘက်တွင် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်က ရာဇ၀တ်ဘေး ပြေးမလွတ် ဟူသည့်အဆို မှားကြောင်း ပြောနေရုံမျှနှင့် မျှတသည်ဟု မဆိုနိုင်ပါ။ ပြောရသည့် ရည်ရွယ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုကောင်းလိုပါမည်။ ဤသည်မှာ ကျွန်တော်တို့ ငယ်ငယ်က နားထောင်ခဲ့ဖူးသည့် အိပ်ယာဝင်ပုံပြင်များ၏ ဇာတ်သိမ်းပိုင်းနှင့် သဘောတရားချင်း ဆင်တူပါသည်။ နောက်ဆုံးတွင် သူရဲကောင်းက ရန်သူများကို နှိမ်နင်းလိုက်လေ သတည်း၊ အမှန်တရားသည်သာ အောင်ပွဲခံလေသတည်း၊ ဟူသော ခေါက်ရိုးကျိုး နိဂုံးများနှင့် သဘောတရားချင်း ဆင်တူသည်။ ကလေးများအား စာရိတ္တဆိုင်ရာ အသိပညာတစ်ခုခုပေးရန် ပုံပြင်များ၏ ဇာတ်သိမ်းပိုင်းကို ဖန်တီး (Make up) ထားပုံမျိုးနှင့် အလားတူစွာ ရာဇ၀တ်ဘေးပြေးမလွတ်ပါဟု ကျယ်နိုင်သမျှကျယ်အောင် မီဒီယာပေါင်းစုံမှ အော်ဟစ်နေသလောဟု ဖေးဖေးမမ တွေးလိုက တွေးနိုင်ပါသည်။

ကလေးပုံပြင်များ၏ ထာဝရ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းများ အကြောင်းကို သဘောကွဲလွဲမှုများ ရှိနိုင်သော်လည်း ကျွန်တော့်အလိုအရ အမှန်က အမြဲတမ်းအနိုင်ရနေခြင်းကို လက်မခံနိုင်ပါ။ အမှားလည်း တစ်ခါတစ်ခါ အားသာလိမ့်မည်၊ ပို၍တိကျအောင် ဆိုရလျှင် အမှန်တရားသည် နောက်ကောက်ကျနေသည်သာ ပို၍ များ၏ဟု ပြောလျှင် သဘာဝနှင့် ပိုမိုနီးစပ်ပါလိမ့်မည်။ ကလေးများ၏ အိပ်ယာဝင် ပုံပြင်များတွင် ကြည်နူးဆွတ်ပျံ့ဖွယ်ရာ သိပ်မကောင်းလှသည့် ဘ၀၏ အရှိတရားအချို့နှင့် တွေ့ဆုံပေးရပါလိမ့်မည်။ သို့မှသာ သဘာဝကျကျ တွေးခေါ်တတ်သည့် လူကြီးများအဖြစ် ဖွံ့ဖြိုးလာနိုင်မည် ဖြစ်ပါသည်။ အနံ့ဆိုးထုတ်လွှတ်တတ်သည့် အကောင်ငယ်လေး (Skunk) မှာ အတူကစားစရာ အဖော်မရှိသဖြင့် အထီးကျန် နေရစဉ်တွင် စုန်းမကြီးက ကူညီလိုက်သဖြင့် နှင်းဆီနံ့ မွှေးပျံ့နေသော အကောင်လေး ဖြစ်သွားပြီး သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါး ကစားနိုင်ခဲ့သည်။ သို့ရာတွင် သူ့အမေက စုန်းမကြီးထံ တစ်ခါ ပြန်သွားပြီး အနံ့ဆိုးများထွက်အောင် ပြန်လုပ်စေသည်။ (Skunk ဟူသော သတ္တ၀ါများမှာ သဘာဝအရ အနံ့ဆိုးထုတ်လွှတ်တတ်သည်) အဆိုပါ ပုံပြင်အား အလိုမကျဖြစ်နေသော ကလေးငယ်တစ်ဦး၏ အလိုမကျမှုမှာ လိုအပ်သည့် အလိုမကျမှုသာ ဖြစ်သည်ဟု ထင်ပါသည်။ မိမိ၏ တစ်သီးပုဂ္ဂလ သဘာဝ (Identity) ကို သဘာဝမကျသော နည်းလမ်းများဖြင့် ချောင်ထိုးဖုံးကွယ် မထားနိုင်ကြောင်း သင်ခန်းစာ (Moral Message) ပေးပါသည်။ ပုံပြင်ပါ ဤသို့သော မနှစ်မြို့ဖွယ် အရှိတရားအချို့ကို ကလေးငယ်များ လက်ခံသင့်သည် ဆိုပါလျှင် မြို့ပြ မုသာဝါဒများအား လူကြီးများက ငြင်းပယ်နိုင်ဖို့လည်း သင့်ပါသည်။

အင်္ဂလိပ်စကားတွင် Long arm of the law ဟူသော အီဒီယံ တစ်ခု ရှိသည်။ ဥပဒေတွင် ရှည်လျားသော လက်တံရှိသည်။ ရာဇ၀တ်ဘေးမှ အလွတ်ပြေးဖို့ခက်သည်။ ဥပဒေသည် ခြေဆံလက်ဆံ ရှည်လျားသည်။ စသည့် အဓိပ္ပာယ်များသည် အစွန်းလွတ်မှု ရှိပါသည်။ အမှန်တကယ်လည်း ရာဇ၀တ်ဘေးမှ အလွတ်ပြေးနိုင်ဖို့ အတော်အတန် ခက်ခဲမှုရှိပြီး ကံကြမ္မာ၏ ဖေးမမှုလည်း လိုပါလိမ့်မည်။ သို့သော် “ရာဇ၀တ်ဘေး ပြေးမလွတ်” ဟု အကယ်ဒမီလေသံနှင့် ရုပ်ရှင်များအတွင်း အပေါစားအိုက်တင်များဖြင့် ဖျော်ဖြေနေသည်ကတော့ အတော်ပင် အလွန်အကျွံပြောရာကျပြီး ရယ်စရာလည်း ကောင်းသည်။ အထူးသဖြင့် ပြေးလွှတ်နေသည့် ရာဇ၀တ်သားများက ပြောသည်ဟု တွေးမိချိန်တွင် ပို၍ပင် ရယ်ချင်မိသည်။ ရာဇ၀တ်ဘေးမှ သီသီကလေး လွတ်ခြင်း၊ လက်မတင်လွတ်ခြင်း၊ လွတ်လွတ်ကျွတ်ကျွတ် လွတ်ခြင်း၊ ရာဇ၀တ်မှုအရာပင် ရောက်မလာခဲ့သော ရာဇ၀တ်မှုများ၊ စသည့် လက်တွေ့ဘ၀၏ အရှိတရားများကို မျက်နှာပြောင်ပြောင် ဖုံးကွယ်ရာကျသည်၊ သို့မဟုတ် တုံးရာ ကျသည်။

စောစောက ပြောခဲ့သလို ဝေလငါးကို လိပ်ခွံဖြင့် မဖုံးမိပါစေနှင့်။ လုပ်စရာ မရှိသဖြင့် ဆင်သေကို ဆိတ်ရေဖြင့် ဖုံးမည်ဆိုသော် ဖုံးချင်ဖုံးပါ။ ဆင်သည်ဆင် ဆိတ်သာဆိတ် ဖြစ်ပါသည်။ ဆင်တစ်ကောင်ကို ဖုံးကွယ်နိုင်ရန် ဆိတ်အတော်များများလည်း လိုအပ်လိမ့်မည် ဖြစ်သည်။ သို့သော် ဆင်နှင့် ဆိတ် တခြားစီသာ ဖြစ်သည်။ အမှန်အား အမှားဖြင့်ဖုံးရန် ကြိုးစားသော် အမှားအတော်များများကို စတေးရလိမ့်မည်။ အဆုံးတွင် လုံခြုံလိမ့်မည် လည်း မဟုတ်ပါ။ ရာဇ၀တ်ဘေးနှင့် တူတူပုံးတမ်းကစားခြင်းသည် လူကြီးသူမတို့၏ ကစားနည်း တစ်ခုသာ ဖြစ်ပါသည်။ အနံ့ဆိုး ထုတ်လွှတ်တတ်သော အကောင်ငယ်လေး Skunk ၏ ပုံပြင် တစ်ပုဒ် မဟုတ်ပါ။ တူပြီဆို ပြောပါ။ ခြေဆံလက်ဆံရှည်သော ဥပဒေ သင့်ကို လိုက်ရှာနေပါပြီ...။

◄ တေဇာ ► ဖေဖော်ဝါရီ (၂၅)

Comments

  1. ဘယ်တော့မှ “တူ” ခေါ်မှာ မဟုတ်ဘူး....။

    နောက်ကျမှ “ဘယ်ပြေးမလဲ မိရွှေသဲ” လုပ်လိမ့်မယ်....း)

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ