တစ်ယောက်တည်း ထိုင်ပြီး တစစ ညဥ့်နက်လာသော ညက အထီးကျန်ခြင်း အကြောင်း ကျွန်တော် တွေးနေမိသည်။ သို့သော် မိမိကိုယ်ကိုယ် သနားစရာ သတ္တ၀ါ တစ်ကောင်လို သဘောထားပြီး တွေးနေမိခြင်း မျိုးတော့ မဟုတ်။ တစ်ယောက်တည်း နေတော့ ဘာဖြစ်သလဲ၊ အများနေတော့ ဘာဖြစ်သလဲ စသည့် ရောက်တတ်ရာရာ များအား စိမ်ပြေနပြေ တွေးနေမိခြင်းမျိုးသာ ဖြစ်သည်။ အထူးသဖြင့် လူပုံအလယ်တွင် ထိုင်တွေးခွင့် မရှိသည့် အတွေးမျိုးကို တစ်ယောက်တည်း အရသာရှိရှိတွေးနေခြင်း ဖြစ်ပါသည်။
ကျွန်တော်က လူအများနှင့် ရောရောနှောနှော နေခြင်းထက် တစ်ယောက်တည်းနေရခြင်းကို ပိုမိုနှစ်သက်ပါသည်။ ကျောင်းတက်စဉ်တုန်းကလည်း သူငယ်ချင်း များများစားစား မရှိခဲ့။ အလုပ်ထဲရောက်ပြန်တော့လည်း အသိအကျွမ်းသာ များလာသည်။ တကယ်တမ်း နီးနီးကပ်ကပ် ဆက်ဆံခြင်းမျိုးများ မရှိခဲ့။ ဤအတွက် ပြဿနာလည်း မရှိခဲ့ပါ။
ကျွန်တော်က လူအများနှင့် ရောရောနှောနှော နေခြင်းထက် တစ်ယောက်တည်းနေရခြင်းကို ပိုမိုနှစ်သက်ပါသည်။ ကျောင်းတက်စဉ်တုန်းကလည်း သူငယ်ချင်း များများစားစား မရှိခဲ့။ အလုပ်ထဲရောက်ပြန်တော့လည်း အသိအကျွမ်းသာ များလာသည်။ တကယ်တမ်း နီးနီးကပ်ကပ် ဆက်ဆံခြင်းမျိုးများ မရှိခဲ့။ ဤအတွက် ပြဿနာလည်း မရှိခဲ့ပါ။
§ § § § § § §
လူအဖွဲ့အစည်းတွင် လူအများနှင့် ပေါင်းသင်းဆက်ဆံနေထိုင်သော၊ တစ်နည်း လူတောတိုးသော “လူတွင်ကျယ်” များ (Extrovert) အချိုးသည် လေးပုံသုံးပုံခန့် ရှိသည်ဟု ခန့်မှန်းသည်။ ထို့ကြောင့်ပင် လူနည်းစု တစ်ကိုယ်တော်သမားများအား လူရာမ၀င်သလိုလို၊ သနားစရာပဲကောင်းသလိုလို သတ်မှတ်ကြလေ့ရှိသည်။ သို့သော် ဤသည်မှာ ယုတ္တိကင်းမဲ့သည့် အမြင်သာဖြစ်ပါသည်။ တကယ်တော့ တစ်ကိုယ်ရည်သမားများသည် လူအများနှင့် ပြောဆိုဆက်ဆံခြင်းများထက် မိမိကိုယ်တိုင်၏ အတွင်းစိတ်ထဲသို့ လှည့်လည်ကျက်စားရန် ပိုမိုမွေ့လျော်ကြသူများသာ ဖြစ်ပါသည်။
တစ်ယောက်တည်း ဖြစ်နေသည့် သင်းကွဲများကို တွဲခေါ်ရန် လိုအပ်သည်ဟု ယူဆပြီး အပေါင်းအသင်းများနှင့် မိဘများမှ လူအများနှင့် ပိုမိုဆက်ဆံခြင်းပြုရန် အကြံပေးလေ့ရှိကြသည်။ သို့သော် သူတို့ လွဲနေသည့် အချက်မှာ တစ်ကိုယ်တော်သမားနှင့် လူတောထဲတိုးသူများ ဟူသည်မှာ အဖြူနှင့်အမည်းလို ဆန့်ကျင်ဘက်များ မဟုတ်ကြပါ။ လောကကြီးနှင့် ထိတွေ့ဆက်ဆံရာတွင် အခြေခံအားဖြင့် နည်းလမ်း ကွဲပြားနေခြင်းသာ ဖြစ်ပါသည်။ ပြင်ပသို့ ခရီးနှင်လိုသည့် လူများက လူမှုဆက်ဆံရေး၏ အသေးအဖွဲလေးများကို နှစ်သက်စွာအာရုံခံစားသည်။ အတွင်းသို့ ပြန်လည် ခရီးဆန့်လိုသူများကတော့ အခြားသူတို့၏ ဦးနှောက်တွင် ဖြတ်သန်းဖူးခြင်းမရှိသေးသည့် မိမိ၏ ကိုယ်ပိုင်အကြံအစည်၊ အတွေးအခေါ်များအပေါ် အာရုံပြုတတ်သူများသာ ဖြစ်ပါသည်။ လူမှုဆက်ဆံရေးတွင် ရောသောကောသော နေခြင်းက သူတို့ကို အနှောင့်အယှက်ပြုပြီး တစ်ယောက်တည်း ရှိနေသော တိတ်ဆိတ်ငြိမ်သက်သည့် အချိန်များသည် ၎င်းတို့ကို စွမ်းအင်အမြင့်မားဆုံး ရောက်အောင် မြှင့်တင်ပေးသည်။
အရိုးစွဲ ယုံကြည်မှုများနှင့် ဆန့်ကျင်စွာ တစ်ကိုယ်တည်းသမားများအားလုံးမှာ လူမှုဆက်ဆံရေးကို ကြောက်ရွံ့တုန်လှုပ်သူများ မဟုတ်ကြပါ။ မှီခိုဆက်နွယ်ထားစရာ အနှောင်အဖွဲ့များအား လိုအပ်မှုနည်းပါးခြင်းသာ ဖြစ်ပါသည်။ ထို့ပြင် မိမိသဘောအတိုင်း တစ်ယောက်တည်းနေသူ (Loner-by-Preference) နှင့် တစ်ယောက်တည်းနေရသူ (Enforced Loner) တို့ အကြားတွင်လည်း ကွာဟချက် ကြီးစွာ ရှိပါသည်။ အများအားဖြင့် ကိုယ့်အခန်းထဲတွင်ပင် တံခါးပိတ်နေတတ်သူများကို မိမိစိတ်သဘောအတိုင်း တစ်ယောက်တည်း နေသူအဖြစ် အကြမ်းဖျင်း မှတ်ယူနိုင်ပါလိမ့်မည်။ ပေါင်းသင်းမည့်သူ မရှိ၍၊ တစ်နည်း ထောင်တွင်းအကျဉ်းချထားခြင်း ခံရသဖြင့် အထီးကျန်နေသူများကို ဆိုလိုခြင်းမျိုးမဟုတ်ပါ။ ထိုသို့ စိတ်လိုလက်ရ တစ်ကိုယ်တော်သမား တစ်ယောက်သည် ကလေးဘ၀၏ အဖော်မဲ့ခြင်း အတွေ့အကြုံ၊ တိမ်းညွှတ်မှုများနှင့်တစ်ကိုယ်ရည်လွတ်လပ်ခွင့်ကို တန်ဖိုးထားသော မိသားစုတွင် ကြီးပြင်းခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။
ကျွန်တော့်အနေဖြင့် တစ်ကိုယ်တော်နေထိုင်ရခြင်းသည် အန္တရာယ်တစ်ရပ်သို့မဟုတ်၊ လူမှုပတ်ဝန်းကျင်မှ ဘေးရောက်ခြင်း၊ လူရာမ၀င်ခြင်း စသည်များ မဟုတ်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိစိတ်သဘောအတိုင်း တစ်ယောက်တည်း နေတတ်သူများကို လူတောမတိုးသူများ၊ ဆက်ဆံရေးမကောင်းသူများ အဖြစ် နှာခေါင်းရှုံ့ခြင်းများ မကြာခဏ တွေ့ရလေ့ရှိခြင်းကြောင့် ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းတွင် အစုအဖွဲ့နှစ်စုရှိလျှင် လူများစုက လူနည်းစုကို သူတို့နှင့်မတူရကောင်းလားဟု နှာခေါင်းရှုံ့ခြင်းမှာ ဓမ္မတာသာ ဖြစ်သည်။ မိမိနှင့်မတူလို့ လူမဟုတ်ဟု ယူဆ၍ မဖြစ်နိုင်ပါ။ လူကြားထဲ ဟေးလားဝါးလား နေလိုသူများ နေနိုင်ပါသည်။ ထို့အတူ တစ်ယောက်တည်း ငေါင်နေချင်သူများလည်း လွတ်လပ်စွာ ငေါင်နိုင်ခွင့် ရှိပါသည်။
လူအများကြားမှ ဝေးရာတွင် နေထိုင်လေလေ မိမိကိုယ်ကိုယ်နှင့် ပိုမိုနီးစပ်လာလေလေဟု ကျွန်တော် ခံစားနေရသည်။ ကျွန်တော့်အတွေးများနှင့် ကျွန်တော် ပိုမိုနီးစပ်လာသည်။ ကျွန်တော်တွေးနေသည့် အကြောင်းများကို ကျွန်တော် ပိုမိုစိတ်ဝင်စားလာသည်။ ကျွန်တော့် ဆန္ဒများကို ပိုမိုနားလည်လာသည်။ တစ်ကြောင်းတည်းပြောရလျှင် ကျွန်တော်ဘာကောင်လဲဆိုသည်ကို အနီးစပ်ဆုံး တူညီအောင် ကျွန်တော် ရှာဖွေတွေ့ရှိလာသည်။ ၀န်းကျင်မှလူများ၏ အတွေးအခေါ်များ၊ အရောင်အသွေးများ လွှမ်းမိုးမှု နည်းပါးသွားခြင်းကြောင့် ဖြစ်ပါသည်။
ယခု ကျွန်တော်က အထီးကျန်ခြင်းအကြောင်း တစ်ယောက်တည်းထိုင်၍ တွေးနေသည်။ စင်စစ် လူကြားထဲ လမ်းသလားနေသူများကို သနားစရာသဖွယ် သဘောထားပြီး တွေးနေမိခြင်းသာ ဖြစ်ပါသည်။ တစ်ယောက်တည်း ရှိနေချိန်တွင် ဤသို့ လျှောက်တွေးရခြင်းသည် အရသာ ရှိသည်။ လူတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အတွေးများနှင့် နီးနီးကပ်ကပ် နေထိုင်သင့်သည်ဟု တစ်ယောက်တည်း ညဥ့်နက်သွားသောညက အကြိမ်ကြိမ်အထပ်ထပ် ကျွန်တော် တွေးနေမိပါသည်။
◄ တေဇာ ► ဖေဖော်ဝါရီ (၁၃) ၂၀၁၀
Ref: Field Guide to the Loner: The Real Insider
Loner များအခွင့်အရေးအတွက် လှုပ်ရှားလိုက်ကြစို့ ~~~ :P
ReplyDeleteထောက်ခံပါတယ်။ လွတ်လပ်တဲ.တစ်ယောက်တည်းသမားဘ၀တိုင်းအထီးကျန်ဆန်တာမဟုတ်ပါ။
ReplyDeleteလွတ်လပ်စွာတွေးတောအကောင်အထည်ဖော်နိုင်ခွင်.ရှိလို.တော်တော်နေပျော်ပါတယ်။ ထုသားပေသားကျသွားရင်တော.အတိုင်းထက်အလွန်အရသာကိုပိုမိုခံစားသိသာစေနိုင်ပါတယ်