ရန်ကုန်မြို့တွင် ကျွန်တော် နောက်ဆုံး ရှိခဲ့သည့် ညက မိုး သဲသဲမဲမဲ ရွာနေခဲ့သည်။ ထိုင်နေကျ ဘုံဆိုင်၏ ထိုင်နေကျ စားပွဲတွင် မူးနေကျ အတိုင်း လွန်လွန်ကဲကဲ မူးနေသည်။ ကျွန်တော့် အနီးအနားတွင် ကျွန်တော် အတိအကျ မမှတ်မိသည့် သူငယ်ချင်း တစ်ယောက် နှစ်ယောက်လည်း ရှိပါ လိမ့်မည်။ သို့သော် ရုပ်ရှင်ထဲကလို ကျွန်တော့် တစ်ယောက်တည်းအပေါ် ဗဟိုပြုပြီး နောက်ဆုံး ထွက်သက်အား စွဲစွဲမက်မက် ရှူရှိုက်နေသော သေကောင်ပေါင်းလဲ လူမမာလို နောက်ဆုံး အရက်ခွက်များအား လောဘတကြီး အရသာခံ သောက်နေသော ကျွန်တော့်အား စိတ်မကောင်းသော မျက်နှာထားများဖြင့် တိတ်ဆိတ်စွာ ၀ိုင်းကြည့် နေကြခြင်းမျိုး မဟုတ်ပါ။ သူတို့သည် ကျွန်တော်၏ ဇာတ်ပို့ဇာတ်ရံများ မဟုတ်ကြပါ။ သူတို့သည်လည်း ကိုယ်စီကိုယ်ငှ မင်းသား တစ်လက်စီသာ ဖြစ်သည်။ ထို့ပြင် မနက်ဖြန်တွင် ကျွန်တော် အားလုံးကို စွန့်ခွာ ချန်ရစ်ခဲ့တော့မည်ကိုလည်း မသိကြပါ။ ဘာပဲဖြစ်ဖြစ် နင့်နင့်နဲနဲ အလွမ်းခံစားချက်အား အရက်ဖြင့် မြည်းစမ်းရခြင်းသည် လူ့ဘ၀၏ လက်မလွတ်သင့်သော ခံစားချက်တစ်ရပ် ဖြစ်သည်ဟု အရက်မသောက်သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည့် အချိန်အထိ ကျွန်တော် ယုံကြည်နေဆဲ ဖြစ်ပါသည်။
§ § § § § § §
ရန်ကုန်တွင် ချန်ထားခဲ့ရသည့် အသေးအဖွဲ အရာများ အတော်များများ ရှိပါသည်။ ထိုနေရာ ထိုအချိန်က ထိုအရာများအကြောင်းကို မူးမူးရူးရူးနှင့် ကျွန်တော် တွေးနေမိသည်မှာ အမှန်ပင် ဖြစ်သည်။ အခကြေးငွေပေးပြီး ဘ၀ကို အရစ်ကျ တိုက်စားနေသော အလုပ်ကောင်းကောင်းတစ်ခု ရှိသည်။ သူ့ဘ၀၏ အစိတ်အပိုင်း အတော်များများတွင် ကျွန်တော်ကိုယ်တိုင်ပါဝင်နေသည့် အမေဆိုသော ဆက်သွယ်ချက်တစ်ခု သတ်မှတ်ထားသော အမျိုးသမီးတစ်ဦး ရှိသည်။ ဆိုးသွမ်းလူငယ်ဟု ပတ်ဝန်းကျင်က သတ်မှတ်ခံထားရသည့် စိတ်ရင်းကောင်းသော သူငယ်ချင်းတချို့ ရှိသည်။ Gentleman ဆန်ဆန် လုပ်ဖော်ကိုင်ဖက် အနည်းအကျဉ်း ရှိသည်။ ကျွန်တော် လိုက်ကြိုက်ခဲ့သည့် ကောင်မလေးတချို့ ရှိသည်။ Jigsaw Puzzle တစ်ခုပေါ်မှ ရုပ်ပုံကားချပ်လို မိသားစု ပုံရိပ်တစ်ခု ရှိသည်။ ABC ရပြီး ဘောလုံးပွဲပြသည့် စားသောက်ဆိုင် အချို့ ရှိသည်။ မူးသံပါပါဖြင့် သံပြိုင်သီဆိုနေကျ တစ်စွန်းတစ်စ သီချင်းစာသားများ ရှိသည်။ အ၀ါရောင် ပူစီလေး တစ်ကောင် ရှိသည်။ ခေါင်းရင်းအနှံ့ တွန့်ကြေနေသော စာအုပ်များ ရှိသည်။ ယုတ်စွအဆုံး ထိုအရာများ အနည်းငယ်စီနှင့် ပေါင်းစပ်ဖွဲ့စည်းထားသော ကျွန်တော်ကိုယ်တိုင် တည်ရှိသည်။
သူဇာဆေးပေါ့လိပ်၏ ခဏခဏမီးသေတတ်သော အလေ့အကျင့်အား ဒေါသထွက်ရန် ထိုညတွင် ကျွန်တော် မေ့နေခဲ့သည်။ ထုတ်တန်းပေါ်မှ ကြိုးဆွဲချသေနေသော ဂစ်မီးခြစ်ဆီ ယိုင်တိုင်တိုင်လျှောက်သွားပြီး မီးညှိရခြင်းကို အလုပ်ကြီး တစ်ခုလို တလေးတစား လုပ်နေမိသည်။ မိုးက မတိတ်သေး၊ တိတ်မည့်အရိပ်အယောင်လည်း မပြသေး။ အိမ်အပြန် နောက်ကျရသည့် အကြောင်းရင်းသည် ပိုမိုခိုင်လုံ သွားခဲ့ပြီ။ ကျွန်တော့် စွပ်ကျယ်သည် ရွှဲရွှဲစိုနေသည်။ လက်ကျန်အကြွေးတချို့ မပေးရသေးသည့် ဘောစိ၏ ဗိုက်ရွှဲရွှဲအား စိတ်ထဲမှကြိတ်၍ အားနာလိုက်သည်။ နံရံတွင် ကပ်ထားသည့် အရက်ကြော်ငြာတစ်ခုအတွင်းမှ အနီဝတ်စုံနှင့် မယ်လိုဒီက အရင်အတိုင်း ကြိုးစားညှို့နေမည် ဖြစ်သော်လည်း ထိုညက ကျွန်တော် သတိမထားမိသည်မှာ သေချာသည်။ ကျွန်တော့် ၀န်းကျင်မှ လူများနှင့် အခြေအနေတို့မှာ ပုံမှန်အတိုင်းသာ ဖြစ်သော်လည်း ကျွန်တော်တစ်ယောက်တည်း ပုံမှန်မဟုတ်သည့် ခံစားချက်တစ်ခု ခံစားနေရသည်။ ဒီညသည် နောက်ဆုံးည ဖြစ်ပါသည်။
နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်တို့၏ တန်ဖိုးအား ကိုယ်လောင်းထားသည့် ဘောလုံးပွဲအား ကြည့်နေသည့် ခဏများမှအပ ကျွန်တော် သတိမပြုမိခဲ့ဘူးလား။ စာမေးပွဲခန်းတွင်း ဦးနှောက်ဗလာနှင့် ထိုင်နေရသော အချိန်များမှအပ ကျွန်တော် သတိမပြုမိခဲ့ဘူးလား။ သည်လူများနှင့် သည်နေရာအား ကျွန်တော်က စိတ်တွင်းမှ နောက်ဆုံးနှုတ်ဆက်စကားပြောနေချိန်တွင် လူသည်များနှင့် သည်နေရာကတော့ ကျွန်တော့်ကို အရင်အတိုင်း ပေါ့ပေါ့တန်တန် တုန့်ပြန်နေသည်ဟု ခံစားရသည်။ ကျွန်တော်၏ မနက်ဖြန်အပေါ် မသေချာမှုတွင် ကြိုးမိန့်ကျ အကျဉ်းသား၏ အိပ်မရသော ခံစားချက်ထက် အများကြီး မကွာခြားလှကြောင်း ထိုအချိန်ထိုနေရာက ကျွန်တော် သိနေခဲ့သည်။ လက်ပြနှုတ်ဆက်ခြင်း မပြုသောလူတို့နှင့် သမားရိုးကျဆန်စွာ ခွဲခွာခဲ့ရသော နောက်ဆုံးညက ကျွန်တော့်ရင်တွင် သမားရိုးကျမဟုတ်သော အလွမ်းတစ်ခု တိတ်ဆိတ်စွာ တည်ရှိနေခဲ့သည်။ နောက်ဆုံးအိပ်ရာဝင်ခဲ့သော ညသည် အရင်ညများအတိုင်း အသေးစိတ်မမှတ်မိနိုင် လောက်အောင် မှုန်ဝါးနေခဲ့သည်။ အတက်အကျမမှန်သော အယ်လ်ကိုဟောပမာဏနှင့် ကျွန်တော်၏ မဖွယ်မရာ အသက်ရှူသံအား အမေနောက်ဆုံးကြားခဲ့ရခြင်း ဖြစ်ပါလိမ့်မည်။
ယခုသော် နောက်ဆုံးညနှင့် ခပ်လှမ်းလှမ်းအကွာသို့ ကျွန်တော် ရောက်နေပါပြီ။ ဟိုတုန်းက ညများအကြောင်းကို အလွမ်းမပါဘဲ တစ်စိမ်းဆန်ဆန်တွေးခေါ်လာနိုင်ရန် ကျွန်တော် အလုံအလောက် မောက်မာခဲ့ပါပြီ။ အရင်လူအချို့၏ အလေးအနက် အလွမ်းများကို ကျွန်တော်က ယခု ပေါ့ပေါ့တန်တန် တုံ့ပြန်နေမိသည်။ သားဆိုးတစ်ယောက် ဆုံးရှုံးသွားသော အမေအား အနာဂတ်အသစ်စက်စက်တစ်ခု လက်ဆောင်ပေးနိုင်ရန် ကျွန်တော် ထုပ်ပိုးပြင်ဆင်နေမိသည်။ ကျွန်တော်ရန်ကုန်တွင် ကျကျန်ခဲ့သော အရာများထဲတွင် အရက်ခွက်အချို့ပါ ပါဝင်သွားကြောင်း ပြောဖို့ မေ့ကျန်ခဲ့ပါသည်။ ထို့အတူ အရက်နှင့်မြည်းရန်ကောင်းသော အလွမ်းအချို့လည်း ကျွန်တော့်အား စွန့်ခွာသွားခဲ့ပါပြီ။ ရန်ကုန်တွင် မိုးသည်းထန်စွာရွာသောညက စွပ်ကျယ်လက်ပြတ်နှင့် သူဇာ ဆေးပေါ့လိပ်အား မီးညှိနေခဲ့သော ရေစိုစို အမူးသမားတစ်ဦးမှာ ကျွန်တော်သာ ဖြစ်ပါသည်။ ဤစာကို ရေးနေသောသူ မဟုတ်ပါ။ ဤစာကိုရေးနေသူသည် အတိတ်အား ရုပ်ပြတစ်အုပ်လို ၀တ်ကျေတမ်းကျေ လှန်လှောကြည့်ရှုနေသူ တစ်ဦး မျှသာ ဖြစ်ပါသည်။ တစ်ခါတုန်းက ရန်ကုန်မြို့တွင် အမူးသမားတစ်ယောက် ရှိခဲ့ဖူးလေ၏။
◄ တေဇာ ► ဖေဖော်ဝါရီ (၂၆)
အဲဒီလို လူမသိ သူမသိ ...နောက်ဆုံး... ကိုယ်လည်းခဏခဏ လုပ်ခဲ့တယ် ... ပြီးမှ သူတို့သိကြတယ် ... ကိုယ်ကတော့ ခံစားတဲ့အခါ ခံစား၊ ကျေနပ်တဲ့အခါ ကျေနပ်လို့ ...
ReplyDeletewelcome to new world.
welcome to new life.
nice post !
UU@!