ခုတလော စာသိပ်မရေးဖြစ်ပါ။ စာမရေးဖြစ်သည့် အချိန်ရောက်မှ တစ်နေ့တစ်ပုဒ်နှုန်း ရေးနေခဲ့သည့် အချိန်များကို ထူးဆန်းသလို ဖြစ်မိသည်။ ဘာကိုမျှ ရေရေရာရာ မရှိလှသူ တစ်ယောက်က ဘာတွေများ ရေးခဲ့ပါသလဲ။ လူအများကို ဟိုလိုနေပါ၊ ဒီလိုထိုင်ပါ ဦးဆောင်လမ်းပြ အရည်အချင်းများ ကျွန်တော့်တွင် တစ်စက်မျှ မရှိပါ။ ကိုယ်တိုင် တောင်လိုလို မြောက်လိုလို ဖြစ်နေသည့်အရာများကို ရိုးသားမှုအရင်းခံဖြင့် ကလေးဆန်ဆန် တင်ပြခြင်းမျိုးလောက် ဖြစ်ပါသည်။ ယခုသော် ကျွန်တော့်တွင် ရေးစရာ မရှိတော့ပါ။ ရေးချင်လျှင် စာမရေးဖြစ်သည့်အကြောင်းသာ ရေးစရာ လက်ဝယ် ပိုင်ဆိုင်မှုအဖြစ် ကျန်ရှိတော့သည်။
လတ်တလော ကျွန်တော်၏ စိတ်အခြေအနေမှာ အပေါင်းဘက်ပြနေသည်။ ပျော်စရာ မယ်မယ်ရရမရှိပါဘဲ စိတ်ထဲတွင် ကြည်လင်သာယာနေသည်။ ထို့ကြောင့် ဤစိတ်အခြေအနေတွင် ဘာများ ရေးစရာ ရှိမည်လဲ။ မပျော်နိုင် မမော်နိုင်သူများ၊ ငုတ်တုပ်မေ့နေသူများ မြောက်မြားစွာရှိနေသည့် လောကကြီးအား ကိုယ်ပျော်နေသည့်အကြောင်း အရည်မရအဖတ်မရ ရေးသားခြင်းအားဖြင့် ကျွန်တော် မစော်ကားလိုပါ။ လောကကြီး၏ သာယာမှုအပေါင်းကို ဖွဲ့ဆိုကြသူများ များပြားလှသည့် ကမ္ဘာကြီးတွင် အယောင်ယောင်နနနှင့် အုတ်တစ်ချပ်သဲတစ်ပွင့် မဖြစ်လိုပါ။ ဤသို့သော အလုပ်များထက်စာလျှင် ပါးစပ်ပေါက် ပိတ်နေခြင်းသည် အကောင်းဆုံး ပေးဆပ်ခြင်း ဖြစ်လိမ့်မည်။ ထင်ရှားသည့် ဥပမာတစ်ခု ပေးရသော် မတတ်သာ၍ ဖြစ်နိုင်သည့်နည်းဖြင့် စစ်အစိုးရအား ရေလိုက်ငါးလိုက်ရေးသားရပါသည် ဟုသော လူလည်ပတ်ကားများ၏ လေချိုများနှင့် ချိန်ထိုးကြည့်နိုင်သည်။ အချိန်မရွေးဘက်ပြောင်းမည် (သာသည့်ဘက် တို့ဘက်) ဟု ကြိုတင်စကားခေါ်ထားခြင်းနှင့် မခြားပါ။ မတတ်သာလျှင် ပါးစပ်ပေါက် ပိတ်ပေးခြင်းအားဖြင့် ကူညီကြရုံသာ ရှိသည်။ စင်စစ် ကမ္ဘာကြီးသည် ကြည်လင်သာယာနေသည်မဟုတ်။ လူဖြစ်ပြီးမှသာ ကမ္ဘာကြီး သာယာလှပကြောင်း သင်ယူရိုက်သွင်းခံထားရခြင်းသာ ဖြစ်သည်ဟု ကျွန်တော်ထင်သည်။ ဂြိုဟ်သား ဖြစ်ခဲ့သော် ကျွန်ုပ်တို့ဂြိုဟ်ကြီး သာယာလှပကြောင်း (အလှမက်တဲ့ ဂြိုဟ်သားတွေ ဖြစ်ရင်ပေါ့လေ) သင်ယူရဦးမည်သာ ဖြစ်သည်။ ဤသို့ ကျွန်တော်၏ စိတ်အခြေအနေမှာ စာရေးရန် မဖြစ်နိုင်လောက်အောင် ပေါ့ပျက်ပျက် ဖြစ်နေသဖြင့် မိမိကိုယ်ကိုယ် ဂျက်ချထားခဲ့ခြင်း ဖြစ်ပါသည်။
သိပ်အရေးမပါလှသည့် အခြားအကြောင်းအရာတစ်ခုမှာ နေ့ဘက်အိပ်ပြီး ညဘက်ထသည့် အကျင့်မှာ အတည့်ပြန်ဖြစ်သွားခြင်းကြောင့် ဖြစ်ပါသည်။ လူသံသူသံများသည် စိတ်ကူးတို့ကို အမြဲတစေ အနှောင့်အယှက် ပေးသည်။ အာလာပသလာပ စကားများသည် ရှိစုမဲ့စု အချိန်လေးများကို တမြေ့မြေ့ တိုက်စားသည်။ တီဗီဂိမ်းကို ဘိန်းစွဲ စွဲနေခြင်းကလည်း အလုံးအရင်းဖြင့် ၀ါးမျိုသည်။ နေထွက်မှ နေ၀င်အထိ မည်သည့်စိတ်ကူးမျှ လက်စမသတ်ဘဲ ကုန်ဆုံးသွားသည်။ တိတ်ဆိတ်ငြိမ်သက်သည့် ညအချိန်တွင် တစ်ယောက်တည်း ရှိနေရခြင်းအကြောင်း ကျွန်တော် အခုမှ သဘောပေါက်သည်။ စစ်တုရင်ကစားပွဲအား ဘေးမှထိုင်ကြည့်သူ တစ်ယောက်၏ အမြင်မျိုးရရှိရန် တိတ်ဆိတ်ငြိမ်သက်မှုနှင့် တစ်ကိုယ်ရည်ဆန်မှုက ကူညီပေးနိုင်သည်။ လူလိုသွားလူလိုစားပြီး အချိန်ပြည့် လူလုပ်နေသူတစ်ယောက်အဖို့ လူတွေအကြောင်း အဝေးမှ ခွာကြည့်နိုင်ဖို့ ခက်ခဲပါသည်။ ညဘက်အိပ်ပြီး နေ့ဘက်ထသည့် ယောင်ဝါးဝါးဖြစ်စဉ်တွင် ပြန်လည်စီးမျောခြင်းအားဖြင့် ရေစီးကြောင်းအား စဉ်းစားတွေးခေါ်ခြင်းအလုပ်ကို ကျွန်တော် မေ့လျော့ခဲ့ပါပြီ။ ပြိုင်ပွဲဝင်စိတ်ဓာတ် ပေါ်လာသော အားကစားသမားတစ်ယောက်လို ကစားပွဲ၏ တရားမျှတခြင်းအပေါ် မေးခွန်းထုတ်ရန် အချိန်မရတော့ပါ။
ယခု ကျွန်တော် စာရေးနေသည်။ ကျွန်တော့်တွင် ကြီးကျယ်ခမ်းနားသည့် ရည်ရွယ်ချက်များ မရှိပါ။ ရသေ့အာပတ်ဖြေသလို မိမိကိုယ်ကိုယ် ဖြေသာရန် ထွက်ပေါက်လေးတစ်ခု ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။ စာမရေးသည့်နေ့များအတွင်း အပြစ်တစ်ခု လုပ်မိသလို ထူးဆန်းစွာ ခံစားနေရခြင်းကြောင့်လည်း ပါသည်။ စာဖတ်သူများအကျိုးအတွက် မရည်ရွယ်ကြောင်း အာမခံပါသည်။ လျှောက်ရေးဖြစ်ခဲ့သည့် စာအချို့နှင့် ပတ်သက်၍ ရိုးသားမှုမှတစ်ပါး အခြားမည်သည့်အရာမျှ ကျွန်တော့်တွင် လက်ညှိုးထိုးပြစရာ မရှိပါ။ ကျွန်တော်ရေးနေသည့် အကြောင်းမှာ စာမရေးဖြစ်သည့် နေ့များအကြောင်း ဖြစ်ပါသည်။
◄ တေဇာ ► ဖေဖော်ဝါရီ (၁၃)

ပြောချင်တယ်... ဘာပြောရမှန်းမသိဘူး...
ReplyDeleteနောက်တစ်ခေါက် ထပ်ဖတ်သွားပါတယ်။ ပျော်ရွှင်ပါစေ။
ReplyDelete