ဘာသာစကား၏ နာကျင်ကြေကွဲဖွယ် အကောင်းဆုံး စကားတစ်ခွန်းမှာ “လုံးဝ နောက်ကျသွားပါပြီ” ဟူ၏။ နောက်ကျခြင်း၌ လုံးဝဆိုသော ပမာဏတစ်ရပ်၊ သို့မဟုတ် ဟိန်းဟောက်ပြတ်သားသည့် လေသံဖြင့် အထူးပြုထားသည်။ မည်ကာမတ္တ နောက်ကျခြင်းမျိုး မဟုတ်။ ပြန်ပြင်မရအောင် နောက်ကျခြင်း၊ ရာနှုန်းပြည့်နောက်ကျခြင်း၊ နောက်တစ်ကြိမ် စောခွင့် မရှိတော့လောက်အောင် နောက်ကျခြင်းမျိုး ဖြစ်ပြီး ကွန်ပြူတာဖြင့် စာစီသော် Bold Letter ဖြင့် ရိုက်နှိပ်သင့်သော နောက်ကျခြင်းမျိုး ဖြစ်သည်။ ကျွန်တော်က လုံးဝ နောက်ကျခဲ့သူ တစ်ယောက်သာ ဖြစ်သည်။
§ § § § § § §
၂၀၁၀ တွင် လက်ထပ်တော့မည့်အကြောင်း စိတ်မကောင်းသည့် မျက်နှာလေးဖြင့် ချစ်သူက ပြောစဉ်တွင် ၂၀၁၀ ရောက်ရန် နောက်ထပ်ဆွဲဖြဲစရာ ပြက္ခဒိန်စာရွက် ခပ်ပါးပါးသာ ကျန်တော့သည်။ ဖြေနိုင်မည် ထင်ရသည့် မေးခွန်းတစ်ခုအား အမှတ်မထင် ရှာဖွေတွေ့ရှိစဉ်က စာမေးပွဲပြီးဆုံးကြောင်း အချက်ပေး ခေါင်းလောင်းသံ မကြားဝံ့မနာသာ ထမြည်ခဲ့ဖူးသည်။ “၀မ်းနည်းပါတယ်ဗျာ၊ ခင်ဗျားနောက်ကျသွားပြီ”။ လိုအပ်နေသော ရာထူးအား ခန့်ထားပြီး ဖြစ်ပါသည်။ ကျွန်မမှာချစ်သူရှိတယ် ဆိုတဲ့စကားကို ကြားရဖို့များ ခရီးဝေးကနေ (တမင်) နောက်ကျမှ ရောက်လာရတာလား။ ထိုနေ့ ညမှောင်မှောင်က မြွေတစ်ကောင်လောက် တက်နင်းမိလျှင်တောင် ဆေးရုံရောက်ဖို့ ထပ်မံနောက်ကျဖို့ ရှိသည်မှာ သေချာသည်။ အရာရာသည် လုံးဝ နောက်ကျခဲ့ပါပြီ။ ယုတ်စွအဆုံး နောက်ကျခဲ့ပြီဆိုသော ၀ါကျကိုပင် ထုတ်ဖော်ပြောဆိုရန် အချိန်နှောင်းခဲ့ပြီ ဖြစ်သည်။
ခရစ်တော်မပေါ်မီ ဘီစီ ဘာညာကွိကွက ကျွန်တော် ဘယ်ရောက်နေခဲ့သနည်း။ ဆော့ခရိတ္တိ အေသင်မြို့တွင် လူငယ်များအား ဟောပြောနေစဉ်က ကျွန်တော်ဘယ်ရောက်နေခဲ့သနည်း။ မာရီလင်မွန်ရိုး အပျိုဖော်ဝင်စက ကျွန်တော် ဘယ်ရောက်နေခဲ့သနည်း။ ကျွန်တော်မပါသော ရှည်မျောမျော လူ့သမိုင်းအား ယခုကျမှ ကျွန်တော်က အဘယ်ကြောင့် အလုပ်ကြီးတစ်ခုလို ဇာတ်ကြောင်းပြန် လေ့လာနေရသနည်း။ တည်ဆဲသမိုင်းတွင် မိမိကိုယ်ကိုယ် ရှာဖွေတွေ့ရှိခြင်းမရှိသလို အနာဂတ်သမိုင်းတွင်လည်း ပျောက်ဆုံးနေလိမ့်မည်ဟု စဉ်းစားမိသောအခါ အချိန်မပါသော နောက်ကျခြင်းတစ်မျိုးအား ကျွန်တော် ခံစားလာရသည်။ အစစအရာရာ လုံးဝ နောက်ကျနေခြင်းအား ရှာဖွေတွေ့ရှိချိန်တွင် ဘ၀၏ သုံးပုံတစ်ပုံအား အယောင်ယောင်မှားမှား ဖြတ်သန်းပြီးဖြစ်သဖြင့် အတော် နောက်ကျပြီးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လူအဖြစ်ဆင်းသက်ရန် နောက်ကျကျန်ခဲ့သော မျောက်အဖွဲ့အစည်းအတွက် (လူမဖြစ်လိုက်ရသည့် မျောက်များအတွက်) ၀မ်းသာပေးရန်သာ ကျန်တော့သည်။
ဘာသာစကား၏ ရင်နင့်ဖွယ် အသုံးအနှုန်းတစ်ခုမှာ “လုံးဝ နောက်ကျခဲ့ပြီ” ဟူ၍ ဖြစ်သည်။ ဘယ်ဘက်လက်ရှိ ဒစ်ဂျစ်တယ်နာရီကို လက်ကလေးဖြင့်အုပ်ပြီး အချိန်ဟူသော သဘောတရားအား ဖျောက်ဖျက်ထားခဲ့လျှင်သော်မှ ဤနေရာတည့်တည့်တွင် ကျွန်တော်က နောက်ကျနေသူသာ ဖြစ်သည်။ ခပ်စောစောက ပြောခဲ့သော စကားများမှာ ကျွန်တော် နောက်ကျသည့် အကြောင်းများသာ ဖြစ်ပါသည်။ အချိန်မီခြင်းနှင့် နောက်ကျခြင်းတို့သည် ဆန့်ကျင်ဘက်အရာများ မဟုတ်ကြကြောင်း ခပ်စောစောကပင် သိခဲ့သင့်သော်လည်း နောက်ကျခဲ့ပါပြီ။ မာရီလင်မွန်ရိုး စိတ်ကစားသည့်အရွယ်က မည်သည့်ဒေသတွင် ကျွန်တော် နောက်ကျနေခဲ့ပါသလဲဟု မေးခွန်းထုတ်ရန် အချိန်နှောင်းခဲ့ပါပြီ။ ချစ်သူ ရည်းစားထားနေစဉ်က မည်သည့်နေရာတွင် ကျွန်တော် နောက်ကျနေခဲ့ပါသလဲဟု မေးခွန်းထုတ်ရန် အချိန်နှောင်းခဲ့ပါပြီ။ မရောက်သေးသည့် အနာဂတ်တွင် အဘယ်ကြောင့် နောက်ကျသူတစ်ဦး ကြိုဖြစ်နေရပါသလဲဟု မေးရန်ပင် နောက်ကျခဲ့ပါပြီ။ တကယ်တော့ နောက်ကျမှရောက်လာမည့် အနာဂတ်တွင်လည်း ကျွန်တော်က လုံးဝ နောက်ကျခဲ့သူ တစ်ဦးအဖြစ်သာ ပါဝင်ရလိမ့်မည်။ သဲမှုန့်လေးများ တဖြူးဖြူး အောက်သို့ ခုန်ချနေစဉ်တွင် အရာအားလုံးသည် လုံးဝ နောက်ကျနေခဲ့ပါသည်။
◄ တေဇာ ► မတ်လ (၃) ရက်
နောက်ကျသွားလဲ နောက်ဆုံးဆိုတဲ့ အချိန်ကတော့ တယောက်နဲ့ တယောက်ကြားက ရှိသမျှ အကြိတ်အခဲတွေကို ချေဖျက်လိုက်ဖို့ အကောင်းဆုံး အချိန်တဲ့။
ReplyDeleteဒါနဲ့ ချစ်သူက ဘာလို့များ 2010 မှာမှ ရွေးပြီး လက်ထပ်ရတာပါလိမ့်။
မှတ်ရလွယ်အောင်လား မသိဘူး။ :þ
ReplyDeletesome time good to be late and waitting ! i said to myself.i always late like you...Hopefully there must be a reason...
ReplyDeleteကမ္ဘာမပျက်ခင် အမှီပျက်ချင်တယ်ထင်ပါ့
ReplyDeleteထင်မြင်ချက်ပေးခြင်းသာဖြစ်သည်
ခံစားချက်ကို ပျက်ရယ်ပြုခြင်းမဟုတ်ပါ