Skip to main content

မိုးလေ၀သ စိတ်ပညာ (၁)

ရာသီဥတု ဖောက်ပြန်ခြင်းများက ကမ္ဘာကြီး၏ မိုးလေ၀သ အခြေအနေ ပြောင်းလဲလာခြင်း အပေါ် လူထု၏ နားလည်မှု၊ သို့မဟုတ် နားလည်မှု လွှဲမှားခြင်းများကို မည်သို့ သက်ရောက်စေ ပါသနည်း။

ယမန်နှစ် သြစတြေးလျ အပူလှိုင်းနှင့် သဲမုန်တိုင်း ကာလအတွင်းက ကမ္ဘာကြီးပူနွေးလာမှုအပေါ် ထောက်ခံသူများသည် ရေရှည် မိုးလေ၀သ အပြောင်းအလဲ ဖြစ်စဉ်များနှင့် အလျင်အမြန် ချိတ်ဆက်ပုံဖော် ပြခဲ့ကြသည်။ သို့ရာတွင် အအေးလှိုင်း၊ သို့မဟုတ် နှင်းမုန်တိုင်း ကျစဉ်တွင်လည်း ဤအရာများ အားလုံးမှာ ကမ္ဘာကြီးပူနွေးလာမှု၏ အစွန်းရောက် ရာသီဥတု အခြေအနေများသာ ဖြစ်သည်ဟု မိုးလေ၀သ သိပ္ပံပညာရှင်များ ကာကွယ်ပြောဆိုနေသည့် ကြားမှ မယုံကြည်သူများဘက်က “ဘယ်မှာပူလို့လဲ” ဟု လက်ညှိုးထိုး ထောက်ပြစရာ အကွက်ရခဲ့သည်။ ဤအချက်အရ ထွက်ပေါ်လာသည့် မေးခွန်းမှာ ရာသီဥတုနှင့် ပတ်သက်သည့် ဤသို့သော အတွေ့အကြုံများသည် ကမ္ဘာကြီးပူနွေးလာမှုကိစ္စအပေါ် လူထု၏ အမြင်နှင့်၊ ၎င်းတို့ချမှတ်ကြသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် မည်သို့ သက်ရောက်သနည်း ဟူသော မေးခွန်းပင် ဖြစ်ပါသည်။

§ § § § § § §


ဤကိစ္စရပ်အပေါ် ပညာရှင် (၄) ဦးတို့မှ သက်ဆိုင်ရာရှုထောင့်မှနေ၍ ဆွေးနွေးထားရာ စိတ်ဝင်စားဖွယ် ကောင်းလိမ့်မည်ဟု မျှော်လင့်ပါသည်။

ယဉ်ကျေးမှုဆိုင်ရာ သိမှတ်ခံစားမှု (Cultural Cognition)


David Ropeik သည် Harvard Extension School မှ နည်းပြတစ်ဦး ဖြစ်ပြီး "How Risky Is It, Really?" စာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ "Why Our Fears Don't Always Match the Facts" အကြောက်တရားနှင့် အချက်အလက် အဘယ်ကြောင့် ထပ်တူမကျသနည်း၊ ဟူသည့် စာအုပ်ကိုလည်း ဤလတွင် ပုံနှိပ်ထုတ်ဝေမည် ဖြစ်သည်။ ထို့ပြင် “ကူးလူးဆက်ဆံရေး စွန့်စားမှု” (Risk Communication) ကဏ္ဍတွင် အတိုင်ပင်ခံ တစ်ဦးလည်း ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်၏ အမြင်ကို အောက်တွင်ရှုပါ။

§ § § § § § §

အုပ်စုတစ်စုသည် ရာသီဥတုက မိမိ၏အမြင်ကို အားပေးကူညီနေသော အခါတွင် ၎င်းကို အသုံးချလိုက်လေ့ ရှိသည်။ အခြား တစ်ဖက်သည်လည်း ထိုနည်းအတိုင်းပင် ဖြစ်၏။ ကမ္ဘာ့မိုးလေ၀သ ပြောင်းလဲမှုတွင် ၀ိဝါဒကွဲပြားနေခြင်းမှာ ဤသို့သော အသေးစိတ်များနှင့် မဆိုင်လှပါ။ ဤသည်တို့မှာ အမှန်တကယ် စစ်ခင်းနေကြသည့် ပိုမိုနက်ရှိုင်းသော စစ်ပွဲတွင် တပ်ဖွဲ့များ၏ ရှေ့ထွက်အသုံးတော်ခံ နေကြသော လက်နက်များသာ ဖြစ်ပါသည်။ ၎င်းမှာ ယဉ်ကျေးမှုဆိုင်ရာ သိမှတ်ခံစားမှု သီအိုရီဟု ခေါ်သည့်၊  ကျွန်တော်တို့ ထောက်ခံရပ်တည်သော နေရာအပေါ် လတ်တလော ကိစ္စရပ်အများစုနှင့် ပတ်သက်၍ အားကောင်းသည့် မသိစိတ်တစ်ပိုင်း လွှမ်းမိုးမှုသာ ဖြစ်ပါသည်။

ဤစစ်ပွဲတွင် အခြေခံ မျိုးနွယ်စု လေးစု ပါဝင်၏။ ပထမတစ်စုမှာ အထက်အောက်ဖွဲ့စည်းမှု (Hierarchy) အပေါ် ပိုမိုအလေးသာသော အစုဖြစ်သည်။ ကမ္ဘာကြီး၏ အစီအစဉ်၊ တည်ဆောက်ပုံ၊ လူတန်းစားအလွှာ တို့တွင် ကြွပ်ဆတ်မာကျောမှုနှင့် အာဏာပိုင်တို့နှင့် ရေပေါ်ဆီပညာတတ်များ ပါဝင်သည်။ ဤအစုတွင် မည်သည့်အရာမျှ ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိ။

နောက်ထပ် အစုမှာ မည်သူမဆို အရာအားလုံးအား မျှော်လင့်နိုင်သည့် အခွင့်အရေးရှိသော နှောင်ကြိုးမဲ့ လူ့အဖွဲ့အစည်းကို သဘောတွေ့သူများ ဖြစ်ကြသည်။ တတိယမျိုးနွယ်စုမှာ ပိုမို တစ်ကိုယ်ရည်တစ်ကာယ ဆန်ပြီး ကျားလိုက်မှ ထွက်ချောက်ပေးသော် ကျေနပ်ပြီ၊ ဤသို့မဟုတ်လျှင် တစ်ကိုယ်တော် အေးအေးလူလူနေမည်၊ ဟူသည့် လူစားများ ဖြစ်၏။ စတုတ္ထအစုကား အဖွဲ့အစည်း စိတ်ဓာတ်ရှိပြီး၊ လူသားအားလုံး တစ်လှေတည်းစီးများဟု သဘောထားသူများ ဖြစ်ကြသည်။ ကျွန်တော်တို့ အားလုံးမှာ ဤကမ္ဘာ့အမြင် အခင်းအကျင်း တစ်ခုခု၏ အပေါင်းအစပ်သာ ဖြစ်ကြပါသည်။

လူမှုရေးသတ္တ၀ါများ ဖြစ်သည်နှင့်အညီ မိမိမျိုးနွယ်စု အနိုင်ရရှိရန်မှာ ကျွန်တော်တို့အတွက် အရေးကြီးနေသလို အသက်ရှင်ကျန်မှု (Survival) အတွက်လည်း အရင်းအနှစ် ကျသည်။ ထို့ကြောင့်ပင် လူ့အဖွဲ့အစည်း မည်သို့ ပြုမူဆောင်ရွက်သင့်သည် ဟူသော မိမိမျိုးနွယ်စု၏ ယုံကြည်ချက်ကို ပံ့ပိုးပေးရန် ယနေ့မိုးလေ၀သ အခြေအနေများအား မွေးစားလိုက်ခြင်းပင် ဖြစ်ပါသည်။ ဤသည်က ကျွန်တော်တို့ မျိုးနွယ်စု၏ အမြင်၊ လွှမ်းမိုးမှုအား အားကောင်းစေပြီး မိမိအုပ်စုမှလည်း အမာခံရပ်တည်သူ တစ်ဦးအဖြစ် အသိအမှတ်ပြုမှုအား ရရှိခံစားနိုင်စေသည်။

ပထမအုပ်စုတွင် အကျုံးဝင်နေသူများအား စောကျောကြည့်ရာတွင်၊ တည်ဆဲ စီးပွားရေး အနေအထားတွင် သက်တောင့်သက်သာ ကူးခတ်နေသူများ ဖြစ်သည့်အလျောက် ရာသီဥတု ပြောင်းလဲခြင်းအတွက် သူတို့မှာ အပြစ်ဖို့ခံရသူများ ဖြစ်လာကြသည်။ သူတို့အတွက်မူ ရာသီဥတုပြောင်းလာခြင်းအပေါ် ယုံကြည်ခြင်းသည် သူတို့ ထောက်ပံ့နေရာ လူ့အဖွဲ့အစည်းပေါ် ခြိမ်းခြောက်ရာ ရောက်၏။ ထို့ကြောင့် ငြင်းပယ်သည့် သဘောထားအမြင်များနှင့် အံဝင်ခွင်ကျဖြစ်မည့် ရာသီဥတုအခြေအနေများ၊ အချက်အလက်များကို ရှာဖွေ တင်ပြပေလိမ့်မည်။

ထက်အောက်ဖွဲ့စည်းပုံ စနစ်ကို မနှစ်သက်သော ဒုတိယအုပ်စုဝင်များမှာ ရေပေါ်ဆီပညာတတ်အလွှာပေါ် အပြစ်ဖို့ခြင်း၊ လတ်တလော ရာသီဥတု အပြောင်းအလဲများနှင့် ခြိမ်းခြောက်မှုအား အဆိုးဝါးဆုံးအခြေအနေ ရောက်စေမည့် မိုးလေ၀သအခြေအနေများကိုသာ ရွေးချယ် ပါလိမ့်မည်။

တတိယမျိုးနွယ်စုမှ တစ်ကိုယ်တော်ဝါဒီများကမူ ရာသီဥတု အပြောင်းအလဲကို ငြင်းသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအား အသိအမှတ်ပြုခြင်းအားဖြင့် လူမှုအခြေပြု စုပေါင်းဖြေရှင်းချက်နှင့် အစိုးရ၏ စွက်ဖက်မှုကို လက်ခံလိုက်ရာ ရောက်နေခြင်းကြောင့်ပင်။ သို့ရာတွင် တစ်လှေတည်းစီးဝါဒီများ  ဖြစ်သည့် စတုတ္ထအုပ်စု အတွက်မူ ဤသည်မှာ နားဝင်ချိုလှသည့် သံစဉ်သာဖြစ်ပြီး ခြိမ်းခြောက်မှုအပေါ် ခိုင်မာသည့်ယုံကြည်ချက်အား ထောက်ပံ့ပေးမည့် လှိုင်းကြီးလေထန် မိုးလေ၀သ အချက်အလက်များကိုသာ ၎င်းတို့အနေဖြင့် ခေါင်းခေါက်ရွေး ပါလိမ့်မည်။

စိတ်နမူနာပုံစံ (A Mental Model)

Janet Swim သည် Penn State University မှ စိတ်ပညာ ပါမောက္ခ ဖြစ်သည်။ စိတ်ပညာနှင့် မိုးလေ၀သ အပြောင်းအလဲတွင် American Psychological Association task force အဖွဲ့အား ဦးဆောင်နေသူ ဖြစ်ပါသည်။

§ § § § § § §

ဆီးနှင်း အများအပြားကို ကြည့်၍ ရာသီဥတုကြီး ဖောက်ပြန်နေပါပြီဟု ဂယက်အနက် ကောက်သော အာရုံသိမှုသည် “ရို့စ်ချာ့ခ်ျ စမ်းသပ်မှု” (Rorschach test) ၏ ရလဒ်နှင့် ဆင်တူသည်။ ဤသို့ အာရုံသိမှုများမှ ကမ္ဘာ့ရာသီဥတုနှင့် ပတ်သက်၍ လူတစ်ယောက် မည်သို့ ယုံကြည်ကြောင်း သိနိုင်သည်။ အချို့က ပုံမှန်မဟုတ် နှင်းများ ထူထပ်စွာ ကျဆင်းခြင်းသည် ကမ္ဘာကြီးအေးလာခြင်းအတွက် အထောက်အထား ဖြစ်ကြောင်း ယုံကြည်ကြသည်။ ပိုမိုပူနွေးလာသည်ဆိုလျှင် မိုးရွာပေလိမ့်မည်။

အခြားလူများက ပုံမမှန် နှင်းထူခြင်းကို ပုံမှန်ထက် အပူချိန်မြင့်မားလာခြင်းဟု အဓိပ္ပာယ်ကောက်သည်။ အဘယ်ကြောင့်ဆိုသော် အပူချိန်လျော့လာသည်ဆိုလျှင် လေထဲရှိ ရေငွေ့နှင့် ဆီးနှင်းတို့အား လျော့ပါးစေလိမ့်မည် ဖြစ်ခြင်းကြောင့်ပင်။ ဤသို့ဖြင့် ဆီးနှင်းထူထပ်စွာ ကျဆင်းခြင်းကိစ္စအပေါ် ဘာသာပြန်ချက်များမှ ရာသီဥတုနှင့် ပတ်သက်သည့် စိတ်နမူနာပုံစံ နှစ်ရပ် ထွက်ပေါ်လာသည်။

ဤစိတ်နမူနာပုံစံနှစ်ရပ်အား ရာသီဥတု အပြောင်းအလဲအပေါ် ထောက်ခံခြင်း၊ သို့မဟုတ် ငြင်းဆိုခြင်း အတွက် အထောက်အထားများအဖြစ် အသုံးပြုကြကြောင်းလည်း ဖော်ထုတ်နိုင်သည်။ ၎င်းမှ ရာသီဥတု ပြောင်းလဲခြင်းအတွက် စိတ်နမူနာပုံစံများ ဖော်ထုတ်နိုင်ပါသည်။ လူတို့အနေဖြင့် ဆီးနှင်းပုံကြီးကို ကြည့်ကာ မိမိတို့၏ အိမ်နီးနားချင်းများနှင့် ရာသီဥတု ပြောင်းလဲလာမှုအကြောင်း စကားလက်ဆုံကျဖို့ လွယ်ကူချင်မှ လွယ်ကူပါလိမ့်မည်။ ၎င်းတို့၏ ရာသီဥတု အပြောင်းအလဲဆိုင်ရာ စိတ်နမူနာပုံစံမှာ ရေခဲတောင် အရည်ပျော်ခြင်း၊ အပူအအေးလွန်ကဲခြင်း စသည်တို့နှင့် ပတ်သက်၍ အခြားသူများနှင့် ထပ်တူ ကျချင်မှ ကျပါလိမ့်မည်။

လူအများအနေဖြင့် ထူးခြားထင်ရှားသည့် လတ်တလော အတွေ့အကြုံမှ ဆုံးဖြတ်ချက် ချခြင်းအတွက် လိုအပ်သည့် အချက်အလက် တွေးကွက် (Patterns of Data) များကို ပိုမိုနှစ်သက်ကြလိမ့်မည် ဖြစ်ပြီး ကမ္ဘာ့ မိုးလေ၀သ အပြောင်းအလဲနှင့် ရာသီဥတု အပြောင်းအလဲကို ပေါင်းစပ်အချိုးချကြည့်ဖို့ အားသန်ပါလိမ့်မည်။ နှစ်ရက်ခန့်မျှ နှင်းများကို လှည်းကျင်းနေရသည့်အဖြစ်ကို ရုတ်တရက် ကြုံတွေ့လိုက်ရသူတစ်ဦးအား သူ၏ ရာသီဥတု အပြောင်းအလဲဆိုင်ရာ ယုံကြည်မှုနှင့် ပတ်သက်ပြီး အထင်သေးစကားပြောရန်အတွက်တော့ ခက်ခဲပါသည်။ ထို့အပြင် ဤသို့ ရုတ်ချည်း အတွေ့အကြုံများမှ၊ သို့မဟုတ် ၎င်းတို့အား မှီ၍ မိုးလေ၀သ သိပ္ပံပညာရှင်များ ပြောသည့် ယေဘုယျ အချက်အလက်များနှင့် ပတ်သက်၍ သံသယ၊ သို့မဟုတ် မရောရာမှု ပွားရန်မှာလည်း ပို၍ပင် ခက်ခဲသည်။

စိတ်နမူနာပုံစံများအား နားလည်ခြင်းနှင့် ရာသီဥတု အပြောင်းအလဲအပေါ် အနက်ကောက်ယူမှုတွင် ၎င်းတို့၏ လွှမ်းမိုးပုံမှာ ရာသီဥတု ပြောင်းလာမှုဆိုင်ရာ သတင်းအချက်အလက် ကူးလူးဆက်သွယ်ရေး၏ ထိရောက်သော နည်းလမ်းများ ဖွဲ့ဖြိုးလာရေးကိစ္စတွင် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။

◄ ဆက်ရန် ►

Ref: The New York Time

Comments

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”