“မလုံ့တလုံ” ဟူသည့် စကားလုံးအား “မလုံ” သည့်အကြောင်း အသားပေး ဖော်ပြလိုသော အခါတွင် အများအားဖြင့် သုံးစွဲသည်။ ဆတ်ကော့လတ်ကော့ နိုင်သည့် သဘော၊ သုံးစွဲသူ၏ မနှစ်မျို့သည့် သဘောများ အနည်းနှင့်အများ ပါဝင်နေသည်။ အမျိုးသမီးများ၊ မိန်းကလေးငယ်များ စသည့် ဣတ္ထိယ ဆန်သော စကာလုံးများနှင့် ပူးတွဲ တွေ့ရလေ့ ရှိသဖြင့် ယောက်ျားများ၏ မျက်လုံးများကို တစ်မျိုးတဖုံ ငြို့ငင်ဆွဲယူ နိုင်သည်။ သို့ရာတွင် တစ်ဖက်က ပြန်ကြည့်သော် မလုံခြင်းသည် ဖုံးကွယ်ထားသည့် တစ်စုံတစ်ရာ ကျန်ရှိနေသေးကြောင်း ညွှန်းဆိုရာ ကျသည်။ “မီဂန်ဖော့က်စ်၏ မလုံ့တလုံ” ဟူသော အသုံးတွင် အနည်းဆုံး တစ်ခုခုတော့ ၀တ်စားထား သေးကြောင်း အလွယ်တကူ သိရှိနိုင်သည်။ တိုက်ရိုက်ပြောလျှင် ၀တ်လစ်စလစ် အခြေအနေသို့ မရောက်သေးသော၊ အကာအကွယ် တဖြည်းဖြည်း ပါးလျားလာသည့် အခြေအနေတစ်ရပ်ပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ “မလုံ့တလုံ” သည် ညှို့အားပြင်းသည်။ မသက်မသာနှင့်ဖြစ်စေ အလိုမကျလှသော်လည်း လက်ခံလိုက်ရသည့် အခြေအနေမျိုး ရှိသေးသည်။ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ရန် အားမသန်သေးသော ပရိသတ်၏ လိပ်ခဲတည်းလည်း အခြေအနေတစ်ရပ် ဖြစ်ပါသည်။
§ § § § § § §
“အက်ဆေး” ဟူ၍ ကိုယ့်သဘောနှင့်ကိုယ် ခေါင်းစည်းထိုးထားသော ကျွန်တော်၏ စာသားများမှာ မလုံ့တလုံ ၀တ်ထားသည့် အက်ဆေးများ ဖြစ်ပါသည်။ အကြောင်းအရာ တစ်ခုခု၏ မူရင်းအဇ္ဈတ္တအား တိုက်ရိုက် ဖော်ညွှန်းခြင်းမပြုဘဲ ပါးပါးလှပ်လှပ် အကာအကွယ်ဖြင့် ဖော်ပြခြင်းမျိုး ဖြစ်ပါသည်။ ဤသည်မှာ မူလ အကြောင်းအရာ၏ အကျည်းတန်မှုကို ဖုံးကွယ်ထားလိုသည့် စိတ်၊ တစ်နည်း စာဖတ်သူများ၏ ရှုတ်ချငြင်းဆန်မှုကို မလွယ်ပေါက်မှ ကျော်လွှားလိုသော ခေါင်းရှောင်မှုတစ်ခု ဖြစ်သည်ဆိုလျှင် ကွာကျပြီးသမျှသော အ၀တ်အစားများမှာ ကျွန်တော်၏ ရိုးသားမှုသာ ဖြစ်ပါလိမ့်မည်။ ဥပမာအားဖြင့် “ပုံဆိုးပန်းဆိုး ကလေးမ (အမှန်တရား) အား တို့ဖတ်ရိုက် စင်ပေါ်တင်ကာ မူးရစ်ရီဝေနေသော ပရိတ်သတ်များအား နတ်ကညာအလား ထင်မှတ်အောင် လှည့်စားခြင်းမျိုးနှင့် ခပ်ဆင်ဆင်တူသည်” ဟု ကျွန်တော်က ၀တ်လစ်စလစ် အရေးအသားမျိုးဖြင့် ရေးခဲ့ပါလျှင် ပရိသတ်ထဲမှ ငါမမူးသေးဘူးဟု အာလေးလျှာလေးနှင့် ဟိန်းဟောက်နေသူများက ဖိနပ်စာ ကျွေးနိုင်သည်။ တစ်ဖက်တွင်လည်း ရိုးသားခြင်း အား မစွန့်လွှတ်လို။ ဤသို့ ကလိမ်ကကျစ်ဉာဏ်နှင့် အမှန်တရား၊ ဆန့်ကျင်ဘက်နှစ်ခု ရောကြိုထားသော အရေးအသား မျိုးများသည် အကြောင်းအရာတို့၏ မူရင်းအဇ္ဈတ္တကို မလုံ့တလုံသာ လှစ်ပြနိုင်လိမ့်မည် ဖြစ်ပါသည်။
ဖွဲ့ဆိုမှုအပိုင်းတွင်လည်း စိတ္တဇဆန်သော (Abstract) ဖွဲ့ဆိုမှုနှင့် သရုပ်မှန်ကြား ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေသည်။ အော်ဝဲလ် (George Orwell) ၏ အဆိုအရသော် သူငယ်နာမကုန်သေးသည့် အရွယ်တွင် ဖြစ်တတ်သည့် “မရမ်းစေ့ရောင် စာပိုဒ်များ” (*) တစ်စိတ်တစ်ပိုင်း ပါနေသည်ဟု ဆိုနိုင်သည်။ (ဤအကြောင်းကို အော်ဝဲလ်၏ “စာရေးရသည့် အကြောင်းရင်း” တွင် ဖတ်ရှုနိုင်ပါသည်) ဥပမာအားဖြင့် သင်္ချာဆန်သော သရုပ်မှန် အရေးအသားမျိုးဖြင့် “သုံးသုံးလီ ကိုး” ဟု ရေးရခြင်းထက် “မောင်သုံးသည် အိမ်ထောင်သုံးဆက် ကျပြီးသော် သူ၏ မိသားစုဝင် အရေအတွက်မှာ ကိုးန၀င်း ကျေခဲ့လေပြီ” စသဖြင့် ပလီစိချောက်ချက်နှင့် ပေါတောတောနိုင်သော အရေးအသားများအား တစ်ခါတစ်ရံ ပိုမို အရသာ တွေ့တတ်သည်။ မရမ်းစေ့ရောင် စာပိုဒ်များဟူသည် မည်သို့နည်း။ ဆန်းကြယ်ထွေပြားစွာ ရေးဖွဲ့ပြီး မူရင်း အနက်အဓိပ္ပာယ် တစ်စုံတစ်ရာ မပါသည့်ေ၀၀ါးဝါး ဆိုလိုရင်းနှင့် စကားလုံးတို့၏ မာယာကိုသာ အဓိက ဖော်ကျူးခြင်း ဖြစ်ပါသည်။ ဤသို့ အရေးအဖွဲ့များမှာမူ အရှိတရားကို လုံးဝ ဖုံးကွယ်ထားသည့် ၀တ်စုံပြည့် ၀တ်စားထားသော ယဉ်ကျေးဖော်ရွေသည့် မိန်းမလှလေးတစ်ဦးပမာ စာဖတ်သူ၏ စိတ်အာရုံတွင် ထင်မြင်ရနိုင်ပါသည်။ သို့ရာတွင် ထိုအမျိုးသမီး၏ အ၀တ်အစားနှင့် ကာအိနြေ္ဒ ပြည့်စုံယဉ်ကျေးမှုမှ သူ၏ အစ္ဈတ္တအစစ်အမှန်အား မည်သို့မျှ အဓိပ္ပာယ် ကောက်ယူနိုင်မည် မဟုတ်ပါ။ ဆန့်ကျင်ဘက် သဘောတစ်ခုတွင်မူ စာရေးဆရာ “ကြူးနှစ်” မှာ ဘ၀၏ အနိဋ္ဌာရုံ ဆန်သော မျက်နှာစာများ အကြောင်း အော်ဂလီဆန်စရာ မထောက်မညှာ ရေးဖွဲ့လေ့ရှိသည်ဟု ကြားဖူးသဖြင့် ၎င်း၏ ၀တ်လစ်စလစ် အရေးအသားမှ အညှီအဟောက်ဆန်မှု (ညစ်ညမ်းခြင်းကို ဆိုလိုခြင်း မဟုတ်ပါ) ကို ဖြစ်ပေါ်စေခြင်း ဖြစ်လိမ့်မည်ဟု မှတ်ချက်ချမိသည်။ ဤသို့ အရေးအသားမျိုးကို စာဖတ်တဏှာကြီးသူ တစ်ယောက်အနေဖြင့် ကျွန်တော် နှစ်သက်မိပါသည်။
တကယ်တော့ အဖွဲ့အနွဲ့ နည်းနည်းဖြင့် ရိုးရိုးရှင်းရှင်း ရေးဖွဲ့ခြင်းကို စာရေးဆရာ အတော်များများ ရွံ့ကြသည်ဟု ဂျွန်စတိန်းဘတ် (John Steinbeck) ချီးမွမ်းခန်း စာတစ်ပုဒ်တွင် ဖတ်ရဖူးသည်။ အကြောင်းအရာ၊ အချက်အလက်နှင့် အတွေးအခေါ် ချွတ်ချုံကျ ခေါင်းပါးမှုအား ကာမိစေရန် အရေးအဖွဲ့အားဖြင့် ထေရန် ကြိုးစားခြင်းဟု အကြမ်းဖျင်း နားလည်မိသည်။ “နာရာယန်း” (R. K. Narayan) ကဲ့သို့ အိန္ဒိယ စာရေးစာရေးအချို့၏ စာများမှာ အင်္ဂလိပ်လူမျိုးစစ်စစ် စာရေးဆရာများ၏ စာတို့ထက်ပင် အဖွဲ့အနွဲ့ပိုင်း၌ ပိုမို လေးလေးပင်ပင် (အချို့က အဆင့်မြင့်သည်ဟု သုံးသည်) ရှိသည်မှာ အမှန်ပင် ဖြစ်သည်။ ကျွန်တော့်အတွက်သော် ယခု စာပိုဒ်မှ တိကျသည့် အချက်အလက်အချို့ကိုပင် စာဖတ်သူများက ကျွန်တော့်အား စာဖတ်နာသယောင်၊ ဗဟုသုတ ကြွယ်ဝသယောင် ထင်မှတ်လာစေရန် တစ်ဖက်လှည့်ဖြင့် ကြိုးစားလိုက်သည့် စင်ပေါ်မှ ကချေသည်၏ အရှိတရားအား မသိမသာ ဖုံးကွယ်ထားသော ပါးလှပ်လှပ် အ၀တ်အချို့နှင့် တူနေလိမ့်မည်လားဟု စိုးရိမ်မိသည်။
အမှန်တရားအား ရိုးသားမှုအပြည့်နှင့် ဖွဲ့ဆိုရန် အမှန်တရားသည် အကျည်းတန်လွန်းသည်။ အရုပ်ဆိုးပြီး အမာရွတ်များသည့် ကလေးမအား ၀တ်လစ်စလစ်ဖြင့် စင်ပေါ်တက် က ခိုင်းရန် မသင့်သလိုပင် ရှိလိမ့်မည်။ ပရိသတ်များ၏ ရီဝေမှုပမာဏ အားကောင်းလာသည့် အခြေအနေရောက်မှ တို့ဖတ်ရိုက်ကာ မလုံ့တလုံ ၀တ်ပြီး တက်ကစေခြင်းဖြင့် အများလက်ခံနိုင်သည့် အာရုံမှားမှု အချို့ကို ဖန်တီးနိုင်ပေလိမ့်မည်။ အာရုံမှားမှု လုံးဝမရှိခဲ့လျှင်သော် ပရိသတ်၏ လက်ခုပ်သံ မဆိုထားနှင့် ပရိသတ်ပင် ရှိတော့မည် မဟုတ်ပါ။ အာရုံမှားမှုသည် အကျည်းတန်ခြင်းအား ဆွတ်ပျံ့ကြည်နူးစရာ ကောင်းသယောင်ယောင် ယာယီအားဖြင့် ကူညီပေးလိမ့်မည်။ တစ်ဖက်တွင်လည်း မလုံ့တလုံသာ ၀တ်ထားသဖြင့် တစ်ချက်တစ်ချက်တွင် လှစ်ခနဲ ပေါ်သွားသော ကလေးမ၏ ခြေသလုံးမှ အကျည်းတန် အမာရွတ်တချို့အား မျက်စိလျင်သည့် ပရိသတ် တစ်ဦးတစ်လေ မြင်စေခြင်းဖြင့် ညာတာပါတေး နိုင်လှသည့် စာရေးခြင်း ဖြစ်စဉ်တွင် ရောပါနေရသော်ငြား အနည်းဆုံးအားဖြင့် ဒရွတ်တိုက် လိုက်ပါလိုခြင်း ဖြစ်ပါသည်။ “ဤသို့ ဥပမာများဖြင့် ရှုပ်ထွေးအောင် ရေးသားနေရခြင်း ကိုယ်နှိုက်သည်ပင် ပရိသတ်အမျိုးအစား အလိုက် အရှိတရားအားအပေါ် လက်ခံနိုင်မှု ချို့တဲ့ခြင်းဟူသော ယခုအက်ဆေး၏ လတ်တလော အရှိတရားတစ်ခုအား ပုံဖျက်နေရခြင်းသာ ဖြစ်ပေသည်” ဟု ကျွန်တော်က စာဖတ်သူထက် ခေါင်းတစ်လုံးမြင့်နေဟန် တိုက်ရိုက်နည်းဖြင့် ရေးသားနိုင်ခွင့်မရှိပါ။ ရိုးသားမှု၊ (ဖတ်ရှုသူ၏) နားလည် လက်ခံနိုင်စွမ်း၊ အမှန်တရား၊ အစဉ်အလာ၊ ဆွဲဆောင်ခြင်း၊ လှည့်စားခြင်း၊ ဖွဲ့နွဲ့မှု စသည့် စိတ္တဇနာမ်များ၏ ၀ိရောဓိကို အလွယ်တကူ ဖွင့်ဆိုဖို့ မဖြစ်နိုင်ပါ။ ထို့ကြောင့် ဤအက်ဆေးမှာ အကျည်းတန် ကောင်မလေးတစ်ယောက် တို့ဖတ်ရိုက်ပြီး မလုံ့တလုံဝတ်ကာ စင်ပေါ်တက်ကနေသည့် အကြောင်းဖြစ်သည်ဟုသာ ကျွန်တော် ပြောနိုင်ပါတော့သည်။
ဤအထိ ရေးခဲ့သည်များသည် ရှင်းလင်းမှု ရှိချင်မှ ရှိပါလိမ့်မည်။ “မလုံ့တလုံ” ဟူသော စကားလုံးအရ ဖုံးကွယ်ထားသော အရာ တစ်စုံတစ်ခု ကျန်ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် အလှပြင် ထားသည့် ကလေးမ၏ မျက်နှာကြောင့် မူရင်းရုပ်အား ဖမ်းမမိခြင်းလည်း ဖြစ်နိုင်သည်။ “သူ့ အက” လှမလှကိုလည်း ကျွန်တော် မပြောနိုင်ပါ။ “ကျွန်တော်၏ အရေးအသားများမှာ” ရောင်စုံ ဆလိုက်မီးများကြား သူ့ကိုယ်လုံးလေးအား ပတ်ချာလှည့် ကနေသလို နိမိတ်ပုံနှင့် အစစ်အမှန်ကြား ပြိုးပြိုးပျက်ပျက် ကူးသန်းသွားလာ နေခြင်းမျှသာ ဖြစ်ပါသည်။ ကျွန်တော်က အက်ဆေးဟု ခေါင်းစည်းတပ်ထားသော စာသားများသည် စားသောက်ဆိုင် စင်မြင့်ပေါ်တွင် ဖျော်ဖြေနေသော ရွက်ကြမ်းရည်ကျို မိန်းကလေးတစ်ဦးနှင့် တူသည်ဟုဆိုသော် ကျွန်တော့်ဆိုလိုရင်းအား “မပေါ့တပေါ်” သာ မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်ပါသည်။
◄ တေဇာ ► မတ်လ (၉) ရက်၊ ၂၀၁၀
“မရမ်းစေ့ရောင် စာပိုဒ်” (*)
a purple passage or purple prose:
a piece of writing that is written in a very emotional or complicated style
(Macmillan Dictionary)
တို့ပတ် ရိုက်ထားသော ကောင်မလေး လှသည် ဟု ကျွန်တော်က (မူးရီနေသော အာရုံအရ) ဆိုခဲ့သည် ရှိသော် တဝိုင်းတည်းမှ လူများ မည်သို့ပြောမည်နည်..။
ReplyDeleteဒီကောင်မလေး နေ့လည် တုန်းက ဈေးထဲမှာ ငါတွေ့တုန်းကများ ရုပ်ဆိုးလိုက်တာ ကျောက်ပေါက်မာတွေနဲ့ အမာရွတ်တွေချည်း ဟု ဆိုလိုက်ပြန်သော်...?...
လက်ရှိ အမှန်တဝက် အမှား တဝက် ဖြင့် တည်ရှိနေမှုများကို အကြောက်အကန် ငြင်းဆန် နေခြင်းထက် အချိန်ကာလ အပိုင်းအခြား အလိုက် သိမှတ်နားလည် နိုင်မှု အတွင်းမှ ခံစား နေနိုင်ခြင်းသည်သာ မိမိ ကိုယ်ကို(မိမိကိုယ်ကို) အကောင်းဆုံး မလုံ့တလုံ နေထိုင်ခြင်း ဖြစ်ပေလိမ့်မည်ဟု ဆိုသော်........း)
ရေးတတ်ပါတယ်ဗျာ.. မှတ်သားစရာလည်းပါတယ်။ အထူးသဖြင့် ကျွန်တော့်အတွက်။ ကျွန်တော့်မှာလည်း ဘလော့သာရေးနေတာ စာမရေးတတ်သေးဘူး။ တကယ်ပြောတာပါ ဒီ post ကို ၃ ခေါက်ထက်မနည်းဖတ်ပြီးပြီ။
ReplyDeleteကျွန်တော်က ကိုအန်ဒီရေးတဲ့ စကားပြောအရေးကို ကြိုက်နေတာ။ :D
ReplyDeleteစတုတ္ထပိုဒ်က နောက်ဆုံးစာကြောင်းကို သဘောကျတယ်။ ကိုယ်လည်း ဒါမျိုးတွေးဖူးလို့။
ReplyDeleteတခါတလေ လိုအပ်လို့ ထည့်ရေးလိုက်ပေမဲ့ ဘာမဟုတ်တာလေးကို ဖတ်တဲ့လူဘက်က များများထင်သွားနိုင်တာမျိုး ဆိုတော့... တခုခု ပြောစရာဖြစ်ရင် စာတွေ ဒီလောက်ဖတ်ပြီး ဆိုတာနဲ့ ကိုင်ပေါက်စရာ ဖြစ်လာတော့တာပဲ။ (ဖြစ်လာတာကို ပြောတာ။ ဖြစ်မှာစိုးတာ မဟုတ်ဘူး။)
ဘုရားတရားသူများထက် ပိုလုပ်တယ် ထင်ရတဲ့လူ နဲနဲမှားရင် များများပြောဖို့ စောင့်နေကြသလိုမျိုးပေါ့။
မလုံ့တလုံ လို့ထင်နေခြင်းကို ဖွင့်ချပြခြင်းကပဲ ..
ReplyDeleteရိုးရှင်းနေမှုကို ပေါ်လွင်စေပါသည်။