တကယ်တော့ လူသားတို့သည် အသွင်သဏ္ဍန်၊ အယူအဆ၊ သဘောထား၊ တန်ဖိုးထားမှုစံ စသည့် ကြီးမားသော အသေးအဖွဲ များစွာတွင် မည်သို့ ကွဲပြားနေသည် ဖြစ်စေ အပြာရောင် မိုးကောင်းကင်ကြီး အောက်၌ အတူတကွ ရှင်သန်နေထိုင် ကြသူများ ချည်းသာ ဖြစ်ပါသည်။ ကောင်းကင်ကြီး၏ ကြည်လင်သာယာမှုသည် ကျွန်တော်တို့ အားလုံးနှင့် သက်ဆိုင်သည်။ ကောင်းကင်ကြီး၏ လျှပ်စီး မိုးကြိုးများသည် ကျွန်တော်တို့ အားလုံးနှင့် သက်ဆိုင်ပြီး အတူတကွ ရင်ဆိုင်လိုစိတ် မွေးမြူသင့်ပေသည်။ တစ်မိုးအောက်ခိုနေသူ အချင်းချင်း ရိုင်းပင်းကူညီခြင်း၊ ကိုယ်ချင်းစာတရားနှင့် ချစ်ခင်လေးစားမှုတို့ . . . ။ ဤနေရာ အရောက်တွင်ပင် ပေါက်သွားသည့် ကားဘီးလို ကျွန်တော့် ၀ါကျများမှာ ပျော့ခွေပြီး ဗလပ်ဗလပ်ဖြင့် လမ်းဘေး ထိုးရပ်သွားသည်။ ကြည့်ပျော်ရှုပျော် အကြောင်းအရာများ ရေးသားခြင်းဖြင့် ပြုံးနေသော မျက်နှာသည် ယခုသော် မိမိကိုယ်ကိုယ် လှောင်ပြောင်သော သရော်ပြုံးအဖြစ်သို့ ကူးပြောင်းသွားသည်။ ကျွန်တော့်တွင် အများလက်ခံထားသော (Conventional) စာကောင်းပေမွန်တို့အား ရေးသားနိုင်သော အစွမ်း ရှိမနေပါ။ ထုံးစံအတိုင်း လျှပ်စီးလက်သလို ဖျပ်ခနဲ လက်လာသော အတွေးများက ကြည်လင်သာယာနေသော ကောင်းကင်အား အပြီးတိုင် ချေမွ ဖျက်ဆီးခဲ့ပါပြီ။ အခု ကျွန်တော် ပြုံးနေသည်။ သို့သော် သရော်ပြုံးတစ်ခုသာ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိထားမိချိန်တွင် အရင်တုန်းကလို ယခုတစ်ကြိမ်၌ အလန့်တကြား မဖြစ်မိတော့ပါ။ ကောင်းကင်၌ လျှပ်စီးများ ပြိုးပြိုးပျက်ပျက် လက်နေသည်။
§ § § § § § §
အကယ်၍ ယခုလောလောဆယ် ကျွန်တော့်အား ပုံသဏ္ဍာန်မပျက်အတိုင်း အဆုံးစွန်ထိ မြေမျိုသွားမည် ဆိုပါလျှင်၊ ကမ္ဘာမြေကြီး၏ ဗဟိုချက်မအား ကျော်လွန်၍ ဒိုးယိုပေါက် အခြားတစ်ဖက်သို့တိုင် ဖောက်ထွက်သွားမည် ဆိုပါလျှင်၊ အဆိုပါနေရာမှာ သမုဒ္ဒရာ ကြမ်းပြင် မဟုတ်ဘဲ လူသူနေထိုင်ရာ အရပ်သာ ဖြစ်သည် ဆိုပါလျှင်၊ အဆိုပါ အရပ်ရှိလူမှာ မြေကြီးထဲမှ ထိုးထိုးထောင်ထောင် ထွက်ပေါ်လာသော ကျွန်တော်၏ ခြေထောက်များကိုသာ အရင်ဦးဆုံး မြင်တွေ့ရပါလိမ့်မည်။ ထိုအချိန်တွင် ကျွန်တော့်ကိုယ်ကိုယ် မြေမျိုခံရသူလား၊ မြေကြီးတွင်းမှ ဖောက်ထွက်လာသော ပြောင်းတိပြောင်းပြန် လူသားတစ်ဦးလား ကျွန်တော် မကွဲပြားတော့။ ကျွန်တော်၏ မူလ ကောင်းကင်နှင့် အဆိုပါအရပ်ရှိကောင်းကင် တူတူပဲလား မကွဲပြားတော့။ သေချာသည်က ကောင်းကင်နှစ်ခုသည် ဆန့်ကျင်ဘက်အရပ်ဆီသို့ ဦးတည်နေခြင်း ဖြစ်သည်။ ထိုထက် လူတစ်ဦးချင်းစီ၏ ကောင်းကင်တိုင်းမှာ ခြားနားလှသည့် ဆန့်ကျင်ဘက်များသာ ဖြစ်နေသည်။ ကောင်းကင်မဟုတ်ဘဲ ကမ္ဘာ့လေထုဟု စကားကပ်မည်ဆိုလျှင်သော်မှ ဦးတည်ရာအရပ်များ ပြောင်းပြန်ဖြစ် ၊ ထွေပြားနေခြင်းအား လျစ်လျူရှုရန် မဖြစ်နိုင်တော့။ ရင်ဘောင်တန်း ရပ်နေသူနှစ်ဦး၏ ကောင်းကင်ချင်းသော်မှ အကြီးအကျယ် ခြားနားခဲ့ပြီ ဖြစ်သည်။ ဤနည်းအားဖြင့် လူနေထူထပ်ရာ ကမ္ဘာတွင် အထီးကျန်ခြင်းနှင့် ခြားနားခြင်းတရားသည် လူအချင်းချင်းကြား ရင်ကြားစေ့၍ မရလောက်အောင် စိုးမိုးမင်းမူနေခဲ့သည်။ ဤသည်မှာ ကျွန်တော်၏ ကြည်လင်သာယာနေသော ကောင်းကင်အား တစ်ဖက်သတ် ဖျက်ဆီးသွားသော လျှပ်စီးတန်းများ ဖြစ်ပါသည်။
မြေဆွဲအားဟူသော အရာသည် ငယ်ထိပ်ပေါ် မသက်ရောက်ဘဲ အဘယ်ကြောင့် ခြေဖ၀ါးပေါ်သို့သာ သီးသန့်အားဖြင့် သက်ရောက်ပါသနည်းဟု ကလန်ကဆန် မေးရန် ကြံစည်နေမိခြင်းမှာ ခြေဖ၀ါးမှ စဉ်းစားမိသောအတွေး မဟုတ်သဖြင့် မေးခွန်းထုတ်ရန် မဖြစ်နိုင်တော့ပါ။ ရှေးသရောအခါက နယူတန်ဆိုသူ၏ အရည်ရွှမ်းသော ဦးခေါင်းတစ်လုံး ပန်းသီးပင်ထက်သို့ ကြွေကျသွားသောအခါ အမွှေးစုတ်ဖွားနှင့် အကိုင်းထက် နားနေသော အိုင်းစတိုင်းဆိုသည့် ငှက်ကြီးက ထိုးဆိတ်စားသောက် ပစ်လိုက်ပြီး ထပျံသွားကြောင်း၊ စိတ်မကောင်းဖွယ်ပုံပြင်တစ်ပုဒ်အား ဖတ်ရှုခဲ့ရသည်။ ထိုငှက်ကြီး၏ လက်သည်းကြားမှ မှိုပွင့်ကြီးနှစ်ပွင့် ကမ္ဘာမြေပေါ်သို့ ကြွေကျခဲ့ကြောင်းနှင့် လူသားများသည် ယနေ့ထိ မှိုဆိပ်မပြယ်နိုင်တော့ကြောင်း၊ ဤပုံပြင်အား အဆွေးဇာတ်ဟု သတ်မှတ်ခွင့် ရှိပါသလား။ သို့မဟုတ် ခါးအောက်ပိုင်း မပါသည့် သန့်ရှင်းသော ဟာသတစ်ပုဒ်လား။ ဤပုံပြင်အား ဒဏ္ဍာရီဟု ယူဆသည်ဖြစ်စေ၊ အချက်အလက် အစစ်အမှန်ဟု ယူဆသည်ဖြစ်စေ မှန်ကန်မှုရှိပါ၏။ မှန်ကန်မှု မရှိပါဟု ပြောလျှင်သော်မှ မှန်ကန်မှု ရှိပါ၏။ စိတ်ဝမ်းကွဲခြင်းအားဖြင့်..၊ အတူတကွ တည်ရှိနေသေးကြောင်း၊ တစ်နည်း အချင်းချင်း သက်ရောက်မှု တစ်စုံတစ်ရာ တည်ရှိနေသေးကြောင်း သက်သေထူ ရန်သာ ကျန်ရှိတော့သည်။
ရေးကြီးခွင်ကျယ် မရှိလှသည့် နေ့တစ်နေ့တွင် ကျွန်တော်က ပျော့ခွေနေသည့် ၀ါကျများဖြင့် စာဖွဲ့နေသည်။ တကယ်တော့ လူသားတို့သည် အသွင်သဏ္ဍန်၊ အယူအဆ၊ သဘောထား၊ တန်ဖိုးထားမှုစံ စသည့် သေးသေးမွှားမွှား အထင်ကရ များစွာတွင် မည်သို့ပင်တူညီသည်ဖြစ်စေ ကိုယ်ပိုင်အမိုးလေး ပြိုကျလာမည့် အချိန်အား အထီးကျန်စွာ ကိုယ်စီ စောင့်ဆိုင်းနေကြသူများ ချည်းသာ ဖြစ်၏။ အကယ်၍ မိမိချစ်ခင်နှစ်သက်သူ တစ်ဦးဦးက မိမိထက်စောစွာ ကောင်းကင်ထက်သို့ ကြွေကျသွားခဲ့ပါလျှင်၊ သို့မဟုတ် မြေကြီးအောက် ပျံသန်းသွားခဲ့ပါလျှင် “ငြိမ်းချမ်းစွာ အနားယူပါ” ဟု ကိုယ်ပိုင်ဝေဒနာအား ကုစားရန်သာ သံပြိုင် လှည့်စားကြပါစို့။ အချင်းချင်း ပြန်လှန်သက်ရောက်မှုများ တိုးပွားစေပြီး ကွာဟချက်များအား တတ်နိုင်သလောက်လေး ချုံပစ်နိုင်ရန် ညီညွတ်စွာ စိတ်ဝမ်းကွဲကြပါစို့။ ကမ္ဘာပေါ်တွင် သက်ရှိလူသား သန်းပေါင်း ခြောက်ထောင်ကျော် ရှိသည်ဆိုသော်ငြား ကျွန်တော်တို့၏ အမိုးများသည် တစ်ကိုယ်စာသာ ကျယ်ပြန့်ပါ၏။
◄ တေဇာ ► မတ်လ (၁၃) ရက်
ဒီပို့စ်ဖတ်ပြီး ကျေနပ်သွားသည်။ ဘာကျေနပ်မှန်းတော့ မသိမိပါ။
ReplyDeletethumbs up!
UU@!
တမိုးအောက်...တစ်ကမ္ဘာ...။ တံလျှပ်ကို ရေထင်နေကြတာလား....။
ReplyDeleteစောင့်ဆိုင်းခြင်းက ရှည်ကြာလွန်း....။
ပြိုကျနေ/သွားသော တန်ဖိုးစံများ အောက်မှ လူတကိုယ် ရှင်သန်ခြင်း ၊ Narrative တွေ မရှိတော့ဘူး ဆိုသကိုး...။
ခြားနားခြင်းနဲ့ မတူညီခြင်းတွေကို လိုက်ညှိဖို့ ကျွန်တော်တို့ အချိန် အလုံအလောက် ရရှိထားခဲ့ ပါသလား...။
ဆုံးရှူံးခဲ့/ ဆဲ၊ ရရှိခဲ့/ ဆဲ ကျွန်တော်တို့၏ ပါးလျားလှသော ကိုယ်ပိုင်အထီးကျန်ခြင်းများကို တိတ်ဆိတ်စွာ ဖြေဖျောက်ပစ်ဖို့..........
“အရာအားလုံး ဘာမှ မဟုတ်ပါ” ဟု ပြောရန် စောလွန်းနေသေးပေသည်...။
ကောင်းတယ်ဗျာ.... သဘောကိုတော့ နာနာမပေါက်လိုက်ပါဘူး။ မနောကတော့ တော်တော်နှစ်ခြိုက်သွားတယ်...။ မျက်စိညောင်းရခြင်းအကျိုးကြောင့်... ကော်ဖီတခွက် ထပ်သောက်ပါရစေ။
ReplyDeleteဟုတ်တယ်။ ဘာတွေဘယ်လောက်ပဲ ကြီးကျယ်ခန်းနားနေနေ.. ဘာတွေဘယ်လောက်ပဲ ညစ်ထေးစုတ်ပြတ်နေနေ တကယ်တမ်းကျတော့ ကျွန်မတို့ရဲ့ အမိုးတွေက လူတစ်ကိုယ်စာအတွက်ပဲ ကျယ်ပြန့်တာ။
ReplyDeleteကျေးဇူးပါပဲ ကိုတေဇာ..။