Skip to main content

အီမန်နွယ်ကန့် (သို့) ကြယ်စုံသော ကောင်းကင်ဘုံအောက်မှလူ (၁)

(၁၇၂၄-၁၈၀၄)

`အရာနှစ်ခုသည် ကျွန်တော်၏ စိတ်အစဉ်အား ဆထက်တပိုး တိုးပွားနေသော အတွေးစဉ်နှင့် ပီတိတို့ကို ပေးစွမ်းနိုင်သည်။ ယင်းတို့တွင် အခြေစိုက်သော ရောင်ပြန်ဟပ်မှုများသည် အကြိမ်များလေလေ၊ ပမာဏ ပြင်းထန်လေလေ ဖြစ်သည်။ ၎င်းတို့မှာ ကျွန်တော်၏ အထက်မှ ကြယ်စုံသောကောင်းကင်ဘုံနှင့် ကျွန်တော်၏ အဇ္ဈတ္တအတွင်းမှ ကျင့်ဝတ်ဥပဒေတို့ ဖြစ်ပါသည်´ ဟူသော စာသားမှာ Königsberg ရှိ ကန့်၏ အုတ်ဂူပေါ်တွင် ရေးထွင်းထားခြင်း ဖြစ်ပါသည်။ ဂျာမန် တွေးခေါ်ရှင် အီမန်နွယ်ကန့် (Immanuel Kant) မှာ အနောက်တိုင်း ဒဿနိကဗေဒတွင် အရေးအကြီးဆုံးနှင့် သြဇာအလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ စနစ်များသည် ဒဿနတွေးခေါ်မှုသမိုင်းတွင် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့သည်။ ကန့်၏ အရေးအပါဆုံး စာအုပ်များမှာ Critiques အမည်ရသော ကျမ်းသုံးဆူဖြစ်သည်။  ၎င်းတို့တွင် Critique of Pure Reason, Critique of Practical Reason နှင့် Critique of Judgment တို့ ပါဝင်သည်။ ကန့်က သူ့ကိုယ်သူ ကိုပါးနိကပ်စ် (Copernicus) နှင့် နှိုင်းယှဉ်ခဲ့ပြီး၊ သူ၏ အတွေးအခေါ်များမှာ ဒဿနိကဗေဒ၏ ကိုပါးနိကပ်စ် တော်လှန်ရေးပင် ဖြစ်သည်ဟု ကြွေးကျော်ခဲ့၏။ ဤအချက်အား ချဲ့ကားရာကျသည်ဟု ဆိုနိုင်ကောင်းသော်ငြား နောက်တော်ပါ ဒဿနပညာရှင်များအပေါ် ကန့်အနေဖြင့် တခုတ်တရ လွှမ်းမိုးမှုရှိခဲ့ကြောင်းကိုမူ မငြင်းနိုင်ပေ။ ဆင်ခြင်တုံအဓိက၀ါဒနှင့် အတွေ့အကြုံအဓိက၀ါဒဟူသော ၀ိရောဓိဖြစ်နေသည့် ဒဿနနှစ်ရပ်အား သဟဇာတဖြစ်စေရန် သူက ကြိုးပမ်းခဲ့၏။ ဆင်ခြေအပေါ် အားပြုသော ဆင်ခြင်တုံဝါဒအနေဖြင့် အသိပညာ၏ သေချာမှုအား အာမခံချက်ပေးသော်လည်း ၎င်းတို့၏ လက်တွေ့အသုံးတည့်မှုကိစ္စသည် သံသယပွားစရာဖြစ်၏။ အသိပညာ၏ ရင်းမြစ်အား အတွေ့အကြုံဟု မဏ္ဍိုင်ထားသော အတွေ့အကြုံအဓိက၀ါဒသည်မူ လက်တွေ့ကိစ္စများအား ၀က်အူကြပ်ထားသည့်အတွက် သေချာမှုအား အနည်းနှင့်အများ ဆိုသလို စတေးလိုက်ရလေ့ရှိသည်။

ကန့်သည် တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်ပြီး၊ အစဦးကာလများတွင် လိုက်ဘနိဇ် (Leibniz) ၏ ဒဿနအား လေ့လာနေခဲ့သည်။ ထို့နောက်တွင် ဒေးဗစ်ဟှူမ်း (David Hume) ၏ `လူ့သိနားလည်မှုအတွင်းသို့ စူးစမ်းချက်´ (Inquiry into Human Understanding) အား ဖတ်ရှုပြီးနောက် ၎င်း၏ သံသယအမြင်သည် သူ့အား များစွာ ဂယက်ရိုက်စေခဲ့သည်။ ကန့်ကိုယ်တိုင် ဖော်ကျူးခဲ့သလို ဟှူမ်းဒဿနနှင့် ရင်ဆိုင်တိုးရခြင်းသည် သူ့အား စုံမှိတ်အိပ်နေရာမှ လှုပ်နိုးလိုက်ခြင်းပင် ဖြစ်သည်။ [1] သို့သော် ဟှူမ်းမှာ ကန့်အနေဖြင့် အခြေတင်ငြင်းခုန်စရာ ခေတ်ပြိုင်ဒဿနပညာရှင်သာ ဖြစ်ပါသည်။ ဘာသာရေး၏ အုတ်မြစ်အတွက် ဆင်ခြင်တုံတရား မလိုအပ်ဟူသော ရူးဆိုး၏ အယူအဆက ကန့်၏ ကျင့်ဝတ်ဆိုင်ရာ ဒဿနအမြင်အပေါ် ပို၍နက်ရှိုင်းသော အပြုသဘော လွှမ်းမိုးမှု ရှိခဲ့၏။ ကန့်ဒဿနနှင့် ဆက်နွယ်သော အရာများသည် ဘယ်နည်းဟူသော မေးခွန်းအတွက် အကောင်းဆုံး အနှစ်ချုပ်မှာ ကန့်ကိုယ်တိုင် ပြောခဲ့သော စကားပင် ဖြစ်ပေမည်။ `ကျွန်တော်၏ ဆင်ခြေ၊ တွေးဆမှုများနှင့် လက်တွေ့လုပ်ဆောင်ချက်များ၏ စေ့ဆော်မှုများအားလုံးမှာ အောက်ပါ မေးခွန်းသုံးရပ်ဖြင့် ဖွဲ့စည်းထားပါသည်။ ၎င်းတို့မှာ (၁) ငါ ဘာလုပ်နိုင်သလဲ။ (၂) ငါ ဘာလုပ်သင့်သလဲ။ (၃) ငါ ဘာ မျှော်လင့်နိုင်မလဲ [2] တို့ပင် ဖြစ်သည်။

အသိပညာဟူသော အရာအား မငြင်းနိုင်ဟု ကန့်က ယုံကြည်သည်။ အသိပညာအား ငြင်းပယ်မည် ဆိုလျှင် ၀ိရောဓိအဆိုသာ ဖြစ်နေလိမ့်မည်။ အကြောင်းမှာ ငြင်းပယ်ခြင်းကိုယ်တိုင်သည်ပင် အသိပညာတွင် အခြေခံထားပြီး အသိပညာတစ်ခုသာ ဖြစ်နေခြင်းကြောင့်ပင်။ ထို့ကြောင့် ကန့်အနေဖြင့် အသိပညာဟူသော အရာသည် မဖြစ်နိုင်ဟူသော အနေအထားအား လက်ခံခြင်းမရှိခဲ့။ မေးခွန်းထုတ်နိုင်ခြင်းမရှိသော ဆုံးဖြတ်မှုများအား ကျွန်တော်တို့ ပိုင်ဆိုင်ကြသည်။ ထို့ကြောင့်ပင် အဆိုပါ ဆုံးဖြတ်မှုများအား သရုပ်ခွဲသုံးသပ်ခြင်းဖြင့် ကျွန်တော်တို့ စတင်ရပေမည်။

ဆုံးဖြတ်မှုများအား နည်းအမျိုးမျိုးဖြင့် ခွဲခြမ်းသတ်မှတ်နိုင်သည်။ ကွဲပြားမှုတစ်ရပ်မှာ ၎င်းတို့၏ ဇစ်မြစ်အရ `ကနဦး´ [a priori] နှင့် `နောက်ကျ´ [posteriori] အဆိုနှစ်ရပ်၏ အကြားတွင် တည်ရှိ၏။ ကနဦးအဆိုတစ်ရပ်အား အတွေ့အကြုံနှင့် ကင်းလွတ်သော၊ တစ်နည်းအားဖြင့် မည်သည့်အတွေ့အကြုံထက်မဆို အရင်ဖြစ်ပေါ်သောအရာဟု သိရှိနိုင်ပေသည်။ နောက်ကျအဆို (သို့မဟုတ် ကြုံတွေ့အဆို) မှာ ကျွန်တော်တို့၏ အတွေ့အကြုံနှင့် အာရုံသိမှုများမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ၂ + ၂ = ၄ သည် ကနဦးအဆို တစ်ရပ်ဖြစ်ပြီး၊ `အမေရိကအား ကိုလံဘတ်စ်က ရှာဖွေတွေ့ရှိခဲ့သည်´ ဟူသော အဆိုမှာ နောက်ကျအဆိုတစ်ရပ်ဖြစ်ကာ ၎င်းကို အတွေ့အကြုံအား ဖြတ်သန်းခြင်းအားဖြင့်သာ သိရှိနိုင်ခြင်း ဖြစ်ပေသည်။

လိုက်ဘနိဇ်၏ ဒဿနတွင် ခွဲခြားရှင်းလင်းခဲ့ခြင်းမရှိသည့် အခြားသော ထူးခြားမှုတစ်ခုကိုလည်း ကန့်က လုပ်ဆောင်ခဲ့သည်။ ၎င်းမှာ `အနက်တူအဆို´ (Analytic Proposition) နှင့် `အနက်ကွဲ အဆို´ (Synthetic) ဟူ၍ ခွဲခြားခဲ့ခြင်း ဖြစ်ပါသည်။ အနက်တူအဆိုဟူသည်မှာ ၀ါစကသည် ကတ္တား၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်နေသော အဆိုဖြစ်သည်။ ဥပမာအားဖြင့် `တိန်ညင်ကြက်များအားလုံးသည် ကြက်များဖြစ်ကြသည်´။  အားလုံးသော အနက်တူအဆိုများသည် မှန်ကန်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် မှန်ကန်မှုမရှိသော် ၎င်းတို့သည် အတွင်းဝိရောဓိအဆို ဖြစ်နေမည် ဖြစ်ခြင်းကြောင့်ပင်။ [သာဓက- အားလုံးသော တိန်ညင်ကြက်များသည် ကြက်များမဟုတ်ကြ] အနက်ကွဲအဆိုဟူသည်ကား အနက်တူ မဟုတ်သောအဆို ဖြစ်၏။ ၎င်းတွင် ကတ္တားနှင့် ၀ါစကပုဒ်တို့သည် သီးခြားလွတ်လပ်စွာ တည်ရှိနေကြသည်။ ဥပမာအားဖြင့် `ကြောင်များအားလုံးသည် ကြွက်ခုတ်လေ့ရှိကြသည်´ ဟူသောအဆိုမှာ အနက်ကွဲအဆို ဖြစ်ပါသည်။

[ဤ အနက်တူ၊ အနက်ကွဲအဆိုကြား ခြားနားချက်မှာ `လိုအပ်အမှန်´(Necessary Truth) နှင့် `ဖြစ်တန်ခြေအမှန်´ (Contingent Truth) နှစ်ခုကြား ခြားနားမှုနှင့် သဏ္ဌာန်တူသည်။ လိုအပ်အမှန် ဆိုသည်မှာ ငြင်းပယ်ရန် အတွင်းဝိရောဓိဖြစ်နေသောအဆိုဖြစ်ပြီး ထို့ကြောင့်ပင် အမြဲ မှန်ကန်မှုရှိပေသည်။ ဖြစ်တန်ခြေအမှန်သည်မူ မှန်ချင်မှန်မည်၊ မှားချင်လည်းမှားမည်။ သေချာမှုမရှိပေ။ ဥပမာအားဖြင့် `ဆဋ္ဌဂံတစ်ခုတွင် ထောင့်ခြောက်ထောင့် ပါရှိသည်´ ဟူသော အဆိုသည် လိုအပ်အမှန်ဖြစ်ပြီး ၎င်းအား `ဆဋ္ဌဂံတစ်ခုတွင် ထောင့်ခြောက်ထောင့် မပါရှိ´ ဟု ငြင်းပယ်ရန် မဖြစ်နိုင်ပေ။ `ကိတ်မုန့်များသည် ၀ိုင်းသော သဏ္ဌာန်ရှိသည်´ ဟူသော အဆိုမှာ ဖြစ်တန်ခြေအမှန်သာဖြစ်ပြီး မှန်ခြင်း၊ မှားခြင်း နှစ်မျိုးလုံး ဖြစ်နိုင်နေပေသည်။

အစောပိုင်း ဒဿနပညာရှင်များအနေဖြင့် ကနဦး (a priori) နှင့် နောက်ကျ (a posteriori) အဆိုများကို အနက်တူ/အနက်ကွဲ (Analytic/synthetic) အဆိုနှင့် အဓိပ္ပာယ်အတူတူဟု သတ်မှတ်ခဲ့ကြသော်လည်း ကန့်က သဘောမတူခဲ့ပေ။ အဆိုပါ ကွဲပြားမှုနှစ်ရပ်မှာ အတိအကျ ထပ်တူမကျဘဲ ယုတ္တိဆိုင်ရာ ပေါင်းစပ်မှု လေးမျိုး ထွက်ပေါ်လာနိုင်သည်ဟု သူက ဆိုခဲ့၏။

၁)     အနက်တူ နောက်ကျ ဆုံးဖြတ်မှုအား ထည့်သွင်းစဉ်းစားရန်မလို။ အခြေခံအရ မှန်ကန်ပြီးဖြစ်သော အတွေ့အကြုံမှ ကျွန်တော်တို့ သင်ကြားစရာ မလိုတော့ခြင်းကြောင့်ဖြစ်သည်။
၂)    အနက်ကွဲ နောက်ကျ ဆုံးဖြတ်မှုသည် ကျွန်တော်တို့၏ အတွေ့အကြုံများမှ ထွက်ပေါ်လာသည်။
၃)    အနက်တူ ကနဦး ဆုံးဖြတ်မှုသည် အခြေခံအားဖြင့် မှန်ကန်ပြီး ယုတ္တိနည်းကျ အမှန်တရား ပါဝင်သည်။
၎)    အနက်ကွဲ ကနဦး ဆုံးဖြတ်မှုသည် ၎င်းပါ ကတ္တား-၀ါစက ချိတ်ဆက်မှုအား သုံးသပ်ခြင်းသက်သက်၊ ၀ိရောဓိဖော်ဆောင်ခြင်းနည်း အားဖြင့် မှန်ကန်ကြောင်း သက်သေပြနိုင်ခြင်းမရှိ။ သို့ရာတွင် ၎င်းသည် မှန်ကန်ပြီး အတွေ့အကြုံအပေါ်တွင် မှီတည်ထားခြင်းမရှိ။

အစောပိုင်း ဒဿနပညာရှင်များအနေဖြင့် အနက်ကွဲ ကနဦး ဆုံးဖြတ်မှုအား ထည့်သွင်းစဉ်းစားခြင်း မပြုသည့်အတွက် အကြပ်တွေ့ခဲ့ကြသည်ဟု ကန့်က ဆို၏။ ဟှူမ်းက သင်္ချာပညာသည် အနက်တူ ကနဦး အဆိုဖြစ်ခြင်းကြောင့် ၎င်း၏ သံသယအမြင်မှ ကင်းလွတ်သည်ဟု ယူဆသည်။ သို့သော် ကန့်က သင်္ချာဆိုင်ရာ အမှန်များမှာ အနက်ကွဲ ကနဦး များသာဖြစ်သည်ဟု ဖော်ပြသည်။ ဟှူမ်းက ကျိုးကြောင်းဆက်နွယ်မှု တရားသည် အနက်တူမဟုတ်၊ ထို့ကြောင့်ပင် ၎င်း၏ မှန်ကန်မှုအား ကျွန်တော်တို့ သေချာခြင်းမရှိဟု ဆိုသည်။ ယင်းအဆိုအား ကန့်က အနက်တူမဟုတ်သော်လည်း ယင်းတို့သည် ကနဦးများ ဖြစ်ကြသည်ဟု တုန့်ပြန်ခဲ့သည်။ ဤတွင် ကန့်အနေဖြင့် အဓိကပြဿနာနှင့် ရင်ဆိုင်ရလေသည်။

အနက်ကွဲ ကနဦး ဆုံးဖြတ်ချက်များ မည်ကဲ့သို့ ဖြစ်နိုင်သနည်း။ The Critique of Pure Reason ကျမ်းမှာ အဆိုပါမေးခွန်းအတွက် အဖြေပင်ဖြစ်သည်။

ကန့်မတိုင်ခင်က ဒဿနပညာရှင်များသည် ၀တ္ထုတို့၏ သဘာဝအား အာရုံအမျိုးမျိုးမှ လက်ခံရရှိခြင်းအားဖြင့်သာ စူးစမ်းလေ့လာခဲ့ကြသည်။ သို့ရာတွင် ကန့်က `ရှိမှု´ အစား `သိမှု´ ကို တူးဆွခဲ့သည်။ ကျွန်တော်တို့ မည်သို့မည်ပုံ သိရှိပါသလဲ။ သူက အနက်ကွဲ ကနဦး ဆုံးဖြတ်မှုအတွက် အခြေခံသည် ကျွန်တော်တို့၏ စိတ်ထဲတွင် အတွင်းသား ပုံစံအနေဖြင့်တည်ရှိပြီး၊ ယင်း၏ သဘာဝ အပြုအမူများဖြင့်ပင် ကျွန်တော်တို့၏ စဉ်းစားတွေးခေါ်မှုများ လှုပ်ရှားလည်ပတ်သည်ဟုဆိုသည်။ ယင်း ဒဿနအား ကန့်က `သဘာဝလွန်´ (Transcendental) ဟု ခေါ်ပြီး အာရုံ-အတွေ့အကြုံသဘောမှ ပိုမိုလွန်ကဲနေခြင်းကြောင့် ဖြစ်သည်။ သဘာဝလွန် ဒဿနအား ကန့်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်းဆိုသော် လူသားအသိဉာဏ်ရှိ ကနဦး အားလုံး၏ စနစ်တကျ ရှင်းလင်းဖွင့်ဆိုချက်တစ်ရပ်၊ သို့မဟုတ် `ဆင်ခြေစစ်စစ် နိယာမ´ (the principle of pure reason) ဟု ခေါ်ဆိုသည်။ ၎င်းတွင် အကြမ်းထည်အာရုံများမှ အပြီးသတ် အချောထည် အတွေးသို့ အသွင်ပြောင်းရန်အတွက် အဆင့်နှစ်ဆင့် ရှိသည်။ ပထမအဆင့်မှာ အာရုံသိမှုပုံစံများအား လက်တွေ့အသုံးချခြင်းအားဖြင့် အာရုံတို့၏ သဟဇာတဖြစ်မှု အခြေအနေ၊ နေရာနှင့် အချိန်တို့ ဖြစ်သည်။ ဒုတိယအဆင့်မှာ အာရုံသိမှုများ သဟဇာတဖြစ်ခြင်းမှ သဘောတရားဆီသို့ ကူးပြောင်းခြင်းဖြစ်သည်။ ကန့်က ပထမအဆင့်အား `သဘာဝလွန်ရသ´ (Transcendental Aesthetic)၊ ဒုတိယအဆင့်အား `သဘာဝလွန်ယုတ္တိ´ (Transcendental Logic) ဟု ခေါ်ဆိုသည်။

အတွေ့အကြုံဝါဒီများအနေဖြင့် စိတ်အား tabula rasa ခေါ် `အပြုခံဖယောင်း´ သဖွယ် ယူဆကြပြီး အာရုံတို့ကို အသုံးချခြင်းအားဖြင့် အသွင်ပြောင်းပုံပေါ်လာခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့ သတိမပြုမိသည့်အရာမှာ စိတ်သည် အာရုံများအား လက်ခံရုံသက်သက်ဖြစ်သော အပြုခံ အင်္ဂါတစ်ခု မျှမဟုတ်ဘဲ ရွေးချယ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ညွှန်ကြားခြင်း စသည့် အပြုသဘောများကိုပါ လုပ်ဆောင်ပြီး အာရုံများအား စိတ်ကူးအသွင်သို့ ပြောင်းလဲစေသည်။ စိတ်သည် အာရုံများအား လက်ခံသော်လည်း အရာဝတ္ထုများကိုမူ ခံစားသိမြင်သည်ဟူသောအချက်အား ၎င်းတို့ မေ့လျော့နေခဲ့ကြသည်။

`အာရုံခံခြင်း´ (Sensation) သည် လှုံ့ဆော်မှုကို သတိပြုမိခြင်းဖြစ်ပြီး အာရုံတစ်ခုချင်းစီသည် သီးခြားအမှီအခိုကင်းစွာ အာရုံခံရယူသည်။ အရသာအား လျှာ၊ အသံအား နား၊ အလင်းရောင်အား မျက်လုံး စသည်။ ယင်းတို့သည် အသိပညာအဖြစ်သို့ မရောက်သေး။ စိတ်သည် အရာတစ်ခု၏ အဆိုပါ အာရုံခံများအားလုံးကို နေရာနှင့် အချိန်တစ်ခုအတွင်း အုပ်စုဖွဲ့ပြီးနောက် ကျွန်တော်တို့အနေဖြင့် အရာဝတ္ထုတစ်ခုကို `သိရှိ´ လာရသည်။ ယင်းသည် `အာရုံသိမှု´ (Perception) ဖြစ်သည်။ ဤသည်မှာ အာရုံခံခြင်းမှ အသိပညာဆီသို့ ပေါင်းစပ်ဖွဲ့စည်းပြီး သဟဇာတပြုသွားသော ဖြစ်စဉ်ဖြစ်ပါသည်။

နေရာနှင့်အချိန်သည် ကျွန်တော်တို့၏ စိတ်အတွင်းထဲတွင်သာ တည်ရှိခြင်းဖြစ်ပြီး ပြင်ပကမ္ဘာတွင် တည်ရှိမနေပေ။ အာရုံသိမှုတွင် အရာဝတ္ထုကြောင့်ဖြစ်ပေါ်လာသော အစိတ်အပိုင်းတစ်ရပ်သည် အာရုံခံခြင်းဖြစ်ပြီး၊ ကျွန်တော်တို့၏ စိတ်တွင်း ကိရိယာကြောင့်ဖြစ်ပေါ်လာသော အစိတ်အပိုင်းအား အာရုံသိမှုပုံစံများ (Forms of perception) ဟု ခေါ်ဆိုသည်။ ၎င်းသည် အာရုံခံအစိတ်အပိုင်းတစ်ခု မဟုတ်သည့်အတွက် ပြင်ပကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ရပ် မဟုတ်နိုင်တော့။ နေရာနှင့် အချိန်သည် အရင်းအနှစ်ကျသော ကနဦးအတွေးထည်တစ်ရပ်ဖြစ်ပြီး အာရုံသိမှုများအားလုံးအတွက် လိုအပ်သော အခြေအနေဖြစ်သည်။ ၎င်းတို့သည် အာရုံခံနိုင်သည့် ထိုးထွင်းသိ၏ စစ်မှန်သောပုံစံများ ဖြစ်ပြီး ၎င်းတို့အတွင်းမှသာ အချိန်နှင့် နေရာအတွင်း ရှိတည်သည့်အရာအားလုံးကို ကျွန်တော်တို့ ခံစားသိမြင်ခြင်း ဖြစ်သည်။ လူတစ်ယောက်သည် အနီရောင်မျက်မှန်အား ၀တ်ဆင်ထားလျှင် သူ မြင်မြင်သမျှ အရာတိုင်းသည် နီနေပေလိမ့်မည်။ အလားတူစွာ ကျွန်တော်တို့၏ စိတ်သည် `နေရာ-အချိန်´ (Spatio-tempral) မျက်မှန်များအား မချွတ်တမ်းဝတ်ထားသည်ဟု ဆိုနိုင်ပြီး ကျွန်တော်တို့ သိမြင်ခံစားသမျှ အရာရာတိုင်းသည် နေရာနှင့် အချိန်အတွင်းထဲတွင်ပင် တည်ရှိနေရမည် ဖြစ်ပေသည်။

နေရာ (Space) အား လူသား၏ စိတ်မှ ထွက်ပေါ်လူခြင်းဖြစ်သည်ဟု လိုက်ဘနိဇ်က ဆိုခဲ့သည်။ နယူတန်က နေရာသည် ပကတိတရားဖြစ်သည်ဟု ယူဆသည်။ ကန့်က နေရာသည် အရာဝတ္ထုများနှင့် ပတ်သက်၍ ဓမ္မဒိဋ္ဌာန်ကျပြီး၊ ကျွန်တော်တို့အမြင်တွင် ပုံပေါ်လာသည့်အတိုင်းသာ ဖြစ်သည်။ အခြားတစ်ဘက်တွင် ကျွန်တော်တို့၏ အာရုံသိမှုမှ ကင်းလွတ်၍ အရာဝတ္ထုများအား `ကိုယ်တိုင်အတွင်းသား´ (Things-in-themselves) အရာများ [သူ့သဘောသူဆောင်နေသော၊ လူသားများမရှိသော ကမ္ဘာကြီးအား မြင်ကြည့်ပါ] ဟု ယူဆလျှင်သော် ပုဂ္ဂလဒိဋ္ဌာန်ကျသည်ဟု ဆို၏။

အချိန်နှင့် နေရာသည် ကနဦး [အရာအားလုံးထက်အရင်] သာဖြစ်ပြီး (လူသား၏) အားလုံးသော အာရုံသိမှုများက ၎င်းတို့အား သိမြင်ပြီး၊ ကြိုတင်ယူဆလိုက်ကြသည်။ အချိန်နှင့်နေရာတို့၏ ပြင်ပမှ အရာတစ်ခုခုအား ကျွန်တော်တို့ စဉ်းစားကြည့်နိုင်ခြင်း မရှိ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့၏ အာရုံသိမှုများမှ `အချိန်နေရာမျက်မှန်´ အား ကျွန်တော်တို့ မချွတ်နိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် အချိန်နှင့်နေရာတို့၏ ဥပဒေများဖြစ်သော သင်္ချာဥပဒေသများသည်လည်း ကနဦး များသာ ဖြစ်ပေသည်။

ကိုယ်တိုင်အတွင်းသား အရာများသည် အာရုံခံမှု၏ အကြောင်းရင်းဖြစ်သည်ဟု ကန့်က ယုံကြည်သော်လည်း ၎င်းတို့သည် သိရှိနိုင်ခြင်းမရှိဟုလည်း သူက ဆို၏။ ၎င်းတို့သည် အချိန်နှင့်နေရာ ဘောင်အတွင်း မတည်ရှိ။ အဘယ်ကြောင့်ဆိုသော် အချိန်နှင့်နေရာ ဟူသည်မှာ (လူသား၏) အာရုံသိမှု ပုံစံရပ်သာ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ဤသည်က ကျွန်တော်တို့ ခံစားသိမြင်နိုင်သည့်အရာအားလုံးတွင် သင်္ချာပညာအား အသုံးချနိုင်သော်လည်း ပြင်ပကမ္ဘာကြီးအား ကျွန်တော်တို့၏ အာရုံသိမှုများမှ လွတ်ကင်းနေသည်ဟု ယူဆလိုက်သော အခါတွင်မူ အသုံးချနိုင်မည်မဟုတ်ဟု ဆိုလိုရာရောက်သည်။

>>> ဆက်ရန်

တေဇာ (လရောင်လမ်း)

Comments

  1. အခုဖတ်ခဲ့သမျှတော့ နည်းနည်းထွေးနေသေတယ်.. ဆက်ရက်ကို မျှော်မယ်.. ဆက်ဖတ်မယ်... ပြန်တွေးမယ် ဆင်ခြင်မယ်
    ဒါမှ.....

    ReplyDelete
  2. ဒဿနပညာဟာ ကန့်အရောက်မှာ chapter အသစ်တစ်ခု ဖွင့်လှစ်လိုက်သလိုပဲ။ ကန့်ရဲ့ epistemology ဟာ လက်ဖျားခါလောက်တယ်။ သူကြွားတာလည်း သိပ်တော့ မမှားပါဘူး။ ကန့်ကို ဒေးကားတို့ ရပ်ဆဲလ်တို့နဲ့ တန်းတူထားနိုင်မည်ထင်တယ်။

    ဦးလေး ဘာသာစကား ဖလှယ်ထားတာ တော်တော်အဆင်ပြေတယ်။ ဒါပေမယ့် သူ့ရဲ့ proposition တွေ category ခွဲတဲ့အခါ အသုံးအနှုန်းတွေကို ဘာသာမပြန်ဘဲ သူ့အတိုင်းထားမယ်ဆို ပိုသင့်တော်မယ်လို့တော့ ထင်မိတယ်။ priori, posteriori ဆိုတာတွေက သူ့ရဲ့ ကိုယ်ပိုင် အသုံးအနှုန်း၊ ကိုယ်ပိုင် သတ်မှတ်ချက်တွေ ဖြစ်လေတော့ မြန်မာလို ဖလှယ်လိုက်တဲ့အခါ လည်ထွက်သွားတယ်။ ဥပမာ၊ "အနက်တူ နောက်ကျအဆို" ကို တွေ့ရင် အနက်တူဆိုတာ Analytic နောက်ကျဆိုတာ posteriori ဆိုတာ အရင်စဉ်းစားရတယ်။ ပြီးတော့ တစ်ဆင့် Analytic ဆိုတာဘာ၊ posteriori ဆိုတာဘာကို ထပ်တွေးယူနေရတယ်။ ဒီတော့ကာ စာက သိပ်မသွားတော့ဘူး။

    ဘိုစာကို အထင်ကြီးတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ပိုင် အဓိပ္ပာယ်သတ်မှတ်ချက်နဲ့ စာလုံးကျတော့ ဘာသာစကား ဖလှယ်လိုက်တဲ့အခါ အနက်က ဝေးသွားနိုင်တယ်လို့ ထင်တာပဲ။

    Good Job! =)

    ReplyDelete
  3. ဘလက်ပြောထားတာလည်း မဆိုးပါဘူး။ ဒါပေမယ့် အီးလို ဒီအတိုင်းထားတာထက် ဘလော့ပိုင်ရှင်ဦးလေးကြီးလုပ်ထားတာလေး မဆိုးဘူးထင်ပါတယ်။ (put in a footnote)လည်း တမျိုးကောင်းပါတယ်။
    technical terms ဆိုတော့ နောင်အခါ မြန်မာပြည် ပညာေ၇းပိုင်းဘက်ကို လှုပ်ရှားလာပြီဆိုရင် ဘာသာစကားပညာ၇ှင်တွေရယ် ဘာသာပြန်ဆရာတွေ စုစည်းပြီး လုပ်ဆောင်ကြမယ်လို့မျှော်လင့်ပါတယ်။ အဲဒီအချိန်ထိတော့ အရင်လုပ်ထားပြီးသား ဘလော့ကာတွေ အနေနဲ့ ကိုယ်တတ်နိုင်သလောက် ဘာသာပြန်ထားတာလေးတွေ မဆိုးဘူးထင်ပါတယ်။း)ဲ

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ