“နားလည်သူ”
ဟုတ်ကဲ့...အမိန့်ရှိပါ ဘယ်နေရာမှာ အဆင့်တစ်ဖြစ်ပြီလဲ
ချစ်ခြင်းမေတ္တာ အင်္ဂလိပ်စကားပြောလုပ်ငန်းကျွမ်းကျင်မှု (ဒေါ်လာ)
သဘောပေါက်နားလည်ရခြင်းဟာ တစ်ခါတစ်ခါ ၀မ်းနည်းစရာပဲ
အများကြိုက်ဘာသာစကားနဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ
ဘယ်လိုလဲ မိုက်တယ်မဟုတ်လား
အလုပ်အကိုင် အကျိုးတော်ဆောင် ဆံပင်ဖြောင့်ခြင်းနဲ့
ကျွန်တော်တို့ရဲ့ မပြီးဆုံးနိုင်သေးတဲ့ သင်တန်းတွေ သင်တန်းတွေ
Auto CAD ဆွဲရများ စားဖိုမှူးလုပ်ရမလား
အဲကွန်းပြင်ရကောင်းမလား
အရည်အသွေးနိမ့်ကော်ဖီမစ်တွေ ဆက်သောက်
ပျင်းပျင်းရှိ Internet ကလေးမှာ Chatting ထိုင်
လေယာဉ်ပျံမစီးနိုင်သေးသူ တက္ကစီမငှားနိုင်သူ
မွန်းကျပ်နေတဲ့ ဘတ်စ်ကားထဲ မျက်စိမှိတ်ပြီး အိပ်မက်လာသူ
တွင်းတွေထဲလျှောက်နှိုက်လဲ မြွေပဲတွေ့မယ်
ငါ့လက်ထဲ ဘယ်တုန်းကမီးခဲတွေ ရောက်လာသလဲ
ဓာတ်တိုင်အောက်မှာတော့ ပုရစ်တွေ မဲမဲလှုပ်နေ
ကိုရီးယားအချစ်ဇာတ်ကားကြည့် တရုတ်သိုင်းကားကြည့်
Shopping Centre တွေထဲ လျှောက်ကြည့်
အချင်းချင်း ပုခုံးချင်းတိုက်ကြည့်
ပိန်းဥတွေစားလို့ ပိန်းကြသလား
ငါလည်းပဲ မျောက်ဥတွေ စားမိသလား
တစ်ခါတစ်ခါ နားလည်သဘောပေါက်ရတာ ၀မ်းနည်းစရာ။
စိုးမိုးယံ

Comments
Post a Comment