ညက အိပ်မက်ထဲမှာ ဆယ်မာဟေးယက် သေးဆုံးသွား၏။ ထို ဆယ်မာဟေးယက်က ဟောလီးဝုဒ်မင်းသမီး ဆယ်မာဟေးယက်မဟုတ်။ သူ့ဘက်က ချစ်စနိုးခေါ်သော သူမနာမည်သာ ဖြစ်သည်။ ပထမ သူမကို ကလောဒီယာရှီဖာလို့ ပေးရမလား။ မီး(စ်)ဒင်မင်းဒက်(စ်)လို့ ပေးရမလား သူစဉ်းစားသေပေမယ့်၊ နောက်တော့ သူမနာမည်ကို ဆယ်မာဟေးယက်ဟု သူအမည်ပေးလိုက်သည်။ ပြီးတော့ သူမကို ချစ်စနိုး ဆယ်မာဟု ခေါ်သည်။ သူမကတော့ သူမနာမည် ခင်ခင်လေးဟု သူ့ကို ပြောဖူးပါသည်။
သူမနှင့်သူ စတွေ့တာလည်း မြို့လယ်ခေါင်က နိုက်ကလပ် တစ်ခုမှာဖြစ်သည်။ မှတ်မှတ်ရရ နယူးရီးယားနိုက်က သူမကို စတွေ့ခဲ့ခြင်းဖြစ်သည်။ နယူးရီးယားနိုက်မှာ ဘီယာမူးမူးနှင့် သူမနှင့် တွဲကခဲ့သည်။ သူနှင့်မှမဟုတ် ထိုညက သူမက ယောက်ျား အတော်များများနှင့် တွဲကခဲ့ပါသည်။ အဖြူအနက်ကွက် ဂါဝန်ကို ၀တ်ဆင်ထားသော သူမအား ယောက်ျားတစ်ယောက်လက်ကနေ နောက်တစ်ယောက်က ဆွဲခေါ်သွားသည်မှာ၊ ဘောလုံးတစ်လုံးကို တစ်ယောက်ပြီးတစ်ယောက် ၀ိုင်းကန်နေသည်နှင့်ပင် တူနေခဲ့သည်။
ထိုညက အယောင်ယောင်အမှားမှား၊ သူမကို သူက ဆယ်မာဟေးယက်ဟု ခေါ်ခဲ့သည်။ သူမကတော့ သူမနာမည် ခင်ခင်လေးပါဟုသာဆိုသည်။ သည်လိုနှင့်ပဲ နယူးရီးယားညဦးပိုင်းမှာပင်၊ သူလည်း ဆယ်မာဟေးယက်နှင့် လမ်းခွဲခဲ့သည်။
သည့်နောက်ပိုင်း သူနှင့် ဆယ်မာဟေးယက် ပန်းဆိုးတန်းမှာ ပြန်ဆုံကြသည်။ ထို့နေ့ နေကလည်း ခြစ်ခြစ်တောက်ပူနေ၏။ သစ်ပင်တွေမရှိတော့သော ပန်းဆိုးတန်းလမ်းမကြီးကို၊ နေက အရည်ပျော်ဖြစ်ရန် ကြိုးစားနေသည်။ သူလည်း စာအုပ်ဟောင်းရောင်းသည့် သူငယ်ချင်းဆိုင်မှာ၊ (sputnik) အဟောင်းတွေကို လာရှာရင်း၊ ဆယ်မာဟေးယက်နှင့် ထပ်တွေ့ခဲ့ခြင်းဖြစ်သည်။ ဆယ်မာက သူ့ကို ချင်ချင်းမှတ်မိပြီး၊ သူနှင့် စားသောက်ဆိုင်တစ်ခုကို လိုက်လာခဲ့ခြင်းဖြစ်သည်။
"အစ်ကို ပန်းဆိုးတန်းကို ဒီလိုပဲ လာတတ်သလား" ဆယ်မာက မေးသဖြင့်၊ (sputnik) တွေ လာရှာတာ" ဟု ပြောသည့်အခါ၊ "အဲဒါနောက်ဆုံးပေါ်တဲ့ ကွန်ဒွန်လား" ဟု ဆိုရင်း သူ့ကို ဟားနေ၏။
ထိုအခါမှပဲ စာအုပ်အဟောင်းဆိုင်က သူငယ်ချင်းပြောလိုက်တဲ့စကားကို သူတိရသွားသည်။
"(sputnik) အဟောင်းတွေရနိုင်မလား" ဟု သူကမေးသည့်အခါ၊ စာအုပ်အဟောင်းရောင်းသည့် သူငယ်ချင်းက " ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲတာကြာပြီ၊ မင်းက အခုမှ (sputnik) တွေ လိုက်ရှာနေတုန်းလား၊ မင်းဟာ ဘယ်တော့ဖြစ်ဖြစ် ဟောင်းနွမ်းစုပ်ပြတ်နေတာမှ ရှာတဲ့အကောင်" ဟု သူ့ကိုပြော၏။
သည်သူငယ်ချင်းက အီကိုနှင့်ဘွဲ့ရပြီး စာအုပ်အဟောင်းရောင်းသည့် အလုပ်တစ်ခုသာ လုပ်တတ်သော သူငယ်ချင်းဖြစ်သည်။ သူလည်း ဒီကောင့်ထိပ်ကို လက်သီးနှင့်ထုပြီး ပြန်လှည့်ထွက်အလာ ဆယ်မာဟေးယက်နှင့် တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုနေ့မှာပဲ ဆယ်မာဟေးယက် ပါးပေါ်က မှဲ့လေးတစ်လုံးကို ဒုတိယအကြိမ်သူပြန်တွေ့ခဲ့ပြီး ဆယ်မာဟေးယက်ကို သူကြွေခဲ့သည်။ (နောက်တော့ ဆယ်မာဟေးယက် ဘယ်ဘက်ပေါင်မှာ သည့်ထက်ကြီးသည့် မှဲ့ကြီးတစ်လုံး ရှိသေးသည်ကို သူသိသွားခဲ့ပါသည်။)
ထိုအချိန်မှစပြီး ဆယ်မာနှင့်တွေ့ချင်စိတ်တွေ ခဏခဏဖြစ်ပေါ်လာသည်။ တခါတရံ ဆယ်မာရှိသည့်ဆိုင်ကို သူသွားသည့်အခါ၊ သူ့ထက်ရုပ်ဖြောင့်သော ငနဲတစ်ကောင်က ဆယ်မာနှင့် တွဲနေပြန်သည်။ ထိုအခါမျိုးမှာ သူကလည်း ဆယ်မာ့ကို မသိချင်ယောင်ဆောင်နေပြီး ဆယ်မာကလည်း သူ့ကို မသိချင်ယောင်ဆောင်နေခဲ့သည်။ နောက်တော့လည်း ထိုလူဟာ ရုပ်ရှင်မင်းသားပေါက်စတစ်ယောက်ဖြစ်ပြီး၊ ဆယ်မာ့ကို ၀ယ်ဖို့ ကြိုးစားနေသူဖြစ်ကြောင်း သူသိသွားခဲ့သည်။ ထိုလူ့မှာ ဇနီးနှစ်ယောက်ရှိမှန်းကိုလည်း ဆယ်မာ့သိသည်ဟု ဆိုပါသည်။
ဒါပေမဲ့ ဆယ်မာက ထိုလူ့ကို အပြီးအပိုင်မရောင်းခဲ့ပါ။ ဘာကြောင့်လဲဆိုတော့ ထိုလူက ငွေရေးကြေးရေး လက်ခက်သောကြောင့်ဟု ဆိုပါသည်။
နောက်ပိုင်းတော့ သူလည်း ဆယ်မာဟေးယက်နှင့် ဝေးခဲ့ပါသည်။ နောက်ဆုံးတွေ့သည့်နေ့က ဆယ်မာ သူနှင့် လိုက်မည်လုပ်ပြီးမှ အခြားတစ်ယောက်နှင့် လိုက်သွားခဲ့သဖြင့် သူ ဒေါသဖြစ်ပြီး ကျန်ရစ်ခဲ့သည်။
နောက်နေ့ ဆယ်မာ့ဆိုင်ကို သူဖုန်းဆက်သည်။ ဆယ်မာဆိုင်ကို မလာဘူးဟု ဖုန်းကိုင်သူ ပြောသည့်အခါ၊ "ဘာဖြစ်လို့လဲ၊ သေသွားပလား" ဟု ဖုန်းထဲမှ သူ အောက်ပြစ်လိုက်သည်။ တစ်ဘက်ကလည်း၊
"သေရင်ကောင်းတာပေါ့၊ သေသွားရင် အကောင်းဆုံးပဲ" ဟု သူ့ကို ပြန်အော်သည်။ သူလည်း ဖုန်းကို ခွပ်ကနဲ ချပြစ်လိုက်သည်။ ပြီးမှ ထိုအသံဟာ ဆယ်မာ့အသံဖြစ်ကြောင်း သူ တိရသွားပေမယ့် ထိုနေရာက၊ ချာကနဲ သူလှည့်ထွက်လာခဲ့ပါသည်။ ထိုနေ့မှစပြီး ဆယ်မာ့ဆိုင်ဘက်ကို သူ ခြေဦးမလှည့်ဖြစ်တော့ပါ။ ဒါပေမယ့် နယူးရီးယားနိုက် ဆယ်မာနှင့် တွေ့ခဲ့စဉ်က ဖွင့်ခဲ့သော (Tonight) သီချင်းကို ကြားသည့်အခါတိုင်း ဆယ်မာ့ကို သူသတိရနေမိ၏။
တခါတခါ ပန်းဆိုးတန်းမှာ နိုင်ငံခြားသားတွေနှင့် ဆယ်မာ့ကို တွေ့သည်။ တခါတခါ အသက်ကြီးကြီး အဘိုးကြီးတစ်ယောက် ကားပေါ်မှာ ဆယ်မာ့ကိုတွေ့သည်။ တခါတခါ သူ့ကို အပိုင်ဝယ်ချင်သည့် ရုပ်ရှင်မင်းသားပေါက်စနှင့် ဆယ်မာ့ကို တွေ့ပြန်သည်။ ဆယ်မာ့ကို ထိုသို့ ခဏခဏတွေ့ရသည့်အခါတိုင်း၊
"ကျွန်မတို့က သိပ်ဆင်းရဲခဲ့တယ်၊ အဖေက ဆင်းရဲတဲ့ရောဂါနဲ့ သေတယ်။ ကျွန်မလေ မသေခင် အမေ့အတွက် မာစီဒီးတစ်စီးနဲ့ တိုက်တစ်လုံး ဆောက်ပေးခဲ့ချင်တယ်" ဆိုသည့် ဆယ်မာ့စကားကို သူကြားနေမိပြန်၏။
ညကတော့ မဂ္ဂဇင်းတစ်စောင်ထဲမှာ အတ္တကြီးသည့် လူတစ်ယောက်အကြောင်းကို ဖတ်ပြီး သူအိပ်ပျော်သွားခဲ့သည်။ သည်လူ ဘယ်လောက်အတ္တကြီးသလဲဆိုရင် အတ္တက သူ့ကိုယ်နှင့်မဆန့်တော့လို့ သူကိုယ်ကထွက်ပြီး အပြင်မှာ နေရသည်ဟု ဆို၏။
"နောင်သက္ကရာဇ် နှစ်ထောင်မှာဆိုရင် လူတွေက တစ်ကိုယ်ထဲမဟုတ်ဘဲ နှစ်ကိုယ် ဖြစ်လာတော့မယ်ကွ၊ တစ်ကိုယ်က ဒီကောင်၊ တစ်ကိုယ်က ဒီကောင်ရဲ့ အတ္တ၊ ဒီဘယ်ရာစုမှာ လူတွေရဲ့အတ္တက သေးတယ်၊ သက္ကရာဇ်နှစ်ထောင်မှာတော့ လူတွေ့ရဲ့အတ္တက တဖြည်းဖြည်း ကြီးလာပြီ။ အတ္တကအားကြီးလာတဲ့ခါ၊ လူ့ကိုယ်မှာနေမရတော့ဘဲ အပြင်ကို ထွက်လာတော့မယ်။ အဲဒီအခါ အတ္တခိုင်းရာကိုပဲ လူတွေက လုပ်ရတော့မယ်။ အခု ငါဟာ ပထမဆုံး မင်းကိုယ်က စ ထွက်လာတဲ့ အတ္တပဲ"
ထိုလူရဲ့ အတ္တက ထိုလူကို ပြောသည်ဟု ဆို၏။ သည်လိုနှင့်ပဲ အိပ်ပျော်သွားလိုက်တာ၊ အိပ်မက်ထဲမှာ ဆယ်မာဟေးယက် သေဆုံးသည်နှင့် ဆုံခဲ့သည်။
ဟုတ်သည်။ အိပ်မက်ထဲမှာ ဆယ်မာဟေးယက် အေအိုင်ဒီအက်(စ်)နှင့် ဆုံး၏။ သူမဆုံးတော့ သူမအသုဘကို သူအပါအ၀င် သူမကို ၀ိုင်းကန်ခဲ့ကြသော ဘောလုံးသမားများ အားလုံးပါ လိုက်ပို့ကြသည်။
သည်လူတွေရဲ့ မျက်နှာဟာ ဆယ်မာဟေးယက်သေဆုံးသည်ကို ၀မ်းနည်းသည်ထက်၊ သူတို့ကိုယ်မှာ အိပ်ခ်ျအိုင်ဗွီပိုးတွေထားခဲ့သည့် ဆယ်မာဟေးယက်ကို ထိတ်လန့်တုန်လှုပ်စွာ လိုက်လံနှုတ်ဆက်နေကြသည်နှင့် တူနေ၏။ အခေါင်းကိုဖွင့်တော့ ဆယ်မာဟေးယက်က သူတို့အားလုံးကို အောင်နိုင်သည့် အပြုံးနှင့် ပြုံးပြနေသည်။
အပြန်မှာတော့ သူကော ထိုလူတွေပါ ၀မ်းနည်းခြင်းအထိမ်းအမှတ်ဖြင့်၊ (၃၈) လမ်းက မန္တလေးဘီယာစင်တာမှာ ဘီယာဝင်သောက်ကြသည်။ သည်ထဲမှာ ဆယ်မာ့ကို အပြီးအပိုင်ဝယ်ချင်သော ရုပ်ရှင်မင်းသားပေါက်စက ဇွန်းခက်ရင်းတစ်စုံနှင့် လွှတစ်ချောင်းကိုတောင်းသည်။
ပြီးတော့ သူ့ဦးခေါင်းခွံကို လွှနှင့်ဖြတ်ပြီး ဦးနှောက်တွေကို ဘီယာနှင့်မြည်းပြစ်နေသည်။ ဘေးကလူတွေက "ဟေ့လူ ဦးနှောက်တွေကုန်ရင် ခင်ဗျား ဘာလုပ်စားလို့ရတော့မှာလဲ၊ နည်းနည်း ချန်ထားဦး" ဟု ပြောသည့်အခါ၊
"ကျုပ် ဦးနှောက်မသုံးဘဲလုပ်ခဲ့တာ ကြာပြီဗျ။ လူတစ်ယောက်မှာ ဦးနှောက်ဟာ အပိုဖြစ်နေခဲ့ရင် ဒီဦးနှောက်ကို ၀န်ထုပ်ဝန်ပိုးအဖြစ်ထားဖို့ မလိုတော့ဘူး၊ ဦးခေါင်းတစ်လုံးဟာ၊ ဦးနှောက်တွေနဲ့ ၀န်ပိမနေသင့်ဘူး၊ ခင်ဗျားတို့လည်း ဘာထူးလို့လဲ၊ ဆယ်မာဟေးယက်နဲ့ ပတ်သက်လာရင် ဘယ်သူမှ ဦးနှောက်သုံးတဲ့လူတွေ မဟုတ်ဘူး" ဟု ဒီလူက ဆို၏။
ပြီးတော့မှ "ကျုပ်မေ့နေတယ်၊ ကျုပ် အလုပ်လုပ်တိုင်း ငွေကိုပဲသုံးခဲ့တော့၊ ဦးနှောက်နဲ့ နှလုံးသားကို သုံးဖို့တောင် မေ့နေတာကြာပြီ၊ ဒီတော့ ဦးနှောက်အပြင် နှလုံးသားကိုပါ ဘီယာနဲ့ မြည်းလို့ရပြီ" ဟု ဆိုကာ သူ့နှလုံးသားကို ဆွဲထုတ်ပြီး ဘီယာနှင့် မြည်းနေပြန်သည်။
ကျန်လူတွေကလည်း မင်းသား၏စကားကို လက်ခံသွားပြီး၊ သူတို့ ဦးခေါင်းခွံတွေကို လွှနှင့်ဖြတ်၊ ဦးနှောက်တွေကို ဘီယာနှင့်မြည်းကြသည်။ ကြာတော့ ခေါင်းထဲမှာ ဦးနှောက်တွေ ကုန်သွားသည်။ ဘီယာတွေလည်း တစ်ခွက်ပြီးတစ်ခွက် ခုံပေါ်မှာ ပုံနေသည်။ နောက်ဆုံး ပိုက်ဆံရှင်းဖို့ လုပ်သည့်အခါ တချို့လူတွေက သူတို့ပိုက်ဆံတွေကို ဦးခေါင်းခွံထဲ ထည့်ပြီး ဖွက်ထားကြပြန်သည်။ နောက်ကျတော့မှ သူ့ဘက်ကို လှည့်လာပြီး၊
"ဟေ့လူ ခင်ဗျားမှာ ဦးနှောက်ကော နှလုံးသားပါရှိနေတော့ ကျတဲ့ဘီယာဖိုးတွေကို ခင်ဗျားရှင်း၊ ဒီလိုမှ မရှင်းချင်ရင် ခင်ဗျားခေါင်းကို လွှနဲ့တိုက်" ဟု သူ့ကိုပြောနေသည်။
သူလည်း သူ့ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်သည့်အခါ၊ သူ့ပိုက်ဆံအိတ်ထဲမှာ ငါးရာတန်တစ်ရွက်သာ ကျန်တော့သည်။ ဒီငါးရာတန်က နောက်ထပ်စာမူခတစ်ခု မရမချင်း၊ ဒါမှမဟုတ် အိမ်ကပိုက်ဆံလှမ်းမပို့မချင်း သုံးဖို့ ချန်ထားသောပိုက်ဆံဖြစ်သဖြင့် ထုတ်ပေးရမှာ ၀န်လေးနေ၏။
သည်အချိန်မှာပဲ သည်လူတွေရဲ့ ကိုယ်တွေထဲက အတ္တကောင်တွေထွက်လာပြီး သူ့ကို ၀ိုင်းချုပ်လိုက်ကြသည်။ ပြီးတော့ သူ့ဦးခေါင်းခွံကို လွှနှင့်ဝိုင်းတိုက်ပြီး ဦးနှောက်တွေကို ကော်ထုတ်ပြစ်လိုက်သည်။
"ဟေ့လူတွေ ကျုပ်စာရေးဆရာဗျ။ ဒါနဲ့ပဲ ကျုပ်လုပ်စားနေတာ၊ အဲ့ဒါတွေမလုပ်ပါနဲ့" ဟု သူအော်နေချိန်မှာပဲ၊ ဦးနှောက်တွေလည်း အကုန်လုံး ကော်ထုတ်ပြီးဖြစ်နေခဲ့သည်။ သူလည်း အော်ရင်းဟစ်ရင်း အိပ်ယာက လန့်နိုးသွားခဲ့သည်။
အိပ်ယာကနိုးတော့ အခန်းတစ်ခုလုံးကို နေရောင်တွေက ၀ါးမျိုစားသောက်နေ၏။ ခေါင်းတွေထိုးကိုက်နေသဖြင့် သူ့ခေါင်းကို ခေါက်ကြည့်သည့်အခါ၊ သူ့ခေါင်းဟာ ဗူးသီးခြောက် တစ်လုံးလို အခွံချည်းသက်သက်ဖြစ်လျှက်ရှိနေသည်။ ထိပ်လန့်တုန်လှုပ်စွာ ခြင်ထောင်ထဲက အပြင်ထွက်လိုက်ချိန်၊ သူ့ စာဖတ်ကုလားထိုင်မှာ သူနှင့် ချွတ်စွပ်တူသော လူတစ်ယောက်ကို တွေ့လိုက်ရပြန်သည်။ ထိုလူက အောက်ပါအတိုင်း ပြောလိုက်သည့်အခါမှာတော့၊ သူ့ကိုယ်လည်း အရုပ်ကြိုးပြတ် ကုတင်ပေါ်သို့ ပြန်လဲကျသွားတော့သည်။
"စောင့်လိုက်ရတာဗျာ၊ ခင်ဗျားကို စကားပြောဖို့ ခင်ဗျားကိုယ်ထဲက ကျုပ်ထွက်လာတာ သုံးနာရီတောင်ကြာပြီ၊ ကျုပ်လည်း ခင်ဗျားကိုယ်နဲ့မဆန့်လို့ ခင်ဗျားကိုယ်ထဲမှာ မနေနိုင်တော့လို့ပါ၊ ခင်ဗျားပဲ ကျုပ်ကို ကြီးအောင် မွေးခဲ့တာမဟုတ်လား၊ အခုတော့…."
ထိုအချိန်မှစပြီး ကမ္ဘာပေါ်ရှိ လူတိုင်းမှာ အိပ်ယာထတိုင်း၊ အတ္တကိုယ်ပွားတွေ မွေးလာကြသည်ဟု ဆို၏။
မောင်ကျော်သာ (ပဲခူး)
(၁၉၉၇ ခုနှစ်၊ ဇွန်လ၊ ရနံ့သစ်မဂ္ဂဇင်းမှ တေဇာ မနေနိုင်မထိုင်နိုင်ကောက်နှုတ်တင်ပြပါသည်။)

Comments
Post a Comment