Skip to main content

ကိုငှက်ကြီးရဲ့ မဇ္ဈိမတေးသွား၊ တစ်နေ့တစ်လံပုဂံဘယ်မရောက်နှင့် ယုတ္တိဗေဒဖြင့် လူပျိုလှည့်ခြင်းအတွေးစများ

အောက်ပါသရော်စာများ၏ မူရင်းရေးသားသူမှာ တရုတ်စာရေးဆရာ ၀မ်မင်း (Wang Meng) ဖြစ်ပြီး၊ ဆရာမောင်ဒေးက ဘာသာပြန်ထားကာ၊ တေဇာမှ… လူတတ်လုပ် ရှင်းပြထားခြင်းဖြစ်ပါသည်။
အောက်ပါအရေးအသားများမှာ လူ့သဘောလူ့သဘာဝ သရော်ထားသော အရေးအသားများဖြစ်ပါသည်။ ကလေးတစ်ယောက်အနေဖြင့် ပုံပြင်လေးတစ်ပုဒ်ပမာ ဖတ်မည်ဆိုလျှင်လည်း ဖတ်လို့ကောင်းပါသည်။ စကားလုံးများ၏နောက်ကွယ်မှ မူရင်းဆိုလိုချက်ကို ကျွန်တော် ကြိုးစားဖမ်းဆုပ်ကြည့်ပါတယ်။ သို့သော် အခြေအနေ (Environment) ကလည်း ရှိသေးတယ်ခင်ဗျ။ အင်တာနက်ဖိုးပေး၍ စာရိုက်နေရသောကြောင့် စိတ်မဖြောင့်ပါသဖြင့် ကျွန်တော်ရှင်းလင်းထားသည်များ ကိုးရိုးကားယားဖြစ်နေလျှင် ခွင့်လွှတ်ကြပါဗျာ။


နဂါးဂူထဲက လီတစ်ထောင်မြင်း
လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျေးလက်ဒေသတစ်ခုက နွားတင်းကုပ်တစ်ခုမှာ လီတစ်ထောင်ပြေးနှုန်းရှိတဲ့ မြင်းတစ်ကောင်ကို သွားသွားလာလာ ကျွန်တော် ရင်းနှီးခွင့်ရရှိခဲ့တယ်။ (တစ်လီ ပမာဏဟာ သုံးပိုင်းတစ်ပိုင်းမိုင်နဲ့ ညီမျှပါတယ်။ အစာရေစာပြတ်လပ်မှုနဲ့ အအေးဒဏ်တို့ကြောင့် မြင်းဟာ ခြေကုန်လက်ပမ်းကျ၊ တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်၊ ခေါင်းငိုက်စိုက်ပြီး မြုံတုံတုံပေါ့။ ပြေးရင်လည်း နွားလောက်ပဲ ပြေးနိုင်တယ်။ မြည်းတွေ၊ လားတွေကတောင် အဲဒီမြင်းကို သူတို့ထဲရောနှောလာရင် မကြိုက်ချင်ကြဘူး။ ထယ်ထိုးခိုင်းပြန်တော့လည်း နွားတစ်ကောင်လောက် ခံနိုင်ရည်မရှိ။ ဒါကြောင့် နွားတင်းကုပ်မှာထားတယ်ဆိုပေမယ့် နွားတွေကြားမှာ အပယ်ခံပဲ။

သိပ်မကြာခင်မှာပဲ မြင်းအကြောင်းနားလည်သူအချို့ဟာ လီတစ်ထောင်မြင်းကို တွေ့သွားကြတယ်။ သူတို့က မြင်းကို ဂျုံနှစ်ကော်စာကျွေးလိုက်တာ မြင်းကြီးဟာ ချက်ချင်းပဲ ကဆုန်ပေါက်ထပြေးတယ်။ သူ့ခွန်အားကို နွားတွေ၊ မြည်းတွေ၊ လားတွေနဲ့ ၀က်တွေတောင် အံ့သြကြရတယ်။ သိပ်မကြာပါဘူး။ မြင်းပြိုင်ပွဲမှာ လီတစ်ထောင်မြင်းက ပထမနေရာက ပန်းဝင်တယ်။ သူ့အတွက် အထူးနဂါးဂူလုပ်ပေးရတယ်။ တစ်ရက်တည်းနဲ့ လီတစ်ထောင်ပြည့်အောင် ပြေးနိုင်တဲ့မြင်းဆိုရင် ကောင်းကင်ဘုံက နှင်ထုတ်ခံရတဲ့ နဂါးဖြစ်တယ်ဆိုတာကို လူတိုင်းသိတယ်လေ။ ဂျုံနဲ့မြက်အစား လီတစ်ထောင်မြင်းကြီးက အလေးမသူတွေစားတဲ့ အာဟာရကို စားတယ်။ ဆန်ကောင်းကောင်းကိုစားတယ်။ ငါးအသည်းအဆီကို စားတယ်။ ပြီးတော့ ကယ်စီယမ်ပါတဲ့ အာဟာရတွေဘာတွေတောင် စားသေး။ နွေရာသီတိုင်းသူ့ကို ဘီယာအပြည့်ထားတဲ့ အ၀ီစိတွင်းကနေ ခပ်တိုက်ရပြီး ဆောင်းမှာတော့ "မောင်းတိုင်း" နဲ့ "စပါးငါးခက်အရက်" ကို သောက်တယ်။ သူ့ရဲ့ နဂါးဂူထဲကို သာမန်မြင်းတစ်ကောင် မှားပြီးရောက်မသွားလိုက်နဲ့ တစ်ချက်အကန်ခံရပြီး အပြင်ပြန်ထွက်လာရမယ်မှတ်။ ဒီလိုနဲ့ မြင်းကြီးက ၀ပြီးလေးလံလာတယ်။ ကဆုန်ပေါက်မပြေးနိုင်တော့သလို သူဟီရင်လဲ အသံက ကွဲကွဲကြီး။ သူ့ကိုမြင်တဲ့အခါ မြင်းသားရောင်းတဲ့ဆိုင်ကို ကျွန်တော် သတိရမိတယ်။

(ရှင်းလင်းချက်)
ဒီပုံပြင်မှာကျတော့ စာရေးသူဟာ ကျွန်တော်တို့ဗုဒ္ဓဘုရားရဲ့ မဇ္ဈိမပတိပဒါလမ်းစဉ်ကို ဟောတယ်လို့မြင်မိပါတယ်။ သူက အစွန်းတရားနှစ်ပါးကို သတိထားမိအောင် ဖော်ကျူးထားပါတယ်။ အနှိမ်ခံ မြင်းပိန်လေးဘ၀ကနေ အသုံးမကျတဲ့ မြင်းကျိုင်းတုတ်ကြီး ဘ၀သို့ရောက်သွားတဲ့ အစွန်းနှစ်ပါးကို မြင်အောင်ဖွဲ့ထားတာပါ။ အောက်ခြေလွတ်တတ်တဲ့ လူတွေရဲ့သဘောကို သူလှောင်ချင်တာလားလည်း မဆိုနိုင်ပါဘူး။ ဒါမှမဟုတ် ဆင်းရဲနုံချာလှတဲ့ ကဗျာဆရာတစ်ယောက်ဟာ လူ့အဖွဲ့အစည်းကို မုန်းတီးနာကြည်းစိတ်နဲ့ဖွဲ့ဆိုခဲ့တဲ့ အနှစ်သာရပြည့်ဝလှသောကဗျာများကို ဖွဲ့ဆိုနိုင်ခဲ့သော်လည်း လူချမ်းသာတစ်ယောက်ဖြစ်သွားတဲ့အခါ သူ့ကဗျာတွေဟာ နိမ့်ကျပျက်စီးသွားခြင်းလိုမျိုး သဘောတရားတစ်ခုလား…ကျွန်တော်စဉ်းစားမိပါတယ်…။ ဒီပုံပြင်ဖတ်ရင်း ကိုငှက်ကြီး (ထူးအိမ်သင်) ရဲ့ "မဇ္ဈိမတေးသွား" သီချင်းကို ကျွန်တော် သတိရလိုက်မိပါတယ်။
"မြေပြင်ပေါ်မှာ မြေပြင်ပေါ်မှာ မြင့်မြတ်လှတဲ့ မဇ္ဈိမလေ…
လူတွေကို လူတွေကို လမ်းလမ်းလမ်းအမြဲပြနေ…."


ကြက်ဥပြုတ်များနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ

ကျွန်တော့်အဖေက စာများများဖတ်တဲ့ စွယ်စုံ ပါရမီရှင်ကြီးတစ်ယောက်ပါပဲ။ သိသမျှကိုလည်း မငြီးမညူ သင်ကြားပေးလေ့ရှိတယ်။ ကျွန်တော့်ကို ပါရမီရှင်တစ်ယောက်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်ပေါင်းများစွာကြာအောင် လက်သပ်မွေးကာ သင်ကြားပေးခဲ့ပါတယ်။
ကျွန်တော့်ကို စာပေသင်တယ်။ သူအကြိုက်ဆုံးစာအုပ်က `တန်မင်းဆက်ကာလရဲ့ ကဗျာသုံးရာ´ ပါပဲ။ အဲဒီကဗျာတွေကို ဒေါက်ကနဲ ဒေါက်ကနဲ အလွတ်ရွတ်ပြနိုင်တဲ့အထိ သူကျွန်တော့်ကို ညှင်းပမ်းသင်ကြားပေးပါတယ်။ အခြားစာအုပ်သစ် တစ်အုပ်တစ်လေကို ကျွန်တော် စမ်းဖတ်ကြည့်တဲ့အခါတိုင်းမှာလည်း သူ ဒေါသပုန်ထတတ်တယ်။ ပြီးရင် အာဘောင်အာရင်းသန်သန်နဲ့ မိန့်ခွန်းရှည်ကြီး ဟောတော့တာပါပဲ။ `တန်ကဗျာသုံးရာကို မင်း ကျွမ်းကျင်နေပြီများ မှတ်နေလား။ အဲဒီကဗျာတွေရဲ့ ဆန်းကြယ်မှုတွေ၊ ကာရံတွေ၊ ဆန့်ကျင်ဘက်စကားလုံး တွဲဆက်မှုတွေ၊ စကားလုံးရွေးချယ်မှုတွေ၊ စိတ်ကူးအံဝင်ခွင်ကျ ဖြစ်မတွေ၊ ကဗျာနိမိတ်ပုံတွေ၊ အတွေးနယ်ခွင်တွေ၊ အဓိပ္ပာယ်တွေရဲ့ အရိပ်လွှမ်းမိုးမှုတွေ အိုး.. အများကြီး…အများကြီး…. အဲဒါတွေကို ညီညွတ်အောင် မင်း ပေါင်းစပ်နိုင်ပြီလား..။ အသုံးချနိုင်ပြီလား။ မင်းရဲ့ ကဗျာတွေဟာ လီဘိုင်း၊ တုဖူး၊ မင်ဟောင်းရန်၊ ၀မ်ဝေ၊ လီရှန်ကျင်းနဲ့ တုမုတို့ရဲ့ကဗျာတွေထက်များ ကောင်းနေလို့လား။ မင်းရဲ့ ကဗျာစွမ်းရည်က အဲဒီ ကဗျာသူတော်စင်တွေ၊ ကဗျာစုန်းတွေထက် သာလွန်နေပြီလား။ တန်ကဗျာဟာ ခေတ်နောက်ကျသွားပြီလို့များ မင်းထင်နေသလား´။
သူက ကျွန်တော့်ကို သီချင်းလည်း သင်ပေးတယ်။ သူ့အကြိုက်ဆုံးသီချင်းက `သိုးကျောင်းနေတဲ့ ဆုဝု´ ဆိုတဲ့ သီချင်း။ အခြားသီချင်းတစ်ပုဒ်တစ်လေကို ကျွန်တော် ကျက်ပြီဆိုတာနဲ့ ဒေါသတစ်ကြီးမေးခွန်းထုတ်တာ ခံရတော့တာပါပဲ။ `သိုးကျောင်းနေတဲ့ ဆုဝု´ ကို မင်းကောင်းကောင်းဆိုတတ်ပြီဆိုတဲ့ သဘောလား။ ဒါဆို ပညာရှင်တစ်ယောက်လို မင်းဆိုနိုင်ပြီလား။ အဲဒီသီချင်းတွေအတွက် အမှတ် (၁၁၀) လောက် မင်းရနိုင်မယ်ပေါ့လေ။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကိုလည်း ကျွန်တော့်ကို သင်ပေးခဲ့သဗျ။ ရေဒီယိုကလာတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအစီအစဉ် နံပါတ် (၁) ဆိုပါတော့။ အခြားနံပါတ်စဉ်တွေကို ကျွန်တော် လေ့လာချင်တယ်လို့ပြောမိတိုင်း အဖေက သိပ်ဆွဲဆောင်မှုရှိပြီး ယုတ္တိကျတဲ့ မေးခွန်းတွေ မေးတော့တာပါပဲ။ `ပထမဆုံး လေ့ကျင့်ခန်းတွေကို မင်း သေသေချာချာ လုံလုံလောက်လောက် လေ့ကျင့်ပြီးပြီလား။ မင်း ဒီထက်ပိုတိုးတက်အောင်၊ ပုံစံကျအောင် လုပ်စရာမလိုတော့ဘူးလား။ မင်းလို ဂျပုလေးအတွက် ဒီနံပါတ် (၁) လေ့ကျင့်ခန်းတွေက အကောင်းဆုံးမဟုတ်ဘူးလား။ ကဲ.. ပြော..။
အဖေက ကျွန်တော့်ကို ကြက်ဥပြုတ်တွေ ကျွေးပါတယ်။ ကြက်ဥကြော်တို့၊ ကြက်ဥပြုတ်တို့ရော ပြောင်းစားလို့မရဘူးလားလို့ ကျွန်တော်က မေးမိတာပေါ့။ ဒါဆို သူ ကျွန်တော့်ကိုအော်ပြီး.. `အော်… ကြက်ဥပြုတ်ကို မင်းစားစရာ မလိုတော့ဘူးပေါ့။ ကြက်ဥပြုတ်က ကယ်လိုရီ၊ ပရိုတိန်း၊ ဗိုက်တာမင်အေနဲ့ စီတို့ ပေးတယ်ကွ။ ကြက်ဥကို စွန့်လွှတ်မယ်လို့ မင်း ဘယ်တော့မှ မပြောနဲ့……´
အဖေက သိပ်အပြောကောင်းတာပဲ။ အခုဆို ကျွန်တော်ဟာ စာအုပ်ဆိုရင် `တန်မင်းဆက်ကာလ ကဗျာသုံးရာ´ ကိုပဲ ဖတ်တယ်။ သီချင်းဆိုရင် `သိုးကျောင်းနေတဲ့ ဆုဝု´ကိုပဲ ဆိုတယ်။ နံပါတ် (၁) ကိုယ်လက်လှုပ်ရှား အစီအစဉ်ကိုပဲ လုပ်ဆောင်သလို အစားအစာ တစ်မျိုးတည်းကိုပဲ စားတယ်။ ကြက်ဥပြုတ် ဆိုပါတော့။

(ရှင်းလင်းချက်)
ကြက်ဥပြုတ်များပုံပြင်တွင် လူတစ်ယောက်၏ မိမိကိုယ်ကို ပိတ်ဆို့ထားတတ်သော အတားအဆီးတစ်ခုကို လှစ်ပြထားသည်ဟု မြင်ပါသည်။ ကျွန်တော်တို့ စွယ်စုံပါရမီရှင် အဖေတစ်ယောက်ပြောပြတဲ့ ကဗျာတွေ၊ သီချင်းတွေ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေအကြောင်းဖတ်ရှုရင်း သူ့အယူအဆဟာ ဟုတ်သယောင်ယောင်တောင် ထင်လိုက်မိနိုင်ပါတယ်။ ဟုတ်တာပဲ သူကအပြောကောင်းတာကိုး။ နောက်ဆုံး ကျွန်တော်တို့ကို ကြက်ဥပြုတ်ပဲ ကျွေးတဲ့အခါကျတော့မှသာ မကျေမနပ်ဖြစ်မိပါလိမ့်မည်။
ပုံပြင်၏ဆိုလိုရင်းမှာ Step-by-Step စနစ်၏ မိမိ၏တက်လမ်းကို ပိတ်ဆို့ထားနိုင်မှုကို ပြထားခြင်းပါ။ တစ်နေ့တစ်လံပုဂံဘယ်ရွေ့မလဲဆိုသော စကားတစ်ခွန်းရှိပါသည်။ ကျွန်တော့်အနေဖြင့် တစ်နေ့တစ်လံပုဂံဘက်ရောက်မလဲဟု ပြင်ချင်ပါသည်။ ပုဂံသို့သွားချင်သော လူတစ်ယောက်နေဖြင့် တစ်နေ့တစ်လံသာလှမ်းမည်ဆိုလျှင် သူ့အသက်အပိုင်းအခြားအတွင်း ပုဂံသို့ရောက်နိုင်လမ့်မည်မဟုတ်ပါ။ တစ်ခါတစ်ရံတွင် ကျွန်တော်တို့သည် ရှေ့ဆက်ရန်စိုးရွံ့သောအခါမျိုးတွင် ထိုသို့သောအယူအဆများဖြင့် မိမိကိုယ်ကိုယ် ကျားကန်လေ့ရှိတတ်ကြပါသည်။ ရှေ့ဆက်ရန်ကြောက်ရွံ့သောအခါ စိတ်ဖြေသာရန်အတွက် လက်ရှိအခြေအနေကိုသာ ပိုကောင်းအောင်လုပ်ရန်ဟူ၍ လှလှပပဆင်ခြေလေးတွေပေးပြီး မိမိကိုယ်ကိုယ် ညာလေ့ရှိတတ်ကြပါသည်။ ယခုကဲ့သို့ အမြန်ခေတ်တွင် ထိုအယူအဆမှာ ကျွန်တော်တို့ကို ဒုက္ခပေးကောင်းပေးလာနိုင်ပါကြောင်း သတိပြုမိကြဖို့ပါ။


ကျုပ်လည်း မင်းလိုပဲ
တစ်ညနေမှာ နိုက်တင်ဂေးငှက်တစ်ကောင်က တေးသီနေတယ်။ မြွေတစ်ကောင်က ငှက်ကြားအောင် အက်ဆေးတစ်ပုဒ်ကို တမင်အော်ဖတ်နေတယ်။ အက်ဆေးက မြွေဟာလည်း နိုက်တင်ဂေးနဲ့မျိုးရိုးတူကြောင်း ရေးထားတာ။ ဒီအက်ဆေးအလိုရ မြွေဥတွေကို တစ်ချိန်က နိုက်တင်ဂေးဥတွေနဲ့ ရောစီထားသတဲ့။ ဒီတော့ သူတို့က မျိုးရိုးဇာတိတူတာ သေချာတယ်ပေါ့။ ဒါ့အပြင် ဒီဥတွေမပေါက်ခင် အလင်းနဲ့အပူပေးတဲ့ နေမင်းကြီးကလည်း အတူတူပဲလေ။ ဒါကြောင့် သူတို့ဟာ တူညီတဲ့မျိုးရိုးတစ်ခုရဲ့ အဖွဲ့ဝင်တွေပါပဲ။ တတိယအချက်က သူတို့နှစ်ယောက်စလုံး ညဆို တေးဆိုတယ်။ မြွေရဲ့ယူဆချက်အရဆိုရင် သူတို့သီဆိုတဲ့ သီချင်းက တော်တော်ကို ဆင်တူတယ်။
စတုတ္ထအချက်။ သူတို့နှစ်ယောက်စလုံး ပန်းဥယာဉ်ထဲမှာ ကျင်လည်ရတာကို ကြိုက်တယ်။ ပဉ္စမအချက်အနေနဲ့ သူတို့နှစ်ယောက် စလုံးဟာ နှင်းနဲ့ဆောင်းအေးတာကို မနှစ်သက်ဘူး။ ဆဌမအချက်က သူတို့နှစ်ယောက်စလုံး နှင်းဆီတွေကို သဘောကျတယ်။ သူတို့ရဲ့ စိတ်ဝင်စားမှု တူတယ်ဆိုတဲ့ သဘောပဲ။ ပြီးတော့ သတ္တမအချက်…..
နိုက်တင်ဂေးက စိတ်အနှောင့်အယှက်ဖြစ်ပြီး ပြောတယ်။ ခင်ဗျားရဲ့အက်ဆေးမှာ အလွန်ခိုင်လုံတဲ့ သံမဏိအထောက်အထားပေါင်း သောင်းခြောက်ထောင်ရှိနေပါစေဦး၊ ခင်ဗျားဟာ မြွေမဟုတ်ဘဲ နိုက်တင်ဂေးဖြစ်ပါတယ်လို့တော့ ကျုပ် မပြောနိုင်ပေါင်။
အဲဒီနောက် မြွေက သူဟာ မြွေမဟုတ်ကြောင်း ရေးသားသက်သေပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ထုတ်ပြန်တယ်။ သူဟာ အခြားမြွေတွေနဲ့ အမျိုးမတူဘူးဆိုပဲ။ သူ့ရဲ့ ပထမဆုံးအထောက်အထားက သူ့အရောင်ပဲ။ သူ့အရောင်ဟာ အခြားမြွေအရောင်နဲ့ မတူပါဘူးတဲ့။ ဒုတိယအချက်အနေနဲ့ သူ့အရွယ်အစားဟာ တခြားမြွေတွေနဲ့ ကွာခြားသတဲ့။ တတိယအချက်က သူ့ခန္ဒာတည်ဆောက်ပုံဟာ တခြားမြွေတွေလို မဟုတ်ပါတဲ့။ စတုတ္ထအချက်က သူ့ရဲ့ စွဲလမ်းမှုဟာ တခြားမြွေတွေနဲ့ မတူကြောင်း …
နိုက်တင်ဂေးခမျာ မြွေဖတ်ပြတာနားထောင်ရင်း နှင်းဆီဖူးပေါ် အိပ်ပျော်သွားတယ်။ ဒီအခါ မြွေက ပါးစပ်ဟပြီး နိုက်တင်ဂေးအနား ကပ်သွားတယ်။
(ရှင်းလင်းချက်)
ဒီပုံပြင်ကတော့ စိတ်ပညာသဘောတရားတစ်ခုလိုပါပဲ…။ "မြွေဟာ မြွေမဟုတ်ကြောင်း ရေးသားသက်သေပြထားတဲ့ ဆောင်းပါတစ်ပုဒ်" ဆိုရာမှာ မဟုတ်မမှန်တာကို သက်သေသက္ကာယနဲ့ ယုတ္တိကျကျ လိမ်ညာဖျားယောင်းနိုင်တဲ့ စိတ်ပညာသဘောတရား တစ်ခုကိုတွေ့ရပါတယ်။ (အင်္ဂလိပ်အခေါ် ကျွန်တော်မေ့နေပါတယ်) ဒီသဘောတရားကို နိုင်ငံရေးသမားများ စင်မြင့်ထက်မှာ ပြည်သူတွေကိုမဲဆွယ်ရာမှာ သုံးတတ်လေ့ရှိပါတယ်။ ဆိုလိုရင်းတစ်ခုကို မြောက်များစွာသော ဆင်ခြေ (Reason) တွေနဲ့ ဒေါက်တိုင်ပြုတဲ့နည်းပါ။ သူဘာတွေလျှောက်ပြောနေပါစေ နောက်ဆုံးတော့ သူသာ ပြိုင်ဘက်ထက် ပိုတော်ပါတယ်၊ သူသာ သမ္မတရာထူးနဲ့ သင့်တော်ပါတယ်လို့ ဆိုလိုနေခြင်းသာ ဖြစ်ပါတယ်။ ဆင်ခြေတစ်ခုတည်းအနေဖြင့် မခိုင်လုံသော်လည်း ဆင်ခြေတွေအများကြီးစုပေါင်းလိုက်တဲ့ အခါ နားထောင်သူရဲ့ ဆင်ခြင်တုံတရားကို ကိုင်လှုပ်လိုက်နိုင်သလိုပါပဲ…။ နောက်ဆုံးမှာတော့ ခင်ဗျားဟာ မြွေမဟုတ်ဘဲ နိုက်တင်ဂေးပါလို့ ကျုပ် မပြောနိုင်ပေါင်လို့ ဆိုတဲ့ နှိုက်တင်ဂေးလေးလည်း မယုံကြည်ပေမယ့် အိပ်ပျော်သွားမိရှာပါတယ်.။

(မှတ်ချက်။ ဤနည်းကို လူပျိုလှည့်ရာတွင်အသုံးချကြည့်လျှင် အောင်မြင်နိုင်သလား ကျွန်တော် မစမ်းသပ်ကြည့်ဖူးပါ။ စမ်းသပ်ကြည့်လိုသူ သူငယ်ချင်းများ အောင်မြင်သွားခဲ့လျှင် ကျွန်တော့်ကိုလည်း လက်တို့ပါခင်ဗျား… ဟဲဟဲ)

Comments

  1. စိတ်ပညာဆိုတာထက် ဒသနိကဗေသတွေ များသလားလို့..
    ဖတ်ရတာ လည်မလိုလို မလည်မလိုလိုနဲ့..
    ဒါပေမယ့် စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”