Skip to main content

ကျောက်ခေတ်သို့အပြန်

အသက်က ကြီးလာတော့ ကျုပ်က အလင်းရောင် သိပ်မကြိုက်ဘူး။ ဒါကြောင့်ပဲ များသောအားဖြင့် နေ့လယ်ခင်းမှာ နှပ်နေတတ်တ်ယ။ ငုယ်တုန်းကတော့ ဟုတ်သပေါ့။ လင်းတာမှောင်တာ သိပ်အရေးမကြီးဘူး ပြောချင်ပြောနိုင်ပေတဲ့ ကျုပ်တို့ရဲ့ အဘောသဘာဝကိုက အလင်းမှမကြိုက်ပဲကိုး။ ခုလို အသက်အရွယ်လေး ရလာတော့ ပိုဆိုးလာတာပေါ့။ အမှောင်ရိပ်ကလေးခိုပြီး လုပ်စရာရှိတာကလေးတွေ လုပ်ရတယ်။ မှောင်ရိပ်ခိုလုပ်ရတယ်ဆိုတော့လည်း အများက မသိကြဘူးပေါ့။ ပိုဆိုးလာတာဖြစ်ခုကတော့ ငယ်ငယ်တုန်းကလို သတ္တိမရှိတော့တာပဲ။ ငယ်တော့ ရဲသပေါ့ဗျာ။ ကြီးလာတော့ ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်လို့ ဆိုကြတာမျိုးပဲ။ ဘာလုပ်လုပ်ဉာဏ်ဆောင်ရတယ်။

ခုကြည့် ဟိုကောင်တွေ လာပြောလို့ သိရတယ်။ ဟိုဖက်နားဆီကညိုကြီးဆိုတဲ့အကောင် ချောသွားပြီတဲ့။

ကျုပ်တို့နဲ့ယှဉ်ရင်တော့ ညိုကြီးက ငယ်သပေါ့။ ကျုပ် ခုနကပြောသလိုပဲ ငယ်တော့ရဲတယ်။ မြောက်ကြွမြောက်ကြွနဲ့ရယ်။ ဟိုအကောင်ကလေးတွေကလဲ ဒင်းများဆို တယ်သဘောကျတာပဲ။ တချို့ကိစ္စများဆို တယ်ရဲတာကလား။ အကြောက်တရားကို မရှိဘူး။ ကြုံတုန်း ကျုပ်ကတော့ ဆုံးမသင့်တာကလေး ဆုံးမဖူးပါတယ်။ သို့ပေတဲ့ ငယ်ဂုဏ်က ရှိသမို့လား။ ကျုပ်ကိုတော့ မလှန်ရဲလို့ ပြန်မပက်ပေတဲ့ ကျုပ်ပြောတာကို သိပ်မလေးမထားဘူးဆိုတာတော့ ကျုပ်ရိပ်မိတယ်။ ခုတင်ပဲ ဟိုကောင်ကလေးတွေရောက်လာတယ်။ ကျုပ်က အသာနှပ်နေတုန်း သင်းတို့ရောက်လာပြီး အန်ကယ် ဟတ်။ ဟိုကောင်ကြီးတော့ ချောသွားပြီတဲ့လို့ ပြောတယ်။ ဘယ်ကောင်မှန်းမသိလို့ ဒင်းတို့ကို သေချာအောင်မေးရသေးတယ်။ ညိုကြီးလေ အန်ကယ် ဟတ်။ အန်ကယ်ပြောပြောနေတဲ့ ခပ်ထောင်ထောင်အကောင်ဟာလေလို့ပြောတော့ ဒင်းပဲဆိုတာ သေချာသွားတယ်။ ဘယ်လိုက ဘယ်လိုဖြစ်တာတုန်း။ ဟိုနေ့ကတင် ငါတွေ့လိုက်သေးတာပဲလို့ပြောတော့ ဟိုကောင်တွေထဲက တစ်ကောင်က ရှင်းပြတယ်။ ဟိုဖက်အိမ်ကိုကူးသွားရင်း မသင့်တာစားမိလို့တဲ့။ အစားမတော်တစ်လုတ်ဆိုတာပဲပေါ့ဗျာ။ ဟိုဖက်အိမ်ဆိုတာက ဆရာဝန်လင်မယားအိမ်။ ဆရာဝန်လင်မယားတင်တော့ မဟုတ်ဘူး။ ဆရာဝန်ရဲ့ညီ ကောလိပ်ကျောင်းက ပါမောက္ခဆိုတာလည်း ပါနေတယ်။ သင်းကတော့ လူပျိုကြီး။ ကျုပ်လည်း အကြောင်းသင့်လို့ အဲဒီဖက်ဆီရောက်တဲ့အခါ သူ့စာအုပ်တွေ လျှောက်ကြည့်ရသေးတယ်။ အသက်ကြောင့်လား မသိဘူး။ ကျုပ်က စာအုပ်တွေကို ကြိုက်တယ်။ စာအုပ်နံ့က သင်းတယ်လို့ထင်တယ်။ ဟိုကောင်တွေကတော့ ကျုပ်လိုမဟုတ်ဘူး။ အန်ကယ်ကြီးရာ။ စာအုပ်ဆိုတာက မစားရ မသောက်ရနဲ့လို့ ပြောတတ်ကြတယ်။ ဒါတော့ ဒါပေါ့ဗျာ။ စာအုပ်ဆိုတာက ထမင်းဟင်းမှ မဟုတ်ဘဲ။ ဗိုက်အတွက် အစာမဟုတ်ဘူး။ ဦးနှောက်အတွက် အစာသက်သက်ကိုး။ ဘယ်မှာ ဗိုက်ပြည့်မှာတုန်း။

ဒင်းက ကောလိပ်ကျောင်းက ကျောင်းဆရာဆိုတော့လည်း စာအတော်ဖတ်ပုံရတယ်။ ကျုပ်ကတော့ သူ့လို စာဖတ်နိုင်လို့တော့ မဟုတ်လှဘူး။ စာအုပ်ဆို ကြိုက်ကိုကြိုက်တာ။ ၀ါးကို စားချင်တာ။ အင်္ဂလိပ်လိုတတ်တဲ့ ငနဲတွေ ပြောသလိုဆိုရင် ဖေဂါရေးတစ်ဘလီး ပြောတယ်ဆိုတာမျိုးမဟုတ်ဘူး။ လစ်ထရီလီဆိုတာမျိုးပေါ့ဗျာ။ ခင်ဗျားနားမလည်တာတော့ ကျုပ်လဲ မတတ်နိုင်ဘူး။ ဘီဇနက်တို့ အိုင်ဒီယာတို့လို သုံးနေတာတောင်ဖြစ်သေးရင်၊ ကျုပ် ခုလိုညှပ်ပြောပြောတာ ဘာဖြစ်တုံး။ မော်ဒယ်လေးတွေက ဖန်စီကလေး ကြိုက်တယ်လို့ပြောတော့၊ ဘယ်သူကမှ မကွန့်မပလိမ့်ဘူး။ ကျုပ်ပြောချင်တာတောင် ဘယ်ရောက်သွားမှန်း မသိဘူး။ အော် ဟိုဖက်အိမ်ကလူတွေအကြောင်း။ အဲဒီ ကောလိပ်ကျောင်းက ကျောင်းဆရာဆိုတာက စာဖတ်ပြီးတောတွေးတောင်တွေး တွေးနေပုံရတယ်။ သူက သဘာဝတရားကြီးနဲ့ လိုက်လျော်ညီထွေရှိဖို့ လိုတယ်ဆိုတာမျိုး။ သဘာဝပတ်ဝန်းကျင်ကြီးကို ထိန်းကျောင်းဖို့လိုတယ်ဆိုတာမျိုးတွေ အတော်ပြောတာ ကျုပ်ကြားရဖူးတယ်။ ကမ္ဘာကြီးဟာ အတော်ကို ပူနွေးလာပြီတဲ့။ အရင်ကလို မဟုတ်တော့ဘူးတဲ့။ ဂရင်းဟောက်(စ်)အဖက်ဆိုလား ဘာလားပဲ။ ဒီတော့ မီးခိုးတွေ၊ အခိုးအငွေ့တွေထွက်တာကို ထိန်းကျောင်းရမယ်တဲ့။ မထိန်းကျောင်းနိုင်ရင် ပိုပြီးပူလာလို့ မြောက်ဝင်ရိုးစွန်းတို့ တောင်ဝင်ရိုးစွန်းတို့ဆီက ရေခဲတွေတောင် အရည်ပျော်လာမယ်ဆိုပဲ။ ကျုပ်ကတော့ ပြောလိုက်ချင်တာရှိတယ်။ မင်းတို့နဲ့ မြောက်ဝင်ရိုးစွန်းက နီးနီးလေးမို့လား။ တစ်ခေါ်လိုက်ရှိတာမို့လားလို့ မေးချင်တာ။ ခက်နေတာက ကျုပ်ပြောလည်း သူက နားလည်မှာမဟုတ်ဘူး။ မြောက်ဝင်ရိုးစွန်းကရေခဲတွေ အရည်ပျော်လာလို့ကတော့ဖြင့်၊ ကျုပ်အလိုသာဆိုရင်တော့ ဂိုဘီသဲကန္တာရဆီ ပိုက်နဲ့သွယ်ပြီး သစ်ပင်လေးဘာလေး စိုက်ခိုင်းမှာပဲ။ ဘယ်လောက် အဆင်ပြေလိုက်တုန်း။ ခုတော့ သူ့မှာက ပူစရာမရှိ ပူနေရှာတယ်။ မပူလိုရင် ယောင်းမရှာဆိုတာမျိုးမှ သိပုံမပေါ်ဘူး။ မီသန်းဓာတ်ငွေ့တို့၊ ဘာတို့ဆိုတာက နွားများယိုတဲ့ အီအီးထဲကလည်း ထွက်တာလို့ ကျုပ်ကြားဖူးတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ ဒီလိုဆိုရင်ဖြင့် နွားများ စအိုဝကို ဖော့ဆို့နဲ့ ဆို့ထားကြရုံပေါ့။ မဟုတ်ပေဘူးလား။ နောက်ကို လူတွေ အီးပေါက်တာလည်း အိုဇုန်းအလွှာကို ထိခိုက်တယ်လို့ ပြောလာကြရင်တော့ လေပုတ်ထုတ်ဆေးရောင်းတဲ့သူတွေ ထမင်းငတ်ကရောပဲ။

ကောလိပ်ကျောင်းဆရာကတော့ သူ့အစ်ကိုလင်မယားနဲ့ဆို မကြာခဏ ငြင်းခုန်ကြတာတွေ ကျုပ်တို့ ကြားနေရတယ်။ အထူးသဖြင့် မရီးက သူ့တွေးပုံခေါ်ပုံကို သိပ်ကြိုက်ပုံမပေါ်ဘူး။ ဟိုကလည်း ဆရာဝန်မပဲ။ ခေတ်ပညာတတ်ကိုး။ မင်းက ဒီလောက် သဘာဝတရားကြီးကို လိုလားနေမှ တောထဲတောင်ထဲသွားနေပါလား။ သရိုးတို့လို ဝေါလ်ဒင်အိုင်ရှာပြီး တောထဲတောင်ထဲမှာ သွားနေပါလား။ မဟုတ်ရင်လည်း ယိတ်(စ်) ရေးသလို…

ခုပဲထသွားမယ်၊ အင်နစ်ဖရီးကို ငါသွားမယ်
အဲဒီမှာ ထရံကာ မြေစိုက်တဲကလေး ဆောက်မယ်
ပဲစင် ကိုးစင်ထောင်မယ်၊ ပျားတစ်အုံမွေးထားမယ်၊
ပျားသံတစ်ညံညံနဲ့ တစ်ကိုယ်တည်းနေမယ်လေ…။


ဆိုတာမျိုးသွားနေပါလားဆိုပြီး ပြောတော့တာ။ အရပ်သူအရပ်သားတွေ ပြောသလိုဖြင့်တော့ ချဲတာပေါ့ဗျာ။ ဘယ် ဒီလိုရမှာတုန်း။ သဘာဝတရားဆိုတာကိုကြိုက်ပေသိ ကောလိပ်ကျောင်းက ပါမောက္ခဆိုတော့လည်း ဘယ်မှာ တောကြိုတောင်ကြား သွားချင်မှာတုန်း။ ပူရင်လေအေးစက်ကလေးနဲ့ နေရတာမျိုး။ အေးရင် အနွေးပေးစက်ကလေးနဲ့ နေရတာမျိုးမှ ကြိုက်တာ။ အေးတဲ့အခါ ဘရန်ဒီကလေးသောက်။ သိပ်ပူရင် ရေခဲစိမ်ဘီယာကလေးသောက်။ ပျင်းရင် ဖန်စီကလေးတွေကြိုက်ဆိုတဲ့ တပည့်မကလေး တစ်ယောက်နှစ်ယောက်နဲ့ ထမင်းထွက်စား။ တောထဲတောင်ထဲမှာ ဒါတွေ ဘယ်ရမှာတုန်း။ ကောလိပ်က ကျောင်းဆရာရဲ့ သဘာဝတရားကြီး ကောင်းကြောင်း ပြောတယ်ဆိုတာ ဘရန်ဒီကလေးသောက်ပြီးပြောတဲ့ အမှန်တရား။ ဒင်းက ဒီလောက်နဲ့တောင် ကျေနပ်တာမဟုတ်ဘူး။ တောင်အမေရိကတိုက် တောနက်ထဲက မုတ်သုန်သစ်တောကြီးတွေအထဲကခြင်တွေ သေသွားတာသနားလို့ `ဇီဝမျိုးကွဲများ ဆုံးရှုံးရခြင်းနေ့´ ရယ်လို့တောင် လုပ်မယ်စဉ်းစားသေးတာ။ သူတပည့်တွေကို စုသေးတယ်။ အကြောင်းမသင့်ချင်တော့ သူ့တပည့်တွေက ကဗျာဆရာတွေများနေလေတော့ `ကဗျာနေ့´ လုပ်မယ်လို့ ပြင်ဆင်နေတာနဲ့ တိုးနေလို့ မလုပ်ဖြစ်လိုက်ဘူး။ သူ့တပည့် ကဗျာဆရာတွေကလည်း သေသွားတဲ့ကဗျာဆရာ၊ မသေသေးတဲ့ကဗျာဆရာ၊ အသက်ငင်နေတဲ့ ကဗျာဆရာ။ ကဗျာဆရာမှန်သမျှရဲ့ မွေးနေ့စာရင်း ကောက်နေကြတယ်။ ကဗျာဆရာတစ်ယောက်ချင်းရဲ့ မွေးနေ့မှာ ကဗျာနေ့လုပ်မယ်လို့ စဉ်းစားကြတာ။ လောလောဆယ်မှာတော့ ကဗျာနေ့လုပ်မယ်ဆိုရင် မွေးနေ့စုစုပေါင်း လေးရာနီးပါးလောက်ဖြစ်နေလို့ တစ်နှစ်စာမကဘူး။ ဒီတော့ ၃၆၅ ရက်ကို တစ်နှစ်ကနေ ရက်ပေါင်း ၄၀၀ မှ တစ်နှစ်ရယ်လို့ ကဗျာဆရာပြက္ခဒိန်ဆိုပြီး သတ်သတ်လုပ်မယ်လို့ စီစဉ်နေကြပြန်သတဲ့။ ကောလိပ်ကျောင်းဆရာရဲ့ စိတ်ထဲမှာတော့လည်း ဂေဟဆိုင်ရာ ပျက်စီးမှုတစ်မျိုးပဲလို့တောင် မှတ်ချင်မှတ်ထားဦးမှာ။ သူ့မရီးကတော့ ပြောသေးတယ်။ မင်းဒီလောက်တောင် ဂေဟစနစ်ကြီးအတွက်ပူနေရင် မင်းအခန်းထဲမှာ ခြင်တွေမွေးထားပြီး ခြင်ထောင်မပါဘဲ အိပ်ပါလားတဲ့။ တော်သေးတာပေါ့။ ကဗျာဆရာတွေမင်းအခန်းထဲ ခေါ်ထားပါလားလို့ မပြောလိုက်တာ။

ကျုပ်ကတော့လည်း သူ့ကို သိပ်အပြစ်မတင်ချင်ဘူး။ ကျုပ်တို့အတွက် သူ့လိုလူမျိုး လိုတယ်။ ကောလိပ်ကျောင်းဆရာဆိုတော့ ပညာတတ်သဗျာ။ လူရေးလူရာဝင်သဗျာ။ လူသူလေးပါးအရေးထားသဗျာ။ ဒီတော့ သူလိုလူမျိုးကပြောရင် ဟုတ်ဟုတ်မဟုတ်ဟုတ် ယုံကြသဗျာ။ သဘာဝတရားကြီးမှာ ပေါ်ပေါက်ဖြစ်ပျက်နေတဲ့ ပိုးမွှားတွေဆိုတာက သဘာဝပတ်ဝန်းကျင်ကို ထိန်းကျောင်းပေးထားတာတဲ့။ သတ်ဖြတ်မပြစ်ရဘူးတဲ့။ တချို့ကိုတော့လည်း သူက ဘာသာရေးလေကလေးနဲ့လှည့်ကိုင်တာ။ ဘယ်ဘာသာရေးမှာမဆို လူများအသတ်သတ်တာ မကောင်းမှုပဲလို့ လက်ခံကြတယ်။ ဒီတော့ ဘီလူးကြီးကိုပဲသတ်သတ်၊ ခြင်ကောင်၊ ယင်ကောင်၊ ပိုးဟတ်ဆိုတာတွေကိုပဲ သတ်သတ်။ အသတ်သတ်တာပဲ။ မကောင်းမှုပဲတဲ့။ သူပြောတာ ဘယ်လောက်များ ကောင်းလိုက်သလဲလို့။ သူ့မရီးက အဲဒီလိုမဟုတ်ဘူး။ ဘာပိုးမွှားဖြစ်ဖြစ် လူအတွက် အကျိုးမရှိဘူးတဲ့ဗျ။ ဒါကြောင့် လူမှုပတ်ဝန်းကျင်ကြီးတစ်ခုလုံး သန့်ပြန့်နေဖို့လိုတယ် ဆိုပဲ။ ဟိုက်ဂျင်းနစ်ဖြစ်ရမယ်တဲ့။ အီကိုလိုဂျီတစ်ခုတည်းနဲ့ ကမ္ဘာကြီး သက်ဆိုးမရှည်နိုင်ဘူးတဲ့။ အဲဒီဆရာဝန်မကြီးကတော့ အားရင် သူ့အိမ်မှာ ဟိုဆေးဖြန်း၊ ဒီဆေးဖြန်းနဲ့ လုပ်နေတာ၊ ပိုးမွှားတွေသန့်စင်ဖို့ အဆိပ်ဓာတ်ငွေ့တွေဘာတွေဖြန်းတော့ အတော့်ကို အန္တရာယ်များနိုင်တဲ့ ကိစ္စ။ ညိုကြီး ချောသွားတယ်ဆိုတာလည်း မရှူအပ်တဲ့ဟာ သွားရှူမိလို့ပဲ။ ဒါကလည်း ညိုကြီး အသုံးမကျတာတွေ ပါတာပဲ။ ကျုပ်ပြောဖူးသလို အသက်ဉာဏ်စောင့်ပဲ မဟုတ်ဖူးလား။ ကောလိပ်ကျောင်းက ကျောင်းဆရာကတော့ အဲဒီလို ဆေးတွေဘာတွေတော့ မဖြန်းဘူး။ နေတာထိုင်တာကတော့ အတော်သန့်တယ်။ ကျုပ်ရောက်သွားတဲ့အခါ သတိထားကြည့်မိတယ်။ ဒီတော့လည်း သူ့အခန်းမှာ ပိုးမွှားမခိုနိုင်ဘူးပေါ့လေ။ ဟိုတလောတုန်းဆီက သူမရှိတုန်း သူ့အခန်းထဲ ကျုပ်ရောက်သွားတုန်း သူ့စာကြည့်စားပွဲပေါ် လျှောက်ကြည့်မိတယ်။

သူ့အခန်းပြတင်းပေါက်ကဖွင့်ထားတော့ တစ်ချက်တစ်လေ လေတိုးတဲ့အခါ စာကြည့်စားပွဲပေါ်က မဂ္ဂဇင်းတစ်ခုက စာရွက်တွေလန်နေတာတွေ့ရတယ်ရလို့ အသာလျှောက်ကြည့်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ကမ္ဘာကြီးမှာ ရေပြတ်သွားမှာစိုးလို့ ပူပန်စိတ်ပွားပြီး ရေးထားတာတွေ။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ ရေသန့်ပုလင်းတွေများလာလို့ ပူပြီးရေးထားတာတွေ တွေ့ရသဗျာ။ ကျုပ်လည်းဖတ်ပြီး သက်ပြင်းချမိတယ်။ သက်ပြင်းချတယ်ဆိုတာက မှန်တယ်၊ မှားတယ် ပြောချင်လို့မဟုတ်ဘူး။ ကျုပ်က အသက်ကြီးပြီ။ အသက်ကြီးလာတော့ သက်ပြင်းချတာလည်း အသက်ကြီးခြင်းရဲ့ ဂုဏ်အင်္ဂါတစ်ရပ်ကိုး။ အသိပညာရှိခြင်းကို ဟန်လုပ်ပြတဲ့သဘောကိုး။ သြော် မင်းတို့ကလေးတွေ အမြော်အမြင်နည်းပါလား။ ငါကတော့ အသက်ကြီးပေတဲ့ မပျက်စီးသေးဘးဆိုသလိုမျိုးပေါ့ဗျာ။ ဒါနဲ့ပဲ မကြာခင် ပြည်ကြီးဘက်ကလာတဲ့ ကျုပ်နဲ့ ဆွေမျိုးပေါက်ဖော်တော်တဲ့ ကျန့်လာ့(င)နဲ့ တွေ့တယ်။ ကျန့်လာ့(င)ဆိုတာကတော့ မြန်မာလိုပြောရရင် ပိုးဟပ်ပေါ့ဗျာ။ အရှေ့တိုင်းက ပိုးဟပ်၊ အင်္ဂလိပ်လိုပြောရင်တော့ အိုရီရင်တယ်လ်ကောက်ရို့(ချ)ပေါ့ဗျာ။ သို့ပေတဲ့ သူက ခရစ်ပတို ဆယ်ရပ်(စ)ထဲ မပါဘူး။ ပိုးဟပ်ရိုးရိုးပဲ။ သူက စုံတယ်။ အတွေ့အကြုံများတယ်။ ကျုပ်လည်း ကျုပ်ဖတ်မိတာလေးတွေ ပြောပြလိုက်မိတယ်။ ဒီတော့ သူက ပြုံးတယ်။ ဘယ်သူတွေက ရေးတာတုံးလို့လည်း မေးတယ်။ ကျုပ်သတိထားလိုက်မိတာကတော့ မောင်ဒေးတို့ မောင်တာတို့ဆိုတဲ့ သူငယ်တွေရေးတာပဲ။ ဒီတော့ ကျန့်လာ့(င)က ပြောတယ်။ မင်းများအကြောင်းသင့်လို့ အဲဒီသူငယ်တွေနဲ့ တိုးခဲ့ရင် ပြောပြလို့များဖြစ်ရင် ပြောပြလိုက်စမ်းပါ။ ရေသန့်ပုလင်း တစ်နေ့တစ်နေ့ကို သန်းနဲ့ချီ ထုတ်နေရတဲ့ အရပ်ကလူတွေ ပူတာ၊ ပူကြပါစေလား။ ရေသန့်ကို ပုလင်းထဲထည့်ပြီး သောက်နေရတာကလေးကိုပဲ ရှာကြံကျေးဇူးတင်ကြစမ်းပါ။ ပြောမယ်ဆိုရင် ပလတ်စတစ်မှမဟုတ်ဘူး။ ဒန်ခွက်လည်းမကောင်းဘူး။ ဖန်ခွက်လည်း မကောင်းဘူး။ မချစ်လို့ အပြစ်ရှာမယ်ဆိုရင် ပုရစ်အော်သံတောင် အသံကြောင်နေသေးတယ်လို့ ပြောလို့ရတယ် ဆိုသလိုပဲ။ ဒီတော့ကာ မင်းတို့မှာ ပူစရာမရှိလို့ အပျင်းပြေ ၀ိုင်းပူပေးချင်သပဆိုရင် တစ်နေ့သောအခါမှာ လက်ဖက်ခြောက်နဲ့ ရေမပါဘဲ ဖျော်ထားတဲ့ လက်ဖက်ရည်ပေါ်လာခဲ့ရင် ခွက်မပါဘဲ ပါးစပ်ပိတ်ပြီး ဘယ်လိုသောက်မလဲဆိုတာ တွေးကြည့်ထားပေရော့တဲ့။ ဟိုက်ပိုသက်တီကယ်လ်ပေါ့တဲ့။

(ဆက်ရန်)

◄ မြင့်သန်း ► 

ဆရာမြင့်သန်း၏စာကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

မူရင်း “ချင်းတွင်း” မဂ္ဂဇင်း လက်ဝယ်မရှိတော့ပါသဖြင့်... လက်လှမ်းမီသူများ ကူညီကြပါရန်...။

Comments

  1. ကြိုက်တာလေးတစ်ခုတွေ့တယ် ကိုတေဇာရေ . ..
    သက်ပြင်းချတာ အသိပညာရှိခြင်းကို ဟန်လုပ်ပြတဲ့သဘော ဆိုတာ

    ReplyDelete
  2. မဆက်တော့ဘူးလား...ကိုတေဇာ...

    ReplyDelete
  3. ကိုယ်လည်း ကြိုက်တယ်

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

⏰ Linkin Park posted a story that expires soon

  The story will expire tomorrow at 11:07 AM, so don’t miss out on the opportunity to see it.                               See Linkin Park 's recent story while it's still available.   ...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...