Skip to main content

“မိုးရွာပြီးစ စက်တင်ဘာညနေခင်း”


လူတို့၏ ပညတ်ထားခြင်းများထဲမှ တစ်ခုသာဖြစ်သော သာမန်ထက်မထူးခြားလှသည့် စက်တင်ဘာလသို့ တစ်ခါပြန်ရောက်ခဲ့လေပြီ။ “အချိန်တွေကုန်တာ မြန်လွန်းတယ်” ဟု နားက ကြားရဖန်များလွန်းခဲ့၍ ပါးစပ်က ထုတ်ဖော် ရေရွတ်ရန်ပင် သူ ဆွံ့အခဲ့ပြီ။ မည်သို့မျှ ထူးခြားမှုမရှိဘူးပဲဆိုဆို၊ အံဖွယ်ဘနန်းလို့ပဲပြောပြော ဤကမ္ဘာလောကကြီးအတွင်းသို့ သူ ရောက်ရှိခဲ့ သည်မှာ နှစ်ပေါင်းနှစ်ဒါဇင်အတိနီးနီးရှိခဲ့ပြီဖြစ်သည်။ အသက်တစ်နှစ် ကြီးသွားတော့မည်ဆိုသော အသိသည် သူ့အတွက် ဘာမျှထူးထူးခြားခြားမရှိ။ နေ့စဉ်နှင့်အမျှ ဘ၀ရှင်သန်မှုနာရီများ တတိတိတိုက်စားခံခဲ့ရကြောင်းကို အမြဲတမ်း သူသတိပြုနေခဲ့မိသည်သာဖြစ်သည်။ ထို့ကြောင့် မကြာခင် နှစ်ဒါဇင် ပြည့်မည့်အရေးထက် သူ၏စိတ်တို့က လွန်ခဲ့သော သုံးနှစ်ခန့်က စက်တင်ဘာညနေခင်းတစ်ခုဆီသို့သာ ပြန်လည်ကျက်စားနေ ခဲ့သည်။

သူ့မွေးနေ့ နီးပြီ။ သူအနည်းငယ်စိတ်လှုပ်ရှားနေသည်။ ကောင်မလေးကအဖြေပေးမယ် ဂတိပေးထားသောကြောင့်မဟုတ်သလို... ခမ်းခမ်းနားနားမွေးနေ့ပွဲ ကျင်းပရန်အတွက် စိတ်လှုပ်ရှားနေခြင်းလည်းမဟုတ်။ အမှန်တော့ သူ့ငယ်ပေါင်းကြီးဖော်သူငယ်ချင်း သုံးယောက်နှင့် မွေးနေ့အထိန်းအမှတ် အရက်သွားသောက်ရန် ချိန်းထားခဲ့ခြင်းကြောင့်သာဖြစ်သည်။ ရုံးက လုပ်ဖော်ကိုင်ဘက် တစ်ဦးတလေမျှ သူ့မွေးနေ့ကို မသိကြ။ သူကလည်း မွေးနေ့ရှိကြောင်း နည်းနည်းလေးမျှပင် ပါးစပ်ကမဟ။ သူများတွေ မွေးနေ့ပွဲတုန်းက ဒန်ပေါက်စား၊ ကြေးအိုးသောက် လုပ်ထားသည်မှာ မိမိအလှည့်ကျတော့ နည်းနည်း လက်တွန့်မိသည်။ လူအယောက်သုံးဆယ်လောက်ကို ဒန်ပေါက်ကျွေး၊ ဖာလူဒါတိုက်ရမည်ဆိုလျှင် အနည်းဆုံး အိတ်ထဲမှ လေးပုလင်းလောက်တော့ ထွက်မည်။ ရှိစုမဲ့စုလေး ချွေတာပြီးကျွေးလျှင် ဖြစ်နိုင်သော်လည်း သူက အဲဒီလောက် ခြိုးခြံတတ်သောလူတစ်ယောက်မဟုတ်ခဲ့။ ထို့ကြောင့် ရုံးကလူများ တစ်ယောက်ပြီးတစ်ယောက်သာ မွေးနေ့ပွဲပြီးသွားကြသည် သူ့မွေးနေ့က ရောက်မလာခဲ့သည်မှာ ရက်ပေါင်းခုနစ်ရာကျော်ခဲ့လေပြီ။ ခုတော့ သူငယ်ချင်းများကို စေတနာဒလဟောဖြင့် အရက်တိုက်ရန်အတွက် အရင်လ လခထုတ်ထဲက သုံးပုလင်းခန့်ချန်ထားခဲ့သည်။ ညနေစောင်း ငါးနာရီခန့်တွင် သူတို့သူငယ်ချင်းတစ်စု မြကျွန်းသာထဲသို့ ရောက်လာခဲ့ပါသည်။

အကယ်၍ သူငယ်ချင်းများကို အကာအကွယ်ပေးချင်သော၊ ပျော်ရွှင်စေချင်သော၊ သစ္စာရှိသော၊ သတ္တိရှိသော လူတစ်ယောက်အဖြစ် တစ်စုံတစ်ယောက်က သူ့ကို သတ်မှတ်မည်ဆိုလျှင် ထိုသူ၏ အမှားသာ ဖြစ်လိမ့်မည်။ တကယ်တော့ သူသည် လူ့လောက၏ စနစ်တကျ လိမ္မာပါးနပ်နေမှုများကို ဥပဒေပြင်ပ (သို့) သူ့နည်းသူ့ဟန်ဖြင့် ဆန့်ကျင်နေသူ တစ်ယောက်သာ ဖြစ်ပေသည်။

သူ့သူငယ်ချင်း သုံးယောက်စလုံးမှာ သူနှင့် လေးတန်းငါးတန်းကထဲက ပေါင်းသင်းလာကြသော ငယ်သူငယ်ချင်းများသာ ဖြစ်သည်။ ပထမတစ်ယောက်မှာ “သောင်းထွန်း”။ သောင်းထွန်းက သူနှင့် တစ်လမ်းထဲနေသူငယ်ချင်းဖြစ်သည်။ သူ့ထက် တစ်နှစ်ခွဲခန့်ကြီးသည်။ လူကောင်ထွားထွားကြိုင်းကြိုင်း ရှမ်းလူမျိုးတစ်ယောက်ဖြစ်သည်။ သောင်းထွန်းက ယောင်ခြောက်ဆယ်သမားဖြစ်သည်။ အဝေးသင်ကို ပြီးအောင်မတက်ပဲ... မိန်းထဲက ဘွဲ့တစ်ခုကို ဆက်တက်သည်။ ဟိုမပြီးဒီမပြီး ဒီမပြီးနှင့် ကားရားကြီးဖြစ်နေသည်။ (ခုလောက်ဆိုရင်တော့ ပြီးလောက်ပြီပေါ့) ရပ်ကွက်ထဲတွင် သူ မပါသည့်နေရာတစ်ခုမျှမရှိ။ သီတင်းကျွတ်လပြည့်နေ့ တစ်လမ်းလုံး မီးထွန်းမည်ဆိုလျှင် သူဦးဆောင်သည်။ မီးကင်းကြေးလာကောက်လည်း သူပါသည်။ ငယ်စဉ်ထဲက ရပ်ကွက်အနှံ့လှည့်၍ ပုတ်သင်ညိုဖမ်း၊ ငါးမျှား...။ ပြီးတော့ အကြောက်လည်း နည်းနည်းလေးမျှမရှိ။ ငယ်စဉ်ကထဲက သူနှင့် လက်သီးထိုးတမ်း ကစားနေကျ...။

နောက်တစ်ယောက်မှာ “အောင်နိုင်သူ”။ အောင်နိုင်သူက သူ့ထက် ခြောက်လလောက်ကြီးသည်။ သူလည်း တစ်လမ်းထဲနေသူငယ်ချင်းဖြစ်သည်။ သူက စီးကရက်စက်ရုံတွင် အစိုးရ၀န်ထမ်းလုပ်နေသူ။ သူကနည်းနည်းအေးသည်။ ဒါပေမဲ့ မိန်းကလေးမြင်ရင်တော့ စိတ်ဝင်စားတတ်သည့် အကျင့်ကလေးရှိသည်။ သူ့အလုပ်ထဲတွင်လည်း မမတစ်ယောက်နှင့် ငြိနေသည်ဆို၏။ မမနှင့်အဆင်မပြေ.. စိတ်ညစ်လို့ အရက်သောက်ချင်တယ် သူကပြောသည်။ သူက သူတို့လောက် အရက်ကို သောက်လေ့သောက်ထ မရှိ။ တစ်ခါတစ်လေမှသာ သောက်သည်။ နည်းနည်းသောက် များများမူးသမား...။

နောက်ဆုံးတစ်ယောက်မှာ “အောင်ကြီး”...။ အောင်ကြီးနှင့်သူက ကျောင်းတွင်ပါ တစ်တန်းထဲ တက်ခဲ့ဖူးသဖြင့် တခြားနှစ်ယောက်ထက်စာလျှင် ပိုရင်းနှီးသလို ရှိသည်။ အောင်ကြီးနှင့်သူက သူငယ်ချင်းဆိုပေမဲ့ ဆရာတပည့်လို ဖြစ်နေသည်။ သူက ငယ်ငယ်လေးကထဲက သိုင်းဝတ္ထုတွေကို စွဲစွဲလန်းလန်းဖတ်ခဲ့သည်။ ကျောင်းတွင် ထိုသိုင်းဝတ္ထုဇာတ်လမ်းရှည်ကြီးများကို သူငယ်ချင်းတွေကို ပုံပြင်ပြောသလို ပြန်ပြောပြတတ်သည်။ အောင်ကြီးက သူ၏ နားထောင်သူပရိသတ်။ သို့သော် အရက်သောက်ပြီဆိုလျှင် သူက အောင်ကြီးကို ပြန်ကြောက်ရသည်။ သူ မူးရင်ရစ်တတ်သလောက်...၊ အောင်ကြီးကလည်း တိုင်ပတ်တတ်သည့်သောက်ကျင့်ရှိသည်။ တစ်ခါက အောင်ကြီး ရစ်နေသဖြင့် ဒဂုံမြောက် ရဲစခန်းရှေ့တည့်တည့်က အုတ်ပုံရှေ့အရောက်တွင် သူက မင်းသတ္တိရှိရင် အဲဒီ အုတ်ပုံကို ဖြိုစမ်းကွာဟု တကယ်မလုပ်လောက်ဘူးအထင်နှင့် ဖြဲသည်။ ငနဲသားက အုတ်ခဲတွေ တစ်လုံးချင်းယူပြီး ကတ္တရာလမ်းမပေါ် ပေါက်ခွဲသည်။ ထိုနေ့က သူတို့တစ်ဖွဲ့လုံး ခွေးပြေးပြေးခဲ့ရဖူးသည်။

Fan ဟု အမည်တပ်ထားသော စားသောက်ဆိုင်သို့ သူတို့အဖွဲ့ရောက်ရှိလာကြသည်။ သူ့အကျင့်က အရက်မူးရင် ကာရာအိုကေ ဆိုချင်သည်။ ဆိုင်၏ အပြင်ဘက်ဝိုင်းတွင်ပင် သူတို့ နေရာယူလိုက်ကြသည်။ ၀ီစကီတစ်တောင့်နှင့် ဆယ့်နှစ်မျိုးဟင်းချို.. ဘာညာကွိကွ လျှောက်မှာသည်။ တစ်တောင့်အကုန်တွင် ကြွက်တွင်းထဲ ရေလောင်းထည့်သလိုသောက်တတ်သော သောင်းထွန်းနှင့် သူက ဘာမျှထူးထူးခြားခြားမဖြစ်သေး။ အောင်နိုင်သူနှင့် အောင်ကြီးကတော့ နည်းနည်း မှန်နေပြီ။ ခြေအငြိမ်မနေတတ်သော သောင်းထွန်းက အိမ်သာသွားမယ်ဟု ဇာတ်လမ်းစသည်။ အောင်ကြီးက ငါလည်းလိုက်မယ်ဟုဆိုပြီး နှစ်ယောက်သား အိမ်သာထသွားကြသည်။

ဖြစ်ချင်တော့ ထိုဆိုင်တွင် အိမ်သာမရှိ။ ခပ်လှမ်းလှမ်း ရဟတ်ကြီးနားက အများသုံးအိမ်သာထိ သွားရသည်။ ထိုနှစ်ယောက် သွားနေစဉ်အတွင်း သူက နောက်ထပ်ဝီစကီ တစ်တောင့် ထပ်မှာသည်။ အောင်နိုင်သူကတော့ စိတ်ညစ်လို့ အရက်သောက်ကာမှ ပိုစိတ်ညစ်သွားပုံပေါ်သည်။ စကားလည်းသိပ်မပြော… မျောက်မှိုင်မှိုင်ပြီးသာ ထိုင်နေသည်။ ကိစ္စမရှိ..။ သူကလည်း အရက်မူးနေချိန် မိန်းကလေးတွေအကြောင်း သိပ်မပြောချင်…။ သူနှင့် ဗီဇချင်းတူသော ကြွက်တွင်းကြီးသောင်းထွန်း ပြန်မလာခင် ကိုယ့်အရက်ကိုယ် ပြန်ခိုးပြီးသောက်နေသည်။

ထိုအချိန်တွင် အောင်နိုင်သူ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အောင်နိုင်သူ ကြည့်နေရာဘက်သို့ သူနောက်လှည့်ကြည့်လိုက်တော့ တစ်ဘက်ဝိုင်းတွင် ကောင်မလေးငါးယောက်ခန့် ထိုင်နေသည်ကို တွေ့ရသည်။ အရက်ထဲသာ စိတ်ရောက်နေသဖြင့် သူက သတိမထားမိခဲ့။ လန်းတယ်ကွ ဟု ကိုယ်တော်ချောက စကားစသည်။ အေးဆေးနေပါကွာဟုသာ သူတားထားလိုက်ရသည်။ သူ့အမြင်တွင် ကောင်မလေးတွေကို ကြည့်ရသည်မှာ .. သိပ်မဟန်။ ဂျင်းဘောင်းဘီကြပ်ကြပ်၊ ဆံပင်ကလည်း ရောင်စုံ၊ တစ်ကိုယ်လုံးတွင် ကြိုးတွေ၊ ဂွင်းတွေ၊ ချိတ်တွေ တိုးလိုးတွဲလောင်းဖြင့်….။ ပြီးတော့ သူတို့စကားပြောသံများက တစ်ဆိုင်လုံး ရှိသမျှဝိုင်း အကုန်ကြားနိုင်လောက်အောင် ဆူညံနေသည်။ အာပလာတွေပါကွာဟုသာ အောင်နိုင်သူ့ကို သူပြောလိုက်ပြီး အရက်ဆက်သောက်နေလိုက်သည်။

မကြာခင် အိမ်သာသွားသော အမူးသမားနှစ်ယောက် ပြန်ရောက်လာသည်။ အောင်ကြီးကတော့ ထုံးစံအတိုင်း စကားစများနေပြီဖြစ်သည်။ သောင်းထွန်းကတော့ လစ်မစ်ပင် မပြည့်သေး။ ဒီကောင့်အကြောင်း သူသိသည်။ အနည်းငယ်လျော့နေသော ပုလင်းအသစ်ကိုကြည့်ပြီး သောင်းထွန်းက မင်းသစ္စာဖောက်တယ်ဟူသော အကြည့်ဖြင့်ကြည့်ပြီး သူ့ဘာသူ ထည့်သောက်သည်။ အောင်ကြီးဆိုသည့်ငတိကတော့ သူမူးနေလား၊ မမူးသေးဘူးလားဆိုတာပင် ဆုံးဖြတ်နိုင်သည့်ပုံမပေါ်။ ငါလည်း သောက်မှာပေါ့ဆိုပြီး သောင်းထွန်းနှင့်အပြိုင် ဆက်သောက်သည်။ အောင်ကြီးအမူးလွန်ပြီး ရစ်မှာကိုတွေးပြီး သူစိတ်အနည်းငယ်စိတ်ညစ်သွားသော်လည်း မွေးနေ့ အထိမ်းအမှတ် စေတနာမပျက်ကောင်းပါဘူးလေဟု သဘောထားပြီး ပြုံးနေလိုက်သည်။ အောင်နိုင်သူကတော့ တစ်ဘက်ဝိုင်းသို့သာ မျက်လုံးက ရောက်နေသည်။ အမြည်းတွေထပ်မှာသည်။ ကာရာအိုကေဆိုသည်။ ကာရာအိုကေက တစ်ဝိုင်းကို သုံးပုဒ်သာ ဆက်တိုက်ဆိုလို့ရသည်။ ပြီးရင် တခြားဝိုင်းတွေကို အလှည့်ပြန်ပေးရသည်။ အောင့်သက်သက်ဖြင့် သူ မိုက်ကို ၀ိတ်တာအား ပေးလိုက်ရသည်။ နောက်ဆိုမည့်ဝိုင်းက လူ ခုနစ်ယောက်လောက်ရှိမည်။ အားလုံး မူးရူးပြီး အသံသေးအသံကြောင်ဖြင့် ဆိုနေကြသည်။ အောင်နိုင်သူ ငမ်းနေသော စပ်စလူးမများဝိုင်းကိုလည်း ရစ်သီရစ်သီလုပ်နေသည်။ အချိန်က အမှောင်ဘက်ကို ကဲနေပြီ။

ထိုအချိန်မှာပင် အငြိမ်တစ်စက်ကလေးမှ မနေနိုင်သော သောင်းထွန်းက အိမ်သာသွားမယ် လုပ်ပြန်သည်။ မင်းနဲ့ အောင်ကြီးသွားပြီးပြီလေ…။ ဒီတစ်ခါ ငါနဲ့ အောင်နိုင်သူနဲ့ အလှည့်လို့ သူက ပြောလိုက်သည်။ အိမ်သာတွင် သူက အောင်နိုင်သူ့ကို မင်းကြည့်နေတဲ့ဟာလေးတွေက ဒီနားမှာကျက်စားနေတဲ့ ဟာလေးတွေကွလို့ သတိပေးမည်ဟု စဉ်းစားထားသည်။ သို့သော် မျောက်လောင်းသောင်းထွန်းက ငါပြန်ပေါက်ချင်လာပြီကွဟု ကူလီကူမာလုပ်သည်။ ကဲ… ဒါဆို အောင်နိုင်သူ မင်းလည်း လိုက်ချင်မှာပေါ့.. ထ… ငါတို့သုံးယောက်သွားမယ်.. အောင်ကြီးစောင့်နေခဲ့ဟု ပြောပြီး သူက ထလိုက်သည်။ အောင်နိုင်သူက ခေါင်းခါသည်။ ငါ မလိုက်ချင်ဘူးဆိုပြီး ပေကပ်နေသည်။ ထိုအချိန်တွင် အောင်ကြီးက တစ်စခန်းထပြန်သည်။ ငါလည်းပြန်ပေါက်ချင်လာပြီ… ငါတို့သုံးယောက်သွားမယ်.. အောင်နိုင်သူ့ကို ထားခဲ့လို့ ၀င်ပြောသည်။ သောင်းထွန်းကလည်း ခေါင်းညိမ့်သည်။ သူတို့ဘက်က မဲများနေပြီ…၊ စိတ်လေးလေးနှင့်ပင် သူအိမ်သာသို့ လိုက်ပါသွားသည်။

သူတို့သုံးယောက်သား ဆိုင်သို့ပြန်လည်ရောက်ရှိလာချိန်တွင် သူ မျက်လုံးပြူးသွားသည်။ စားပွဲတွင် အောင်နိုင်သူ မရှိတော့…။ ဘယ်ရောက်သွားမှန်းမသိ။ မှောင်လည်းမှောင်၊ ဗိုက်ထဲကအယ်လ်ကိုဟောအစွမ်းကလည်း ပြနေပြီ ဖြစ်သည်။ အမြင်တွေ မှုန်ဝါးဝါးဖြစ်ချင်နေပြီ။ ဟိုနှစ်ကောင်ကတော့ ထူးခြားဟန်မပြ။ ဒီကောင် ဘယ်အိမ်သာများ သွားလဲ မသိဘူး။ ခေါ်တုန်းကတော့မလိုက်ဘူး။ ငါတို့နဲ့လည်း လမ်းမှာမတွေ့ပါဘူး… ဟု သောင်းထွန်းက အူကြောင်ကြောင် ထလုပ်သည်။ အိမ်သာသွားရင် ဆိုင်က မင်းဘိုးအေ ၀ိတ်တာတွေက ဒီတိုင်းလွှတ်မလားဟ.. ငါတို့ပိုက်ဆံမှ မရှင်းရသေးတာလို့ ပိတ်ပြောလိုက်မှ ငြိမ်သွားသည်။ အမြင်အာရုံမှုန်ဝါးဝါးဖြစ်နေသည့်ကြားမှ သူ အသည်းအမဲ မျက်လုံးကစားရသည်။ ထင်သည့်အတိုင်း တစ်လက်မမှ မလွဲ…။ စပ်စလူးမများ ၀ိုင်းသို့ ထဲတွင် အောင်နိုင်သူ တစ်ယောက်ထဲ ခပ်တည်တည်ဝင်ထိုင်နေသည်။ စကားပြောနေကြသည်။ ဘာတွေပြော နေမှန်းတော့ မသိ။

မျက်လုံးပြူးရုံတင်မက ဆံပင်မွှေးပါ ထောင်သွားရသည်။ မူးနေသည့်အရသာကို ခဏမေ့ပြီး ဆရာသမားကို သွားခေါ်ရသည်။ ငနဲသားက မလိုက်။ နေဦး… ဒီမှာ စကားပြောနေတယ်လို့ပင် ခပ်တည်တည်လုပ်နေသည်။ ကိုကြီးကလဲ နေပါဦးဟု စပ်စလူးမတွေထဲက တစ်ယောက်က လုပ်ပြန်သည်။ မဖြစ်တော့… အောင်နိုင်သူ မင်းငါတို့ဝိုင်းကို ပြန်တော့ဟု သူ ခပ်တည်တည်ပြောလိုက်သည်။ သူဒေါသထွက်နေပြီမှန်း အောင်နိုင်သူ ရိပ်မိသည်။ မပြန်ချင်ပြန်ချင်နှင့် ထပြန်သွားသည်။ အောင်နိုင်သူ ထသွားသည့်ခုံတွင် သူက ၀င်ထိုင်လိုက်သည်။ သူ၏ မသဲမကွဲမျက်လုံးများက စောစောက ကာရာအိုကေကို အသံသေးအသံကြောင်ဖြင့် အော်ဆိုနေသော ၀ိုင်းမှ ငနဲများ သူ့ကို စားတော့ဝါးတော့မလို ၀ိုင်းကြည့်နေသည်ကို သူ မြင်နေရသည်။ ရွတ်ချင်ရွဲ့ချင်သော သူ့သောက်ကျင့်က မူးနေသည့်ကြားမှပင် ခေါင်းထောင်လာသည်။ ဒါမှမဟုတ် မူးနေသောကြောင့်ပင် ပိုဆိုးသွားသည်လား သူမဝေခွဲတတ်။ သူပြောနေသည့်စကားများကိုတော့ သူပြန်မမှတ်မိတော့…။ နောက်ဆုံး သူတို့စားပွဲဆီသို့ ထိုငနဲသားများအားလုံး ၀ိုင်းအုံလာသည်ကိုသာ သတိရတော့သည်။ သူ့သူငယ်ချင်းများရှိရာသို့ သူ ငဲ့ကြည့်လိုက်သည်။ အောင်ကြီးနှင့် အောင်နိုင်သူ ခေါင်းစိုက်သွားလေပြီ။ စားပွဲခုံပေါ်သို့ ခေါင်းတင်ပြီး ကျိုးနေပေပြီ။ သောင်းထွန်းက သူ့ကို ကျောခိုင်းအနေထားနှင့်ဖြစ်သည်။ သူလည်း စားပွဲပေါ်သို့ နဖူးတင်ထားသည်။ သူတောင်မမှောက်သေးတာ.. သောင်းထွန်းလည်း မှောက်လောက်အောင် မမူးသေးမှန်း သူသိသည်။ သူထင်တာ မှန်ပါသည်။ သောင်းထွန်းခေါင်း ဆတ်ခနဲ ထောင်လာသည်။ သူရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် မျက်စိတစ်ဖက်မှိတ်ပြပြီး ခေါင်းပြန်ငိုက်ကျသွားသည်။

သူသိလိုက်ပါသည်။ “ရန်မဖြစ်ဘူးလို့ ဆုံးဖြတ်ချက်ချထားလို့ ငါဒီနေ့တော့ ရန်ဖြစ်မှာမဟုတ်ဘူး” ဟု အလာလမ်း ခရီးတွင် သောင်းထွန်းပြောခဲ့သော စကားများ သူ့ခေါင်းထဲ ၀င်လာသည်။ သောင်းထွန်းက ဆုံးဖြတ်ချက်ခိုင်မာသူ ဖြစ်ကြောင်း လက်တွေ့သက်သေပြနေလေပြီ။ တကယ်လက်တွေ့…၊ နဖူးတွေ့ဒူးတွေ့…။ သူ့စိတ်ထဲတွင် နာကျည်းမှုနှင့် ဒေါသပေါင်းစပ်သွားသည်။ မင်းက ဆုံးဖြတ်ချက်ခိုင်မာမှတော့ ငါလည်း ငါ့သတ္တိကို ပြရမှာပေါ့ဟု မူးရစ်ရီဝေနေသော စိတ်ဖြင့်ပင် သူကြုံးဝါးလိုက်သည်။ ထို့နောက် ၀ုန်းခနဲသူ မတ်တပ်ထရပ်ပြီး အန္တရာယ်ကို ရင်ဆိုင်လိုက်သည်။ “မင်းတို့က ဘာဖြစ်ချင်လို့လဲ….”

Fan Beer Garden ၏ ၀ိတ်တာ ရောက်လာသည်။ အစ်ကိုတို့ ဆိုင်ထဲမှာ ရန်ဖြစ်လို့မရဘူးဟု ခပ်မာမာပြောသည်။ ဆိုင်ထဲမှာမဖြစ်ရင် ဘယ်မှာဖြစ်ရမှာလဲဟု သူက ပြန်ပက်လိုက်သည်။ ၀ိတ်တာကလည်း အညံ့မခံ… ဘေးနားက မျက်ခင်းပြင်ကို လက်ညှိုးထိုးပြသည်။ မြက်ခင်းပေါ်မှာဖြစ်ပေါ့ဟု ခပ်တည်တည်ပင် ပြောလိုက်သည်။ သူ့ဒေါသက ငယ်ထိပ်ရောက်နေပြီ။ အင်္ကျီကို ဆွဲချွတ်လိုက်ပြီး သူက လွှင့်ပစ်လိုက်သည်။ ထို့နောက် မျက်ခင်းပေါ်သို့ သွားလိုက်သည်။ လာကွာ ကြိုက်တဲ့ကောင်လာဟု မည်သည့်အညှိုးဖြင့် ရန်ဖြစ်ချင်သည်မသိရသော သူ၏ ရန်သူများကို လှည့်ပြောလိုက်သည်။ အကုန်လုံးကြိုက်သည်ထင်သည်။ ခုနစ်ယောက်ခန့်သောလူအကုန်လုံး မျက်ခင်းပေါ် ဆင်းလာသည်။ မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် သူ မဲမဲမြင်ရာ ပြေးထိုးသည်။ သူ့စိတ်ထဲတွင် ဘာမှမရှိတော့ ဒေါသတကြီး တွေ့သမျှလူအကုန်လုံး လှည့်ပတ်ထိုးနေလိုက်သည်။ သူ့ဘက်တွင် မိတ်ဆွေမရှိ။ လူမှားစရာမရှိ။ မည်းမည်းအရိပ်များအားလုံးမှာ သူ့ရန်သူသာဖြစ်သည်။ ဤသို့ သူ လုပ်နိုင်သည်မှာ တစ်မိနစ်ခန့်မျှသာ ရှိပါသည်။ သူ့မျက်နှာတွင်လည်း သွေးချင်းချင်းနီနေပြီဖြစ်သည်။ နောက်ဆုံး တုတ်တစ်ခေါင်းက သူ့မျက်နှာကို ခွပ်ခနဲမြည်အောင် ထိပြီး အာရုံထဲလင်းကထဲဖြစ်ပြီးနောက် အမှောင်အထိကျသွားတော့သည်။

ခဏမျှအကြာတွင် သူပြန်လည် သတိရလာသည်။ တစ်ကိုယ်လုံး ရွှံ့များလူးနေသည်။ မျက်စိက ကောင်းကောင်း ဖွင့်လို့မရချင်။ မျက်နှာက သွေးစက်တချို့ကို သူသုတ်လိုက်သည်။ ပထမဆုံး သူသတိရသည်မှာ သူ့သူငယ်ချင်း များဖြစ်သည်။ ငါမှောက်သွားတုန်း ဒီကောင်တွေပါ ခံလိုက်ရပြီလားဟု သူတွေးပူသွားမိသည်။ ဆိုင်ထဲ လှမ်းကြည့် လိုက်တော့ သူ့သူငယ်ချင်းတစ်ယောက်မှမရှိ။ သူ့ကို တီးသွားသည့် ဘဲတွေလည်း တစ်ယောက်မှ မတွေ့တော့။ ဧကန်န သေပြီထင်ပြီးများပစ်ထားခဲ့တာလားဟု သူတွေးလိုက်သည်။ သူ မြက်ခင်းပေါ်တွင် သတိမေ့နေသည့် အချိန်အတိအကျကိုတော့ သူမသိ…။ သို့သော် ဘီယာဆိုင်မှ ၀ိတ်တာ (သို့) တခြား တစ်ဦးတလေမျှ သူ့ဆီသို့ လာမကြည့်ခဲ့သည်မှာတော့ သေချာသည်။ ထိုစဉ်မှာပင် လမ်းအတိုင်း ယိုင်တိယိုင်တိုင်လျှောက်လာသော သူ့သူငယ်ချင်းများကို သူတွေ့လိုက်ရသည်။ သောင်းထွန်းက အလယ်က။ လမ်းပင်မလျှောက်နိုင်တော့သော ကျန်နှစ်ကောင်ကို အားအင်အပြည့်ဖြင့် တွဲခေါ်လာသည်။ သူက သူတို့ဆီသို့ လျှောက်သွားလိုက်သည်။ အမူးနှစ်ကောင်ကတော့ သူ့ကိုပင် မသိတော့…။ ဇတ်ကျိုးနေပြီဖြစ်သည်။ သောင်းထွန်းက မင်းဘယ်လိုလဲဟု သူ့ကို မေးလိုက်သည်။ မသေသေးပါဘူးဟုသာ ခပ်ပေါ့ပေါ့သူပြန်ဖြေလိုက်သည်။ လမ်းဘေးနားက သစ်တုံးကြီးပေါ်တွင် ထိုင်ပြီး ခဏနားကြသည်။ သောင်းထွန်းက မင်းပိုက်ဆံအိတ် ငါယူထားပြီး ပိုက်ဆံရှင်းလိုက်ပြီဟု ပြောပြီး သူ့ကို ပိုက်ဆံအိတ်ပြန်ပေးသည်။ ပိုက်ဆံအိတ်ထဲတွင် တစ်ထောင်တန် တစ်ရွက်သာ ကျန်တော့သည်။ မင်းအောင်နိုင်သူ့ကိုတွဲ.. ငါ အောင်ကြီးကိုတွဲမယ်… နောက်ကျနေပြီ..။ တက်စီငှားစရာတောင် ပိုက်ဆံမကျန်တော့ဘူးလို့ သူကပြောလိုက်သည်။

မင်းမျက်နှာပြစမ်းပါဦးဟု သောင်းထွန်းကပြောသည်။ ဓာတ်မီးတိုင်အောင်တွင် သူ့မျက်နှာကို ကြည့်သည်။ စုတ်ပြတ်သွားတာပဲဟု မှတ်ချက်ချသည်။ ဘာမှမဖြစ်ဘူးဟု သူကပြန်ပြောလိုက်သည်။ အေးသွေးပူနေတာကိုး… မနက်ကျမှဖြစ်မှာဟု သောင်းထွန်းက အားပေးသည်။ သူဘာမှမပြောတော့။ ထိုစဉ်မှာပင် သူတွဲထားသော အောင်ကြီးက မြေကြီးပေါ်သို့မအန်ဘဲ သူ့ကိုယ်ပေါ်ကိုတည့်တည့် အန်ချသည်။ မြက်ခင်းပေါ်က ပြန်ကောက်လာသောအင်္ကျီကလေး…. အန်ဘတ်ပါ ပေသွားသည်။ မတတ်နိုင်။ ဒီပုံစံဖြင့်ပင် လိုင်းကားစီးပြန်ရ လိမ့်မည်။ ထိုနေ့က ညဆယ်နာရီလောက်တွင် သူ အိမ်သို့ ပြန်ရောက်ခဲ့ပါသည်။

နောက်နေ့နံနက် သူအလုပ်မဆင်းနိုင်။ အလုပ်ဆင်းဖို့မပြောနှင့် အပြင်ပင် မထွက်ရဲ။ မျက်နှာက စကောဝိုင်းလောက်ရှိအောင် ဖူးယောင်နေသည်။ ယောင်နေပေမဲ့ သိပ်တော့ မနာပါဘူးဟု သူ့ကိုယ်သူ အားတင်းသည်။ မှန်ကိုတစ်ချက်ကြည့်ပြီး မကြည့်ရဲတော့သဖြင့် အိပ်ယာထဲတွင်ပင် ပြန်လှဲနေလိုက်သည်။ မာမီက သူ့ကို စိတ်ဆင်းရဲစွာ ကြည့်နေသည်။ ဘာမျှတော့ အထွေအထူးမပြောတော့… ညကပြောပြီးလေပြီ။ ဘာတွေပြောခဲ့မှန်းလည်း သူမမှတ်မိတော့။ ရန်ဖြစ်ခဲ့တယ် ဆိုတာလောက်သာ သူမှတ်မိသည်။ သောင်းထွန်း ရောက်လာသည်။ လက်ထဲတွင် ဆေးတွေပါလာသည်။ ဘာမျှမမေးတော့ပဲ ထိုဆေးများကိုပဲ သူသောက်ချလိုက်သည်။ သုံးရက်ဆက်တိုက် သူအလုပ်မဆင်းနိုင်ခဲ့။ လူက ဘာမှမဖြစ်သော်လည်း မျက်နှာက လူမြင်မကောင်းလောက်အောင် ဖူးယောင်နေ၍ ဖြစ်သည်။

ရပ်ကွက်ထဲက တီးတိုးတီးတိုးအသံတချို့ ကြားရသည်။ နောက်တစ်ခါ သူခေါ်ရင် မလိုက်ကြဖို့ သူ့သူငယ်ချင်းများ၏ အမေများက သူတို့သားများကို မှာကြားဆုံးမကြသည်ဟု သူ ပြန်ကြားသိရသည်။ အောင်ကြီးက တစ်လခန့်မျှ ပျောက်သွားခဲ့သည်။ သူ့အိမ်သို့မလာ။ အောင်နိုင်သူနှင့်လည်း သူ သိပ်မတွေ့ ဖြစ်တော့။ သောင်းထွန်းကတော့ လူမမာမေးမကြာခဏရောက်၊ ဆေးသောက်ပြီးရဲ့လား လာမေးသည်။ ပြီးတော့ သူဟာ ဆုံးဖြတ်ပြီးရင် မဖြစ်ဖြစ်အောင်လုပ်တတ်သော အကျင့်ရှိကြောင်း မကြာခဏ သူ့ကို ပြောတတ်သည်။

သူကတော့ ရပ်ကွက်အတွင်းမှ မိဘများ၏ ၎င်းတို့သားများကို ဆုံးမရာတွင် ရှောင်ရန်ပြယုတ်တစ်ခုသာ ဖြစ်ပါလိမ့်မည်။ သူသည် ဆုံးဖြတ်ချက်ချပြီးလျှင် မဖြစ်ဖြစ်အောင် လုပ်တတ်သော လူတစ်ယောက်မဟုတ်ခဲ့။ အန္တရာယ်ကို ရှောင်ကွင်းနိုင်သော လိမ္မာပါးနပ်မှုလည်းမရှိ။ အရက်မူးပြီး ရန်ဖြစ်ချင်သော ဆိုးသွမ်းလူငယ်တစ်ယောက်မျှသာ ဖြစ်သည်။ အကယ်၍ သူငယ်ချင်းများကို အကာအကွယ်ပေးချင်သော၊ ပျော်ရွှင်စေချင်သော၊ သစ္စာရှိသော၊ သတ္တိရှိသော လူတစ်ယောက်အဖြစ် တစ်စုံတစ်ယောက်က သူ့ကို သတ်မှတ်မည်ဆိုလျှင် ထိုသူ၏ အမှားသာ ဖြစ်လိမ့်မည်။ တကယ်တော့ သူသည် လူ့လောက၏ စနစ်တကျ လိမ္မာပါးနပ်နေမှုများကို ဥပဒေပြင်ပ (သို့) သူ့နည်းသူ့ဟန်ဖြင့် ဆန့်ကျင်နေသူတစ်ယောက်သာ ဖြစ်ပေသည်။ သို့သော် ထိုတိုက်ပွဲတွင် သူ ဘယ်တုန်းကမှ အနိုင်မရရှိခဲ့။ ထို့အတူ သူ အခုအချိန်ထိ အရှုံးမပေးခဲ့။ သင်၏ဘ၀တွင် ထိုသို့သော သူငယ်ချင်းတစ်ယောက် မတော်တဆ ရှိခဲ့မည်ဆိုလျှင် ထိုသူကို မိဘများဆိုဆုံးမသည့်အတိုင်း အပေါင်းအသင်းအဖြစ်မှ ပြတ်စဲသင့်ပေသည်။ သို့သော် ထိုသူကတော့ သူနှင့်ပတ်သက်ခဲ့သမျှသော သင်တို့၏ဘ၀အစိတ်အပိုင်းများကို သူ့နှလုံးအိမ်ထဲတွင် စနစ်တကျ မှတ်သားမွေးမြူ ထားလိမ့်မည်ဟု မှတ်ယူကောင်း မှတ်ယူနိုင် ပါလိမ့်မည်။

တစ်ချိန်က ပစ္စုပ္ပန်ဖြစ်ခဲ့သော အတိတ်များဆီသို့ အတိတ်တစ်ချိန်က အနာဂတ်ဖြစ်ခဲ့သော ယခုပစ္စုပ္ပန်မှ လည်ပြန်ကြည့်နေသော သူသည် ကာလနှင့်ဌာနခြားနားခဲ့ပြီဖြစ်သော ရပ်ဝန်းတစ်ခုဆီတွင် ခြားနားသောပုံသဏ္ဍာန်တစ်ရပ်ဖြင့် ခရီးဆက်နေဆဲ ဖြစ်ပါလိမ့်မည်…။ သူသည် မိုးရွာပြီးစ စက်တင်ဘာညနေခင်း တွင် ကျေနပ်ပျော်ရွှင်နေသော လူတစ်ယောက်ပင်ဖြစ်ကြောင်း သူ့သူငယ်ချင်းများ သိကောင်းသိနိုင်ပါလိမ့်မည်။

သောင်းထွန်း၊ အောင်ကြီးနှင့် အောင်နိုင်သူ…. တစ်ချိန်က သူငယ်ချင်းများသို့အမှတ်တရ….။

◄ တေဇာ ► စက်တင်ဘာ (၁၃) ၂၀၀၉

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ