Skip to main content

“သတ္တ၀ါတစ်ကောင်၏ သတ္တ၀ါတို့အပေါ် အမြင်”

မီမီမီ... ခေါ်လို့မှ လှည့်ကြည့်ရကောင်းမှန်းမသိသော နယူးဒေလီမြို့မှ ကြောင်များကို သူ မချစ်ပါ။ လူသားတစ်ယောက်က တရေးတယူ ခေါ်တာတောင် ဂရုစိုက်ဖော်မရသည့် မာနကြီးလှသော ကြောင်လေကြောင်လွင့်ကြီးများ တိုက်ခေါင်မိုးပေါ်တွင် အိနြေ္ဒကြီးစွာ အိပ်စက်နားနေပါသည်။ ဒေါင်းနှင့်မျောက်များ ရံဖန်ရံခါ တွေ့ရသည်။ နွားများ ကတ္တရာလမ်းမများပေါ်တွင် လမ်းသလားနေသည်။ မျောက်နှင့် ဒေါင်းကို အိန္ဒိယနိုင်ငံတွင် ဘေးမဲ့ပေးထားသည် ဆို၏။ ဒေါင်းက နိုင်ငံတော်ငှက်၊ မျောက်က ဘုရားဟု ဆိုသည်။ သူအမည်မသိသော မြင့်မားလှသည့်သစ်ပင်ကြီးများပေါ်တွင် ဒေါင်းကြီးများ နားနေသည်မှာ သူ့အတွက် တနည်းတဖုံကြောက်မက်ဖွယ် ကောင်းနေသည်။ ပျူစောထီးပုံပြင်ထဲက ရှူးပျံကြီးကိုကြောက်ခဲ့သော ငယ်စဉ်ဘ၀ အစွဲအလမ်းများကြောင့်လည်း ဖြစ်နိုင်သည်။ အရောင်အသွေးစုံလင်လှပသော ဒေါင်းမြီးများကိုမူ ကလေးဘ၀ထဲက သူ စိတ်ဝင်တစားမရှိခဲ့ပါ။ နွားများကတော့ ရန်ကုန်မြို့ရှိလမ်းဘေးခွေးများပမာ လမ်းဘေးနွားများသာ ဖြစ်သည်။ လူကို တစ်စက်ကလေးမှမကြောက်။ ကားလာလည်း လမ်းမဖယ်ပေး။ လမ်းမပေါ်တွင်ပင် ခပ်တည်တည်နေရာယူထားသည်။ အလိုလိုက်ထားလို့ ဆိုးသွမ်းနေသော ချာတိတ်များလို့သာ သူ သဘောထားရသည်။

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

မျောက်မှ လူသို့ ဆင်းသက်သည်ဆိုရာတွင် “ဆင်းသက်” ဆိုသောစကားရပ်၌ မူရင်းအရည်သွေးမှ


ယုတ်လျော့သွားခြင်း၊ နိမ့်ပါးသွားခြင်း အဓိပ္ပာယ်မျိုး ရှိနေကြောင်း ချောင်းကြည့်ပေါက်မှ မြင်ရသကဲ့သို့

သူမြင်နေရသည်။

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>


ဤနေရာတွင် အရင်က ၀ါတာကိုလာထဲမှ ရေခဲရေကို လာလာခိုးသောက်တတ်သော မျောက်တစ်ကောင်ရှိခဲ့ဖူးသည် ဆို၏။ သူရောက်လာချိန်တွင် ထိုသူငယ် မရှိတော့ပါ။ အိမ်ထောင်ကျသွားခြင်း၊ နယ်ပြောင်းသွားခြင်း၊ မြူနီစပယ်၏ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ငှက်ပျောခြံတွင် အလုပ်အကိုင်ကောင်းကောင်းရခြင်း၊ အသည်းကွဲသဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခြင်း... ဒါမှမဟုတ်လည်း တခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်ပေမည်။ ၎င်းနှင့် သူငယ်ချင်းဖြစ်ခွင့်မရခဲ့ခြင်း အတွက် သူ့တွင် ပြဿနာမရှိပါ။ ဒါဝင်လျှောက်တွေးခဲ့သလို ဘ၀ဟောင်းက ဆွေးမျိုးများပမာသာ စူးစမ်းလေ့လာချင်စိတ်ဖြင့် မျောက်များကို သူစိတ်ဝင်စားခဲ့ခြင်းသာ ဖြစ်သည်။

မျောက်မှ လူသို့ ဆင်းသက်သည်ဆိုရာတွင် “ဆင်းသက်” ဆိုသောစကားရပ်၌ မူရင်းအရည်သွေးမှ ယုတ်လျော့သွားခြင်း၊ နိမ့်ပါးသွားခြင်း အဓိပ္ပာယ်မျိုး ရှိနေကြောင်း ချောင်းကြည့်ပေါက်မှ မြင်ရသကဲ့သို့ သူမြင်နေရသည်။ မင်းထင်ကိုကိုကြီး၏ “မျောက်” ကဗျာတွင်မူ မျောက်တစ်ကောင်က ဤသို့ဆိုသည်။ “ကျုပ်ကိုလူတွေက အခန်းထဲထည့် ထားလို့ ချောင်းကြည့်ပေါက်ကနေ လူတွေဘာလုပ်နေလဲ ချောင်းကြည့်မိပါတယ်၊ ကျုပ်ဘာလုပ်နေလဲလို့ ချောင်းကြည့်နေတဲ့ လူရဲ့မျက်လုံးကြီးနဲ့ တည့်တည့်တိုးတော့ တာကိုး...။ ဒီထဲက တစ်နေ့ကျရင် ကျုပ်တို့ လူအဖြစ်ဆင်းသက်ရမယ်ဆိုတာ ပိုသေချာသွားတော့တယ်” ဟု ရေးထားသည်ကို သူအမှတ်ရလိုက်သည်။ “၀က်ဝံများ မီးကိုရှာဖွေတွေ့ရှိခဲ့ကြသည်” ဟူသော သိပ္ပံဝတ္ထုတိုကို ဘာသာပြန်ရန်အလို့ငှာ စိတ်ဝင်တစား ဖတ်ရှုကြည့်ခဲ့သော်လည်း ထူးထူးခြားခြားအချက်အလက်တစ်စုံတစ်ရာ မပါရှိသဖြင့် သူစိတ်လျှော့လိုက်ရဖူးသည်။ ၀က်ဝံများအနေဖြင့် ထိုမီးဖြင့် လူသားများကိုခြောက်လှန့်ရန်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။ လူသားများသည် ဆယ့်တစ်ပါးမကသော မီးများနှင့်ပင် လောင်ကျွမ်းရှင်သန်နေနိုင်စွမ်းရှိသော ထူးဆန်းသတ္တ၀ါတစ်မျိုးဖြစ်ကြောင်းကို ၀က်ဝံလောက၏ “လူသားအကြောင်း သိကောင်းစရာ” စာအုပ်တွင် မဖြစ်မနေထည့်သွင်း ထားသင့်ပေသည်။

◄ တေဇာ ► စက်တင်ဘာ (၁၅) ၂၀၀၉

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ