Skip to main content

ဘာသာတရားသည် လူသားတိုင်းအတွက်လား ?

ဘာသာတရားဆိုရာမှာ ခရစ်ယန်၊ ဟိန္ဒူ၊ အစ်စလာမ်၊ ဗုဒ္ဓ စတဲ့ လူများစုကိုးကွယ်တဲ့ ဘာသာတရားကြီးတွေကို ဆိုလိုတာလို့ ယူပါမယ်။ ဘာသာတရားလို့ သုံးနှုန်းထားတဲ့ အတွက် မေးခွန်းဟာ မည်သည့်ဘာသာ ပဲဖြစ်ဖြစ် ဘာသာတရား တစ်ခုခုကို ယုံကြည်ကိုးကွယ်နေခြင်းဟာ လူသားတွေ အတွက်လိုအပ်သလားလို့ ဆိုလိုချင်တာလို့ မှတ်ယူပါတယ်။ ဗုဒ္ဓဘာသာရယ်မှ ခရစ်ယန်ရယ်မှ တစ်သီးတခြား ဘာသာတရားတစ်ခုခုဟာ ပိုကောင်းတယ်လို့ မေးခွန်းထုတ်ချင်တာမဟုတ်ပါဘူး။ ဒီတော့ ဘာသာတရား ကိုးကွယ်မှုမရှိတဲ့လူတွေ (Atheist, Non Believer, Free Thinker) အကြောင်း နည်းနည်းပြောဖို့လိုပါတယ်။

လတ်တလောအခြေအနေအရ ကမ္ဘာ့နိုင်ငံတိုင်းမှာ မယုံကြည်သူ (Non Believer) အရေအတွက်ဟာ ခိုင်ခိုင်မာမာ တည်ရှိနေတာပါ။ အကြမ်းဖျင်း ကိန်းကဏန်းများကို ပြောရရင် အမေရိကမှာ (၃%)၊ စင်္ကာပူ (၁၃%)၊ ရုရှား (၂၄%)၊ သြစတြေးလျ (၂၄%)၊ အင်္ဂလန် (၃၁%)၊ ဂျာမနီ (၄၁%)၊ ဂျပန် (၆၄%)နဲ့ ဗီယက်နမ်မှာဆိုရင် (၈၁%) အထိ လူများစုဟာ မယုံကြည်သူများဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ ဒီစာရင်းဟာ မတိကျဘူးလို့ ထောက်ပြနိုင်ပေမဲ့ အမှန်နဲ့ နီးစပ်မှုရှိတယ်လို့တော့ ယူဆနိုင်ပါလိမ့်မယ်။ အပြည့်အစုံကို ဒီနေရာ မှာ သွားရောက်လေ့လာနိုင်ပါတယ်။ ဒီတော့ ဘာသာမဲ့အရေအတွက်ဟာ လူဦးရေအချိုးနဲ့ တွက်ကြည့်ရင် သိပ်မနည်းလှဘူးလို့ ဆိုရမှာပါ။ ဒါဆိုရင် ဘာသာမဲ့အချိုး များတဲ့နိုင်ငံတွေမှာ ရာဇ၀တ်မှု၊ ဥပဒေချိုးဖောက်မှု၊ ကြမ်းတမ်းရိုင်းစိုင်းမှုတွေ သိသိသာသာ ပိုမို များပြားနေပါသလား။ အဖြေက ရှင်းလင်းလှပါတယ်။ အီရန်၊ အီရတ်၊ အာဖဂန်နစ္စတန်တို့လို မိမိတို့ နိုင်ငံတော်ဘာသာကို နက်နက်ရှိုင်းရှိုင်းကိုးကွယ်တဲ့ နိုင်ငံတွေမှာ အကြမ်းဖက်မှုတွေ ပိုမိုများပြားတယ်ဆိုတာ အရမ်းရှင်းလင်းနေပါတယ်။ စစ်ရေးအခြေအနေကြောင့် အကြမ်းဖက်မှုတွေ ရှိနေတာပါလို့ ဖော့တွေးလို့ မရနိုင်ပါဘူး။ ဒီလို နိုင်ငံတွေမှတစ်ပါး တစ်ခြားသော ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း ဘာသာမဲ့တွေကြောင့်လို့ လက်ညှိုးထိုးနိုင်လောက်တဲ့ ဖြစ်ရပ်သာဓကတွေ ရှိမနေပါဘူး။ ဒီတော့ ဘာသာမဲ့တွေကြောင့် လူမှုရေးအရကိစ္စအ၀၀မှာ ပြဿနာမရှိနိုင်သလို၊ ဘာသာတရားတွေနဲ့ ထိန်းကွပ် ထားရမယ်ဆိုတာ အခြေအမြစ်မရှိဘူးလို့ ယူဆနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီကောက်ချက်ဟာ ယေဘုယျ ကောက်ချက်တစ်ခုသာ ရှိပါသေးတယ်။ ဆက်လက်ဆွေးနွေးပါ့မယ်။

ဘာသာမဲ့တွေအကြောင်း အနည်းငယ်သိဖို့လိုသလို ဘာသာတရားတွေအကြောင်းလည်း အနည်းအကျဉ်း သိဖို့လိုပါလိမ့်ဦးမယ်။ ဘာသာတရားတွေနဲ့ပတ်သက်ပြီး သိထားဖို့လိုတာက ဘာသာတရားဆိုတာတွေဟာ လူ့သမိုင်းရဲ့ ထီထွင်ဖန်တီးမှုတွေပဲ ဖြစ်ပါတယ်။ ရှေးဦးလူသားတွေဟာ အကြောက်တရားမှအစ၊ အဆင်ပြေချောမွေ့မှုအဆုံးအထိ မိမိတို့တတ်နိုင်စွမ်းမရှိတဲ့ အရာတွေအတွက် ရေနတ်၊ မီးနတ်၊ မိုးနတ်စသဖြင့် အမည်နာမ အမျိုးမျိုးပညတ်ထားတဲ့ နတ်ဘုရားတွေကို ကိုးကွယ်ယုံကြည်ခဲ့ကြတယ်။ လူ့သမိုင်းနဲ့ နှိုင်းယှဉ်လိုက်ရင် မနေ့တစ်နေ့ကလို့ ဆိုနိုင်လောက်တဲ့ အချိန်ကျမှသာ ယနေ့ထိ တည်ရှိနေတဲ့ ခိုင်ခံ့တဲ့ ဘာသာတရားကြီးတွေကို တည်ထောင်ကိုးကွယ်လာခဲ့ကြတာ ဖြစ်ပါတယ်။ ယနေ့ခေတ်ဘာသာတရား ဆိုတာကြီးတွေ မပါဘဲ နှစ်သန်းပေါင်းများစွာခရီးကို (♣) လူသားမျိုးနွယ်တွေ ဖြတ်သန်းရှင်သန်ခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီခေတ်ကာလတွေဟာ လူရိုင်းအဆင့်၊ မယဉ်ကျေးတဲ့လူသားတွေပါလို့ ပြောနိုင်ပေမဲ့... လူသားမျိုးနွယ် ပျက်သုန်းမသွားခဲ့သေးတာတော့ အသေအချာပါပဲ။ ခေတ်သမိုင်းရဲ့ အခြေအနေအရလည်း ကျောက်ခေတ်မှာ ငါးပါးသီလ စောင့်ထိန်းဖို့ အခြေအနေမပေးပါဘူး။ မျိုးနွယ်စုအတွက် စစ်တိုက်ရမယ်၊ အားနွဲ့တဲ့အမျိုးသမီးတွေကို ကျွန်လို သဘောထားမယ် စသည်ဖြင့် ခေတ်ကာလရဲ့ လူ့ယဉ်ကျေးမှုစနစ်တစ်ခုအောက်မှာသာ လူသားတွေ အသက်ရှင်သန်ကြရတာဖြစ်တယ်။ အဲဒီလို အခြေအနေကနေ ယနေ့အခြေအနေအထိ လူသားဟာ ခရီးဆက်ခဲ့ခြင်းဖြစ်ပါတယ်။

ဘာသာတရားမရှိရင် လူသားတွေဘာဖြစ်မလဲ...။ ဘာမှမဖြစ်ပါဘူး။ ဒါကျွန်တော့် ကိုယ်ပိုင် အမြင်ဖြစ်ပါတယ်။ ကဲ ... ကျွန်တော်က ပြန်မေးမယ်... ရှိရင်ရော ဘာဖြစ်မလဲ...။ ရှိရင် ပြဿနာရှုပ်ပါတယ်။ တကယ်တော့ ဘာသာတရားတွေဟာ တီထွင်သူ သိပ္ပံပညာရှင်ကြီးကို ပြန်သတ်သွားတဲ့ ဖရန်ကင်စတိန်းဆိုတဲ့ သတ္တ၀ါဆန်းကြီးနဲ့တူပါလိမ့်မယ်။ ဒါလည်း ကျွန်တော့် ကိုယ်ပိုင်အမြင်ဖြစ်ပါတယ်။ ဒီအမြင်ကို ခါးခါးသီးသီး ဆန့်ကျင်မှုတွေ ရှိမယ်ဆိုတာ သိပေမယ့် ဒီနေရာမှာ ကျွန်တော် အကျဉ်းအားဖြင့် ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမြေမှာ ကမ္ဘာစစ်ကြီးနှစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားစေရတဲ့အကြောင်း အရင်းတွေနဲ့ ဖြစ်ပွားပုံတွေကို ခဏဘေးချိတ်ထားပြီး တတိယကမ္ဘာစစ်ဖြစ်ရင် အနုမြူလက်နက်တွေကြောင့် တစ်ကမ္ဘာလုံး နိဂုံးချုပ်ရမယ့်အဖြစ်ရောက်တော့မယ်ဆိုတဲ့ ရှင်းလင်းလှတဲ့အချက်ကိုပဲ ပြောချင်ပါတယ်။ တတိယကမ္ဘာစစ်အတွက် အလားအလာရှိပါသလား။ ကျွန်တော်ဟာ ပညာရှင်တစ်ယောက်၊ ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘဲ အရပ်သားတစ်ယောက်သာဖြစ်တဲ့အတွက် အရပ်အမြင်နဲ့သာ ပြောခွင့်ပြုပါ။ တတိယအကြိမ်ကမ္ဘာစစ် မဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ဘာကြောင့်ဖြစ်ရမလဲလို့ မေးလာခဲ့ရင် ကိုလိုနီစိတ်ဓာတ်၊ ဟစ်တလာလို လူမျိုးကြီးဝါဒ အစွန်းရောက်သမား တစ်ဦးဦးကြောင့်ထက် ယနေ့အချိန်အခါမှာ ဘာသာရေးအစွန်းရောက်တွေကြောင့်ပဲ ဖြစ်လာနိုင်စရာ အလားအလာ ရှိပါတယ်။ ဘုရားသခင်ရဲ့လက်တော်လို့ မိမိကိုယ်ကို ယူဆပြီး အသေခံဗုံးခွဲကြတာ၊ တစ်ဘက်ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ခေါင်းစဉ်တပ်ပြီး စစ်ပွဲဆင်နွဲတာတွေဟာ ထင်ထင်ရှားရှားရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒါငါတို့မှမဟုတ်တာ၊ ငါတို့က မေတ္တာဝါဒီတွေ ပြောလို့ ရကောင်းရနိုင်ပေမဲ့ အနုမြူစစ်ပွဲဖြစ်ရင် ပျက်သုန်းရမှာက လူသားအားလုံးဖြစ်ပါတယ်။ ဘယ်ဘာသာဝင်တွေ ကျန်ရစ်စေရယ်လို့ ကွက်ကျားမိုးရွာမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ဘာသာရေးဆိုတာ အင်မတန် ပညာသားပါတဲ့ မှိုင်းတစ်ခုဖြစ်ပါတယ်။ စွဲလမ်းမှုတစ်ခုဖြစ်ပါတယ်။ ဘယ်လောက်ထဲ ပြင်းထန်သလဲဆိုရင် ဒီစာသားကို ဖတ်နေတဲ့ မိတ်ဆွေတောင် အခု မခံချင်စိတ်တွေ အပြင်းအထန် ဖြစ်ပေါ်နေတာကိုပဲ ပြန်စဉ်းစားကြည့်ပါ။ ဘာကြောင့် ကျွန်တော်တို့ ဘာသာရေးအတွက် ဆတ်ဆတ်ထိမခံ နာကျည်းတတ်ကြပါသလဲ။ ကျွန်တော်တို့ စိတ်အာရုံရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ငယ်စဉ်ကထဲက မေးခွန်းမထုတ်အပ်တဲ့၊ မပြစ်ပယ်အပ်တဲ့ ထာဝရအမှန်တရားတွေလို့ ရိုက်သွင်းဆုံးမခြင်း ခံခဲ့ရလို့ ဖြစ်ပါတယ်။ ဘာသာတရားတိုင်းမှာ မယုံကြည်မှုအတွက် ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ချပြပြီး ခြိမ်းခြောက်ထားတယ်။ ဘာသာတရားကြောင့် ဆော့ခရိတ္တိ အဆိပ်ခွက်နဲ့ ညားခဲ့ရတယ်၊ ဂယ်လီလီယို ထောင်နန်းစံခဲ့ရတယ်။ ဗုဒ္ဓဘာသာက ယုံကြည်မှုအဓိကမဟုတ်ဘဲ ကျင့်ကြံမှုသာ အဓိကလို့ ဆိုထားပေမဲ့ မယုံကြည်မှု “မိစ္ဆာဒိဌိ” ဟာ အကြီးမားဆုံး အပြစ်လို့ ဆိုထားတာ ရှိပါတယ်။ သရဏဂုံမတည်ရင် အပယ်လားမှာပဲလို့ ဆိုထားပါတယ်။ ကျင့်ကြံရာမှာတောင်မှ တရားရကြောင်းအင်္ဂါတွေထဲမှာ “ယုံကြည်မှု” ဟာ အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ယုံကြည်မှုမရှိဘဲ ကျင့်ကြံရင် ထိရောက်မှုမရှိဘူးလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဒီတော့ ယုံကြည်မှုဆိုတာ ဘာသာတရားတိုင်းမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေပြီး မိမိတို့ဘာသာကို ယုံကြည်မှုမရှိတဲ့လူတွေဟာ ငရဲကျမှာပဲလို့ ခြောက်လုံးတွေနဲ့ ချည်းပါပဲ...။

ကွန့်မန့်ပေးတာ အတော်လေးရှည်သွားပါပြီ...။ မယုံကြည်သူတစ်ယောက်ရဲ့ အယူအဆကို အကျယ်တ၀င့်ရေးသားဖို့ ရှိပါတယ်။ မည်သည့်ဘာသာတရားကိုမှ တိုက်ခိုက်စော်ကားလိုခြင်း မရှိပါ။ ထင်မြင်ယူဆချက်တွေကို လွတ်လွတ်လပ်လပ်ဆွေးနွေးခြင်းသာ ဖြစ်ပါတယ်။ အချိန်တန်ရင် ဘာသာတရားမဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် အလိုလို အသွင်ကူပြောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဘာသာမဲ့ဖြစ်ရတာ ကောင်းကြောင်းတော့ အာမခံနိုင်လိမ့်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေကို အေးငြိမ်းချမ်းသာခြင်းတရားတစ်ခုခု ဂတိမပေးနိုင်လို့ပါ။ ကျွန်တော်တို့ ဘာမှ မသိပါဘူး။ ဒီလိုပဲ မသိတဲ့အတိုင်းသာ ရိုးရိုးလေးနေထိုင်ပါတယ်။ ဆွေးနွေးခြင်းများကို ကြိုဆိုပါတယ်။

(♣) သက်တမ်းအရင့်ဆုံး သက်ရှိတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို လွန်ခဲ့တဲ့ နှစ်သန်းထောင်ပေါင်း (၃.၅) သန်း သက်တမ်းရှိပြီလို့ ခန့်မှန်းခဲ့ကြပြီး သိပ္ပံပညာရှင်အချို့ရဲ့ ဓာတုသက်သေခံ တွေ့ရှိချက်တွေအရ ဒီထက်စောကောင်းစောနိုင်တဲ့ သန်းလေးထောင်နီးပါးအထိ သက်တမ်းရှိနိုင်တယ်လို့ တွေ့ရှိခဲ့ကြတယ်။ လူသားနဲ့ လူသားတူမျိုးစိတ်တွေရဲ့ လက်တွေ့တွေ့ရှိရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၄.၄) သန်းကနေ (၆) သန်းအထိ သက်တမ်းရှိခဲ့ပြီလို့ ခန့်မှန်းကြတယ်...။

◄ တေဇာ ► စက်တင်ဘာ (၂၉) ၂၀၀၉

Comments

  1. 'ဒါကတော့ ဘယ်သူမှ ပြောလို့မရတဲ့ ကိစ္စပါ....။ဘာလို့လဲဆိုတော့..အားလုံးဟာ နေရာ ၊ဒေသ ရှုင်သန်မှုပုံစံ မတူလို့ပါ...။ကျွန်တော့်အတွက်..ထေရဝါဒ ဗုဒ္ဓဘာသာဟာ အသေအချာ တည်ရှိခဲ့ပေမယ့် ခင်ဗျားအတွက် အားလုံးမှန်ကန်ချင်မှ မှန်ကန်ပါလိမ့်မယ်....။ဒါကတော့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့
    အနေကန် သဘောတရားတခုပဲ ဖြစ်ပါလိမ့်မယ်..။ဒီကိစ္စနဲ့ ပတ်သတ်ပြီး..ဘယ်သူ့ကိုမှ အပြစ်ပြောစရာ မလိုပါဘူး...ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး...ကိုယ် ဘာကိုလုပ်နေတယ်ဆိုတာ..သိရင်..လုံလောက်တယ်လို့ ယူဆပါတယ်...။ဒါပေမယ့် ကိုယ်လုပ်တာ...ကို ပြန်လည်ဆန်းစစ်ရင် ပိုကောင်းမယ်...ထင်တာပဲ..(အားလုံးဟာ..အထင်နဲ့ တည်ဆောက်ထားတာချည်းပါပဲ..)

    ReplyDelete
  2. မတောက်တခေါက်ဝင်ပြောလိုက်ဦးမယ်...
    အစွဲတော့အစွဲပဲ...အဲဒီအစွဲကတော့သေသာသေသွားမယ် ဘယ်တော့မှပျောက်မှာမဟုတ်ဘူး..
    ဗုဒ္ဓ ဘာသာ မိဘနစ်ဦးကမွေးလာလို့ သား/သမီး က " ဗုဒ္ဓ ဘာသာ "
    ခရစ်ယန် မိဘနစ်ဦးကမွေးလို့ " ခရစ်ယန်ဘာသာဝင် " ဆိုပေမဲ့ ရုံကြည်သက်ဝင်တာမဝင်တာကိုပြောနေချင်းမဟုတ်ဘာ...( အစွဲကိုပြောနေချင်းသာဖြစ်ဘာသည် )
    ကျွန်တော်ကတော့ ဗုဒ္ဓ ဘာသာဝင် တစ်ယောက်ဖြစ်သိအလျှောက် ဗုဒ္ဓ ဘာသာဝင်ဆိုဘာတော့...
    ဒါပေမဲ့တခါတခါစဉ်းစားမိတယ်....
    အဲဒီဘာသာတွေကဘယ်လိုဖြစ်လို့ ကွဲပြားနေရသလို/ဘယ်ကနေဘယ်လိုကွဲပြားကုန်ကြသလဲဆိုတာကို..
    မရှိလို့လဲမဖြစ်ပြန်ဘူး.... ( လူတစ်ချို့အတွက်...ခြောက်လုံးပေါ့ ) :P
    တကယ်ကောရှိရဲ့လားလို့...
    နောက်ဘဝဆိုတာက ကို့အတွက်ဘယ်လိုမျိုး/ဘယ်လိုလုတ်ပြီးသိနိုင်မလဲ....
    လက်လန်းမှီသလောက်တော့ ဖတ်ဖြစ်ဘာသည် ထဲထဲဝင်တော့မဟုတ်တာသေချာတယ်...ဘာသာရေးစာအုပ် ( ကြိုက်လွန်းလို့မဟုတ်ဘာ )
    လက်တွေ့တော့မဟုတ်ဘာဘူး လူဝင်စား/ဘာလုတ်မိလို့ဘာဖြစ်သွားတာတို့/ဘယ်သူကတော့ဘယ်လိုဖြစ်တာ ဘာဘာညာညာပေါ့ ။

    PS>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
    [ ဒီတော့ ယုံကြည်မှုဆိုတာ ဘာသာတရားတိုင်းမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေပြီး မိမိတို့ဘာသာကို ယုံကြည်မှုမရှိတဲ့လူတွေဟာ ငရဲကျမှာပဲလို့ ခြောက်လုံးတွေနဲ့ ချည်းပါပဲ...။ ]
    <<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<

    ReplyDelete
  3. စာဖတ်သူSeptember 30, 2009 at 5:31 AM

    မတောက်တခေါက် ဝင်ဆွေးနွေးချင်ပါတယ်။ ဘာသာတရားအများစုဟာ လူတွေရဲ့ကြောက်စိတ်ကို အခြေခံပြီး ပေါ်ပေါက်လာတယ်လို့ လက်ခံထားမိပါတယ်။
    ဒါပေမယ့် ထေရဝါဒ ဗုဒ္ဓဘာသာကတော့ မယုံကြည်ရင် “ လာလော့ .ရှူလော့ .အားထုတ်လော့” လို့ ဖတ်ခေါ်ထားတဲ့ တစ်ခုတည်းသော အစမ်းသပ်ခံဘာသာဖြစ်ပါတယ်။ အဲဒါကြောင့် ကျင့်စဉ်လမ်းကို ညွှန်ပြထားပေမယ့် လျောက်မကြည့်ဘဲ လမ်းကိုပဲ အဝေးက သုံးသပ်နေရင် အမှန်တရားလား အမှားတရားလား ဆုံးဖြတ်ဖို့ခက်နေလိမ့်မယ် ထင်ပါတယ်။
    ဒီလိုပြောမိတာ ဒီစာဖတ်သူလည်း ငယ်စဉ်အခါ စာအများကြီးဖတ်ပြီး ဝေ့ဝဲခဲ့တာ စာနာမိလို့ ဖြစ်ပါတယ်။ ပြောချင်တာတွေ အများကြီးပေမယ့် အကိုးအကားစာအုပ်တွေ မညွှန်းနိုင်ဘဲ စိတ်ထဲရှိတာ ပြောမိခြင်းဖြစ်လို့ ခြွင်းချက်ထောက်စရာတွေ ဖြစ်နေနိုင်ပါတယ်။ဘာသာမဲ့အကြောင်းကိုတော့ နောက်တစ်ခေါက်မှ ဆွေးနွေးချင်ပါတယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  4. စကားလုံးတွေဟာ ဟိုဖက်ဒီဖက်ပိတ်ညှပ်ထားလို့ ဘာမှ မပြောတတ်အောင် ဖြစ်ရပါတယ်။

    ဘာသာတရားတိုင်းမှာ မယုံကြည်မှုအတွက် ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ချပြပြီး ခြိမ်းခြောက်ထားတယ်။ ဆိုတဲ့ စကားလုံးက အရင်စပြောရင် ခြိမ်းခြောက်ဆိုတဲ့ စကားကို သိပ်ကြောက်မိပါတယ်။

    တစ်ချို့နေရာတွေမှာ ချောက်ထဲ ကျသွားတော့မယ် လူကို ချောက်ထဲကျတော့မယ်လို့ ပြောတာဟာ ခြိမ်းခြောက်တယ်လို့ သုံးသင့်ပါသလားလို့ စဉ်းစားမိပါတယ်။

    မီးကို ပူတယ်လို့ စေတနာနဲ့ အမှန်ပြောတဲ့အခါ ကိုယ်တိုင်မစမ်းသပ်ကြည့်ပါဘဲ ခြောက်လုံးတွေလို့ သုံးနှူန်းခြင်းဟာ ကိုယ့်အလင်းတံခါးကို ကိုယ့်ဘာသာပိတ်ထားနေမိသလိုများ ဖြစ်နေသလားလို့ ထင်မိပြန်ပါတယ်။

    ကျွန်မလည်း ဘာမှသိလို့ ပြောတာမဟုတ်ပါဘူး။ အရင်က စာဖတ်သူအနေနဲ့ပဲ ကွန်မန့်ရေးခဲ့တာပါ။ အခုက နည်းနည်းဆွေးနွေးဖက်သဘောလေး ရောက်လာလို့ ရင်ထဲရှိတာ ပြောမိခြင်းသာ ဖြစ်ပါတယ်။

    အားပေးလျက် ...

    ReplyDelete
  5. မမယ်ကိုးရဲ့ ဆွေးနွေးချက်အတွက် ကျေးဇူးတင်ကြောင်း အရင်ဆုံးပြော လိုပါတယ်။ တကယ်တော့ ခြိမ်းခြောက်ထားတယ်ဆိုတဲ့စကားလုံးကို ကျွန်တော်သုံးနှုန်းခဲ့ရာမှာ သံသယကင်းရှင်းစွာနဲ့ သုံးထားခဲ့ခြင်း ဖြစ်ပါတယ်။ မမယ်ကိုးအနေနဲ့ ဗုဒ္ဓဘာသာရှုထောင့်က ဆွေးနွေးထားတာလို့ ယူဆပါတယ်။ ချောက်ထဲကျတော့မယ့် သူကို သတိပေးတဲ့ကိစ္စကို စဉ်းစားကြည့်ပါမယ်။
    ချောက်ကို သေခြင်းတရား/ငရဲ စသည်ဖြင့် ဥပမာပြုထားတယ် ထင်ပါတယ်။
    သေဆုံးသွားပြီးတဲ့နောက် ချောက်နက်ကြီးထဲ ကျွန်တော်တို့ ထိုးကျသွားကြပြီဆိုပါစို့...။ ချောက်နက်ကြီးအောက်မှာ ဆူးငြောင့်တွေ ထောင်ထားလား၊ နတ်ရေကန်ပဲလား၊ ဒါမှမဟုတ် လုံးဝအဆုံးမရှိတော့တဲ့ အသူရာချောက်ကြီးလား ကျွန်တော်တို့ မသိနိုင်ပါဘူး။ ရှင်းရှင်းပြောရရင် သေပြီးတဲ့နောက် ဘာဖြစ်မယ်ဆိုတာ အခုအသက်ရှင်နေတဲ့လူသားတိုင်း တစ်ယောက်မှ ဧကန်ဧကမသိကြပါဘူး။ အစွမ်းကုန် ရိုးသားကြမယ်ဆိုရင် သေပြီးတဲ့နောက် တစ်ခုခုဆက်ဖြစ်ဦးမှာလား ဆိုတဲ့ကိစ္စတောင် မသေချာပါဘူး။ (ဒါကို “နတ္ထိကဒိဌိ” လို့စွပ်စွဲနိုင်ပါတယ်။ ဟုတ်တယ်လို့လည်း ၀န်ခံပါတယ်။ ဒါပေမဲ့ နောက်ဘ၀ယုံနေကြတဲ့လူတွေဟာလည်း နတ္ထိကဒိဌိပြုတ်နေကြတာမဟုတ်ဘဲ စာတွေ့အားဖြင့် ပြောနေခြင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ သေခြင်းရဲ့ အခြားတစ်ဘက်မှာ ဘာဖြစ်မယ်ဆိုတာ လက်တွေ့သိနိုင်တဲ့အရာ (၀ါ) သက်သေပြနိုင်ကောင်းတဲ့အရာ မဟုတ်ပါဘူး။ သေသေချာချာ စဉ်းစားကြည့်စေချင်ပါတယ်) ဒီတော့ ချောက်အောက်မှာ ဘာရှိမလဲ လူသားအားလုံးသိကြတာမဟုတ်ပါဘဲနဲ့ ဟေ့ချောက်ထဲကျမယ် လှမ်းတားနေတာဟာ ခြိမ်းခြောက်ခြင်းလို့သာ ယူဆရပါမယ်။

    နောက်တစ်ခု... “ကိုယ်တိုင်မစမ်းသပ်ကြည့်ပါဘဲ” ဆိုတဲ့ စကားကို ဆွေးနွေးပါရစေ။ ကျွန်တော့်ပို့စ်ထဲမှာလည်း အကျဉ်းအားဖြင့် ပါပြီးသားဖြစ်ပါတယ်။ ဧဟိပဿိကောဂုဏ်တော်အရ လာလှည့်စမ်းပါ ရှုစမ်းပါဟု အစမ်းသပ်ခံနိုင်တယ် ဆိုထားပါတယ်။ ထို့အတူ “တရားရကြောင်းအင်္ဂါ (၅)ပါး” ထဲမှာ ယုံကြည်မှုက ပထမဦးဆုံးအချက်အနေနဲ့ ပါဝင်ပါတယ်။ စမ်းသပ်တယ်ဆိုထဲက ယုံကြည်မှုမရှိလို့သာ စမ်းသပ်တယ်လို့ သုံးနှုန်းထားတာဖြစ်လို့၊ မယုံလို့စမ်းသပ်သူဟာ တရားရကြောင်းအင်္ဂါတွေနဲ့ ပြည့်စုံညီညွတ်မှုမရှိတော့တာ တွေ့ရတယ်။ ဒီတော့ စမ်းသပ်လို့ အဲဒီလူ တရားမတွေ့ခဲ့ရင်လည်း ယုံကြည်မှုမှမရှိတာ ဘယ်တွေ့မလဲလို့ အပြောခံရမယ့်ကိန်းဆိုက်နေပြန်တယ်။ ဒီတော့ တရားတော်နှစ်ခုဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတယ်လို့ ယူနိုင်ပါလိမ့်မယ်။

    ReplyDelete
  6. ဒီအချက်တွေဟာ စာတွေ့အားဖြင့် အနိုင်ရလိုစိတ်ရှေ့ဆောင်ပြီး ငြင်းချက်ထုတ်နေတာမဟုတ်ပါဘူး။ စဉ်းစားစရာလေးတွေကို ထောက်ပြလိုခြင်းသာဖြစ်ပါတယ်။ ပြီးတော့ အဌကထာများဟာ ဗုဒ္ဓမြတ်စွာဘုရား နှုတ်ကပါတ်တော်တွေမဟုတ်ဘဲ သီဟိုဠ်ဘုန်းတော်ကြီးတွေ ဗုဒ္ဓဘုရားပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်းများစွာကြာမှ ရေးထားခဲ့ခြင်းဖြစ်သလို အခု ကျွန်တော်ဆွေးနွေးနေတဲ့ အချက်တွေဟာလည်း ဗုဒ္ဓတရားစစ်စစ် ဟုတ်မဟုတ် ကျွန်တော် မသေချာပါဘူး။ လက်တွေ့ကျတဲ့ ဆွေးနွေးစရာအချက်တချို့ ကျန်ပါသေးတယ်။

    ဗုဒ္ဓတရားတော်တွေကို ကိုယ်တိုင်ကျင့်ကြံဖို့၊ တစ်နည်း စမ်းသပ်ဖို့ ကိစ္စကို စဉ်းစားကြည့်ရင် ကျွန်တော်တို့ လူသားတွေရဲ့ နေ့စဉ်ဘ၀တွေမှာ စားဝတ်နေရေးကိစ္စလုံးပမ်းနေရတာနဲ့ အချိန်ရှိပါရဲ့လား၊ သာမန်လူတစ်ယောက်အတွက် ၀ိပဿနာတရားကျင့်ကြံဖို့ကိစ္စဟာ လက်တွေ့ကျမှုရှိပါရဲ့လား၊ သင်္ကြန်တွင်းတရားစခန်းဆယ်ရက် လောက်ဝင်တာဟာ တရားရဖို့ လုံလောက်မှုရှိပါသလား... ဒါတွေ စဉ်းစားဖို့ လိုလာပြန်တယ်။ လူသားတွေရဲ့ဘ၀ဟာ အမှန်တော့ နီးရာဓားကြောက်နေရတဲ့ ဘ၀မျိုးတွေပါပဲ။ ထမင်းမစားရ၊ ဗိုက်မ၀တဲ့လူတစ်ယောက်အတွက် သံသရာ လွတ်ကြောင်းကျင့်စဉ်ထက် ပိုက်ဆံရတဲ့အလုပ်လေးတစ်ခုက ပိုအရေးကြီးနေပါလိမ့်မယ်။ အဲ ဘုန်းကြီးဝတ်ဖို့အကြံပေးမယ်ဆိုပြန်ရင်လည်း ဆီလျော်မှုရှိမှာ မဟုတ်ပြန်ဘူး။ ကိုယ့်ကို ကျွေးမွေးထားတဲ့ မိဘအတွက် ဘာမျှမလုပ်ပေးနိုင်သေးဘဲနဲ့ ကိုယ့်သံသရာအကျိုးအတွက်ပဲကြည့်ပြီး ဘုန်းကြီးဝတ်တရားကျင့်နေလို့လည်း သာမန်လူတစ်ယောက်အတွက် သင့်တော်မှာမဟုတ်ပါဘူး။

    နောက်ဆုံးတစ်ခုအနေနဲ့ ပြောချင်တာက ဘာသာမဲ့တစ်ယောက်လို့ ၀န်ခံခြင်းဟာ ဗုဒ္ဓဘာသာကို ငြင်းပယ်တာမဟုတ်ပါဘူး။ ကျွန်တော်နားမလည်နိုင်တဲ့ (တစ်နည်း) ဉာဏ်မမီတဲ့ကိစ္စတစ်ခုကို မယုံကြည်ခြင်းသာ ဖြစ်ပါတယ်။ ခက်တာက အထက်မှာ ကျွန်တော်ပြောခဲ့သလို ဗုဒ္ဓဘာသာမှာ အပေါ်ယံကျော အားနည်းချက်လေးတွေ အများအပြားရှိတော့ ဒါတွေကို လိုက်ထောက်နေလို့လည်း တကယ်တော့ အပိုပါပဲ။ တကယ်ဆွေးနွေးသင့်တဲ့ကိစ္စက ၀ိပဿနာအကျင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလို ဒါတွေကို စောက်ချလုပ်ဖို့ရာ အခြေအနေအကြောင်းတရား လုံလောက်မှုရှိနေတာမဟုတ်ပါဘူး။ Rat Race ဆိုတဲ့အတိုင်း ငိုင်နေရင် ထမင်းငတ်ပေါက်ဖြစ်နေတဲ့ခေတ်ဆိုတော့ သံသရာအရေး မျှော်တွေးဖို့ဝေးနေတာပေါ့။

    တကယ်တော့ အခုပို့စ်ဟာ ဖိုရမ်တစ်ခုမှာ ကျွန်တော် Comment ပေးထားတဲ့ဟာကို ပို့စ်အနေနဲ့ ပြန်တင်ထားခြင်းသာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အမြင် ဘာသာမဲ့အယူအဆတွေကို အကျယ်ရေးဖို့ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးနည်းနည်းထည့်ပြောရရင် အခုလောလောဆယ်တော့ အိပ်ယာဝင်ခါနီး အာနာပါန (၀င်လေထွက်လေ) ခဏတစ်ဖြုတ်လောက် ရှုဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လုပ်နိုင်တာ ဒါလောက်ပါပဲ။ သမထဟာ နိဗ္ဗာန်ရောက်ကြောင်းမဟုတ်သလို ကျွန်တော်ကလဲ အဲလို ရည်ရွယ်ချက်မရှိပါဘူး။ တည်ငြိမ်အေးချမ်းမှုတစ်ခု လက်တွေ့ခံစားရ (ခံစားဖူး) လို့ လုပ်နေတာလောက်ပါ။ “ကာလာမသုတ်” ကို သတိပြုစေချင်ပါတယ်။

    ဂရုတစိုက်ဖတ်ရှုဆွေးနွေးပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ထပ်ပြောလိုပါတယ်ခင်ဗျား....။ ♥

    ReplyDelete
  7. ကိုတေဇာပြောသလိုပါပဲ ဗုဒ္ဓဘာသာရှုထောင့်က ကျွန်မ ဆွေးနွေးလိုက်မိတာ ဖြစ်ပါတယ်။
    အခုလည်း ဒီရှုထောင့်ကနေပဲ မတောက်တခေါက် ဖြေရှင်းချက်လေးတွေ ပြောပြချင်ပါတယ်။
    ခြိမ်းခြောက်ဆိုတဲ့ ထိတ်လန့်မိရာက အလျဉ်းသင့်ရာ ပြောလိုက်မိတဲ့ ချောက်ဆိုတဲ့ စကားလုံးက အစက ကျွန်မပြောပါရစေ။

    ကိုတေဇာဆိုသလိုပဲ ချောက်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာ ကျွန်မတို့ မသိကြပါဘူး။ဘာလို့ မသိတာလဲ ဆိုတော့ မြင်နိုင်တဲ့အလင်းမရှိလို့ပါ။ ဥာဏ်အမြင်မရှိလို့ပါ။ဘာလို့မမြင်တာလဲဆိုတော့ မှိုင်းမိနေလို့ပါ။ တိမ်ဖုံးနေလို့ပါ။
    ဘာလို့ ဒီအမှောင်ဖုံးနေတာလဲဆိုတော့ မကုသလို့ပါ။ တနည်း မကျင့်လို့ပါ။
    ဘာလို့မကျင့်တာလဲဆိုတော့ မသိလို့ပါ... တနည်းချောက်ရှိတယ်...ချောက်ထဲကျနိုင်တယ်ဆိုတာ မသိလို့ပါ...မယုံလို့ပါ။

    ဒီလိုနဲ့ မုန့်လုံးစက္ကူကပ်နေကြပါတယ်။ ဒါပေမယ့် ဒီချောက်ကို တနည်းလေယဉ်ပေါ်က ဖြစ်နေ အမြင့်တစ်နေရာက ဖြစ်စေ ကျင့်ကြံကြိုးစားလို့ သိရှိနားလည်ကာ ရှောင်ကွင်းသွားနိုင်သူတွေရှိုပါတယ်။ သူတို့က ဒီချောက်ရှိပါတယ်လို့ ပြောခဲ့ကြ။ ပြောနေကြပါတယ်။

    ဒါပေမယ့် ကျွန်မတို့ လက်မခံကြပါဘူး။ မြင်မှ မမြင်ရပဲလေ။ ဟုတ်ကဲ့ “ကာလာမသုတ်” အတိုင်းပေါ့။ ကိုယ်တိုင်ကြုံမှ ယုံနိုင်သူတွေ မဟုတ်လား။ ဒါပေမယ့် အမြင်လင်းရဖို့တော့ ကျွန်မတို့ မကြိုးစားကြပါဘူး။ပြောနေရင်းမှာပဲ ဂယ်လီလီယိုက ကမ္ဘာကြီးလုံးတယ်လို့ စပြောစအခြေအနေကို သတိရမိပါတယ်။ အဲဒီတုန်းက လူတွေက မယုံခဲ့ကြပေမယ့် ကမ္ဘာကြီးလုံးနေခဲ့ပါတယ်။ အဲဒီခေတ်က လူတွေက ကမ္ဘာကြီးမလုံးပါဘူးဆိုသလို ကျွန်မတို့ကလည်း ချောက်မရှိပါဘူး...ချောက်ထဲမှာ ဆူးတွေမရှိပါဘူးလို့ ပြောသလို ဖြစ်နေမိမှာလည်း ဆိုးပါတယ်။

    ဒီနေရာမှာ စမ်းသပ်ခြင်း။ယုံကြည်ခြင်းဆိုပြီး ကိုတေဇာပြောတာ ကျွန်မလက်ခံပါတယ်။
    ဒါပေမယ့် စမ်းသပ်တယ်ဆိုထဲက ယုံကြည်မှုမရှိလို့သာ ဆိုတာ လက်ခံပါတယ်။ မယုံလို့စမ်းသပ်သူဟာ တရားရကြောင်းအင်္ဂါတွေနဲ့ ပြည့်စုံညီညွတ်မှုမရှိတော့တာဆိုတာလည်း အမှန်ပါပဲ။
    ဒါပေမယ့် ဒီအထဲမှာ အလွန်အရေးကြီးတဲ့ အခန်းလေး ပျောက်သွားတယ်လို့ ထင်ပါတယ်။ အဲဒါက စမ်းသပ်ရင်း အလင်းစကို တွေ့လိုက်တာ။ ဒီလမ်းဟာ အမှန်ဆိုပြီး ယုံကြည်လိုက်တာ ပါပဲ။
    အဲဒီလို ယုံကြည်မှူနဲ့ ရှေ့ဆက်သွားမှသာ အမှန်တရားကို သိနိုင်မှာလို့ ကျွန်မ လက်ခံထားပါတယ်။

    နောက်တစ်ပိုင်းကတော့ “နတ္ထိကဒိဌိ” ဖြစ်ပါတယ်။ ကျွန်မလည်း ဘယ်ဒိဌိမှ မပြုတ်သေးပါဘူး။ မတော်တဆလည်း ဘာသာမဲ့ ဖြစ်နိုင်သေးသလို တခြားဘာသာလည်း ရောက်ချင်ရောက်သွားနိုင်သေးတဲ့ ပုထုဇဉ်အရိုင်းပါပဲ။

    ဒါပေမယ့် ဒီနေရာမှာ အလျဉ်းသင့်လို့ ကျွန်မရဲ့ ဥာဏ်အမြင်နဲ့ မဟုတ်ဘဲ ကြုံကြိုက်လို့သိခဲ့တာလေးလည်း ပြောပြချင်ပါတယ်။ကိုတေဇာပြောခဲ့တာက “အစွမ်းကုန် ရိုးသားကြမယ်ဆိုရင် သေပြီးတဲ့နောက် တစ်ခုခုဆက်ဖြစ်ဦးမှာလား ဆိုတဲ့ကိစ္စတောင် မသေချာပါဘူး။ ” ဆိုတဲ့ အကြောင်းလေးပါ။

    ကျွန်မကတော့ သေပြီးနောက်ဘဝက တခြားသောဘဝက သူနဲ့ ကြုံဆုံဖူးလို့ နောက်ဘဝ၊သံသရာဆိုတာ ယုံပါတယ်။ ကျွန်မရဲ့ ဦးလေးအရင်းသေဆုံးပြီးနောက်။ သရဲ ။ပြိတ္တာ အစရှိသလို သမုတ်နိုင်တဲ့ သတ္တဝါနဲ့ ကြုံဆုံခဲ့တာမို့ နောက်ဘဝဆိုတာတော့ အသေအချာယုံခဲ့ပါတယ်။

    ဒါကို သိပ္ပံနည်းကျ ခေတ်မီသူတွေက ဘယ်လို ဘယ်ဝါပြောကာ ချေဖျက်ချင်လည်း ကျွန်မရဲ့ ယုံကြည်ချက်ပြောင်းလဲမသွားပါဘူး။ လောကမှာ သိပံ္ပနည်းနဲ့ ရှင်းမပြနိုင်သေးတဲ့ အရာတွေရှိသေးတယ်လို့ ကျွန်မလက်ခံထားပါတယ်။

    နောက်တစ်ချက်က အဌကထာပါ။ ဒီနေရာမှာ ကိုတေဇာနဲ့ ကျွန်မ အမြင်တူပါတယ်။ မြင်းမိုရ်။မြောက်ကျွန်း ဒီအရာတွေဟာ အပေါ်ယံကျော အားနည်းချက်လေးတွေဖြစ်ပေမယ့် ကျွန်မ ဒီဘာသာကိုယုံပါတယ်။ ဒါပေမယ့် အသိခေါက်ခက် အဝင်နက်တဲ့ ကျွန်မဟာ ကိုတေဇာလောက်တောင် အကျင့်မရှိဘူးထင်ပါတယ်။

    သွားရင်းကျင့်။ စားရင်းကျင့်။ ဘယ်နေရာဘယ်အချိန်ပဲ ဖြစ်ဖြစ်။ နေရာမရွေးအချိန်မရွေး ။ သာသနာ့ဘောင်ထဲဝင်စရာမလို။ တရားစခန်းဝင်စရာမလို။ စီးပွားရေးလည်း မထိခိုက်ဘဲ ကျင့်နိုင်တဲ့ ဒီအကျင့်ကိုပဲ လောဘ။မောဟဆိုတဲ့ ကိလေသာမှိုင်းနဲ့ သတိလက်လွတ်ဖြစ်နေဆဲပါ။။

    နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ကျွန်မပြောခဲ့တဲ့ အကြောင်းအရာတွေကို ကိုတေဇာအနေနဲ့ ဖတ်ဖူးသိဖူးပြီးသားတွေပဲ ဖြစ်မှာပါ။ကျွန်မအနေနဲ့လည်း မိကျောင်းမင်း ရေခင်းပြသလို ဖြစ်မိတဲ့အတွက် ရှက်မိပါတယ်။ ဒါဟာ ပထမဆုံး ဘာသာရေးနဲ့ ပက်သက်ပြီး ပထမဆုံးအကြိမ်ရေးမိခြင်းပဲ ဖြစ်ပါတယ် ။

    ဒီလိုရေးမိတာကလည်း ကျွန်မကိုယ်တိုင် တရားလက်လွတ်စာတွေရေးနေသူဖြစ်ပေမယ့် ကိုယ်လေးစားတဲ့စာရေးသူတစ်ယောက်ဆီက အံ့အားသင့်စရာ စကားလုံးတွေ မြင်လိုက်ရလို့ မနေနိုင်စွာပြောလိုက်မိခြင်းဖြစ်ပါတယ်။ ပြီးတော့ ကျွန်မက ကိုတေဇာနဲ့ ဘက်တူဆွေးနွေးနိုင်လောက်အောင် အနားမှာ အကိုးအကားသာဓကကျမ်းစောင်ကြီးငယ်တွေ မရှိသလို လေ့လာစရာအချိန်လည်း မရှိသေးပါဘူး။

    ဒါကြောင့် ကိုတေဇာနောက်ရေးမယ့် ဘာသာမဲ့အယူအဆတွေကို နှုတ်ကလေးပိတ်ပြီးပဲ ဖတ်ပါတော့မယ်။ =)
    အားပေးလျက်...

    ReplyDelete
  8. ဟုတ်ကဲ့... ခုလိုရှည်ရှည်းလျားလျားဆွေးနွေးပေးတာတွေ့ရတော့ ၀မ်းသာမိပါတယ်။ ကျွန်တော့်မှာလည်း ကျမ်းကိုးကျမ်းကား စုံစုံလင်လင်မရှိလှသလို၊ ကျမ်းကြီးကျမ်းခိုင်တွေ ဖတ်ဖူးမှတ်ဖူးတဲ့လူလည်း မဟုတ်ပါဘူး။ နားလည်သလောက်လေး ဆွေးနွေးကြည့်တဲ့သဘောပါ။ တကယ်တော့ ဘာသာတရားတစ်ခုကို ဆင်ခြေစနစ်တွေနဲ့ခြေဖျက်ပြဖို့ဆိုတာ အိပ်မက်မက်နေသလိုပါပဲ။ ကျွန်တော့်အနေနဲ့က ဘာသာတရားတွေကို တိုက်ခိုက်နေမယ့်အစား ကိုယ်တွေးမိတာ စဉ်းစားမိတာလေးတွေကို တင်ပြဖို့လောက်ပဲ ရည်ရွယ်ပါတယ်။ တွေးမိတာတွေက ဘာသာရေးနဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေတော့... :P သဘောထားကြီးကြီးနဲ့ ဖတ်ရှုဆွေးနွေးပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ ဘာသာမဲ့အယူအဆဆိုရာမှာလည်း လောလောဆယ်အခြေအနေနဲ့ ရေးဖြစ်လောက်အောင် ရေးနိုင်လောက်အောင် အစွမ်းအစမရှိသေးဘူးလို့ ပြောရမှာပါ။ ဖြစ်တည်မှုဝါဒလောက်ကို သွင်းကုန်လုပ်ပြီး မြန်မာပြန်တာတချို့ လောက်ပါ။ ကျေးဇူးအထူး...♥

    ReplyDelete
  9. အခုခေတ် တိုးတက်လှပါတယ်ဆိုတဲ့ သိပ္ပံခေတ် လူသားတွေ ရှေးခေတ်ကဖန်တီးခဲ့တဲ့ ဒဏ္ဍာရီတွေအတွက် ရန်ဖြစ်နေကြတာ စစ်တိုက်နေကြတာကိုသာ ရှေးခေတ်က ဖန်တီးခဲ့တဲ့သူတွေသိရင် ရယ်ကြလိမ့်မယ်။

    "ဘာသာမဲ့တစ်ယောက်လို့ ၀န်ခံခြင်းဟာ ဗုဒ္ဓဘာသာကို ငြင်းပယ်တာမဟုတ်ပါဘူး။ ကျွန်တော်နားမလည်နိုင်တဲ့ (တစ်နည်း) ဉာဏ်မမီတဲ့ကိစ္စတစ်ခုကို မယုံကြည်ခြင်းသာ ဖြစ်ပါတယ်။" ဟုတ်တယ်။ မသိသေးတာကို မသိသေးခင်မှာ မသိသေးသလို သဘောထားတဲ့ သိပ္ပံရဲ့ ရိုးသားမှု အစွဲအလမ်းကင်းမှုကို သဘောကျတယ်။

    လောကကြီးက ဆန်းကြယ်လွန်းတော့ အဲဒါတွေကို ဖြေရှင်းဖို့အတွက် နီးစပ်ရာ hypothesis တွေကို ကျိန်းသေပေါက် အမှန်တရားအဖြစ် ယူဆလိုက်ကြတာ။ အဲဒီ့ ဘာသာရေးတွေရဲ့ hypothesis တွေထဲက တချို့ကတော့ လုံးဝမှားနေမှန်း ခုခေတ်မှာ သက်သေတွေ ရှိနေပြီ။

    ReplyDelete
  10. တော်တောင်ကောင်းတယ်ဗျာ။ကျွန်တော်နဲ့အပြင်မှာတွေ့ဖူးချင်တယ်ဗျာ။
    ကိုတေဇာရေးတာနဲ့ပတ်သက်ပြီးပြောချင်တာလေးတွေရှိလာတယ်ဗျာ။
    တစ်ချို့ဟာတွေက online ပေါ်မှာပြောလို့မကောင်းဘူး..။
    လူချင်းခင်ချင်ပါတယ်။
    ကျွန်တော့်ဖေ့စ်ဘုတ်က tunkyawlin ပါ
    tunkyawlin5@gmail.com
    ကျေးဇူးတင်ပါတယ်..။

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ