Skip to main content

ယန်းပေါဆတ်နှင့် တွေ့ဆုံခြင်း (၁)

ဆရာ “မောင်သာမည” ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။



၁၉၆၄ ခုနှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆုကို ငြင်းပယ်လိုက်သည့်အခါ ပြင်သစ်ဒဿန ဆရာကြီး ယန်းပေါဆတ်ကို လူအများက ပြန်လည် စိတ်ဝင်စား လာကြသည်။ (ထိုအချိန်တွင် သူ၏အသက်မှာ ၅၉ နှစ်ရှိပြီ) လူအများစိတ်ဝင်စားသည့် အရာနောက်သို့ လိုက်ပါတင်ပြကြရသော သတင်းမီဒီယာ သမားတို့သည်လည်း ဆရာကြီးယန်းပေါဆတ်နှင့် တွေ့ဆုံရဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို အလွန်တန်ဖိုးထားသော ယန်းပေါဆတ်နှင့် တွေ့ဆုံရဖို့ကား အလွန် ခက်ခဲသော အခွင့်အလမ်းတစ်ခုဖြစ်ခဲ့သည်။ ယင်းအခက်အခဲများ ကြားမှပင် ကမ္ဘာကျော် Playboy မဂ္ဂဇင်းကြီးသည် ယန်းပေါဆတ်၏ ချစ်မိတ်ဆွေ ဆိုင်မွန်ဒီဘိုးဗွား၏ အကူအညီဖြင့် သူ့ကို တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့သည်။ အောက်တွင် ယင်းတွေ့ ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်တချို့ကို ဖော်ပြလိုက်ပါသည်။

ပလေးဘွိုင် ◙ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့နောက်မှာ ဆရာက အလွန်တင်းကျပ်တဲ့ ဖြစ်တည်မှုဒဿနကို စာတမ်းတွေ၊ ၀တ္ထုတွေ၊ ပြဇာတ်တွေရေးပြီး တင်ပြနေခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း ကာမဂုဏ်စည်းစိမ်ချမ်းသာတွေနဲ့လည်း ပျော်မွေ့နေတယ်လို့ ပြောကြပါတယ်။ ဓလေ့ထုံးစံတို့ စည်းမျဉ်းစည်းကမ်းတို့ကို ဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ်နေထိုင်ကြတဲ့ အဆိုတော်တွေ၊ ပြဇာတ်သရုပ်ဆောင်တွေ၊ ဂီတသမားတွေ၊ ကချေသည်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆရာနဲ့ပတ်သက်ပြီး ဒီလို ယုံထင်ကြောင်ထင် ပြောဆိုနေကြတာကို ဘယ်လိုများရှင်းပြနိုင်မလဲ။

ယန်းပေါဆတ် ► ဂီတ၀ိုင်းတွေမှာ တီးမှုတ်သီဆိုနေကြတဲ့ လူငယ်တချို့က ကျွန်တော့်စာအုပ်တွေကို သဘောကျတာဟာ ကျွန်တော့်ဒဿနနဲ့ ပတ်သက်ရမယ်လို့ပဲ လူတိုင်းက ယူဆနေပါတယ်။ ဒါကြောင့် ညစ်တီးညစ်ပတ် အင်္ကျီကွက်ကျားတွေ ၀တ်နေကြတဲ့လူငယ်မျိုးဆက်တစ်ခုလုံးအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ပြောနေကြတယ်။ တော်တော်အဓိပ္ပာယ်မရှိတာပဲ။



ပလေးဘွိုင် ◙ “ပူပင်သောက” တို့ “မျှော်လင့်ချက်မဲ့စိတ်ပျက်မှု” တို့ဆိုတဲ့ ဆရာ့ရဲ့အတွေးအခေါ်တွေဟာ လတ်တလောနှစ်ကာလများအတွင်း ပြင်သစ်ပြည်မှာဖြစ်ပွားခဲ့တဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေ အတွက် တာဝန်ရှိတယ်လို့ မယူဆနိုင်ဘူးလား။

ယန်းပေါဆတ် ► ဟုတ်ကဲ့။ ဒီလိုပဲပြောဆိုနေကြတာပဲ။ ဂျာနယ်တစ်စောင်မှာဆိုရင် ကျွန်တော်နဲ့ပတ်သက်ပြီး လုပ်ကြံချဲ့ကားထားတဲ့ ဇာတ်လမ်းတွေနဲ့ ပြည့်နေတာပဲ။ ဇာတ်လမ်းတစ်ခုကို ပြောပြမယ်။ မိန်းကလေးတစ်ယောက်ကို ကျွန်တော်က ဖျားယောင်းမြှူဆွယ်ပြီး ကျွန်တော့်အခန်းကိုဖွင့်၊ အထဲကနေ အနံ့မကောင်းတော့တဲ့ ဒိန်ခဲကိုယူ၊ မိန်းကလေးရဲ့နှာခေါင်းနားကပ်ပြီး ရှူခိုင်းတယ်တဲ့။ ပြီးတော့ ပြတင်းပေါက်ကို ညွှန်ပြပြီး “သွားနိုင်ပြီ”လို့ ပြောသတဲ့။ မိန်းကလေးကိုယ်တိုင်က ပြောပြတာဆိုပြီး အဲဒီဂျာနယ်မှာဖော်ပြထားတဲ့ ကျွန်တော့်အကြောင်း ဇာတ်လမ်းတစ်ပုဒ်ပါ။

ဒါပေမဲ့ ကျွန်တော့်ကို အကျင့်ပျက်သူလို့ သူတို့ ဘာကြောင့်ယူဆနေတာလဲဆိုတာ ခင်ဗျားသိရဲ့လား။ ၁၉၄၅ ခုနှစ်ကစပြီး သတင်းစာတွေက ကျွန်တော့်ကို သေသွားပြီလို့ ဖော်ပြခဲ့ကြတယ်။ သတင်းစာတိုင်းက ဒီအတိုင်းရေးကြတော့ ကျွန်တော်သေသွားပြီလို့ ကောလာဟလဖြစ်တော့တာပေါ့။ ကျွန်တော်စာ စရေးတဲ့အချိန်က စပြီး ကျွန်တော်သေတဲ့သတင်းကို မနားတမ်းကြေငြာနေခဲ့တာပဲ။ ကျွန်တော်မရှိတော့ဘူး။ သင်္ချိုင်းအုတ်ဂူထဲ ရောက်သွားပြီလို့ မနားတမ်း ပြောနေခဲ့ကြပါတယ်။ ကျွန်တော်ဟာ သစ္စာဖောက်တစ်ယောက်ဖြစ်တယ်ဆိုပြီး သူတို့ ဒေါသထွက်နေခဲ့ကြတာပါ။ ကျွန်တော်ဟာ ဘူဇွာတစ်ယောက်ဖြစ်ပါလျက်နဲ့ ဘူဇွာလူတန်းစားကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်နေတယ်လေ။ အသက်ကြီးသူဖြစ်လျက်နဲ့ လူငယ်တွေနဲ့ပဲ အများဆုံး ပေါင်းသင်းနေတယ်လေ။ ကျွန်တော်က လူငယ်တွေနဲ့ အဆင်ပြေတယ်ဗျ။ လူငယ်တွေဟာ ကျွန်တော့်ရဲ့ အခြေခံလူထုပဲ။ အသက်လေးဆယ်ကျော်သွားတဲ့လူတွေကတော့ ကျွန်တော့်ကို သဘောမကျတတ်ဘူး။ သူတို့ ငယ်ငယ်တုန်းက သဘောကျခဲ့ရင်တောင်မှ အခု သဘောမကျတော့ဘူး။ သူတို့အမြင်မှာ ကျွန်တော်ဟာ သစ္စာဖောက်ပဲ။ မျိုးဆက်ပဋိပက္ခရန်ပွဲအတွင်းက သစ္စာဖောက်တစ်ယောက်ပဲ။ လူတန်းစား တိုက်ပွဲအတွင်းက သစ္စာဖောက်တစ်ယောက်ပဲ။ ၁၉၄၅ ခုနှစ်မျိုးဆက်က ကျွန်တော်ဟာ သူတို့အပေါ် သစ္စာဖောက်တယ်လို့ ယူဆနေပါတယ်။ သူတို့က ကျွန်တော်ရေးတဲ့ ထွက်ပေါက်မရှိ (No Exit) ပြဇာတ်နဲ့ အော်ဂလီ (Nausea) ၀တ္ထုကို ဖတ်ပြီး ကျွန်တော့်ကို သိခဲ့ကြတဲ့လူတွေပါ။ အဲဒါတွေရေးတဲ့အချိန်တွေတုန်းကဆိုရင် ကျွန်တော်ဟာ မာ့က်စ်ဝါဒဆန်တဲ့ ကျွန်တော့်အယူအဆတွေကို ရေးသားခြင်းမရှိသေးပါဘူး။ အဲဒီအချိန်တုန်းက မာ့က်စ်ဝါဒကို ကျွန်တော် စိတ်ဝင်စားခြင်းမရှိသေးပါဘူး။ ကျွန်တော်က ငယ်သေးတယ်။ ငွေရှိတဲ့မိသားစုမှာ မွေးဖွားလာသူဖြစ်တယ်။ ဒါကြောင့် ဆင်းရဲချို့တဲ့မှုတွေနဲ့ အလုပ်တွေရဲ့ တွန်းထိုးဖိစီးမှုကို တွေ့ကြုံစရာမလိုဘဲ ဒီလောကကြီးဟာ ငါ့လောကကြီးဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆမျိုး ရှိခဲ့ပါတယ်။ သည်အယူအဆနဲ့ပဲ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပါတယ်။

ပလေးဘွိုင် ◙  အဲဒီအချိန်တုန်းက ကိုယ့်ဘ၀နဲ့ပတ်သက်ပြီး ဘာလုပ်ချင်ခဲ့သလဲဆိုတာရော သိခဲ့ရဲ့လား။

ယန်းပေါဆတ် ► သိစပြုပြီလို့ ဆိုရမှာပဲ။ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်မှာ ကျွန်တော် စာရေးဆရာတစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ တက္ကသိုလ်မှာတက်ပြီး ဒဿနပညာကို လေ့လာခဲ့ရပါတယ်။ ကျွန်တော့်ရည်မှန်းချက်က စာပေဆိုင်ရာပါမောက္ခဖြစ်ဖို့ပါ။ အဲဒီအချိန်မှာ ဒဿနဆရာကြီး ဟင်နရီဘာ့ဂ်ဆန်ရေးတဲ့ စာအုပ်တစ်အုပ်ကို မမျှော်လင့်ပဲ ဖတ်လိုက်ရတယ်။ လူ့ရဲ့သိစိတ်အတွင်းမှာ အချိန်ကို တွေ့ကြုံခံစားရပုံအကြောင်း ခိုင်လုံတဲ့ယုတ္တိဗေဒနည်းနဲ့ ရေးသားဖော်ပြထားတာကို အဲဒီစာအုပ်ကြီးထဲမှာ တွေ့ရတယ်။ ကျွန်တော်ဟာ အဲဒီအတွေ့အကြုံရဲ့ အမှန်တရားကို ကိုယ်တိုင်တွေ့ကြုံ သဘောပေါက်သွား ခဲ့ပါတယ်။ သိပ်မကြာခင်မှာ ‘Phenomenology’ ကို တွေ့ရတော့တာပဲ။ ဘယ်လိုအရာကိုမဆို ခိုင်လုံတဲ့နည်းနဲ့ ပြောလို့ရတဲ့အကြောင်း ကျွန်တော် သိသွားပါတော့တယ်။ ဒဿနသင်ရိုးစာအုပ်တွေထဲက ဘာသာစကားထက်ပိုပြီးသာလွန်တဲ့ ပိုပြီး သိပ္ပံနည်းကျတဲ့ တွေးခေါ်နည်းမျိုးနဲ့ ပြောနိုင်တယ်ဆိုတာ သိသွားပါတော့တယ်။ စာပေနဲ့ ဒဿနပညာကို ခိုင်လုံတဲ့ဖော်ပြနည်းတစ်နည်းနဲ့ ပေါင်းစပ်ဖို့ အကြံရလာပါတယ်။ ဒဿနပညာက နည်းလမ်းနဲ့ စည်းကမ်းကိုပေးတယ်။ ကျွန်တော်စိတ်ဝင်စားတာက အရာဝတ္ထုနဲ့လူရဲ့ကြားမှာရှိတဲ့၊ လူတွေနဲ့ အဲဒီလူတွေကိုယ်တိုင်ရဲ့ကြားမှာရှိတဲ့ ထူးဆန်းခိုင်မှာတဲ့ ဆက်သွယ်မှုတွေကို ရှင်းလင်းရေးပဲ ဖြစ်ပါတယ်။

ပလေးဘွိုင် ◙  ဒီဆက်သွယ်မှုတွေကို စူးစမ်းရင်းနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်ဒဿနဆရာကြီး မာတင်ဟိုက်ဒဂ္ဂါးရဲ့ သြဇာလွှမ်းမိုးမှုကို ခံခဲ့ရတယ်လို့ ဆရာရေးခဲ့တယ်နော်။

ယန်းပေါဆတ် ►  ဟုတ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကျွန်တော်ဟာ စစ်သုံ့ပန်းတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ အကျဉ်းထောင်ထဲမှာတွေ့ရတဲ့ ဘုန်းကြီးတချို့က ဒဿနပညာအကြောင်းပြောပြဖို့ ကျွန်တော့်ကို တောင်းပန်ကြတယ်။ အဲဒီတုန်းက ထောင်ထဲမှာဖတ်ဖို့ ဂျာမန်တွေခွင့်ပြုတာ ဟိုက်ဒဂ္ဂါးရဲ့စာအုပ်တွေပဲ ဖြစ်တယ်။

ဟိုက်ဒဂ္ဂါးက အရာဝတ္ထုတွေဟာ နောက်ဆုံးမှာတော့ အသုံးအဆောင်တွေသာဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။ ကျွန်တော်ရဲ့ ပထမဆုံးအော်ဂလီ (Nausea) ၀တ္ထုထဲမှာ ကျွန်တော်ဟာ သစ်ပင်တွေကိုကြည့်ရင်း သူတို့ရဲ့ ပကတိသဘာဝကို စကားလုံးနဲ့ဖော်ပြဖို့ ကြိုးစားခဲ့ပါတယ်။ အရာဝတ္ထုတွေဟာ ဘာလဲ၊ ကျွန်တော်တို့လုပ်နေတာ ဘာလဲ။ ဟိုက်ဒဂ္ဂါးရဲ့အမြင်အရဆိုရင် သစ်ပင်ဆိုတာ ထင်းအတွက်ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဆောက်အအုံအတွက်ဖြစ်ဖြစ် ခုတ်လှဲရမယ့်အရာသာဖြစ်တယ်။ သစ်ပင်ဆိုတာ အသုံးချစရာသာ ဖြစ်တယ်။ လူလည်းသစ်ပင်လိုပဲ၊ ဒါပေမဲ့ လူက သူကိုယ်ကို သိမြင်ခွင့်ရှိတယ်။ ကိုယ့်အတွက်ရော သူများအတွက်ပါ ရွေးချယ်ခွင့်ရှိတယ်။ လူ့ဘ၀ရဲ့အဆောက်အအုံကို စူးစမ်းချင်ရင် အဲဒီအဆောက်အအုံ အောက်မှာ ရှိတဲ့အရာတွေကို ငဲ့စောင်းကြည့်ပြီးမှ စူးစမ်းနိုင်ပါမယ်။ လူ့လိုအပ်ချက်တွေဆီ၊ အလုပ်ဆီ၊ ကိရိယာတန်ဆာပလာတွေဆီ ကျွန်တော်တို့ကိုပြန်ပို့ပေးတဲ့ တခြား အဆောက်အအုံတွေအားလုံးကိုပါ ငဲ့စောင်း ကြည့်ရပါမယ်။

တကယ်က ကျွန်တော်ဟာ ကော်ဖီတစ်ခွက်ဖျော်တယ်ဆိုရင်တောင် လောကကြီးကို ပြောင်းလဲပစ်တာပဲ ဖြစ်တယ်။ “ဖြစ်တည်မှုဝါဒနဲ့ လူသားဝါဒ”ဆိုတဲ့ ကျွန်တော့်ဟောပြောချက်ထဲမှာ လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ (ကြီးငယ်မဟူ) အဲဒီလူကို လူ့လောကကြီးတစ်ခုလုံးအတွက် ဆုံးဖြတ်ပြဌာန်းပေးသူ ဖြစ်အောင် လုပ်နေတယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒါကြောင့် လူသားဟာ သူ့ရဲ့ဆုံးဖြတ်ချက်အတိုင်း လုံးဝတာဝန်ရှိနေပါတယ်။

ပလေးဘွိုင် ◙  “လူသည် လွတ်လပ်မှုဒဏ်ကျခံနေရသည်” လို့ ဆရာရေးခဲ့တယ်။ ဒါဟာ ဘာကိုဆိုလိုတာပါလဲ။

ယန်းပေါဆတ် ►  လူဟာ ဒီလောကကြီးအတွင်းကို ကင်းလွတ်ခွင့်လုံးလုံးမရှိဘဲ တာဝန်အပြည့်နဲ့ ပစ်လွှတ်ခံလိုက်ရတဲ့အတွက် ကျခံနေရတယ်လို့ ဆိုလိုက်ခြင်းပါပဲ။ အစဉ်ထာဝရတည်ရှိတဲ့ တန်ဖိုးတရားတွေက သူ့ကို စွန့်ခွာသွားကြတယ်။ ကျွန်တော်တို့လူသားတွေဟာ ကိုယ့်တန်ဖိုးတရားတွေကို ကိုယ့်ဘာသာ ဖန်တီးကြရပါတယ်။

ပလေးဘွိုင် ◙  ဘယ်လိုဖန်တီးရမှာလဲ ဆရာ။

ယန်းပေါဆတ် ►  “ပင်ကိုမူလရွေးချယ်မှု” လို့ ကျွန်တော်သုံးနှုန်းထားတာ ရှိပါတယ်။ သည်စကားလုံးဟာ ကာလတစ်ခုအတွင်း ဖြစ်ပျက်တဲ့အရာကို ဖော်ပြရမှာ ကျွန်တော်သုံးနှုန်းတဲ့စကားလုံး ဖြစ်ပါတယ်။ ဒီကာလက ထင်တာထက်ပိုကြာတဲ့ ကာလပါ။ ဒီကာလအတွင်းမှာ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို တစ်စုံတစ်ခု ဖန်တီးမှု ပြုပါတယ်။ ဒီကာလအတိုင်မီကတော့ သူ့ကို တခြားလူတွေက ဖန်တီးနေခဲ့တာပါ။ ကျွန်တော်တို့ဟာ တခြားလူတွေရဲ့ ဖန်တီးခြင်းခံရတာနဲ့ စခဲ့ကြတာပါ။ ပြီးတော့မှ တခြားလူတွေရဲ့ ကိုယ့်အပေါ်ဖန်တီးမှုကနေ ထွက်မြောက်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်ဖန်တီးတဲ့ အချိန်ကာလမှာ ဆန့်ကျင်ဘက်တွေ ထိပ်တိုက်တိုးတဲ့ ဒွန္နဖြစ်စဉ်တစ်ခု ပေါ်လာတယ်။ ကိုယ်မျှော်လင့်ထားတာနဲ့ အလွန်ခြားနားတဲ့ ကိုယ့်ကိုယ်ကို ပြန်လည်တွေ့ရှိရ ခြင်းပါပဲ။ ဒါဟာ လွတ်လပ်မှုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလွတ်လပ်မှုဟာ သာယာကြည်နူးဖို့ကောင်းတဲ့ အရာတော့ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က “လွတ်လပ်မှုဒဏ်ကျခံရသည်” ဆိုတဲ့ အသုံးအနှုန်းမျိုးကို သုံးခဲ့တာပါ။

ပလေးဘွိုင် ◙  သည်အသုံးအနှုန်းနဲ့ ယန်းဂျနီး Jean Genet ကို ဆရာဖော်ပြခဲ့တာပဲလေ။ ဂျနီးဟာ ဘယ်ပုံဘယ်နည်းနဲ့ လွတ်လပ်မှုဒဏ် ကျခံခဲ့ရတာပါလဲ။

ယန်းပေါဆတ် ►  ဂျနီးဟာ ကလေးဘ၀မှာ အပြစ်ပေးခံရခြင်းအားဖြင့် လုံးဝပျက်ယွင်းခဲ့ရပါတယ်။ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေက သူ့ကို ပုံပျက်အောင် လုပ်ပစ်ပါတယ်။ ဒါပေမဲ့ လူငယ်ကလေး ဂျနီးဟာ ကိုယ့်ကိုယ်ကိုပြန်လည်ဖန်တီးဖို့အတွက် ခွန်အားတွေ စိတ်ဆန္ဒတွေ အသိဉာဏ်တွေ လုံလုံလောက်လောက် ရှိခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ပုံပျက်နေတဲ့အတ္တကနေ ကိုယ့်ကိုယ်ကို ပြန်လည်ဖန်တီးပါတယ်။ ဒါပေမဲ့ ဘာတွေပဲ သူဖန်တီးဖန်တီး သူ့ရဲ့ရည်ရွယ်ချက်တွေဟာ သူတကယ်လိုချင်တာတွေနဲ့ ခြားနားတဲ့အကျိုးဆက်တွေကိုပဲ ဖြစ်စေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးနည်းတူ သူဟာလည်း သူ့ဘ၀ကိုသူပေးခဲ့တဲ့ လားရာလမ်းကြောင်း အတွက် လုံးဝ တာဝန်ရှိနေတာပါပဲ။ ဂျနီးဟာ သူ့ရည်မှန်းချက်ပန်းတိုင်ကို မရောက်ပါဘူး။ တကယ်ပြောရရင် သူ့မှာ ရည်မှန်းချက်ပန်းတိုင် သီးသီးသန့်သန့် မရှိပါဘူး။ “ကဗျာဆရာဂျနီး” ဖြစ်တဲ့အချက်က “ရာဇ၀တ်သားဂျနီး” အတွက် သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိစေခဲ့ပါတယ်။ ဒါပေမဲ့ သည်အဖြစ်ကပဲ အကျဉ်းထောင်ရဲ့ အနှိမ်ခံဘ၀က လွတ်မြောက်အောင် ရုန်းကန်မှုဖြစ်တဲ့ သူ့ကဗျာတွေရဲ့ အရင်းအမြစ်ကိုလည်း ခန်းခြောက်စေခဲ့ပါတယ်။ သူ့ဘ၀ရဲ့ ဖန်တီးမှုရှိခဲ့တဲ့ကာလ၊ သူ့ကဗျာတွေထဲမှာ လေးနက်တဲ့အဓိပ္ပာယ်တစ်ခုရှိတဲ့ ကာလဟာ အကျဉ်းထောင်နဲ့ အနှိမ်ခံဘ၀ကလွတ်မြောက်အောင် ရုန်းကန်နေတဲ့အချိန်အတွင်းမှာသာ ပေါ်ခဲ့တာ ဖြစ်ပါတယ်။ လူတွေလုပ်ကြံဖန်တီးတဲ့ သူ့အကြောင်း ဒဏ္ဍာရီတွေနဲ့ပတ်သက်ပြီး သူ့ခံစားချက်တွေကို ထုတ်ဖော်တင်ပြနေတဲ့အချိန်အတွင်းမှာသာ ပေါ်လာခဲ့တာပါ။ လူ့အဖွဲ့အစည်းကို ပြန်ဝင်ရောက်ခြင်းအားဖြင့် ဘူဇွာအငယ်စားဖြစ်အောင်ကြိုးစားချက် အောင်မြင်သွားတဲ့အခါမှာတော့ သူ့စာတွေဟာ လေးနက်တဲ့အဓိပ္ပာယ် မရှိတော့ဘူး။ သူဟာ သူ့ဘ၀ရဲ့ဒဏ္ဍာရီတွေကနေ ကင်းရှင်းပြီး လုံးဝလွတ်လပ်သွားတယ်။ ဒါပေမဲ့ ဖြစ်လာတဲ့ အကျိုးရလဒ်တွေက သာယာဖွယ်မဟုတ်ဘဲ ညစ်ညူးဖွယ်သာ ဖြစ်တယ်။ လွတ်လပ်တဲ့အချိန်မှာ သူဟာ အဖော်မဲ့ တစ်ကိုယ်တည်းဖြစ်နေတယ်။

ပလေးဘွိုင် ◙  “ယင်ကောင်များ” ပြဇာတ်မှာ “လွတ်လပ်မှုသည် သူ၏မီးရှူးတိုင်ကို လူတစ်ယောက်၏နှလုံးသား အတွင်း ထွန်းညှိပြီးသည်နှင့်တစ်ပြိုင်နက် နတ်ဘုရားတို့တွင် ထိုသူ့ကိုဆန့်ကျင်နိုင်သည့် တန်ခိုးစွမ်းအားများ ကင်းမဲ့သွားကြကုန်၏” လို့ ဆရာရေးခဲ့ပါတယ်။ ဘုရားမဲ့ဝါဒီတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုကြွေးကျော်ထားတဲ့ ဆရာက “နတ်ဘုရားတို့တွင် တန်ခိုးစွမ်းအားများ ကင်းမဲ့ကုန်၏” လို့ ရေးသားလိုက်ခြင်းဟာ “ဘုရားသခင်” ရှိတယ်လို့ အသိအမှတ်ပြုလိုက်တာလား။

ယန်းပေါဆတ် ►  ကျွန်တော့်မှာ လွတ်လပ်မှုနဲ့ပတ်သက်တဲ့ ဒီသဘောတရားရှိနေတာဖြစ်တော့ ဘုရားသခင်ရှိတယ်လို့ မယုံကြည်လို့ဆိုတာ သေချာတာပေါ့ဗျာ။ နေရာတော်တော်များများမှာတော့ ခရစ်ယာန်ဘာသာရဲ့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ရှုထောင့်တစ်ခုကို လူတွေသတိမူမိအောင် လုပ်ခဲ့ပါတယ်။ ကက်သလစ်အသင်းတော်ရဲ့ ဘုန်းတော်ကြီးတွေ (အထူးသဖြင့် သြဂတ်စတင်း) ရဲ့ အလိုအရ ဘုရားသခင်ဟာ လူ့လွတ်လပ်ခွင့်ကို တန်ဖိုးထားလေးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒီလွတ်လပ်မှုကို လေးစားတဲ့သူအနေနဲ့ လူကို လွတ်လပ်သူအဖြစ် ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် ခရစ်ယာန်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအတွက် ဘုရားသခင်က ရှင်းပြပေးလိမ့်မယ်ဆိုတာမျိုး လုပ်လို့မရဘူး။ ကိုယ့်ဘာသာပဲ ရှင်းရလိမ့်မယ်။ ဘုရားသခင်ရဲ့ ပညတ်ချက်တွေကို အားကိုးဖို့ဆိုတာက လွယ်လွန်းနေပါတယ်။ တကယ့်လက်တွေ့မှာတော့ ကျွန်တော်တို့လို ဂျနီးတို့လို တခြားလူတွေလိုပဲ ဘယ်သူ့မှ အားကိုးလို့မရဘူး။ အဖော်မဲ့ တစ်ကိုယ်တည်းချည်းဖြစ်ပါတယ်။ “ဘုရားသခင်ရဲ့မဟာဂရုဏာတော်” ဆိုတဲ့ တရားရှိပါတယ်။ လက်တွေ့မှာလည်း ဒီလိုသဘောတရားတွေ တော်တော်များများရှိနေပေမယ့် မဟာဂရုဏာတော်ကြီး ဖြန့်ကျက်သက်ဝင်နေတဲ့အချိန်မျိုးမှာပင် ကိုယ်တစ်ယောက်တည်း ဘုရားသခင်ကို ရင်ဆိုင်နေရတဲ့ ကာလမျိုး ရှိနေပါသေးတယ်။ ဘုရားသခင်မှာ ဘာမှပြောစရာဆိုစရာ မရှိပါဘူး။ ပုံစံပြရရင် အယ်ဂျီးရီးယားစစ်ပွဲနဲ့ ပတ်သက်ပြီး သူဘာမှမပြောဘူး။ အသင်းတော်ရဲ့ ခေါင်းဆောင်တွေထဲမှာ သိမ်မွေ့နူးညံ့သူတွေရှိသလို ရိုင်းစိုင်းတဲ့သူတွေလည်း ရှိပါတယ်။ တကယ်စစ်မှန်တဲ့ ကိုယ်ကျင့်သီလတရားကို ဂရုထားတဲ့သူတွေရှိသလို အသင်းတော်ကြီးပွားချမ်းသာရေးကိုသာ ဂရုစိုက်တဲ့သူတွေလည်း ရှိပါတယ်။

ပလေးဘွိုင် ◙  ဆရာရဲ့ ကိုယ်ပိုင်ဘာသာရေးသဘောတရားကို ခြေတစ်လှမ်းလောက်တိုးလိုက်ရအောင်။ “ထွက်ပေါက်မရှိ” ဆိုတဲ့ပြဇာတ်ထဲမှာ “ငရဲဟူသည် တပါးသူတို့ ဖြစ်သတည်း” လို့ ရေးထားတာကို ရှင်းပြပေးပါလား။

ယန်းပေါဆတ် ►  မွေးဖွားလာရတဲ့အချိန်မှာ ပျပ်ဝပ်နာခံရတဲ့ အခြေအနေတစ်ခုအတွင်းကို ကျရောက်သွားပြီဆိုရင် တခြားသူတွေဟာ ငရဲပဲဖြစ်ပါတော့တယ်။ ခင်ဗျားဟာ လူချမ်းသာတစ်ယောက်ရဲ့ သားအဖြစ် မွေးဖွားလာရမယ်။ ဒါမှမဟုတ် အယ်ဂျီးရီးယားက လူမျိုးတစ်ယောက်ရဲ့သားအဖြစ် မွေးဖွားလာရမယ်၊ ဒါမှမဟုတ် ဆရာဝန်တစ်ယောက်ရဲ့သားအဖြစ် မွေးဖွားလာရမယ်၊ ဒါမှမဟုတ် အမေရိကန်နိုင်ငံသား တစ်ယောက်ရဲ့ သားအဖြစ် မွေးဖွားလာရမယ်။ ခင်ဗျားအတွက် ပြောင်းလဲလို့မရမယ့်အနာဂတ်တစ်ခုကို အသေးစိတ်ရေးဆွဲစီမံပြီးသွားပြီ။ ဒီအနာဂတ်ဟာ ခင်ဗျားအတွက် တခြားလူတွေက စီမံလိုက်တဲ့ အနာဂတ်ဖြစ်တယ်။ ဒီအနာဂတ်ကို တခြားသူတွေက တိုက်ရိုက်ဖန်တီးလိုက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားဘ၀ကိုဖန်တီးတဲ့ လူမှုစနစ်တစ်ခုမှာ သူတို့ကလည်း အစိတ်အပိုင်းအဖြစ် ပါဝင်နေကြပါတယ်။ ခင်ဗျားဟာ လယ်သမားတစ်ယောက်ရဲ့သားဖြစ်မယ်ဆိုရင် လူမှုစနစ်က ခင်ဗျားကို မြို့ကိုရွှေ့လာအောင် လုပ်လိမ့်မယ်။ မြို့မှာရှိတဲ့ စက်ယန္တရားတွေက စောင့်နေပါတယ်။ ဒီစက်ယန္တရားတွေက သူတို့လည်ပတ်ဖို့အတွက် ခင်ဗျားတို့လို လယ်သမားတွေကို လိုအပ်နေပါတယ်။ ဒါကြောင့် ခင်ဗျားရဲ့ဘ၀ကံကြမ္မာဟာ အရင်းရင်ဝါဒရဲ့ဖိအားတစ်မျိုးကြောင့် တော်ရပ်ဌာနေကိုစွန့်ခွာပြီး မြို့မှာ အလုပ်လုပ်ရတဲ့ အလုပ်သမားတစ်ယောက် ဖြစ်ဖို့ပါပဲ။ စက်ရုံဟာ ခင်ဗျားဘ၀ရဲ့ လုပ်ငန်းဆောင်တာတစ်ခုဖြစ်လာတယ်။ ခင်ဗျားရဲ့ဘ၀၊ ခင်ဗျားရဲ့ အရှိတရားကဘာလဲ။ ခင်ဗျားလုပ်နေရတဲ့အလုပ်အကိုင်ဟာ ခင်ဗျားဘ၀ပဲ။ ဒီအလုပ်အကိုင်ဟာ ခင်ဗျားကို လုံးလုံးလျားလျား လွှမ်းမိုး ချုပ်ကိုင်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်အကိုင်က ခင်ဗျားကို အခကြေးငွေပေးပြီး တိုက်စားပစ်နေတယ်။ ဒီအခကြေးငွေက ခင်ဗျားရဲ့ လူနေမှုအဆင့်အတန်းကို တိတိကျကျသတ်မှတ်ပေးတယ်။ ဒါတွေအားလုံးဟာ တခြားသူတွေက ခင်ဗျားအပေါ် အတင်းအကြပ်ဖန်တီးထားတာတွေချည်းပါပဲ။ ငရဲဆိုတာ ဒီလိုဖြစ်တည်မှုမျိုးအတွက် တကယ်သင့်မြတ်ဆီလျော်တဲ့ စကားပဲ ဖြစ်ပါတယ်။ အယ်ဂျီးရီးယားနိုင်ငံမှာ ၁၉၃၀ ခုနှစ်နဲ့ ၁၉၃၅ ခုနှစ်အတွင်း မွေးဖွားလာတဲ့ ကလေးတစ်ယောက်ကို ကြည့်ပါလား။ ဒီကလေးဟာ ဗုံးဒဏ်ကြောင့် သေချင်သေရမယ်။ ဒါမှမဟုတ် ညှင်းပမ်းနှိပ်စက်မှုတွေ ခံချင်ခံရမယ်။ ဒါပဲ သူ့ကံကြမ္မာပါ။ ဒါဟာ ငရဲလည်း ငရဲပါပဲ။

ပလေးဘွိုင် ◙  သည်လိုကံကြမ္မာမျိုးက လွတ်မြောက်ဖို့ မျှော်လင့်ချက်မရှိဘူးလားဆရာ။ ထွက်ပေါက်မရှိဘူးလား။

ယန်းပေါဆတ် ►  ရှိတာပေါ့ဗျာ၊ တကယ့်ကိုရှိတာပေါ့။ ကိုယ့်အပေါ်မှာ လူတွေက စီမံဖန်တီးထားတာတွေကို ဆန့်ကျင်တန်ပြန်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်နိုင်ပါတယ်။ ကြည့်လေ။ အယ်ဂျီးရီးယားကလေးငယ် တစ်ယောက်ဟာ နှိပ်စက်ခံရဖို့ ဒါမှမဟုတ်ရင်ရင်း သေဆုံးရဖို့ (ကြိုတင်ပြဌာန်းထားတဲ့) ကံကြမ္မာရှိနေပေမယ့် ဒီယနေ့မှာတော့ ဆန့်ကျင်တော်လှန်တဲ့အလုပ်ကို လုပ်နေတာပဲ။ အစောတုန်းကပြောခဲ့တဲ့ ဂျနီးဟာလည်း သည်လိုပဲ။

ပလေးဘွိုင် ◙  ဆရာက အနုပညာရှင်တွေနဲ့ တော်လှန်ရေးသမားတွေကိုပဲ ညွှန်းနေတာပဲ။ သည်လောကကြီးအတွင်းမှာ ကိုယ့်ကြမ္မာကို ကိုယ့်ဘာသာပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့သူတွေ အများအပြား ရှိတယ်လို့ ဆရာမယူဆဘူးလား။

ယန်းပေါဆတ် ► ပြဌာန်းထားတဲ့ကြမ္မာတစ်ခုကို ပြောင်းလဲပစ်ဖို့ဆိုတာ အတော်ကြီးကြိုးပမ်းအားထုတ်ရပါတယ်။ သည်ကြမ္မာမျိုးကလည်း သည်းမခံနိုင်လောက်အောင် ဆိုးဖို့လိုတယ်။ သည်းခံနိုင်တဲ့ ကြမ္မာမျိုးဆိုရင်တော့ ပိုဆိုးတာ အမှန်ပဲ။ ကျွန်တော်ပြောတဲ့ “စိမ်းကားခြင်း” ဆိုတာ ဒါပဲ။ ကျွန်တော်တို့ လူနေမှုစနစ်အတွင်းမှာ လူတစ်ယောက်ဟာ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ လွှမ်းမိုးမှုကို အမြဲတမ်းခံနေရတယ်။ သည်ရုပ်ဝတ္ထုပစ္စည်းတွေကို တခြားလူတွေက ထုတ်လုပ်တယ်။ ဖန်တီးတယ်။ အသုံးချတယ်။ သည်တခြားသူတွေဟာ အဲသည်လူတစ်ယောက်ကို တိုက်ရိုက် မျက်နှာချင်းဆိုင်တာတော့ မဟုတ်ဘူး။ အရာဝတ္ထုတွေကတစ်ဆင့် သူ့အပေါ်ကို ထိုပါးရိုက်ခတ်နေတာ ဖြစ်ပါတယ်။ နမူနာပြရရင် ခင်ဗျားဟာ ကျွန်တော်နဲ့ အဆက်ဖြတ်ရာမှာ စိမ်းကားရာမှာ တိပ်ရီကော်ဒါကိုသုံးပြီး၊ တိတ်ရီကော်တာကို အလယ်မှာချပြီး အဆက်ဖြတ်တာမျိုးလိုပေါ့။ ကျွန်တော်တို့ဟာ ကျွန်တော်တို့အချင်းချင်းကြားမှာ ခေတ်သစ်ယဉ်ကျေးမှုပစ္စည်းတွေအားလုံးကို ချထားကြတယ်။ သည်လိုနဲ့ ကျွန်တော်တို့ကိုယ်တိုင် အရာဝတ္ထုတွေ ဖြစ်လာကြတယ်။ အခြားအရာဝတ္ထုတွေ အစုလိုက်အပြုံလိုက်ဟာ ကျွန်တော်တို့ကြားမှာ ၀င်ရောက်နှောင့်ယှက်နေကြတယ်။ သည်တိပ်ရိကော်ဒါကို လုပ်သူမှစပြီး ခင်ဗျားရဲ့ ပလေးဘွိုင်မဂ္ဂဇင်းအထိ ဆိုပါတော့။

ပလေးဘွိုင် ◙  ဝေဖန်ရေးဆရာတွေက ဆရာ့ကို သည်လို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဆရာဟာ ခေတ်သစ်လူမှုဘ၀ရဲ့ “စိမ်းကားမှု” မျှော်လင့်ချက်မဲ့ စိတ်ပျက်ရမှု” စတဲ့အကြောင်းအရာတွေကိုပဲ စိတ်ကူးယဉ်ဆန်ဆန် ရေးသားပြောဆိုနေပါတယ်။ သည်အကြောင်းအရာတွေကို ထပ်တလဲလဲ ရေးသားပြောဆိုနေတဲ့တစ်ချိန်တည်းမှာပဲ လွတ်လပ်မှုဆိုတာ ရနိုင်ရောက်နိုင်တဲ့ပန်းတိုင်တစ်ခုလို့ ဟောပြောနေပြန်တယ်တဲ့။ ဒါပေမဲ့ အဲသည်လွတ်လပ်ရေးကိုရယူနိုင်ဖို့ သေချာခိုင်မာတဲ့ နည်းလမ်းတစ်ခုကိုတော့ဖြင့် မတင်ပြပါဘူးတဲ့။

ယန်းပေါဆတ် ►  သာယာတဲ့နံနက်ခင်းတစ်ခုမှာ လူတစ်ယောက်ဟာ သူ့ခြေထောက်ကို ခြေအိတ်စွပ်ရင်း   “အင်း … ငါတော့ သည်ကနေ့မှာ ကိုယ်ကျင့်တရားတစ်ခုကို ဖန်တီးဦးမှပဲ” လို့ လူတွေက ထင်နေကြပါတယ်။ တကယ်တော့ ကိုယ်ကျင့်တရားဥပဒေဆိုတာ တစ်နည်းနည်းနဲ့ အသင့်ရှိနေတာမျိုးပါ။

ဘာသာတရားတည်ထောင်သူတွေဟာ ကိုယ်ကျင့်တရားတီထွင်သူတွေပဲမဟုတ်လားလို့ ရောထွေးမပစ်လိုက်ပါနဲ့။ ဘာသာတရားတည်ထောင်တဲ့ ပရောဖက်ကြီးတွေသည်ပင် တည်ရှိဆဲဘာသာရေးတွေကို အသုံးချခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ အခြေခံသဘောတရားတွေဟာ ဂျူးလူမျိုးတွေရဲ့တရားတွေပါ။ ဆီးမိုက်နွယ်ဝင်လူမျိုးတချို့ ကိုးကွယ်တဲ့ ဂျူးဘာသာရေးကို ပြုပြင်ပြောင်းလဲထားခြင်းမျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ ဟောညွှန်ချက်တွေဟာ ဂေါ့ဒ်ဆီက တိုက်ရိုက်ရရှိခဲ့တာလို့တော့ ပြောကြတာပေါ့။

ကိုယ်ကျင့်တရားတီထွင်သူစစ်စစ်ဆိုတာက အဲဒါမျိုးနဲ့ လုံးဝကွဲပြားခြားနားပါတယ်။ လုံးဝအသစ်ဖြစ်တဲ့ ကိုယ်ကျင့်တရားဥပဒေမျိုးကို တီထွင်ဖန်တီးသူ ဖြစ်ရပါမယ်။ ဒါပေမဲ့ တည်ဆဲ ကိုယ်ကျင့်တရားဥပဒေတွေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ကိုယ့်ကိုယ်ပိုင်ဥပဒေတွေကိုသာ ပြဌာန်းထားပါတယ်ဆိုတဲ့ ကိုယ်ကျင့်တရားစနစ် တစ်ခုဟာ တကယ်တော့ အဲဒီကိုယ်ကျင့်တရား စနစ်တစ်ခုကို ဟောပြောသူကိုယ်တိုင် ပါဝင်နေထိုင်တဲ့ လူမှုအဖွဲ့အစည်းရဲ့ အယူအဆတွေကို ပုံရိပ်ထင်ဟပ်ပြနေခြင်းသာ ဖြစ်ပါတယ်။

နမူနာပြပါမယ်။ အင်ဒရေဇိက “ဂေါ့ဒ်ကို (နေရာတိုင်းမှာမရှာဘဲ) သီးသန့်တစ်နေရာမှာ ရှာတာမျိုးမလုပ်ပါနဲ့” လို့ ပြောတယ်။ နောက်ပြီးတော့ “ပြင်းထန်တဲ့ရမ္မက်စိတ်” “ဆာလောင်မွတ်သိပ်မှု” “ကာမဂုဏ်အပျော်အပါးကို အညံ့ခံမှု” တို့ကို သူက ဆက်ဟောပါတယ်။ ဇိရဲ့ သည်လိုဥပဒေသဟာ စက်ရုံအလုပ်သမားတစ်ယောက်အတွက် လျော်ကန်သင့်မြတ်မယ်လို့ ခင်ဗျားထင်သလား။ စက်ရုံအလုပ်သမားမပြောနဲ့ဦး။ အင်ဂျင်နီယာတစ်ယောက် အတွက်ပင် သင့်လျော်မယ်လို့ ထင်သလား။ လူနာတွေအပြည့်စောင့်နေတဲ့ ဆရာဝန်တစ်ယောက်အတွက်ကော သင့်တော်မယ်လို့ ထင်သလား။

သူ့ဥပဒေသရဲ့ဆိုလိုချက်က သည်လိုဗျ။ “ကျွန်ုပ် အင်ဒရေဇိသည် လူလတ်တန်းစား လူကုံထံအလွှာတွင် ကျင်လည်နေထိုင်သူဖြစ်သည်။ ယင်းလူတန်းစား၌စွဲမြဲမွေးမြူထားသော သီးသန့်စိတ်ခံစားမှုမျိုး ကျွန်ုပ်တွင် ရှိသည်။ ထိုစိတ်ခံစားမှု ရှိသောကြောင့် စာပေရေးသားခြင်းအလုပ်၌ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားနိုင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တွင် အတွေ့အကြုံအဖုံဖုံနှင့်အညီ လိုက်လျောညီထွေ ပြောင်းလဲခံစားနိုင်စွမ်းရှိကြောင်း ဤစာပေလက်ရာက ပြသနေသည်။

ဒါဟာ လူလတ်တန်းစားလူကုံထံအလွှာက စာရေးဆရာတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားဥပဒေပဲ ဖြစ်ပါတယ်။ သူနဲ့လူတန်းစာတူတဲ့ အခြားစာရေးဆရာအတွက်တော့ သည်ကိုယ်ကျင့်တရားဥပဒေဟာ လက်ခံနိုင်စရာပါပဲ။ ကျွန်တော်ကတော့ အဲသည်လူတန်းစားမှာ မွေးလာသူမဟုတ်ပေမဲ့ သည်ကိုယ်ကျင့်တရားကို နားလည်နိုင်ပါတယ်။ ဇိရဲ့စရိုက်အတိုင်းလိုက်လုပ်ရင် အကျိုးများမှများပါ့မလားလို့ ကျွန်တော်သံသယရှိတယ်။ စက်ပစ္စည်းတွေအဆင့်ဆင့်နဲ့ ရှစ်နာရီကြအောင် အလုပ်လုပ်နေရတဲ့ အလုပ်သမားတစ်ယောက်အတွက်တော့ အဲသည်လိုလုပ်ဖို့အကြံပေးတာဟာ အချည်းအနှီးပါပဲ။ စက်ရုံအလုပ်သမားဟာ အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ် နေပါတယ်။ အလွန်တရာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး ညှာတာမှုကင်းမဲ့တဲ့အလုပ်ကို တစ်နေကုန် လုပ်ခဲ့ရတဲ့အတွက် ထုံထိုင်းတွေဝေနေတဲ့ အလုပ်သမားတစ်ယောက်ကို ကာမဂုဏ်အာရုံခံစားမှုနောက် တကောက်ကောက် လိုက်ဖို့ ဘယ်လိုအကြံပေးလို့ရမှာလဲ။

Comments

  1. ဟုတ်ကဲ့..ကျေးဇူး အထူးတင်ပါတယ်..ဗျာ...

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...