Skip to main content

ယန်းပေါဆတ်နှင့် တွေ့ဆုံခြင်း (၂)


ဆရာ “မောင်သာမည” ဘာသာပြန်ပါသည်။


ပလေးဘွိုင် ◙  ဒါပေမဲ့ ဆရာတို့ဆီမှာ ဒီအလုပ်သမားကိုပေးဖို့ အဓိပ္ပာယ်လေးနက်တဲ့ ကိုယ်ကျင့်တရား ဥပဒေတစ်ခု ရှိတယ်မဟုတ်ပါလား။ လွတ်လပ်မှုကို ရရှိမယ့် နည်းကောင်းလမ်းကောင်း တစ်ခုခုပေါ့။

ယန်းပေါဆတ် ►  သူ့ရဲ့ပြဿနာက သူ့ရဲ့လွတ်လပ်မှုကို ထိန်းသိမ်းရေးမဟုတ်ဘူး။ သူ့လွတ်လပ်မှုကို အရယူရေးဖြစ်တယ်။ သည်ကနေ့အချိန်မှာ ကိုယ်ကျင့်တရား အစစ်အမှန်ဆိုတာ မရှိပါဘူး။ သည်လိုခေါ်ဝေါ်ဖို့ ထိုက်တန်တဲ့ ကိုယ်ကျင့်တရားဥပဒေရဲ့ အခြေအနေမျိုး မရှိသေးလို့ပါပဲ။ လူတွေဟာ တစ်ယောက်ကို တစ်ယောက် မမြင်နိုင်ကြဘဲ ဖြစ်နေပါတယ်။ ကျွန်တော်ပြောတဲ့အတိုင်း စက်ယန္တရားတွေအမြောက်အမြားက မြင်ကွင်းကို ပိတ်ဆို့တားဆီးနေပါတယ်။ သည်နေ့အချိန်မှာ လူသားအားလုံးသက်ဆိုင်တဲ့ ကိုယ်ကျင့်တရားစနစ် တစ်ခုအကြောင်း ပြောလို့မဖြစ်နိုင်သေးပါဘူး။ ဆိုင်ရာဆိုင်ရာလူတန်းစားတွေနဲ့ပတ်သက်တဲ့ သီးသန့်အကျင့် စရိုက်တွေ ၀ါသနာတွေကိုထင်ဟပ်တဲ့ ကိုယ်ကျင့်တရားမျိုးအကြောင်းပဲ ပြောဖို့ဖြစ်နိုင်ပါမယ်။ လူသားတွေကို လူမှုပုံစံသစ်တစ်ခု၊ လူမှုစနစ်သစ်တစ်ခု ရရှိစေမယ့် အခြေခံအကြောင်းတရားတွေ မရှိသေးပါဘူး။ ကျွန်တော်တို့ရဲ့ လက်ရှိလူ့အဖွဲ့အစည်းလို အရာထဲမှာ ပုဂ္ဂလိကဖိစီးမှုတွေနဲ့ စီမံပြဌာန်းထားတဲ့ ကံကြမ္မာတွေသာမက လူမှုအဆောက်အအုံများစွာရဲ့ အထုအထည်တွေကပါ အပြန်အလှန်နားလည်မှုကို တားဆီးတဲ့ အနှောင့်အယှက်တွေကို ဖန်တီးမှာကတော့ အသေအချာပါပဲ။ ဒါမျိုးကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။

ခင်ဗျားမှာလည်း ခင်ဗျားအပေါ်စီမံထားတဲ့ ကံကြမ္မာရှိနေပြီး နီဂရိုးတစ်ယောက်မှာလည်း သူ့အပေါ်စီမံထားတဲ့ ကံကြမ္မာရှိနေပါတယ်။ အာရပ်တစ်ယောက်မှာလည်း သူ့ကံကြမ္မာနဲ့သူ ရှိပါတယ်။ သည်တော့ ခင်ဗျားဟာ နီဂရိုးတစ်ယောက်ကိုဖြစ်စေ၊ အာရပ်တစ်ယောက်ကိုဖြစ်စေ တွေ့ပြီဆိုရင် တကယ်စစ်မှန်တဲ့ဆက်ဆံမှု ဖြစ်လာဖို့ဆိုတာ အလွန်တရာ ခက်ခဲနေတော့တာပေါ့။

ဒါမှမဟုတ်ရင်လည်း ခင်ဗျားဟာ အပြင်ဘက်အရာတွေနဲ့ လုံးဝအဆက်ဖြတ်ပစ်ရမယ့် “လှုပ်ရှားမှု” တစ်ခုထဲ ရောက်သွားရမယ် ဆိုပါစို့။ အယ်ဂျီးရီးယားလွတ်မြောက်ရေးလှုပ်ရှားမှုလိုမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဆက်စပ်ပေါင်းသင်းပစ်မယ်။ သည်လို လုပ်သည့်တိုင်အောင် (အကောင်းဆုံးရည်ရွယ်ချက်တွေ၊ အကောင်းဆုံး စေတနာတွေနဲ့ လုပ်သည့်တိုင်အောင်) ပြီးပြည့်စုံတဲ့ စည်းလုံးမှုမျိုးတော့ ရရှိမှာမဟုတ်ပါဘူး။ သူဟာ “အရာဝတ္ထု” တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ နမူနာပြရမယ်ဆိုရင် အမေရိကန်နိုင်ငံသားတစ်ယောက်အတွက် ကျူးဘားနိုင်ငံသား တစ်ယောက်ဟာ သကြားပဲဖြစ်ပါတယ်။ သကြားပေါ်မှာ ပြဿနာရှိတယ်လို့ သတိပေးချက်တစ်ခုပါပဲ။

ပလေးဘွိုင်  ◙  သကြား ဒါမှမဟုတ် ကွန်မြူနစ်ဝါဒပေါ့နော်။

ယန်းပေါဆတ် ►  ဟုတ်တယ်။ ဒါမှမဟုတ်လည်း တခြားဝါဒဖြန့်ချိရေး တစ်မျိုးမျိုးပေါ့ဗျာ။ ဒီနေ့ကာလမှာ လူသားတွေရဲ့ကြားမှာ ခိုင်မာတဲ့အသင်းအဖွဲ့အစည်း တည်ဆောက်ချင်တယ်ဆိုရင် ဖွဲ့တည်နေပုံစနစ်ကို ဆန့်ကျင်ကြရပါလိမ့်မယ်။ ဒါဟာ အလွန်အရေးကြီးတဲ့ ကိုယ်ကျင့်တရားပါ။ မလုပ်မဖြစ်တဲ့ ကျင့်ဝတ်ပါ။ တကယ်လို့များ လူတွေဟာ သူတို့ရဲ့လွတ်လပ်မှုကို ရရှိခဲ့မယ်ဆိုရင် သူတို့လွတ်လပ်မှုကို ဘယ်လိုများ စီမံဖန်တီး မလဲဆိုတာနဲ့ပတ်သက်လို့တော့ လုံးဝအထီးကျန်ဖြစ်နေတဲ့၊ တစ်ယောက်နဲ့တစ်ယောက် စိမ်းကားကင်းကွာ နေကြတဲ့ ကျွန်တော်တို့အနေနဲ့ ဟောကိန်းထုတ်လို့ မဖြစ်နိုင်ပါဘူး။ ဒီလိုဟောကိန်းထုတ်ရမယ့်ကိစ္စက ကျွန်တော်တို့အတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို လူလိုသဘောထားပြီးဆက်ဆံရေးဟာ အခြေခံ ကိုယ်ကျင့်တရားကိစ္စ ဖြစ်ပါတယ်။ ဒီအခြေခံ ကိုယ်ကျင့်တရားကိုတော့ ဘယ်တော့မှ မစွန့်ပစ်ရပါဘူး။

ပလေးဘွိုင် ◙  ဆရာဟာ မာက်စ်ဝါဒီတစ်ယောက်ဖြစ်ပေမဲ့ ကွန်မြူနစ်ပါတီကို မ၀င်ခဲ့ပါဘူး။ ဆိုဗီယက်ပြည်ထောင်စုကို ဆရာအကြိမ်ကြိမ်သွားရောက်ခဲ့ပေမယ့် ပြင်သစ်ကွန်မြူနစ်ပါတီက ဆရာ့ကို သဘောကျတာ၊ ထောက်ခံတာ မရှိခဲ့ပါဘူး။ ဆရာဟာ ဘူဇွာတွေဘက်မှာ မရှိပေမဲ့ ကွန်မြူနစ်တွေနဲ့လည်း ရင်းရင်းနှီးနှီးမဖြစ်ဘူး။ သဘောတရားအားဖြင့် ဆရာ ဘယ်ဘက်မှာ ရပ်တည်နေပါသလဲ။


ယန်းပေါဆတ် ►  ကျွန်တော်က ပညာရှင်တစ်ယောက်ပါ။ နိုင်ငံရေးသမား မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံသား တစ်ယောက်အနေနဲ့ အရေးဆိုလှုပ်ရှားတဲ့ အဖွဲ့တွေထဲမှာ ပါဝင်နိုင်ပါတယ်။ အယ်ဂျီးရီးယားနိုင်ငံသားတွေနဲ့ ရင်းနှီးပေါင်းစည်းတဲ့ အကြောင်းရင်းက ဒါပါပဲ။ ဒါဟာ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။

ကျွန်တော်ကျွမ်းကျင်တာက အသိပညာဆိုင်ရာဖြစ်တဲ့အတွက် ကျွန်တော်ဟာ စာပေရေးသားတဲ့အလုပ်နဲ့ နိုင်ငံသားတာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။ ပညာရှင်တစ်ယောက်အဖြစ်နဲ့ ကျွန်တော်ထမ်းတဲ့ တာဝန်ကတော့ စဉ်းစားတွေးခေါ်ရေးပဲ ဖြစ်ပါတယ်။ အချုပ်အချယ်ကင်းကင်းနဲ့ စဉ်းစားတွေးခေါ်ရေးပဲ ဖြစ်ပါတယ်။ ခလုတ်ကန်သင်းတွေ၊ အမှားအယွင်းတွေနဲ့ တိုးတိုက်တာမျိုးရှိနိုင်ပေမယ့် အကန့်အသတ်မရှိဘဲ စဉ်းစားတွေးခေါ်ရေး ဖြစ်ပါတယ်။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ဘာမှ ချုပ်ချယ်ကန့်သန်ခြင်း မလုပ်ရပါဘူး။ ကျွန်တော့်အပေါ် သူတစ်ပါးက ကန့်သတ်တာမျိုးကိုလည်း လုံးဝ ခွင့်မပြုပါဘူး။

ပလေးဘွိုင် ◙  နိုင်ငံအတော်များများရဲ့လက်ထဲမှာ နျူးကလီးယားစွမ်းအင်တွေ ပိုင်ဆိုင်သွားမှာကို အမေရိကန် နိုင်ငံသားတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ဆရာရော အဲဒီကိစ္စအပေါ် စိုးရိမ်ပူပန်မှု ရှိပါသလား။

ယန်းပေါဆတ် ►  မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပြင်သစ်နိုင်ငံသား ဖြစ်နေတာကိုး။ ကျွန်တော်တို့ ပြင်သစ်နိုင်ငံသားတွေဟာ အနုမြူဗုံးနဲ့ပတ်သက်ရင် လုံးဝအရေးမထားတဲ့ ပုံပဲ။ ကာတွန်းတစ်ခုကို သတိရမိသေးတယ်။ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ အမေရိကန်ရယ် အင်္ဂလိပ်ရယ် ပြင်သစ်ရယ် ထိုင်နေကြတယ်။ အမေရိကန်နဲ့ အင်္ဂလိပ်တို့က သတင်းစာဖတ်နေကြရာမှာ အနုမြူဗုံးဆိုတဲ့ ခေါင်းစဉ်းသတင်းကို ဖတ်နေကြတယ်။ ပြင်သစ်ကတော့ နွားနို့ဈေးတွေ တက်ကုန်ပြီဆိုတဲ့ သတင်းကို ဖတ်ပါတယ်။

ကျွန်တော်တို့ပြင်သစ်တွေဟာ အနုမြူဗုံးနဲ့ပတ်သက်ရင် တော်တော်ကို အံ့သြစရာကောင်းလောက်အောင် စိတ်ဝင်စားမှု နည်းပါးလှပါတယ်။ ကိုယ့်ကိုယ်ကိုယ် နည်းနည်းအထင်ကြီးနေလို့ ဒီလိုစိတ်ဝင်စားမှုနည်းတာလို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်တာကာလမှာ ကျွန်တော်တို့ဟာ ကိုလိုနီစစ်ပွဲကို ဆင်နွဲနေခဲ့ပါတယ်။ ဒီလို ဆင်နွဲနေရမှုကြောင့် နျူကလီးယားပြဿနာအပေါ် အာရုံမစိုက်နိုင်ခဲ့တာပါ။ အယ်ဂျီးရီးယားစစ်ပွဲနဲ့ နပန်းလုံးနေရတာနဲ့ပဲ နျူကလီးယားလက်နက် ထုတ်လုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပူပန်တာမျိုး မရှိအောင် ဖြစ်ခဲ့တယ်။ ပြင်သစ်လူမျိုးတွေ တကယ်ကြောက်တာ နာဇီဝါဒပဲ။ ဒါကြောင့် တကယ်ခြိမ်းခြောက်နေတဲ့အရာကို မမြင်နိုင်ဘဲ ဖြစ်နေရတယ်။ တကယ်တော့ ကျွန်တော် ရှေ့ပိုင်းမှာပြောခဲ့တဲ့ အတိုင်းပါပဲ။ တကယ်အန္တရာယ်ပေးမှာက ထိပ်တန်းကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်မျိုးပါပဲ။ ပညာရှင်တွေက အုပ်စီးတဲ့ အဖွဲ့အစည်းတစ်မျိုးပါ။ ဒီအဖွဲ့အစည်းက လူတွေရဲ့ နိုင်ငံရေးစိတ်ဓာတ်ကို ဆုတ်ယုတ်အားနည်းသွားအောင် လုပ်ပစ်လိမ့်မယ်။ လူတွေကို အလွန်အောက်တန်းကျပြီး ခခယယလုပ်တတ်တဲ့ နှိမ့်ချလွန်းသူတွေဖြစ်အောင် တဖြည်းဖြည်းချင်း လုပ်ပစ်လိမ့်မယ်။ ဒါသိပ်သေချာတယ်။

ပလေးဘွိုင် ◙  ပြင်သစ်လူ့အဖွဲ့အစည်းမှာ ဒီလိုဖြစ်နေသလို ပြင်သစ်စာပေအနုပညာလောကမှာလည်း ဒီအတိုင်း ဖြစ်နေတယ်လို့ ဆရာထင်ပါသလား။


ယန်းပေါဆတ် ►  ဟုတ်ကဲ့။ ထင်ပါတယ်။ ဒီနေ့ကာလမှာတော့ ကျွန်တော်တို့ ပြင်သစ်နိုင်ငံအတွင်းမှာ ကြီးမြတ်တဲ့ စာရေးဆရာကြီးတွေ မရှိတော့ပါဘူး။ “နိုဘယ်ဝတ္ထုရှည်သစ်” ဆိုတာကို ရေးသားနေကြသူတွေက စွမ်းရည်ရှိကြပါတယ်။ သူတို့စာအုပ်တွေဟာ စိတ်ဝင်စားစရာလည်း ကောင်းကြပါတယ်။ ဒါပေမဲ့ သူတို့ရေးသား နေတာတွေက ကျွမ်းကျင်သူပညာရှင်တွေ ကြီးစိုးပြီး နိုင်ငံရေးခွန်အား ကင်းမဲ့နေတဲ့ ပြင်သစ်လူမှုစနစ်ကို ထောက်ခံချက်ပေးနေတာပဲ ဖြစ်တယ်။ စာပေဆိုတာ ကြည်လင်ပြတ်သားတဲ့ ဉာဏ်အမြင်ရှိသူတွေရဲ့ အလုပ်ပဲ ဖြစ်သင့်ပါတယ်။ ဒီလိုလူတွေကမှ လူ့လောကကကြီးတစ်ခုလုံးကို ခြုံငုံစဉ်းစားတတ်တာပါ။ အစာရေစာငတ်မွတ်ပြီး ကလေးတွေသေဆုံးနေရတဲ့ ကမ္ဘာကြီးအတွင်းမှာပဲ ကိုယ်တည်ရှိနေရတဲ့အဖြစ်ကို စာပေက သဘောပေါက်ဖို့ လိုပါတယ်။ နောက်ပြီး ကျွန်တော်တို့မှာ စာရေးဆရာ အဖြစ်နဲ့ရော သာမန်လူသားတွေ အဖြစ်နဲ့ပါ တခြားသူတွေအတွက် ကြီးကြီးမားမား ကူညီဆောင်ရွက်ပေးနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ စာပေဆိုတာ သည်စွမ်းအားတွေထဲမှာ တည်နေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ တခြားလူတွေကလည်း ကျွန်တော်တို့ကို ကြီးကြီးမားမား ကူညီဆောင်ရွက်နိုင်ပါတယ်။

ပလေးဘွိုင် ◙  ဒါပေမဲ့ ဆရာ့ရဲ့နောက်ဆုံးစာအုပ် The Words  ထဲမှာတော့ “ကျွန်တော် အမြင်မှန်ရသွားသည်၊ ကျွန်တော့်ဘ၀ကို ဘာနှင့်တည်ဆောက်ရမည်ကို မသိတော့ပြီ” လို့ ရေးထားတယ် မဟုတ်လား။

ယန်းပေါဆတ် ►  သည်စာကိုရေးလိုက်တာက ကျွန်တော့်ရဲ့ ငယ်ဘ၀ကရှိခဲ့တဲ့ အထင်မှားအမြင်မှားတွေကို ပျောက်ကင်းအောင် လုပ်တာကို ဆိုလိုတာပါ။

ပလေးဘွိုင် ◙  ဘယ်လို အထင်မှားအမြင်မှားတွေပါလဲ ဆရာ။

ယန်းပေါဆတ် ►  ဘူဇွာစာရေးဆရာတစ်ယောက်ဟာ အဆိုးမြင်ရမယ်ဆိုတဲ့ အမြင်မှားဖြစ်ပါတယ်။ ဘူဇွာစာရေးဆရာဟာ လူ့အဖွဲ့အစည်းကို ဆန့်ကျင်တိုက်ခိုက်မှုကြောင့် အထီးကျန်တစ်ကိုယ်တော်အဖြစ် ဒဏ်ခံရမယ်ဆိုတဲ့ အမြင်မှားဖြစ်ပါတယ်။ The Words စာအုပ်ထဲမှာ ကျွန်တော်ဟာ သက်ဝင်လှုပ်ရှားနေရတဲ့ လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာကို သဘောပေါက်သွားပုံအကြောင်း ရေးသားဖော်ပြထား ပါတယ်။ အခုအချိန်မှာ ကျွန်တော်ဟာ ငယ်တုန်းရွယ်တုန်းက အမြင်မှားတွေကို ဖယ်ရှားလိုက်ပြီဖြစ်တဲ့အတွက် အကောင်းမြင်တစ်ယောက်ဖြစ်လာပြီလို့ ယုံကြည်ပါတယ်။

ပလေးဘွိုင် ◙  ဒီလိုဖြစ်လာလျက်သားနဲ့ ကိုယ့်ဘ၀ကို ဘာနဲ့တည်ဆောက်ရမှန်း မသိတော့ဘူးလို့ ဘာကြောင့် ရေးခဲ့တာလဲ ဆရာ။

ယန်းပေါဆတ် ►  အမြင်မှားတစ်က လွတ်မြောက်တဲ့အခါမှာ အဲသည်လွတ်မြောက်မှုနဲ့အတူ အဆက်အစပ်မဲ့ပြီး ကင်းရှင်းသွားတဲ့ စိတ်ခံစားမှု ထူးထူးဆန်းဆန်းတစ်မျိုးလည်း ပေါ်ပေါက်လာပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ စိတ်အခြေအနေကို ရည်ရွယ်ပြီး ရေးခဲ့တာပါ။ ကျွန်တော့်ဖြစ်ရပ်မှာတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ စိတ်အခြေအနေဟာ ဘာမှ ဟုတ်ဟုတ်ညားညားလုပ်စရာကို စဉ်းစားတတ်လို့တော့ မဟုတ်ပါဘူး။ လုပ်စရာတွေများနေလွန်းလို့ ရွေးစရာတွေ များနေလွန်းလို့ ဖြစ်ရတာပါ။ လောကကြီးနဲ့ရော လူမှုစနစ်နဲ့ပါ ဆက်စပ်သွားတယ်ဗျာ။ ကာမျူးပြောတဲ့ “ကာမသုခချမ်းသာ” တွေထဲမှာတောင် နစ်မျောသွားခဲ့တယ်ဗျာ။ ကျွန်တော့်ဘ၀ကို ဘာနဲ့တည်ဆောက်ရမလဲ ဆိုတာတောင် မသိတော့ဘူးလို့ ပြောရာမှာ ဘာကိုဆိုလိုတာ ဖြစ်ကြောင်း ဆက်ပြီး ရှင်းပြပါရစေဦး။

လူတစ်ယောက်ဟာ မိန်းမတစ်ယောက်အပေါ် သဲသဲမဲမဲ ချစ်ခင်တပ်မက်ရာမှ ရုတ်ခြည်းဆိုသလို ချစ်ခင်တပ်မက်မှု ကင်းရှင်းသွားတဲ့အခါမျိုးမှာ ကျွန်တော်ပြောတဲ့ခံစားမှုမျိုး ခံစားရတော့တာပဲ။ ဇာတ်လမ်းဆုံးသွားတဲ့အခါမှာ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ “ဒီမိန်းမကို ငါဘာကြောင့် ချစ်မိတာတုန်း” နောက်ပြီး သည်မိန်းမက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတောင် မမှတ်မိနိုင်တော့ဘဲ ဖြစ်သွားတတ်တယ်။ သည်မိန်းမကို ကြည့်ချင်မြင်ချင်စိတ်တွေ၊ သည်မိန်းမရဲ့အသံကို ကြားချင်စိတ်တွေ ပြင်းပြခဲ့တုန်းကတော့ သည်မိန်းမအကြောင်းကိုပဲ တွေးနေမိတယ်။ သည်မိန်းမကိုပဲ တိတ်တခိုး လိုက်ကြည့်နေမိတယ်။ အခုတော့ အားလုံးပြီးသွားပြီ။ အရူးတစ်ပိုင်း စွဲလမ်းတာ ပျောက်သွားပြီ။ မိန်းမတစ်ယောက်ကို တပ်မက်တယ်ဆိုတဲ့ စိတ်မျိုးဟာ အလွန်ကောင်းမြတ်တဲ့ စံနမူပြစိတ်ဓာတ်မျိုး မဟုတ်တဲ့အတွက်ကြောင့် သည်စိတ်ကင်းရှင်းသွားတဲ့ အခါ သူ သက်သာရာရသွားပါတယ်။ ဒါပေမဲ့ သည်လို သက်သာရာရနေတဲ့အချိန်မှာပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဟာတာတာကြီး ဖြစ်နေတတ်ပါတယ်။

ပလေးဘွိုင် ◙  မိန်းမတွေနဲ့ အချစ်ရေးကိစ္စမှာ ပတ်သက်ခဲ့ဖူးကြောင်း ဆရာရဲ့ပြောဆိုစကားတွေဟာ တကယ့် ကိုယ်တွေ့ကလာတဲ့ စကားတွေဖြစ်ကြောင်း ရှင်းနေပါတယ်။ ဒါနဲ့တောင် ဆရာ့စာအုပ်တွေထဲမှာ ဒီအကြောင်း မရေးသလောက်ပါပဲ။ ဘာကြောင့်လဲ ဆရာ။

ယန်းပေါဆတ် ►  တခြားအကြောင်းအရာတွေ ရေးစရာ ရှိနေလို့ပါပဲ။ မိန်းမတွေနဲ့ အချစ်ကိစ္စတွေ မရှိခဲ့လို့ မရေးတာမဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော့်ဘ၀မှာ မိန်းမတွေရဲ့အခန်းကဏ္ဍဟာ ကြီးကြီးမားမား ပါဝင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော့်စာအုပ်တွေထဲမှာတော့ သူတို့အခန်းကဏ္ဍက သေးတယ်။ အချစ်ရဲ့ပျော်ရွှင်သုခတွေကို ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့ သည်အကြောင်းရေးဖို့ကျတော့ ကျွန်တော် စိတ်မပါဘူး။ ရေးချင်စိတ်မရှိဘူး။ သည်ပျော်ရွှင်သုခတွေရဲ့ အောက်ခြေမှာက “တစ်စုံတစ်ယောက်သည် သည်လောကမှာ လူသားတစ်ယောက် တကယ်ဖြစ်နိုင်တယ်” ဆိုတဲ့ အယူအဆ ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ မဖြစ်နိုင်ပါဘူး။

“လူသားရဲ့ ပျော်ရွှင်မှုကို ကျွန်တော်တို့ ထောက်ခံထိန်းသိမ်းရမယ်” လို့ ကာမျူးက ပြောတတ်ပါတယ်။ သိပ်မှန်တဲ့ စကားပါ။ ဒါပေမဲ့ သည်ပျော်ရွှင်မှုကို အခုချက်ချင်း ထောက်ခံထိန်းသိမ်းနိုင်တယ်။ ထောက်ခံထိန်းသိမ်းရမယ်လို့ သူယူဆနေတယ်။ တစ်နည်းပြောရရင်တော့ ဒီနေ့ကာလမှာ ပျော်ရွှင်သုခများအကြောင်းကို ရေးသားခြင်းအားဖြင့် ကိုယ်ရရှိတဲ့ ပျော်ရွှင်သုခကို သူတစ်ပါးလည်း မျှဝေခံစားနိုင်တယ်ဆိုရင်တော့ တော်တော်သဘောကျဖို့ ကောင်းတာပဲ။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်းပဲ ပျော်ရွှင်သုခကို ခံစားနေရတာဆိုရင်တော့ ဘ၀တူလူသားတွေ နဲ့ အဆက်အသွယ်ဖြတ်လိုက်တဲ့ သဘောမျိုး ဖြစ်သွားပါတယ်။ ကျွန်တော် အယ်ဂျီးရီးယားကို ရောက်ခဲ့တုန်းက ဆိုရင် ဒီလိုပျော်ရွှင်မှုမျိုးကို ရယူခံစားဖို့ တော်တော်ခက်ခဲခဲ့ပါတယ်။ ယင်ကောင်ပိုးမွှားတွေရဲ့ မျက်လုံးဖောက်စားမှုဒဏ်ကြောင့် မျက်မမြင်ဖြစ်နေတဲ့ ကလေးငယ်တစ်ယောက် ကိုယ့်ဘေးမှာ ရှိတဲ့အချိန်မျိုးမှာ ပျော်ရွှင်မှုခံစားနိုင်ဖို့ ဘယ်လွယ်ပါ့မလဲ။ ပျော်ရွှင်မှုကို ရယူခံစားဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ပြောနေတာ မဟုတ်ပါဘူး။ ခုနလိုအခြေအနေမျိုးမှာ ပျော်ရွှင်မှုကို ရယူခံစားဖို့ဆိုတဲ့ကိစ္စဟာ ကျွန်တော့်အတွက်တော့ ကသိကအောက်ဖြစ်ရတဲ့ ကိစ္စတစ်ခုပဲလို့ ပြောနေခြင်းသာ ဖြစ်ပါတယ်။

စာရေးဆရာတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ ကျွန်တော်နဲ့အသင့်လျော်ဆုံး အကြောင်းအရာတွေကိုပဲ ရေးသားသင့်တယ်လို့ ထင်ပါတယ်။ တစ်နေ့နေ့တော့ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုအကြောင်း ရေးဦးမယ်လို့ မကြာခဏ စဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘ၀ရဲ့ ဒီအစိတ်အပိုင်းကဏ္ဍတွေဟာ စံနမူနာဖြစ်လောက်အောင် တန်ဖိုးမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သတိပေးမိတယ်။

ပလေးဘွိုင် ◙  ကြွားဝါတဲ့သဘောမျိုး မဖြစ်စေချင်လို့ ကိုယ့်ဘာသာ နှိမ့်ချနေတာများလားဆရာ။ လူတောသူတောထဲမှာဆိုရင် ဆရာ့ဘေးမှာ မိန်းမချောလေးတွေနဲ့ ၀ိုင်းနေတာပဲလို့ ပြောသံကြားရပါတယ်။

ယန်းပေါဆတ် ►  အနည်းဆုံး ကြည့်ပျော်ရှုပျော်ရှိတဲ့ မိန်းမတွေ ကိုယ့်ဘေးနားမှာ ၀ိုင်းနေအောင် ကျွန်တော် အမြဲတမ်းကြိုးစားခဲ့တာ အမှန်ပါပဲ။ အရုပ်ဆိုးတဲ့ မိန်းမမျိုးကို ကျွန်တော် မသတီတတ်ဘူး။ ဒီအချက်ကို ကျွန်တော် ၀န်ခံတယ်။ ကိုယ့်ဘာသာ ရှက်လည်း ရှက်မိပါတယ်။ ဒါပေမဲ့ အကြောင်းရင်းက ရိုးရိုးလေးပါ။ သာမန် ပုံမှန် အနေအထားမျိုးမှာတောင်၊ လုံးဝ စိတ်ဝင်စားမှုမရှိတဲ့ အနေအထားမျိုးမှာတောင် ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ပေါင်းသင်းဆက်ဆံမှုဟာ လိင်မှုဆိုင်ရာသဘောတွေ အမြဲရှိနေတတ်တယ်။ အရုပ်ဆိုးတဲ့ မိန်းမမှန်သမျှလိုပဲ ထူးခြားတဲ့ပျော်ရွှင်မှုတစ်မျိုးကို ဖြစ်ပေါ်စေတာပါပဲ။ မိန်းမတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံရတဲ့အခါတိုင်း ကျွန်တော်တို့ ယောက်ျားသားတွေ ရရှိနေကျ ပျော်ရွှင်မှုမျိုးပါပဲ။ ဒါပေမဲ့ ဒီပျော်ရွှင်မှုကို သူ့ရဲ့ အကျည်းတန်အရုပ်ဆိုးမှုနဲ့ ဖျက်ဆီးပစ်ပါတယ်။ အကျည်းတန်အရုပ်ဆိုးမှုက ၀င်ရောက် နှောင့်ယှက်တာခံရတဲ့ ယောက်ျားမိန်းမဆက်ဆံမှုမျိုး ခင်ဗျားကိုယ်တိုင် တွေ့ကြုံရတဲ့အခါမှာ ပျော်ရတော့မလို အလှုံ့အဆွခံရပြီးမှ ငြင်းပယ်ခံရတဲ့အခါမှာ ဒါဟာအတော်လေး အနေရအထိုင်ရခက်တဲ့ ကိစ္စပဲဗျို့။

ကျွန်တော့်ဘေးမှာ မိန်းမတွေ ၀ိုင်းရံထားတဲ့ အဓိကအကြောင်းရင်းကတော့ ရိုးရိုးလေးပါ။ ယောက်ျားတွေရဲ့ ၀ိုင်းရံတာထက်၊ မိန်းမတွေရဲ့ ၀ိုင်းရံတာကို ပိုပြီး သဘောကျလို့ပါပဲ။ ကျွန်တော့်အကျင့်က ယောက်ျားတွေကို ငြီးငွေ့စရာကောင်းတယ်လို့ မြင်နေပါတယ်။ သူတို့မှာ ကျဉ်းမြောင်းတဲ့ သီးခြားစိတ်ခံစားမှုတွေ ရှိနေတယ်။ နောက်ပြီး သူတို့စကားပြောရင် စီးပွားရေးအကြောင်း၊ လုပ်ငန်းကိုင်နင်းအကြောင်းချည်းပဲ။ မိန်းမတွေဆီမှာက အရည်အချင်းတွေ ရှိတယ်။ ဒီအရည်အချင်းတွေကို သူတို့ရဲ့ နိမ့်ကျတဲ့ဘ၀အခြေအနေကနေ ရရှိလာတာပါ။ မိန်းမတစ်ယောက်ဟာ ကျေးကျွန်တစ်ယောက်လည်း ဖြစ်နေရပြီး မကောင်းမှုကြံရာပါတစ်ယောက်လည်း ဖြစ်နေရတဲ့ အချက်ဆီမှ သည်အရည်အချင်းကို ရရှိလာခဲ့တာပါ။ ဒါကြောင့် မိန်းမတစ်ယောက်ရဲ့ စိတ်ခံစားမှုက ယောက်ျားတစ်ယောက်ရဲ့ စိတ်ခံစားမှုထက် အများကြီး ပိုမိုကျယ်ပြန့်နေတာ ဖြစ်ပါတယ်။ မိန်းမတွေက အားအားနားနားလည်းရှိတယ်။ နမူနာပြရမယ်ဆိုရင် စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်ရင်း ဆိုင်ရှေ့က ဖြတ်သွားတဲ့ လူတွေအကြောင်းကို ပြောဆိုဖို့ဆိုတာ ယောက်ျားတစ်ယောက်နဲ့ဆိုရင် မဖြစ်နိုင်ဘူး။ သည်လူက ဒါကို ငြီးငွေ့ပြီး သူ့လုပ်ငန်းကိစ္စအကြောင်းတွေဆီကိုပဲ ပြန်လှည့်သွားမယ်။ ဒါမှမဟုတ်ရင်လည်း စကားလုံးတွေ ပြဿနာတွေနဲ့ နပန်းလုံးရာမှာ ကိုယ့်ဘာသာတစ်ယောက်တည်း နပန်းလုံးရတာက ပိုပြီး အကျိုးအမြတ်ရှိပါတယ်။ ယောက်ျားတွေနဲ့ ပြောဆိုဆွေးနွေးရတာကို ကျွန်တော် သိပ်စိတ်မ၀င်စားပါဘူး။ ကျေနပ်မှုလည်း သိပ်မရဘူး။ ဒါပေမဲ့ မိန်းမတစ်ယောက်နဲ့ ပြောဆိုဆွေးနွေးတဲ့ အခါမှာတော့ မတူခြားနားတဲ့ ဖြစ်တည်မှုတစ်ခုရဲ့ ခံစားမှုစွမ်းအားကို ရရှိပါမယ်။ ယောက်ျားတစ်ယောက်ရဲ့ အသိဉာဏ်ထက်ပိုပြီး သာလွန် ကောင်းလွန်နိုင်တဲ့ အသိဉာဏ်တစ်ခုကို ရရှိပါမယ်။ အဲဒီအသိဉာဏ်ဟာ ယောက်ျားတွေရဲ့ အစွဲအလမ်းတွေလို အစွဲအလမ်းတွေနဲ့ တားဆီးပိတ်ပင်မှုမခံရတဲ့ အသိဉာဏ်မျိုး ဖြစ်ပါမယ်။

ကျွန်တော်တို့မှာ မိန်းမတွေကို သဘောကျကျေနပ်စေတဲ့ မိန်းမအမြင်၊ မိန်းမသဘောထားတစ်ခု ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။  ဆိုင်မွန်ဒီဘိုးဗွားလိုပဲ ကျွန်တော်ဟာလည်း အမျိုးသမီးများ လုံးဝဥဿုံ လွတ်မြောက်ရေးကို ထောက်ခံပါတယ်။ ဒါပေမဲ့ အချိန်ကျရင်တော့ မိန်းမတွေနဲ့တွဲရတာကို သဘောကျရတဲ့ အကြောင်းရင်းဖြစ်တဲ့ ခံစားမှုစွမ်းအားဆိုင်ရာ အရည်အချင်းတွေဟာ မိန်းမတွေဆီမှာချည်း ရှိကြတော့မှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ မိန်းမတွေဆီမှာ ရှိပြီး တစ်ခါတစ်ရံ ယောက်ျားတွေဆီမှာ ရှိနေပါလိမ့်မယ်။

ပလေးဘွိုင် ◙  စာပေအကြောင်းဆီ ပြန်သွားကြဦးစို့လား ဆရာ။ လွန်ခဲ့တဲ့ နှစ်အတန်ကြာက ဆရာဟာ John Dos Passos udk “ကျွန်တော်တို့ခေတ်ရဲ့ စာရေးဆရာကြီး” လို့ သတ်မှတ်ခဲ့ပါတယ်။ ဘာကြောင့်ဒီလို ယူဆသတ်မှတ်ခဲ့တာလဲ။ အခုရော ဒီအတိုင်းပဲ ယူအဆသတ်မှတ်တုန်းပဲလား။

ယန်းပေါဆတ် ►  Dos Passos  ရဲ့ စာအုပ်တွေနဲ့ Faulkner ရဲ့စာအုပ်တွေကို အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ စာအုပ်တွေလို့ မြင်ပါတယ်။ Dos Passos ဟာ ဂျာနယ်ဆန်တဲ့နည်းတွေကို တီထွင်ခဲ့ပါတယ်။ ရုပ်ရှင်ဆန်တဲ့နည်းတွေကို တီထွင်ခဲ့ပါတယ်။ တစ်ပြိုင်နက်ထဲ ဖြစ်စဉ်ကိုဖော်ပြတဲ့နည်းကို ထွင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒါဟာ အသစ်ဖြစ်ပါတယ်။ ကျွန်တော်ဟာ သူရေးတဲ့ Manhattan Transfer နဲ့ The 42nd Prallel ကို အထူးကြိုက်နှစ်သက်ပါတယ်။ ဒါပေမဲ့ သူက ရှေ့ကို မတိုးတက်တော့ဘူး။

ပလေးဘွိုင် ◙  လောလောဆယ်ကာလအတွင်းမှာ ဆရာဖတ်ပြီး သဘောကျတဲ့ တခြားအမေရိကန် စာအုပ်များ ရှိပါသလား။


ယန်းပေါဆတ် ►  နည်းနည်းပဲ ရှိပါတယ်။

ပလေးဘွိုင် ◙  နမူနာထုတ်ပြပါလား။

ယန်းပေါဆတ် ► ကျွန်တော်အကြိုက်ဆုံးကတော့ Whyte ရေးတဲ့ The Organization Man ရယ်၊ Exurba-nites ရယ်၊ နောက်ပြီး C. Wright Mills ရေးတဲ့ စာအုပ်တွေရယ်။ Mills ကတော့ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်ပါတယ်။ အခုတော့ သေသွားပါပြီ။

ပလေးဘွိုင် ◙  ဆရာ့ ကိုယ်ပိုင်စာတွေအကြောင်း ပြောကြစို့လား ဆရာ့ပြဇာတ် တော်တော်များများကို ရုပ်ရှင်ရိုက်ခဲ့တယ်နော်။ အဲဒီရုပ်ရှင်တွေကို ဆရာ သဘောကျရဲ့လား။


ယန်းပေါဆတ် ►  The Respectful Prostitute  ဆိုတဲ့ ပြဇာတ်ကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ကလွဲလို့ ကျန်တဲ့ရုပ်ရှင်တွေ အားလုံး သိပ်ညံ့တာပဲ။

ပလေးဘွိုင် ◙  ဒီရုပ်ရှင်တွေကနေ ဆရာ့အတွက် ငွေတော်တော်များများ ရခဲ့တယ်မဟုတ်လား။ နောက်ပြီး ဆရာ့စာအုပ်တွေဟာ ရောင်းအကောင်းဆုံးစာအုပ်တွေ ဖြစ်နေပါသေးတယ်။

ယန်းပေါဆတ် ► မှန်ပါတယ်ဗျာ။ ကျွန်တော့်မှာ သုံးဖို့စွဲဖို့ငွေတွေ တော်တော်များများရှိခဲ့ပါတယ်။ ဒါပေမဲ့ ထောက်ပံ့စရာတာဝန်တွေကလည်း အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်က ပိုင်ဆိုင်ရမှာကို မုန်းတဲ့သူပါ။ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေက ကျွန်တော်တို့ကို ပြန်ပိုင်ဆိုင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ငွေကြေးပဲဖြစ်ဖြစ်၊ ငွေကြေးနဲ့ဝယ်ယူထားတဲ့ အရာဖြစ်ဖြစ်ပေါ့။ ပစ္စည်းတစ်ခုကို ကျွန်တော် သဘောကျတဲ့ အခါတိုင်းမှာ အဲဒီပစ္စည်းကို တစ်ယောက်ယောက်ကိုပေးပစ်ချင်စိတ် ကျွန်တော့်မှာ အမြဲဖြစ်ပါတယ်။ ဒါဟာ အပေးအကမ်းရက်ရောလို့ မဟုတ်ပါဘူး။ စေတနာကောင်းလွန်းလို့ မဟုတ်ပါဘူး။ အခြားသူတွေကို အဲဒီပစ္စည်းရဲ့ ကျွန်ပြုမှု ခံရစေချင်လို့သာ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်ပေးတဲ့ပစ္စည်းကို တစ်ယောက်ယောက်က သဘောကျမှာပဲဆိုတဲ့အတွေးကနေ ကျွန်တော် ပျော်ရွှင်မှုရရှိပါတယ်။

ပလေးဘွိုင် ◙ ဆရာက ဥစ္စာဓနကို ရှောင်ရှားပါတယ်။ ကျော်ကြားမှုကိုရော ဘယ်လိုလဲ။ ဆရာ အရင်က ရရှိခဲ့တဲ့၊ နောက်ပြီး အခုလတ်တလောကာလမှာ ပြန်ရရှိခဲ့တဲ့ ကမ္ဘာအနှံ့ကျော်ကြားထင်ရှားမှုကို ဆရာ နှစ်သက်သဘောကျပါသလား။

ယန်းပေါဆတ် ►  အတန်အသင့် သဘောကျခဲ့တယ်လို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ဘယ်လိုအဆင့်အတန်းမှာပဲ ရောက်ရှိနေ ရောက်နေပါစေ။ ဒီအဆင့်အတန်းရဲ့ လွှမ်းမိုးချုပ်ချယ်မှုအောက် ရောက်နေမှာကိုတော့ ကျွန်တော် မလိုလားပါဘူး။ ဂုဏ်အဆင့်အတန်းရဲ့ အကျဉ်းသား မဖြစ်လိုပါဘူး။ လက်ရှိ ပစ္စုပ္ပန်အခြေအနေတွေဟာ ယာယီသာဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။ နောက်မှာ ချန်ထားခဲ့ချင်ပါတယ်။

ကျွန်တော့်မှာ ကလေးဆန်တဲ့ အစွဲတစ်ခုရှိတယ်။ လူဟာ ကိုယ့်ကိုယ်ကို ကောင်းသည်ထက်ကောင်းအောင် အမြဲလုပ်နိုင်တယ်ဆိုတဲ့ အစွဲပါပဲ။ ကျွန်တော်ဟာ စာအုပ်တချို့ ရေးသားခဲ့ပါပြီ။ အဲဒီစာအုပ်တွေထဲမှာ ဖော်ပြထားတဲ့အယူအဆတွေကို  ခုခံကာကွယ်ရေးဟာ ငါ့တာဝန်ဖြစ်တယ်လို့ ခံယူထားရင် ငါဟာ ငါမဟုတ်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးထားပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်စာအုပ်တွေရဲ့ တန်ဆာခံယစ်ကောင် ဖြစ်သွားမှာပေါ့။ လူတစ်ယောက်ဟာ အင်ဒရေဇိလုပ်သလို ကိုယ့်အတိတ်နဲ့ စနစ်တကျ အဆက်အသွယ်ဖြတ်တာမျိုးကို မပျက်မကွက်လုပ်သင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ ပြောင်းလဲမှုကို လက်ခံနိုင်တဲ့သူ အမြဲတမ်းဖြစ်ချင်ပါတယ်။ ဒါပေမဲ့ ရေးခဲ့တဲ့အထဲက စကားလုံးတစ်လုံးကိုမှ စွန့်လွှတ်ခဲ့တာလည်း မရှိဘူး။

ပလေးဘွိုင် ◙  နောက်ဆုံးမေးခွန်းတစ်ခု မေးပါရစေ ဆရာ။ ဘာကြောင့် နိုဘယ်ဆုကို ဆရာငြင်းပယ်ခဲ့တာလဲ။


ယန်းပေါဆတ် ► ဒီအကြောင်းကို ကျွန်တော် မပြောချင်ဘူး။

ပလေးဘွိုင် ◙  ဘာဖြစ်လို့ မပြောချင်ရတာလဲ ဆရာ။

ယန်းပေါဆတ် ► ဘွဲ့ထူးဂုဏ်ထူးတစ်ခု ဒါမှမဟုတ် ဆုတစ်ခုခုဟာ ကျွန်တော်နဲ့ပတ်သက်စရာ ဘာမှမရှိဘူးလို့ ယူဆထားလို့ပါပဲ။ ကျွန်တော့်အတွက် ရနိုင်စရာ အမြင့်ဆုံးဂုဏ်ပြုမှုကတော့ ကျွန်တော့်စာတွေ အဖတ်ခံရခြင်းသာ ဖြစ်တယ်လို့ ကျွန်တော် ယူဆထားပါတယ်။  


(Playboy Interview : Jean Paul Sartre)

Comments

  1. လောလောဆယ် စိတ်ဝင်စားပြီး ဖတ်ရရင်ကောင်းမယ်လို့ တွေးနေတာ။ ကျေးဇူးတင်လိုက်တာ။ ပိတ်ရက်ကျမှ သေချာ လာဖတ်ရဦးမယ်။

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...