အိမ်နားမှာ ပန်းခြံတစ်ခုရှိသည်။ ဤနေရာတွင် နေထိုင်လာခဲ့သည်မှာ အချိန်အတော်ကြာ သည်အထိ ကျွန်တော် ပန်းခြံအတွင်းသို့ မရောက်ဖြစ်သေး။ တကယ်တော့ ကျွန်တော့် ဘ၀တွင် ပန်းခြံများနှင့် ပတ်သက်ဆက်နွယ်မှုမှ သိပ်မရှိခဲ့ဘဲ။ တွဲသွားတွဲလာစရာ ချစ်သူရည်းစားလည်း မရှိခဲ့သဖြင့် တကယ်တမ်း အားဖြင့် ပန်းခြံများနှင့် ကျွန်တော် တစိမ်းဆန်ပါသည်။ ယခု ရောက်ရှိနေရာ အရပ်တွင်မူ ရပ်ကွက်တစ်ခုလျှင် မကျဉ်းမကျယ်ပန်းခြံလေးများ နှစ်ခုသုံးခုခန့် တွေ့ရလေ့ရှိသည်။ ဖြတ်လမ်းသဘောမျိုး ဖြတ်သန်းသွားလာသည်မှအပ ပန်းခြံများကို အဘက်မလုပ်ခဲ့မိ။ ခုတလောတော့ စာဖတ်ရသည်ကို ငြီးငွေ့သလိုဖြစ်လာသော နံနက်ခင်းများတွင် အိမ်နားရှိပန်းခြံအတွင်းသို့ ကျွန်တော် ဆင်းဆင်းသွားလေ့ ရှိနေခဲ့သည်။ အာလူးကြော်တစ်ထုပ်နှင့် သစ်သီးဖျော်ရည် တစ်ဗူးဝယ်ပြီး တစ်ယောက်ထဲ ထိုင်နေမိတတ်သည်။
တကယ်တော့ ပန်းခြံက သာယာလှပသောပန်းခြံလေးတစ်ခုဟု မဆိုနိုင်သလို စုတ်တီးစုတ်ပြတ် အနေအထားလည်း မဟုတ်ပါ။ ကလေးများဆော့ကစားဖို့ လျှောများ၊ ဒန်းများ လေးငါးခြောက်ခုလောက် ရှိပြီး ထိုင်စရာ ခုံတန်း အများအပြားလည်း ဟိုတစ်ခု ဒီတစ်ခု ပြန့်ကျဲ တည်ရှိနေသည်။ အမိုးဝိုင်းဝိုင်းနှင့် ဆင်ဝင်တစ်ခုရှိသည်။ အတော်အသင့်ကျယ်ဝန်းသော ပန်းခြံအတွင်း မြွေလိမ်မြွေကောက် ကွန်ကရစ် ပတ်လမ်းတစ်ခု ရှိသည်။ ဆောင်းနံနက်ခင်းများတွင် ထိုပတ်လမ်းအတိုင်း လူများ လမ်းလျှောက်နေလေ့ ရှိသည်ကို တွေ့ရသည်။ သစ်ပင်ပန်းမန်များ ဝေေ၀ဆာဆာပွင့်ဖူးနေသော မြင်ကွင်းမျိုးကိုမူ မြင်တွေ့ရနိုင်မည်မဟုတ်ပါ။ တမာပင်၊ ယူကလစ်ပင်နှင့် ကျွန်တော် အမျိုးအမည်မသိသည့် အပူပိုင်းဒေသ ပေါက်ပင် တချို့သာ သူ့နေရာနှင့်သူ ခိုင်ခိုင်မာမာ တည်ရှိနေပါသည်။ ရုက္ခဗေဒ အမျိုးအမည်များ မှတ်သားမှုတွင် ကျွန်တော်က အတော်အားနည်းပါသည်။
ဤသို့ အလွန်အကျူးတန်ဆာဆင်ထားခြင်း မရှိသည့် ရွက်ကြမ်းရေကြို မြင်ကွင်းမျိုးကို ကျွန်တော် နှစ်သက်ပါသည်။ ရောင်စုံပန်းခင်းများ မရှိသည့်တိုင် တကူးတက ပြုစုစိုက်ပျိုးထားဟန်မတူသည့် သဘာဝ ပေါက်ပင်များဖြင့် အဆင်ပြေသည့် မြင်ကွင်းတစ်ရပ်ပင် ဖြစ်ပါသည်။ ငွေကြေးအကုန်အကျခံ၍ “လုပ်ယူ” ထားရသည့် အလှအပမျိုးကို ကျွန်တော် လှည့်မကြည့်ချင်သလို ရင်သပ်ရှုမောလည်း မဖြစ်မိပါ။ သဘာဝတရားလောက် သဘာဝကျသည့်အရာ ရှိပါမည်လော။ တမာရွက်တစ်ရွက်၏ ပုံပန်းသွင်ပြင်လောက် လေးနက်ပြီး ခါးသက်လှပသည့်အရာ ရှိပါမည်လော။ ဤသို့ဖြင့် အဆိုပါ ရွက်ကြမ်းရည်ကြို ပန်းခြံလေးတစ်ခြံကို အစက မသိသလိုနှင့် တစ်စတစ်စ ကျွန်တော် ရင်းနှီးလာခဲ့ မိပါသည်။
ပန်းခြံအလယ်မှ မြေကွက်လပ်တွင် နံနက်ခင်း၌ ကုလားလေးများ၊ ညနေခင်း၌ ကုလားကြီးများ ခရစ်ကက်စကားလေ့ရှိသည်။ ဤအရပ်၏ နိုင်ငံတော် ကစားနည်းမှာ ခရစ်ကက် ဖြစ်သည်။ အာလူးကြော်စားရင်း ရက်ပေါင်းများစွာ သူတို့ ခရစ်ကက်ကစားသည်ကို ခုံတန်းလျားပေါ်မှ ထိုင်ကြည့်နေခဲ့မိသည့်တိုင် ထိုကစားနည်းအကြောင်း ကျွန်တော် လုံးလုံး နားမလည်သေးပါ။ တင်းနစ်ဘောလုံးကို ပစ်သည့်သူနှင့် တုတ်ဖြင့်ရိုက်သည့်သူ နှစ်ယောက်နှင့် ကျန်လူများမှာ ဘောလုံးလိုက်ကောက်နေရခြင်းသာ တွေ့ရပါသည်။ ကိုယ်တိုင်ကစားနေသည့်သူများ မည်သို့ ပျော်ရွှင်မှုရသည် မတွေးတောတတ်သော်လည်း ထိုင်ကြည့်နေသည့်သူကတော့ သူတို့အစား မောပါသည်။ မတူညီသည့် အသစ်အသစ်သောအရာများကို အရသာခံရာတွင် မိမိကိုယ်တိုင်က အားနည်းသလော၊ သို့မဟုတ် ရိုးရာယဉ်ကျေးမှုအား ခုခံအားကောင်းခြင်းပင်လော တစ်စုံတစ်ရာ ကျွန်တော် မသတ်မှတ်ဖြစ်ခဲ့ပါ။ ပန်းခြံအတွင်းမှ တမာပင်မြင့်မြင့် တစ်ပင်ထက်မှ မျှော်ကြည့်မည်ဆိုလျှင် ကုလားများခရစ်ကက်ရိုက်နေသည်ကို ထိုင်ကြည့်နေသည့် မြန်မာတစ်ယောက်၏ အဖြစ်ကိုသာ မြင်တွေ့ရပေမည်။ ကျဉ်းမြောင်းလှသည့် လူမျိုးရေးအစွဲအလမ်းများနှင့် ရှေ့မရောက်မှာ (Advanced) တွေးပူနေသည့် နောက်တန်းတစ်နေရာမှလူများ၏ ခံစားချက်အခုအခံများကို တမာပင်တစ်ပင်အနေဖြင့် နားလည်နိုင်လိမ့်မည်မဟုတ်ပါ။ ဤသို့လျှင် တမာပင်အောက် ခုံတန်းလျားတစ်ခုပေါ်၌ အတိတ်အနာဂတ်တို့အပေါ် ခါးသက်ခြင်းအလျဉ်းမရှိသော ခံစားမှုဖြင့် လူမျိုးခြားများ၏ ပျော်ရွှင်မြူးတူးမှုကို ကျွန်တော် ခပ်ပြုံးပြုံး ထိုင်ကြည့်နေခဲ့မိပါသည်။
ယနေ့ ညနေခင်းတွင် ပန်းခြံအတွင်း၌ ကုလားလေးများရော ကုလားကြီးများပါ မတွေ့ရ။ သူတို့ရှိနေကျ ကစားကွင်းတွင် ခိုအုပ်တစ်အုပ်ကိုသာ တွေ့ရသည်။ ပုလုံးနေသည့် ခိုကလေးများ တတောက်တောက် အစာစားနေကြသည်။ ထိုအခါတွင် ခိုကလေးတွေအကြောင်း ကျွန်တော် တွေးကြည့်မိသည်။ “ခိုကလေးများ ညစ်ပတ်နံစော်စွာ အစာစား” ဟူသည့် ဆရာအောင်ချိမ့်၏ ရင်ထဲစွဲနေခဲ့သည့် “ရန်ကုန်သားကဗျာ” ကို ရုတ်ချည်း သတိရလိုက်မိသည်။ ရန်ကုန်မြို့ ဆူးလေလမ်းမပေါ်တွင် ခိုကလေးများ ညစ်ပတ်နံစော်စွာ အစားနေကြသည်ကို အာရုံထဲ ပီပီပြင်ပြင် ပြန်ပေါ်လာသည်။ အစာရေစာအတွက် လူ့ပုခုံးပေါ် မနားရုံတမြည် အကြောက်တရားကင်းမဲ့နေကြသည့် ရန်ကုန်ခိုများ...။ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်က ခိုစာရောင်းသူ အချို့...။
တကယ်တော့ မြို့ပြနှင့် ကျေးငှက် အဆက်အစပ်သည် တစ်ဘက်သတ်ဆန်လွန်းနေခဲ့ပါသည်။ မ၀ရေစာ အစာခပ်နည်းနည်း အလုအယက်စားသောက်ရဖို့ ခိုကလေးတို့မှာ ဗီဇအကြောက်တရားကိုပင် စွန့်လွှတ်ခဲ့ရသည်။ ရန်ကုန်မြို့ထဲရှိ ခိုကလေးများ လူကို မကြောက်ရွံ့ကြခြင်းမှာ ယဉ်ကျေးသည်ဟု မည်သူ သတ်မှတ်နိုင်ပါသလဲ...။ တကယ်တော့ အစာအတွက် ရဲရင့်ကြရခြင်းပင် ဖြစ်ပါသည်။ ချစ်သူစုံတွဲနှစ်ဦး၏ အရောင်စွန်း စိတ်ကောင်းစေတနာနှင့် အပေါစားပျော်ရွှင်မှုတချို့အတွက် ခိုကလေးများ လူ့လက်ဖ၀ါးပြင်မှ ပြောင်းဖူးစေ့တစ်စေ့ကို ထိုးဆိတ်စားသောက်ရဲရန် သတ္တိရှိကြရသည်။ မေတ္တာရှင် ဘွားဘွားတစ်ယောက် ကောင်းရာသုဂတိလားနိုင်ရန် ကုသိုလ်ရစေဖို့ သက်စေ့အကောင်ရေ အလွှတ်ခံရန် စာကလေးအချို့ လှောင်အိမ်ထဲတွင် ရက်ပေါင်းများစွာ နေထိုင်စောင့်စားကြရသည်။ လေထဲကငှက် လေထဲပြန်ရောက်သွားခြင်း ကိစ္စရပ်တွင် “ကုသိုလ်တရား” သည် ဘယ်ချောင်ထဲမှ ထွက်ပေါ်လာပါသလဲ...။ လေထဲကငှက် လေထဲပြန်ရောက်သွားချိန်တွင် လူထဲကလူတို့က ပိုမိုအကြင်နာတရားရှိသူများ၊ မြင့်မြတ်သူများ ဖြစ်လာ (ဖြစ်သည်ဟု သတ်မှတ်ခြင်းခံလာ) ရခြင်းမှာ “မြင်အပ်မမြင်အပ်နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ... ” ဟူသည့် မေတ္တာပို့သံများ ဆူညံနေရာအရပ်၏ ယဉ်ကျေးမှုပဲလား...။ မည်သို့ပင်ဖြစ်စေ ဆူးလေဘုရားတစ်ဝိုက်တွင် ခိုကလေးများ ညစ်ပတ်နံစော်စွာ အစာစားနေကြဆဲပင် ဖြစ်ပါလိမ့်မည်။
ကျွန်တော်၏ရှေ့ ကွင်းပြင်မှ ပုလုံးလုံး ခိုကလေးများ မြင်ကွင်းတွင် ပြန်လည်ကြည်လင်လာသည်။ သူတို့က အေးဆေးတည်ငြိမ်စွာ အစာစားနေကြသည်။ ကွင်းပြင်အနှံ မည်သူစွန့်ကြဲထားမှန်း အတိအကျမသိရသည့် ပြောင်းဖူးစေ့များ အနှံအပြား ပြန့်ကျဲနေသည်။ ကျွန်တော်ကစားကွင်းထဲ ဖြတ်အလျှောက်တွင် ခိုကလေးများ အလန့်တကြား ထပျံသွားကြသဖြင့် အားနာသလို ခံစားမိလိုက်ရသည်။ တစ်နည်းတစ်ဖုံအားဖြင့်တော့ ခိုနင်းခံရမည့်ဘေးမှ ကင်းဝေးသည်ဟု ကြံကြံဖန်ဖန် အကောင်းမြင်မိ လိုက်သေးသည်။ ဤအရပ်တွင် “မြို့ထဲမသွားနဲ့ ခိုနင်းခံရမယ်” ဟူသည့် ဘန်းစကားတစ်ခု မရှိမှန်း ကျွန်တော် သိပါသည်။ တဖြည်းဖြည်း အေးစိမ့်လာသဖြင့် တမာပင်အောက်မှ ယခုတစ်ကြိမ်တွင် ခါးခါးသီးသီး ဖြတ်လျှောက်လာမိခဲ့သည်။ ခိုတို့သည် လူကြောက်တတ်မှန်း ရန်ကုန်သားတစ်ယောက် မေ့လျော့နေမိသည့်အကြောင်း ခါးသက်သက် တမာပင်ကြီး သုံးသပ်တတ်လိမ့်မည် မဟုတ်ခဲ့ပါ။
◄ တေဇာ ► နိုဝင်ဘာ (၂၄) ၂၀၀၉
Comments
Post a Comment