ခုတလော ပျော်သလိုလိုဖြစ်နေသဖြင့် မိမိကိုယ်ကို တစ်ကိုယ်ကောင်းဆန်သလို ခံစားနေရသည်။ ဒီလိုဆိုတော့လည်း သိပ်မကောင်းလှသေးဟု ဦးနှောက်၏ ဆင်ခြေထုတ်လုပ်ရာ အပိုင်းမှ သတိပေးသည်။ သူ့ဘာသူ ပျော်နေတာ ငါက ဘာတတ်နိုင်မှာတုန်းဟု ဖြေတွေးတွေးရသည်။ ပျော်ခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်း မည်သို့ပတ်သက် နေပါသနည်း။ အတွေးခေါင်သူ တစ်ယောက်အတွက် ကြံဖန်ပတ်သက်နေသည် ဟုသာ ဆိုရလိမ့်မည်။
လှိုင်သာယာတွင် ပုလင်းဖြင့်ထည့်ရောင်းသည့် ထမင်းရည်ကြိုကို အစာအဟာရအဖြစ် မှီဝဲနေရသည်။ ဆန်စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများ ၀မ်းဟောင်းလောင်းဖြစ်နေသည်။ ဒဂုံမြောက်တွင် မီးပျက်နေသည်။ ဘွဲ့ရလူငယ်များ အလုပ်အကိုင်ရှာမရဘဲ ယမကာစွဲနေသည်။ စသည်စသည်ဖြင့် အိုဘားမားသွားကိုက်သည့်ကိစ္စကို ခပ်ကင်းကင်းဘေးဖယ်ထားနိုင်လျှင်တောင် မကင်းနိုင်သည့် အပူစစ်စစ်များကို မြင်နေ၊ ကြားနေ၊ သိနေရစဉ်တွင် ကိုယ်က ပျော်ပျော်နေသေခဲဝါဒဖြင့် ကိုရေခဲလုပ်နေခြင်းသည် တစ်ကိုယ်ကောင်းဆန်ခြင်းပင် မဟုတ်လော။ “ပျော်ရွှင်မှုကို ရှာဖွေရမယ် ဆိုရာမှာ ကမူးက ခုချက်ချင်းရှာဖွေရမယ်လို့ ထင်နေတယ်” ဟု ဆတ်က ပြောခဲ့သလိုပင်၊ ယင်ကောင်များ၏ မျက်လုံးဖောက်စားခြင်းဒဏ်ကိုခံနေရသည့် အာဖရိကမှ ကလေးငယ်တစ်ဦး၏ နံဘေးတွင် ပျော်ရွှင်မှုဆိုသည့် တရားကို ခံစားရန်မဖြစ်နိုင်သလို ... ဤမည်သော အခိုင်အမာယုတ္တိတို့ဖြင့် ကျွန်တော်က မိမိကိုယ်ကို တစ်ကိုယ်ကောင်းဆန်သည်ဟု မသိုးမသန့်ဖြစ်မိနေခြင်းဖြစ်သည်။ သို့သော် တမင်ပျော်အောင် နေခြင်းမျိုးမဟုတ်ဘဲ၊ မဖိတ်ခေါ်ဘဲရောက်လာသည့် ပျော်ရွှင်မှုကိုတော့ လွတ်လွတ်လပ်လပ် ခံစားခွင့်ရသင့်သည်ဟု တွေးမိပြန်သည်။ ပြီးတော့ ငါ့ဘာသာ တစ်ကိုယ်ကောင်းဆန်တော့ရော ဘယ်သူက တစ်ကိုယ်ကောင်းဆန်မှုဖြင့် တရားစွဲနိုင်မှာလဲဟု ခပ်စွာစွာတွေးမိပြန်သည်။ ဤနည်းအားဖြင့် ကျွန်တော်သည် ခုတလော တစ်ကိုယ်ကောင်းဆန်ဆန် ပျော်ရွှင်နေပါသည်။
တကယ်တော့ ပျော်ရွှင်ရသည့် အကြောင်းရင်းမှာလည်း ခိုင်ခိုင်မာမာရှိနေပါသည်။ တစ်နေ့ထမင်းနှစ်နပ် ပုံမှန်စားနေရသော ဘ၀တွင် မည်သူကမပျော်ဘဲ နေနိုင်ပါမည်လဲ။ အချိုပေါ်သကာလောင်းသလို နံနက်ခင်းတွင် နွားနို့စစ်စစ် တစ်ခွက်ပင် ပုံမှန်သောက်ခွင့်ပါကြုံနေရသော အချိန်တွင် မည်သူက စိတ်ညစ်ခြင်းအကြောင်းကို တွေးမိပါမည်လဲ...။ ကျွန်တော် ထမင်းနှစ်နပ် နပ်မှန်ခဲ့သည်မှာ တစ်လကျော်ကျော်ခန့်ရှိလာချိန်တွင် ယခုလို ပျော်ရွှင်နေမိပါသည်။ ကျွန်တော့်အပေါ် မနာလိုဖြစ်လည်း မတတ်နိုင်ပါ။
ထမင်းနှစ်နပ် နပ်မှန်လို့ ပျော်ရွှင်နေသည့်လူတစ်ယောက်သည် ထမင်းနပ်မမှန်ခဲ့သော အချိန်များလည်း ရှိခဲ့မည် ဆိုသည်မှာ သံသယဖြစ်စရာမလိုပါ။ ငတ်ပြတ်နေသော ကာလတစ်ရပ် အမှန်ပင် ရှိခဲ့ပါသည်။ အတိအကျဆိုရလျှင် အမေနှင့်ဝေးပြီး အဖေ့ဆီရောက်ထဲက ထမင်းငတ်နေခဲ့ခြင်းဖြစ်သည်။ ငတ်ရသည့် အကြောင်းရင်းမှာလည်း အမှန်ပင် နာကျင်ကြေကွဲစရာ ကောင်းပါသည်။ ယောက်ျားကောင်းပီသခြင်း၏ လက္ခဏာတစ်ရပ်အဖြစ် အချက်အပြုတ်အရာတွင် လက်ဖက်သုတ်ကိုမျှ ပန်းကန်ထဲဖောက်ထည့်ရမှာ ပျင်းသည့်အတွက်ကြောင့်ဖြစ်သည်။ ဒီအသက်ဒီအရွယ်အထိ အမေချက်ကျွေးသမျှ ဇိမ်ကျပြီး စားနေခဲ့သူတစ်ယောက်အနေဖြင့် ထမင်းချက်ဟင်းချက်အလုပ်သည် အဘိုးကြီးဖြစ်မှ လက်နက်ကိုင် တော်လှန်ရေးသင်တန်း တက်ရသည်ထက် ပိုမိုဆိုးရွားသည်ဟု ထင်ရသည်။ ပလပ်ပေါက်မတပ်မိဘဲ ခပ်တည်တည် ထမင်းအိုးတည်မိသည်မှာ မကြာခဏ။ ပိုက်ဆံပုံပေးလို့မှ မြန်မာထမင်းဟင်း မရနိုင်သည့်အရပ်တွင် ထမင်းဟင်းကိုယ်တိုင်မချက်တတ်လျှင် အစိမ်းစားနိုင်ရန်သာ လေ့ကျင့်ရတော့မည်။ အရသာ ကင်းမဲ့လှသည့် ကြက်သားကြော်ကို ကိုယ်တိုင်ကြော်မှပင် မကြုံစဖူး စားဖူးတော့သည်။ တိုတိုပြောရလျှင် ဤသို့ မိုးလွန်မှ ထွန်ချလို့ အကြောင်းမထူးတော့မှန်း သိသာလာသည့်အချိန်တွင် ထမင်းလည်းမချက်၊ ဟင်းလည်းမချက်ဘဲ တစ်နေ့လျှင် ကုလားခေါက်ဆွဲကြော် တစ်နပ်သာစားပြီး ရွတ်ပေပေနေထိုင်လာခဲ့သည်မှာ အတော်ကြာခဲ့ပြီ။ ထိုကံဆိုးမိုးမှောင်ကာလကြီး ကျော်လွန်လာချိန်တွင် မပျော်ရွှင်ဘဲ ဘယ်မှာရှိမည်နည်း။ ထို့ကြောင့် ကျွန်တော် ပျော်ရွှင်နေမိပါသည်။
လွန်ခဲ့သော တစ်လလောက်က နာဂလူမျိုးဖြစ်သည့် ကျွန်တော့်အဖေ၏ တပည့်လေးတစ်ယောက် ကျွန်တော်တို့သားအဖနှင့်အတူ နေထိုင်ရန်ရောက်လာခဲ့သည်။ သူက အိမ်ရှင်မတို့တတ်အပ်သည့် အဌာရဿများကို အဆင့်မြင့်မြင့် တတ်မြောက်ကျွမ်းကျင်သည်။ ကဲ.. ဘာလိုသေးလဲ။ ဤသို့ လိုလေသေးမရှိ အခြေအနေသည် အလိုလိုဆိုက်ရောက်လာသည့်အတွက် ကျွန်တော် တစ်ကိုယ်ကောင်းဆန်ဆန် ပျော်ရွှင်နေပါသည်။ ဤသည်မှာ ကျွန်တော်၏ ပျော်ရွှင်မှုအတွက် ခိုင်လုံလှသည့် အကြောင်းရင်းပင် ဖြစ်သည်ဟု ယူဆပါသည်။
စင်စစ် တစ်နေ့လျှင် ထမင်းနှစ်နပ်သည် အမှန်တကယ် လိုလေသေးမရှိအခြေအနေတစ်ရပ် ဖြစ်ပါသည်။ ဤသည်ကို သံသယ ရှိခဲ့လျှင် ကမ္ဘာပေါ်ရှိ လူခြောက်ယောက်တွင် တစ်ယောက်သည် အာဟာရချို့တဲ့ နေသည်ဟူသည့် အချက်ဖြင့် ချိန်ထိုးကြည့်နိုင်ပါသည်။ ထမင်းစားရခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။ ပျော်ရွှင်ခြင်းတရားဖြစ်ပါသည်။ ဤအတွက် ကျွန်တော်တို့ကို လွတ်လပ်စွာ တစ်ကိုယ်ကောင်းဆန်ခွင့် ပေးထားပါသည်။ အပြည့်အ၀ ရယူနိုင်ပါသည်။ ထမင်းစားရခြင်းအတွက် ပျော်ရွှင်နေသူတစ်ယောက်ကို တရားစွဲဆိုခွင့် မရှိပါ။ အခြားတစ်ဘက်တွင်လည်း ထိုပျော်ရွှင်မှုကို ခံစားနိုင်ရန် တစ်ဦးတစ်ယောက်၏ အသိဉာဏ်တွင် လှိုင်သာယာ မီးခွက်ဈေးမှ ထမင်းရည်ပုလင်းတချို့ကို သတိရဖို့လိုပါလိမ့်မည်။ ထိုသို့ သတိရခြင်းအားဖြင့် လူတစ်ယောက်သည် တစ်ကိုယ်ကောင်းဆန်သော ပျော်ရွှင်သူတစ်ယောက်အဖြစ် အမြင်မှန်တစ်ခု ပိုင်ဆိုင်နေပါလိမ့်မည်။ ဤသို့မဟုတ်လျှင် လူတစ်ယောက်သည် လူပါးဝသော အပျော်ကျူးသူ တစ်ယောက်သာ ဖြစ်နေပေလိမ့်မည်။ ဤသည်ကို ယန်းပေါဆတ်လည်း ကြိုက်လိမ့်မည်မဟုတ်ဟု ထင်မိပါသည်။
◄ တေဇာ ► နိုဝင်ဘာ (၂၀) ၂၀၀၉
Comments
Post a Comment