Skip to main content

အေးစက်နေသော အက်ဆေး


ဤအက်ဆေးသည် အက်ဆေးတစ်ပုဒ် ဖြစ်ပါသည်။ အဆိုပါဝါကျသည် အပိုအလိုမရှိ ကွက်တိမှန်ကန်မှု ရှိသည်။ တစ်သည် တစ်နှင့်ညီမျှသကဲ့သို့ အက်ဆေးသည် အက်ဆေးသာ ဖြစ်ပါသည်။ သို့သော် အဆိုပါ သင်္ချာဆန်ဆန် မှန်ကန်လှသည့် ၀ါကျတစ်ကြောင်းသည် အရေးအသား တစ်ခုအတွက် သိပ်အထောက်အကူမပြုသလို ဆွဲဆောင်မှုလည်း ရှိမနေပါ။ အက်ဆေးသည် အက်ဆေးဖြစ်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် သက်သေပြရန်လိုအပ်နေသည်။ အက်ဆေး၏ အဖေသည် အက်ဆေး၏ အမေနှင့် မေတ္တာမျှခဲ့ပြီး တရားဝင်အကြင်လင်မယားဖြစ်ကြောင်း ထည့်သွင်းဖော်ပြဖို့ လိုကောင်းလိုပေမည်။ အဆိုပါ အက်ဆေးမောင်နှံ၏ သားသမီးစစ်စစ် ဖြစ်ကြောင်းလည်း ဤအက်ဆေးသည် ခိုင်မာစွာသက်သေပြရ ပေလိမ့်ဦးမည်။ ထို့ပြင် ဤအက်ဆေး တည်ရှိရာရပ်ဝန်းသည် အက်ဆေးအဖွဲ့အစည်းအတွင်း ဖြစ်ရပေဦးမည်။ ဤသို့ဖြင့် အက်ဆေးအရေးအသားတစ်ခုသည် အက်ဆေးအရေးအသားတစ်ခုအဖြစ် အများသတ်မှတ်လက်ခံနိုင်ရန် အက်ဆေးတစ်ပုဒ်စာ ကြိုးစားအားထုတ်ရပေတော့မည်။ ဆိုလိုရင်းက “ဤအက်ဆေးသည် အက်ဆေးတစ်ပုဒ် ဖြစ်ပါသည်” ဟူသော ၀ါကျတစ်ကြောင်းသည် သီးခြားရပ်တည်နိုင်စွမ်းမရှိသလို မည်သို့မျှ အသုံးမ၀င်သည့် အရေးအသားတစ်ခုသာ ဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့ဝါကျဖွဲ့ဆိုမှုများကို တွေ့ရခဲခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤကဲ့သို့ အပိုအလိုမရှိကွက်တိမှန်ကန်မှုရှိသော ၀ါကျများ ရှားပါးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အမှန်တရားသည် နောက်ကွယ်တစ်နေရာမှ ဖြတ်လျောက်အဆင့်သာသာဘ၀သို့ လျောကျခဲ့ခြင်းဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဤအက်ဆေးသည် အက်ဆေးတစ်ပုဒ်သာ ဖြစ်ပါသည်။

အမှန်တရားသည် အလိုဆန္ဒ၊ ဆွဲဆောင်နိုင်စွမ်း၊ ရသ စသည်တို့ဖြင့် မိတ်ဖက်အသွင် မဆောင်သောအခါ တစ်စုံတစ်ယောက်အဖို့ သူ၏ အက်ဆေးအရေးအသားတွင် အမှန်တရားများများ ထည့်သွင်း ဌာပနာနိုင်မည် မဟုတ်တော့ပါ။ ပျော်ရွှင်ကြည်နူးဖွယ်ရာ၊ နှစ်သက်အံ့သြဖွယ်ရာ၊ လွမ်းဆွတ်ကြေကွဲဖွယ်ရာ ရသတစ်ခုခု ပေးစွမ်းနိုင်ရန်မှာ နှစ်နှစ်လီလေး အတွေးအခေါ်ဖြင့် မဖြစ်နိုင်ပါ။ ထို့ကြောင့်ပင် အမှန်ကို ချစ်မြတ်နိုးသည့်အကြောင်း အမှားဆယ်ခါပြန်သုံး၍ ရေးဖွဲ့ရပေသည်။ တစ်စုံတစ်ယောက်သည် အမှန်တရားကို ချစ်မြတ်နိုးကြောင်း အများလက်ခံအသိအမှတ်ပြုနိုင်ရန် မှန်ကန်မှုမရှိသည့် ၀ါကျများဖြင့်သာ ရေးဖွဲ့ရပေတော့မည်။ အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦးတစ်ယောက်သည် အမှားဆန်ဆန်ဝါကျများကို အသုံးပြုရန် လက်ခံသင့်မသင့် စဉ်းစားစရာ ရှိနေပါသည်။ ဤသို့သောအခြေအနေတွင် အမှန်တရားကို စာဖွဲ့၍ မမှီပါဟူ၍ ၀ါကျတစ်ကြောင်းတည်းဖြင့် ပြောနိုင်ခွင့်မရှိတော့ပါ။ နှစ်နှစ်လီလေးနှင့် တစ်နှင့်တစ်ညီမျှသည်ဆိုသော နမူနာစာသားများသည် ပညတ်အမှန်တရားများသာဖြစ်၍ ပကတိအမှန်တရားကို ကိုယ်စားပြုနိုင်ခြင်း၊ ပုံဆောင်နိုင်ခြင်း မရှိခဲ့ပါ။ ဤသို့လျှင် အမှန်တရားအား နိမိတ်ပုံဆောင်စရာ တစ်ခုတလေမျှ အနုပညာသမား၏ လက်ဝယ်ပိုင်ဆိုင်မှုအဖြစ် ရှိမနေတော့ပါ။ ထို့ကြောင့် ဤသို့သော အက်ဆေးများ ရှားပါးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤသို့သော ဒေါင်ဒေါင်မြည်အက်ဆေးများ နာဖျားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ၀ါကျဖွဲ့ဆိုမှုသည် စူပါမင်းသား ဖြစ်နေခြင်း ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အမှန်တရားသည် အမှန်တရားသာ ဖြစ်ပါသည်။

အက်ဆေးတစ်ပုဒ်သည် အမှန်တရားမဟုတ်ပါ။ လော့ဂရစ်သမ်စာအုပ်သည် ပကတိအမှန်တရားမဟုတ်ပါ။ တကယ်တမ်းအားဖြင့် ဤအက်ဆေးသည် အဆိုပါဝါကျနှစ်ကြောင်းသာ ပါဝင်သင့်ပေသည်။ ယခုသော် အမှန်တရားများ ဖောင်းပွခဲ့ရပြီ။ ဤအက်ဆေးသည် ရသတစ်ခုခု မပါဝင်ပါ။ ထို့ကြောင့် ရသစာတမ်းဟုလည်း ခေါ်ဆိုနိုင်မည်မဟုတ်ပါ။ အမှန်တရားဖြင့် ဖွဲ့ဆိုနိုင်ခြင်းမရှိသည့် အက်ဆေးကို အမှန်တရားခပ်များများဖြင့် ရေးဖွဲ့ ခဲ့ခြင်းသည် မိုက်မဲမှုသာ ဖြစ်ပေသည်။ နွေးထွေးသည့် ရသခံစားမှုများ မပေးစွမ်းနိုင်သည့်အခါ အေးစက်စက် ဖြစ်နေမည်သာဖြစ်သည်။ ထို့ကြောင့် ဤအက်ဆေးသည် အေးစက်နေသော အက်ဆေးတစ်ပုဒ်သာဖြစ်ပါသည်။ အထက်ပါ ၀ါကျများအားလုံးမှာ မှားယွင်းရေးသားခဲ့မိခြင်းသာ ဖြစ်ပါသည်။ ဤအက်ဆေးသည် အက်ဆေးတစ်ပုဒ် ဖြစ်ပါသည်။

◄ တေဇာ ►နိုဝင်ဘာ (၂၁) ၂၀၀၉

Comments

  1. ကိုတေဇာရေ
    အပေါ်ကနေအောက်ဆုံးအထိဖတ်သွားတယ်
    ဘယ်မှာသဘောအကျဆုံးဖြစ်သွားသလဲဆိုတော့
    လေဘယ်လေ
    အက်ဆေးဋီကာ က နောက်ဆုံးမှာ အက်ဆေး ဆိုတဲ့လေဘယ်ဖြစ်နေတယ်
    အကို (အသက်ပိုကြီးတယ်ထင်လို့ အကိုလို့ပဲခေါ်လိုက်ပါတယ်)က
    သစ္စာနီတွေများ အဖတ်များသလားဝတ္ထုတို ၆၀ထဲက
    နွားနို့ ကိုပြန်ဖတ်နေရသလိုခံစားရတယ်
    ဘာပဲ ဖြစ်ဖြစ် အကို့အတွေးအခေါ်တွေ အရေးအသားတွေကို ကြိုက်လို့ အမြဲလာဖတ်ဖြစ်တဲ့ ဆိုက်ထဲမှာ တခုပါပါတယ်

    ReplyDelete
  2. စာဖတ်သူNovember 22, 2009 at 6:42 AM

    အေးစက်နေတဲ့ အက်ဆေးအကြောင်းကို ဘာမှ မပြောလိုပါဘူး။
    တီချမ်းကိုပဲ မနေနိုင် မထိုင်နိုင် စကားဆိုချင်ပါတယ်။
    တီချမ်းရေ...
    အစ်ကို မဟုတ်ပါ။ညီလေး ဖြစ်ပါတယ်။ =)

    ReplyDelete
  3. အမ်
    တီ့ထက်ငယ်တယ်ပေါ့
    ဒါဆို ပိုတော်တာပဲ
    ကောင်းလေစွကောင်းလေစွ

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”