Skip to main content

အိပ်မက်ဆန်ဆန် နာရီသံတချို့မှာ...

ပြောင်းလဲဖို့ အသင့်ပြင်နေတဲ့ ကျောက်ရိုင်းတုံး...။  ~လေးဖြူ~


ပန်းပေါင်းစုံ ဝေဆာဖူးပွင့်နေဟန်တူတဲ့ ဥယျာဉ်လေးတစ်ခုထဲ ညက ကျွန်တော် ရောက်သွားဖြစ်တယ်။ ထူးခြားတာက ခုတစ်ကြိမ်မှာ ကျွန်တော့်ဘေးမှာ မိန်းကလေးငယ်တစ်ယောက် ပါနေတာပဲ။ ဒီလို နေရာဒေသနဲ့ ဒီလိုတွဲဖက်မှုမျိုး ကျွန်တော် တစ်ခါမျှ (ဘယ်တုန်းကမျှ) မကြုံဖူးဘူး။ မိန်းကလေးက သာယာလိုက်တဲ့အချိန်ပဲနော်လို့ ကျွန်တော့်ကိုကြည့်ရင်း ပြောလိုက်တယ်။

တကယ်တော့ အခုအချိန်ဟာ ညီမနဲ့ကိုယ် ချစ်သူတွေမဖြစ်ခင်က သာယာလှပတဲ့ အတိတ်တစ်ချိန်ပေါ့ကွယ် လို့ ကျွန်တော်က ပြန်ပြောလိုက်မိတယ်။ ဟွန် လို့ သူမဆီက အာမေဋိတ်အသံ ထွက်လာတယ်။ သူက ကျွန်တော်နဲ့ အဲဒီအချိန်တုန်းက (အတိတ်က) အထိ ချစ်သူတွေမဟုတ်ကြသေးမှန်း ခုမှ သတိပြုမိဟန် တူတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ့်စကားသံ ကိုယ်ပြန်ကြားမှ အဲဒါကို သတိရသွားသလိုပဲ။ ဒါပေမဲ့ ကျွန်တော့်စကားဟာ အကြွင်းမဲ့မှန်ကန်ပါတယ်လို့ သူရောကျွန်တော်ရော အဲဒီအခိုက်အတန့်မှာ ထူးထူးဆန်းဆန်း ယုံကြည်နေကြတယ်။ ဒါမှမဟုတ် ကျွန်တော်ဟာ သူ့ရဲ့ချစ်သူ ဖြစ်လာမယ့်သူလို့ ရုတ်တရက်သိလိုက်ရလို့ အံ့သြသွားပုံမျိုးနဲ့လည်း တူတယ်။



ဒီတော့ အစ်ကိုက ညီမကို ချစ်တယ်လို့ ပြောတော့မယ်ပေါ့ လို့ သူက ချစ်စဖွယ်ပြုံးရင်း မေးလိုက်တယ်။ ကျွန်တော်က ခေါင်းခါပြလိုက်မိတယ်။ အဲဒါက ညီမက ကိုယ့်ကိုအရင်ပြောခဲ့တာလေ လို့ ပြုံးရင်း ပြန်ပြောလိုက်တယ်။ အဲဒီတော့ အစ်ကိုက ဘာပြန်ပြောလဲ လို့ သူက မဆိုင်းမတွ မေးတယ်။ အစ်ကိုက ညီမကိုချစ်တဲ့အကြောင်း ပြန်ပြောခဲ့တာပေါ့ လို့ ကျွန်တော်ကဖြေပြီးတော့ နှစ်ယောက်သား ပြိုင်တူ ရယ်မောလိုက်မိကြတယ်။

§ § § § § § §

တကယ်တော့ ဒါဟာ အိပ်မက်ပဲ...။
တကယ်တော့ ဒါတွေအားလုံးဟာ သိစိတ်အတွင်းက သိသိသာသာ လစ်ဟာနေတဲ့ ကွက်လပ်တွေကို နက်ရှိုင်းလှတဲ့ မသိစိတ်ထောင့်တစ်နေရာက အိပ်မက်အတွင်းမှာ လှစ်ပြလိုက်သလိုမျိုးပဲ။ ဒီလို အိပ်မက်မျိုး ကျွန်တော် မမက်ဖူးဘူး။ ဒီလို ကြည်နူးဖွယ်ရာအိပ်မက်မျိုး ကျွန်တော် မက်လေ့မက်ထ မရှိခဲ့ဘူး။ ကိုယ့်ထက် အင်အားအဆမတန်သာလွန်နေတဲ့ သတ္တ၀ါဆန်းကြီးတွေနဲ့ မနိုင်မှန်းသိရက် တိုက်နေရ သလိုမျိုး၊ နိုးနေပြီလို့ ကိုယ့်ကိုယ်ကို သိတာတောင် မျက်နှာကိုခေါင်းအုံးနဲ့ တကယ်ဖိထားတာကို အစွမ်းကုန် ရုန်းကန်ရနေသလို အမေပြောတဲ့ ဘီလူးစီးခြင်းမျိုး၊ တကယ်တော့ ဒါဟာ အိပ်မက်ပါလို့ အိပ်မက်ထဲမှာတင် ထူးထူးဆန်းဆန်း သိနေတဲ့ ခံစားချက်မျိုး... အဲဒီလို ဂယောက်ဂယက်နဲ့ ဒုစရိုက်ဆန်ဆန် အိပ်မက်တွေနဲ့သာ ကျွန်တော် ကျင်လည်ခဲ့ရတယ်။ ခုတော့ အဲဒါတွေနဲ့ အရောင်အသွေးမတူတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့မိတယ်။

ဘာပဲပြောပြော လူစီအိပ်မက် (Lucid Dreaming) လိုမျိုး အိပ်မက်တွေကို ထိန်းချုပ်နိုင်ဖို့ ကျွန်တော် ဘယ်တုန်းကမျှ မကြိုးစားခဲ့ဖူးပါဘူး။ မက်ချင်တဲ့အိပ်မက်ဆိုးမက်စမ်း... အိပ်မက်ထဲမှာတောင် (သို့) အိပ်မက်ထဲမှာမို့လို့ မိုက်သွေးပြချင်တဲ့ဗီဇကလေးက ရှိခဲ့တော့...။ ဒါပေမဲ့ ကိုယ့်အကြောင်းကိုကိုယ် အတော်အတန်သိသူဆိုတော့ နိုးနိုးချင်းပြုံးတော့ ပြုံးမိခဲ့တယ်။ ချစ်တယ်လို့စပြောဖို့ကို အိပ်မက်ထဲမှာတောင် ၀န်လေးခဲ့တာကိုး။ ချစ်တယ်လို့ ၀န်ခံရမှာတောင် သူရဲဘောကြောင်နေတဲ့ သူကိုး...။ အဲဒီလို အခြောက်တိုက်မြင့်နေတဲ့ ဘ၀င်တစ်စွန်းတစ်စကို မြင်ရတော့လည်း ကိုယ့်ကိုယ်ကို သရော်တော်တော် ပြုံးမိပြန်တယ်။ မိန်းကလေးတစ်ယောက် အထင်ကြီးလေးစားစရာ အရည်အချင်းတွေ ချို့တဲ့ပါလျှက်နဲ့ ခခယယ လုပ်ရမှာ ရှက်နေတဲ့ကောင်ပဲ။ ဒီတော့လည်း မတတ်နိုင်ဘူး...။ တစ်စုံတစ်ယောက်ကို ကျွန်တော် ရှာဖွေမတွေ့ရှိသေးသလို တစ်စုံတစ်ယောက်ကမှလည်း ကျွန်တော့်ကို ရှာဖွေမတွေ့ရှိသေးဘူးလို့ အရင်လိုပဲ စိတ်ထဲက ကြွေးကျော် လိုက်မိတယ်။

ဒါနဲ့ အိပ်မက်ထဲကချစ်သူရဲ့ ပုံပန်းသွင်ပြင်ကို ကျွန်တော် မမှတ်မိခဲ့ဘူး...။ သေချာတာက သူက ချစ်စရာကောင်းတယ်။ ပြီးတော့ အဲဒီအိပ်မက်မှာ ကျွန်တော်ဟာ သူက စတင်ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောက်ရိုင်းတုံးပဲ။

◄ တေဇာ ► နိုဝင်ဘာ (၂၆) ၂၀၀၉

Comments

  1. အစ်ကိုနဲ့ ညီမရဲ့ ရေစက်လေး အမြန်ဆုံးပေါင်းဆုံတော့မယ်လို့ ယုံကြည်ပါတယ် =)

    ReplyDelete
  2. ငွေကြယ်လေးNovember 26, 2009 at 10:07 PM

    ဟိတ်...
    မငြိတွယ်နဲ့သီချင်း...အဲ့ကောင်မလေးကို ဆိုမပြလိုက်ဘူးလား...
    အိပ်မက်ထဲမှာလေ...

    ReplyDelete
  3. ပန်းချစ်သူNovember 26, 2009 at 10:17 PM

    အရမ်းကောင်းပါတယ်..စိတ်ကူးလေးက..

    ReplyDelete
  4. အိမ်မက်ထဲက ချစ်သူနဲ့ အပြင်မှာ တကယ်တွေ့ပါစေရှင်..

    ReplyDelete
  5. မလာပါနဲ့
    မလာပါနဲ့

    ဟိဟိဟိ
    တတိယအပိုက်ကို သဘောကျတယ်
    အောက်မှပြန်ရှင်းတာ ကို ပိုသဘောကျတာ
    ယောက်ျားတွေရဲ့အတ္တပဲ အဲ့တာ
    မဟာဖိုဝါဒ စစ်စစ်ပဲ

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”