ရေချိုးရခြင်း၊ ရည်းစားစကားပြောရခြင်း၊ ငှားဖတ်ထားသော စာအုပ်အား ပိုင်ရှင်ထံပြန်ပေးရခြင်း အလုပ်များ ပြီးလျှင် ဖောင် (Form) ဖြည့်ရသောအလုပ်မှာ သူ ဇီဇာအကြောင်ဆုံး အလုပ်များတွင် ထိပ်တန်းကျကျ တစ်နေရာမှ ပါဝင်နေပေသည်။ ဇီဇာကြောင်လွန်းမက ကြောင်သောအခါ စိတ်ရောဂါများ အသွင်ဆောင်လာသည်။ စိတ်ပညာကို အထူးစိတ်ဝင်စားသော သူက မိမိ၌ရှိသည့် အဆိုပါစိတ်ရောဂါ အငယ်စား (Neurosis) ကလေးများကို တယုတယ မွေးမြူစောင့်ရှောက်ကာ စောင့်ကြည့်လေ့လာ နေခဲ့ပါသည်။
ရေချိုးပျင်းရောဂါက မွေးရာပါ ပါရမီဟုဆိုနိုင်သည်။ ငယ်စဉ်ဘ၀ထဲက ယနေ့အချိန်ထိ ပျင်းမြဲပျင်းဆဲ ရှိနေတုန်းပင်။ ခုလို အေးခဲနေသည့် အခါများတွင် ထိုရောဂါက ပိုမိုပြင်းထန်တတ်သည်။ ငယ်စဉ်က မျောက်ရှုံးအောင် ဆော့ကစားထားသဖြင့် ညစ်ပတ်ပေတေနေသောသူ့ကို အမေက ရေချိုးခိုင်းလျှင် တော်ကြာနေချိုးမယ်ဟု သူက ဆင်ခြေပေးတတ်ခဲ့သည်။ တော်ကြာနေဆိုသည့်အတိုင်း ဖြစ်နိုင်သမျှ တော်တော်ကို ကြာအောင် အချိန်ဆွဲနေတတ်သည်။ သူက လာမယ့်ဘေးပြေးရှောင်ဆိုသည့် လူစားထဲကဖြစ်ပေသည်။ ဤရောဂါသည် ကလေးဘ၀က ဆိုးကျိုးတစ်စုံတရာမရှိခဲ့သော်လည်း လူပျိုပေါက်အရွယ်ရောက်လာတော့ ကပ်သီးကပ်နိုင် လာသည်။ လိုင်းကားတိုးစီးရာတွင် လက်သည်းကြားတွင် ညှပ်နေသည့်ဂျီးတွေကို သူများမမြင်အောင် (အထူးသဖြင့် ရွယ်တူကောင်မလေးများ) ၀ှက်ရသည်က အတော်ဗျာများရသည်။ သူတို့အပူ တစ်ပြားသားမှ မပါပါဘဲနှင့် မြင်သွားလျှင် နှာခေါင်းရှုံ့လိုရှုံ့၊ အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုကြည့်နှင့် အတော် ဒေါသထွက်ရသည်။ ဒါလည်း သူတို့လက်သည်းလှလှလေးတွေပေါ်က ပန်းပွင့်၊ ကနုတ်ရောင်စုံလေးတွေကို စိတ်ရှည်ရှည်ချယ်သ ထားရသည့်အချိန်များကို သွယ်ဝိုက်စော်ကားသလိုဖြစ်နေ၍ ဖြစ်လိမ့်မည်ဟု သူက သဘောထားကြီးစွာ နားလည်ပေးတတ်ခဲ့ပါသည်။
ဤအခြေအနေထိတော့ သူက မျက်နှာပြောင်တိုက်နေနိုင်တုန်းပင် ဖြစ်သည်။ လိုင်းကားပေါ်တွေ့သည့် ကောင်မလေးက နှာခေါင်းရှုံ့ခံရလို့ တုန်လှုပ်မည့်လူစားထဲတွင် သူမပါဟု မာနကို ခပ်ကြီးကြီးထားသည်။ ကိုယ်ကလည်း သူတို့ကို ကြိုက်နေတာမဟုတ်။ သူတို့က နှာခေါင်းရှုံ့လျှင် သူက မျက်မှောင်ကုတ်ပြီး တုန့်ပြန်လိုက်ရုံသာ ရှိသည်။ ဤအခြေအနေမှကျော်လွန်၍ ကောင်မလေးတစ်ယောက်ယောက်ကို ချစ်သည်ဟု ကိုယ့်ဘာကိုယ်သတ်မှတ်ကာ နောက်က လိုက်တတ်သည့် အချိန်သို့ ရောက်လာသည့်အခါ၊ သမီးရည်းစားလုပ်ရပါလို၏ဟူသည့် ဆိုလိုရင်းကိုကွေကွင်း၍ မယောင်ရာဆီလူး အလိမ်အညာ စကားလှလှလေးများကို နှစ်ကိုယ်ကြား ဝေ့၀ိုက်ဖြီးဖြန်းရသည့်အခါ၊ မိမိသည် လူရည်သန့် အမျိုးကောင်းသားလေးတစ်ယောက်ဖြစ်ပါသည်ဟု ဟန်ဆောင်ရသည့်အချိန်များ စတင်ကြုံတွေ့လာရစဉ် တွင်တော့ သူ၏ ရောဂါကြီးကို ဆက်လက်မွေးမြူထားရန် မသင့်တော့ကြောင်း သဘောပေါက်လာ ရတော့သည်။ သို့သော် နာတာရှည်ရောဂါတို့၏ သဘာဝအတိုင်း အလွယ်တကူ ပျောက်ကင်းနိုင်သည်မဟုတ်။ ပျောက်တစ်ခါပေါ်တလှည့်နှင့်ပင် “ဒီတစ်ယောက်ကိုတော့ ဘယ်သူနဲ့မှမတူအောင် တကယ်ချစ်ပါသည်” ဟု ယုံကြည်သော ကောင်မလေးပေါင်း လက်ဆယ်ချောင်း ပြည့်သွားချိန်လောက်တွင် သူ့လက်သည်းများတွင်လည်း ဂျီးများရှိမနေတော့ပါ။ ရေချိုးရသည့် ဧရာမတာဝန်ကြီးကိုတော့ လစ်ရင်လစ်သလို ရှောင်ရှားတုန်းပင်။ သို့သော် သူက သူငယ်နှပ်စားလေး တစ်ယောက် မဟုတ်တော့။ မိသားစုဝင်များသတိမထားမိအောင် လိမ္မာပါးနပ်စွာ ရှောင်ရှားတတ်လာသည်။
ထိုမှတစ်ဖန် အလုပ်ခွင်ရောက်၍ နေ့စဉ် ရုံးတက်ရသည့်အခါတွင်တော့ သူ့ရောဂါမှာ ဆက်လက် မွေးမြူထားရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။ မြေညီထပ်ရှိ အခန်းထဲတွင် ထိုင်နေလျှင် ပထမထပ်ရှိသူ၏အခန်းထဲထိ မွှန်ထူနေလောက်အောင် ရေမွှေးသုံးကြမ်းသည့် Boss နှင့် Boss တပည့်ပီသသည့် ကိုသင်းကြိုင်၊ ကိုကြူမွှေး စသည့် လုပ်ဖော်ကိုင်ဘက်များအကြားတွင် သူက ကိုယ်စိမ်းရွှေဖြစ်နေလို့ မသင့်တော့။ ထို့ကြောင့် သူ၏ အချိန်ချွေတာရာရောက်သည့် (အချိန်ကိုချွေတာခြင်း သည် ဘ၀ကိုလည်း ချွေတာခြင်းဖြစ်သည်) အဖိုးတန်ရောဂါလေးကို အောင့်သက်သက်ဖြင့်ပင် စွန့်လွှတ်ရလေတော့သည်။ မနက်စောစောချိုးသည်။ ညနေမိုးချုပ်ချိုးသည်။ တစ်နေ့နှစ်ခါ အားရပါးရချိုးသည်။ လိုအပ်သည်ထင်လျှင် သုံးခါချိုးသည်။ ကြာတော့ ရေချိုးစွဲသည့်ရောဂါ (Bathing Addiction) ပင် ရချင်လာသည်။ မချိုးရသေးလျှင် ကပ်စေးစေးဖြစ်နေသည်ဟု ထင်မိသည်။ မိခင်ကြီးမှာ ၀ယ်ယူရသည့်ရေဖိုးအတွက် တစ်ခွက်လောင်းလိုက်လျှင် သက်ပြင်းတစ်ခါချနေရသည်။ ကြာတော့လည်း သူ အားနာလာမိသည်။ တစ်နေ့ တစ်ခါသာချိုးရန် ပြန်ပြီးကြိုးစားရသည်။ ပုံမှန်ဖြစ်မည်မျှမကြံသေး အလုပ်မလုပ်တော့သည့် အခါတွင် အဆိုပါရောဂါဟောင်းမှာ မူလအခြေအနေသို့သာ ပြန်ရောက်ခဲ့ပါသည်။
ရည်းစားစကားပြောရခြင်းအား ဇီဇာကြောင်မှုကိုတော့ ရောဂါတစ်ခုအဖြစ် သူက မသတ်မှတ်ပါ။ ရောဂါလက္ခဏာတစ်ရပ် (Symptom) ဟုသာ သတ်မှတ်ထားသည်။ သူ၏ မွေးရာပါရောဂါပင်ဖြစ်သည့် “ဘ၀င်မြင့်ယုံမှားလွန်” ရောဂါကြောင့် အခြောက်တိုက် မာနကြီးနေမှု၏ လက္ခဏာတစ်ရပ်သာဖြစ်သည်ဟု သူက ထင်သည်။ ထို့ကြောင့် ကုသပျောက်ကင်းရန်မကြိုးစားခဲ့။ သို့သော် လုံးဝမပြောဖူးခြင်းတော့မဟုတ်။ အရက်အမူးလွန်နေသည့်အခါမျိုး၊ လှချင်ဟန်ဆောင်ထားသည့် မိန်းကလေးတစ်ယောက်၏စက်ကွင်းတွင် လိုလိုလားလားအမိခံလိုက်ရသည့် အခါမျိုးများတွင် ပြောထွက်ခဲ့ပါသည်။ သို့သော် ပြောပြီးမကြာမတင် သူ နောင်တရစမြဲဖြစ်သည်။ အမှန်က ငါ့ကိုသူကစပြောရမှာ၊ ငါကစပြောမိတော့ ငနဲသမီးက မူပြီး ပြန်မကြိုက်တော့ဘူးဟု လိပ်တို့၏ယုတ္တိဗေဒဖြင့် တစ်ဖတ်သက်ယူဆကာ ရဲရဲရင့်ရင့် နောက်ဆုတ်လိုက်တတ်သည်။
ထိုရောဂါကြောင့်ပင် သူ၏နောက်ထပ်ရောဂါတစ်ခုဖြစ်သည့် စာအုပ်ချစ်သည့်ရောဂါရရန် လမ်းစဖော်ပေး လိုက်သလို ဖြစ်သွားခဲ့သည့်ဆိုရမည်လားမသိ။ မိမိအသုံးမကျမှုကို ကွယ်ဝှက်ကာ မိန်းကလေးတွေကို စိတ်နာသည်ဟူ၍ စတန့်ထွင်ပြန်သည်။ စာအုပ်ကတော့ ငယ်ငယ်လေးထဲက ဖတ်သည်။ သို့သော် ဖတ်ဖတ် မဖတ်ဖတ် စာအုပ်လိုချင်သည့်ရောဂါတော့ မရသေး။ မိန်းကလေးတွေကိုစိတ်နာသည်ဟု သူ့ကိုယ်သူ သတ်မှတ်ပြီးနောက်ပိုင်း စာအုပ်တွေကို လိုက်စုပြီး သိမ်းထားသည့်ရောဂါ ဖွံ့ဖြိုးလာသည်။ အထူးသဖြင့် ပန်းဆိုးတန်းစာအုပ်အဟောင်းတန်းတွင် စာကြီးပေကြီးဟု သူ ယူဆသည့် စာအုပ်အဟောင်းအမျှင်း များကို ဈေးကြီးပေးဝယ်သည်။ စုသည်။ အများစုမှာ အင်္ဂလိပ်စာအုပ်များဖြစ်သည်။ သုံးအုပ်ဝယ်လျှင် နှစ်အုပ်လောက်က သူမဖတ်နိုင်သည့် စာအုပ်များဖြစ်သည်။ သို့သော် ၀ယ်မြဲဝယ်သည်။ အိမ်ရောက်လျှင် ဖင်ပြန်ခေါင်းပြန်ကြည့်၊ အညွှန်းဖတ်၊ မာတိကာဖတ်၊ အမှာစာဖတ်။ ပြီးလျှင် တစ်နေ့တော့ အေးအေးဆေးဆေး ဖတ်မယ်ဟု ကိုယ့်ဘာကိုယ်နှစ်သိမ့်၍ ပစ်ထားလိုက်သည်။ မဖတ်ရသေးခင် နောက်ထပ်အသစ်ဝယ်ပြန်သည်။ ထိုနည်းအတိုင်းလုပ်ပြီး ပစ်ထားလိုက်ပြန်သည်။ သူငယ်ချင်းတွေဆီက ငှားဖတ်လည်း ဒီတိုင်းပင်။ မြန်မြန်ဆန်ဆန်မဖတ်ဖြစ်။ မပြီးသေးဘူးဆိုပြီး ပြန်မပေးဖြစ်။ ဒီလိုနှင့် သူ့အပိုင်စာအုပ်လိုလို ဖြစ်သွားတော့သည်။ သို့သော် သူကချည်းပဲရခဲ့သည်တော့ မဟုတ်ပါ။ သူ့ဆီကစာအုပ်တွေ သူငယ်ချင်းဆီပါသွားတာက ပို၍ပင်များသည်။ သို့သော် ပြန်လည်းမတောင်းတတ်။ ပြန်ပေးလျှင်ယူသည်။ မပေးလျှင် ထားလိုက်သည်။ ဤသို့ဖြင့်ပင် စာမဖတ်သည့် စာဂျပိုး၏ သံသရာက လည်နေသည်။ သူ့စာအုပ် အရှုပ်အပွများ လိုက်သိမ်းရသည့် အမေကတော့ အတော်ပင်ပန်းရှာသည်။
အဆိုပါရောဂါများမှာ ဗီဇ (Gene) ကြောင့် မွေးရာပါဖြစ်ရသည်ဟု ဆိုချင်ဆိုနိုင်သော်လည်း ဖောင်ဖြည့်ရခြင်းကို မအီမသာဖြစ်ရသည့် ရောဂါဆိုးကတော့ ပတ်ဝန်းကျင်၏ ပယောဂကြောင့် စွဲကပ်ရခြင်းသာ ဖြစ်သည်ဟု သူက တရားခံရှာချင်သည်။ ငယ်စဉ်ထဲက အဆင့်ဆင့်ကျောင်းတက်၊ တက္ကသိုလ်တက်ပြီး ကျောင်းသာပြီးသွားသည် သူသည် လူတစ်ယောက်ဖြစ်သည်ဟူသည့်သက်သေခံချက် ကတ်ပြားတစ်ခါမျှ မရရှိခဲ့။ ထိုကတ်ပြား၏ နံပါတ်ကလည်း မည်သည့်ဖောင်ဖြည့်ဖြည့် မဖြစ်မနေ ပါရမည့် နံပါတ်ဖြစ်သည်။ သူ့တွင်မရှိ။ လူကတော့ အကောင်အထည်လိုက် သက်သေပြနိုင်သည်။ ခေါင်းတစ်လုံးနှင့် ခြေနှစ်ဖက်လက်နှစ်ဖက်ပါသည်။ သို့သော် ပြဿနာက သူ့တွင် လူဟူသော ကိုယ်ပိုင်အမှတ်အသား ရေးသွင်းထားသည့် ကတ်မရှိ။ ဒီတော့ ဟိုဖောင်ဒီဖောင် ဖြည့်စွက်ရာတွင် အကြီးအကျယ် အခက်အခဲတွေ့ရတော့သည်။ လျှောက်ထားဆဲဟူသည့် စာသားလေးကိုသာ မျက်နှာလေး ဇီးရွက်လောက်ဖြင့် ရေးရသည်။ ဒါလည်း အဆင်မပြေ။ ရရှိသည့်အဆင့်လေး၏ ပါဝါကို တစ်စက်မျှ မကျန်အောင် ပြချင်ကြသောစိတ်ဓာတ်၊ မမူးဘဲရစ်ရမှ အသပြာလေးများရွှင်ရသည့်စနစ်ထဲတွင် ရောက်ရှိ ရှင်သန်နေကြရသူများချည်း သာဖြစ်၍ သူ့မှာ နေ့စဉ်နှင့်အမျှ စိတ်ဒုက္ခအကြီးအကျယ် ရောက်ရသည်။
ရုန်းကန်လှုပ်ရှားနေရသည့် အလုပ်နှင့်ပတ်ဝန်းကျင်ကလည်း စာရွက်စာတမ်းများ၊ ဖောင်ဖြည့်ရခြင်းများကို မရှောင်ရှားနိုင်သည့် ၀န်းကျင်ဖြစ်နေသည်။ ဒီတော့ သူ့တွင် ဖောင်ဖြည့်ရခြင်းကိုကြောက်သည့် ရောဂါ ပေါ်လာသည်။ သိမ်ငယ်စိတ်ဝင်လာခဲ့သည်။ အများတကာက မည်သည့်အရည်အချင်းမျှ ရှိရန်မလိုအပ်ဘဲ ရရှိသော၊ အမိဝမ်းတွင်းမှ အောင်မြင်စွာထွက်နိုင်ခဲ့လျှင် ရရှိရန် လုံလောက်ပြီးဖြစ်သော အဆိုပါ သက်သေခံကတ်ကို သူက ဘာကြောင့်များ မရရှိရပါသလဲ။ သူလည်း အခြားလူများကဲ့သို့ လူပဲမဟုတ်လား။ ဘာကြောင့် သူ့မှာကျတော့ သူများတွေလို သက်သေခံကတ်မရှိရတာလဲ။ သူ့ကိုယ်သူ လူမဟုတ်ဘူးလားဟု သေချာစေရန် အကြိမ်ကြိမ်ပြန် မေးခွန်းထုတ်နေမိသည်။ မည်သည့်အပြစ်မှမရှိပါဘဲနှင့် သိမ်ငယ်နေရသည့် အဖြစ်ကို နာကျည်းလာသည်။ ထိုမှ တစ်ဆင့် အရွဲ့တိုက်ချင်လာသည်။ လူဟူသည့်၊ နိုင်ငံသားဟူသည့် သက်သေအထောက်အထား ခိုင်ခိုင်မာမာရှိကြသော ပီပီပြင်ပြင်လူများကို တစ်ဘက်သတ်မုန်းတီးမိသလို ခံစားလာရသည်။
သို့သော် လောကကြီးနှင့် လူ့အဖွဲ့အစည်းကို အရွဲ့တိုက်ရသည့်ကိစ္စမှာ လေဖြတ်ခံရသည့်ကိစ္စကဲ့သို့ လွယ်ကူလှသည်မဟုတ်။ ရွာပြင်ထုတ်ခံရနိုင်သည့် အန္တရာယ်ကြီး ရှိနေသည်။ ပင်ကိုယ် စိတ်ဓာတ်အရ ရွာထဲတွင်နေချင်လှသည် မဟုတ်ပေမဲ့ ရွာကို ကန္တကောစမလုပ်နိုင်ရသေးသည့် အကြောင်းအရင်းများ မြောက်မြားစွာရှိနေသေးသည်။ ထို့ကြောင့် ဖောင်ဖြည့်ရမှာကြောက်သည့်ရောဂါသည် ကုရာနတ္ထိ ဆေးမရှိသလို ဖြစ်နေရသည်။ ဖောင်တစ်ခုခုဖြည့်ရမည်ကြုံတိုင်း အော် ငါ လူမဟုတ်သေးပါလား ဆိုသည့်အတွေးကို မအီမသာ ခံစားရသည်။ ရှားရှားပါးပါး တစ်ယောက်ရဖူးသည့် ရည်းစားက လက်ထပ်ရန်မဖြစ်နိုင်ဟု ခေါင်းတယမ်းယမ်း ပြောခံရဖြင့် ဒူးနှင့်မျက်ရည် သုတ်ရဖူးသည်။ စာမေးပွဲအောင်ပြီး ဘွဲ့မယူနိုင်သည့်အဖြစ်ကို ခွက်ထိုးခွက်လှန် ရယ်မောခဲ့ရဖူးသည်။ သို့သော် သူက အကောင်းမြင်စိတ်ဓာတ်ကို တတ်နိုင်သမျှ မွေးမြူပါသည်။
တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဉာဏ်အမျှော်အမြင်ကြီးမားသော သူကြီးတစ်ဦးဦးက သူ့ကို လူဟူ၍ ထောက်ခံချက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ထိုအချိန်တွင် သူက ဖောင်ဖြည့်စရာ မကြုံကြုံအောင် လုပ်ပြီး ပျော်ပျော်ကြီးဖြည့်မိပါလိမ့်မည်။ သူ၏ ရောဂါဆိုးကြီးလည်း အမြစ်ပြတ် ပျောက်ကင်းသွားပါလိမ့်မည်။ သို့သော် ထိုရောဂါက ပေးသော အမာရွတ်တို့သည် သူ့နှလုံးသားတွင် သေသည်အထိ စွဲထင်နေတော့မည်သာ ဖြစ်ကြောင်းကိုတော့ ရွာသူရွာသားများ သိကြလိမ့်မည်မဟုတ်ဟု ရောဂါသည်းထန်သော တစ်နေ့က သူတစ်ယောက်တည်း မဲ့မဲ့ကြီး တွေးနေမိပါသည်။
◄ တေဇာ ► နိုဝင်ဘာ (၁၁) ၂၀၀၉

ဘ၀င်မြင့်ယုံမှားလွန်စိတ်ရောဂါ ရှိတာ ဖြစ်နိုင်တယ် ထင်မိတယ်။ :D..
ReplyDeleteဒီလိုဥာဏ်ရည်ထက်မြက်သူတိုင်း ရှိကြတာပဲလေ...=)
ရေချိုးပျင်းရောဂါကတော့ အနုပညာသမားတော်တော်များများရှိတယ် ထင်တယ်။
ဆရာမကြည်အေးလည်း (အရင်တုန်းက) ရေချိုးပျင်းတယ် နာမည်ကြီးပြီး တခြားသူတစ်ယောက် စာတစ်ပုဒ်ရေးထားတာ ဖတ်ဖူးတယ်။ =)
အင်း... ဘ၀င်မြင့်တဲ့ရောဂါက ဉာဏ်ထက်လို့ ရှိတာလား။ ဉာဏ်ထက်သူတွေဟာ ဘ၀င်မြင့်ကြလား သေသေချာချာတော့ မသိဘူး။ အလုပ်လုပ်တုန်းကတော့ တုံးတယ်လို့ နေ့တိုင်းနီးပါး ပြောခံရတယ်။ သူငယ်ချင်းတွေကလည်း ပိန်းတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သိပ်မနာခဲ့ဘူး...။ မသိလို့ပြောကြတာပဲလေ သိတဲ့လူက ခွင့်လွှတ်ပေးရမှာပေါ့.. မဟုတ်ဖူးလား... ခွိခွိ..း)
ReplyDelete(ဒီလို )ဆိုတာ အနုပညာခံစားနိုင်မှု ဖန်တီးနိုင်မှု ဥာဏ်ရည်ကို ပြောတာပါ။
ReplyDelete(ဥာဏ်ရည်ထက်မြက်သူတိုင်း) ဆိုတာ အများကြီးကြုံဖူးလို့ပါ။
အလုပ်မှာ တုံးတယ်လို့ အပြောခံရလား မပူပါနဲ့ ဒီလို အဖော်တွေ အများကြီး ရှိပါတယ် :P
ဟဟား ရေးထားတာမိုက်တယ်ဗျ ဆက်ဖတ်မယ် ဆက်ရေး
ReplyDelete