အကောင်းဆုံးခေတ်ကြီးမှာ အကောင်းဆုံးမဟုတ်သော်လည်း သောက်ပြီးရင် ကောင်းသွားတဲ့ ယမကာရှိတယ်။
အကောင်းဆုံးခေတ်ကြီးမှာ အကောင်းဆုံးမျိုးဆက်တွေရှိတယ်။
အကောင်းဆုံးခေတ်ကြီးမှာ လက်တွေ့ဘ၀ကို ဖြစ်ဖြစ်မြောက်မြောက် တုပထားတဲ့ တီဗီဂိမ်းရှိတယ်။
အဲမှာစတွေ့တယ်…။
အမူးသမားတွေအဖို့ တီဗီဂိမ်းဆော့ချင်တာက အကျင့်လိုဖြစ်နေတယ်။ သောက်စားမူးရစ်ပြီးရင် အလျဉ်းသင့်ရာ သူငယ်ချင်း တစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်နဲ့ တီဗီဂိမ်းဆိုင် ရောက်ရောက်သွားဖြစ်တာ များတယ်။ တီဗီဂိမ်းဆော့ရင်လည်း များသောအားဖြင့်က ဘောလုံးပဲ ကန်တာပါ။ မူးနေတာဆိုတော့ ကန်မိကန်ရာ နှိပ်နေကြတာပဲ။ ဒါပေမဲ့လည်း အမူးသမားအချင်းချင်းဆိုတော့ လယ်ဗယ်ညီနေတယ်ပဲ ဆိုရမယ်။ ဟုတ်တယ်။ လောကမှာ လယ်ဗယ်ညီတဲ့လူအချင်းချင်းပဲ ဆက်ဆံရတာ ကောင်းတယ်။ မိမိနဲ့ တန်းတူရည်တူ အခြေအနေမှာ မရှိတဲ့ လူတစ်ယောက်ယောက်နဲ့ ပြိုင်ဆိုင်မိတယ်ဆိုရင် နောင်တရမိတတ်တယ်။ မြန်မာ့လက်ဝှေ့ကျော် “တွေ့မရှောင်” ပြောသလို ၀ိတ်တန်းမတူတဲ့ကလေးတွေနဲ့ ထိုးရတာ နိုင်သွားလည်းမကောင်းဘူး၊ ရှုံးသွားလည်းမကောင်းဘူး။ သိပ်မှန်တဲ့စကားလို့ ထင်တာပဲ။ သူ့အနေနဲ့ လောလောဆယ်အခြေအနေမှာ ပွဲတိုင်းကျော် လက်ဝှေ့ကျော်တစ်ယောက်ဖြစ်နေပေမဲ့ ရှုံးသွားလည်းမကောင်းဘူး ဆိုတာလည်း ထည့်ပြောဖို့ သတိရတာကိုတော့ အတော်သဘောကျမိတယ်။ ထားပါတော့။ ဒီတော့ ကိုယ်မူးနေမှန်းသိလို့ တစ်ယောက်ယောက်က မခံချင်အောင်ပြောပြီး ပိုက်ဆံကြေးကစားဖို့ စိန်ခေါ်လာခဲ့ရင် ပါးပါးနပ်နပ် ရှောင်လွှဲတတ်ရတယ်။ တကယ်လို့ မဆော့ဘူးပြောလိုက်လို့ ငကြောက်ပါလို့ ကိုယ့်ကို စကားနာထိုးခဲ့ရင် သူ့ကိုလည်း ၀ီစကီလေးပတ်လောက် ပိုက်ဆံအကုန်ခံပြီး ရင်းလိုက်ရတယ်။ သူပါမူးသွားပြီဆိုရင်တော့ တစ်ပွဲတစ်ထောင်ကြေးလောက်ခေါ်ပြီး တီးပေတော့။ အဲဒီအခါကျမှ ရှုံးတော့လည်း ကိုယ်ညံ့လို့ပေါ့။ မသောက်ဘူးပြောတော့လည်း ဒါဆို ခင်ဗျားလည်း ငကြောက်ပဲ။ ဒီတော့ ငကြောက်တစ်ယောက်က တခြားငကြောက်တစ်ယောက်ကို ငကြောက်လို့ ပြောစရာမလိုဘူးလို့ ပြောလိုက်ရတယ်။
ပြန်ဆက်ရရင် နှစ်ယောက်စလုံးက မူးနေတာဆိုတော့ နှစ်သင်းစလုံးက ရူနီတို့ တောရက်စ်တို့လည်း မူးနေကြတာများတယ်။ ချာချာ့ကို လည်နေတာပဲ။ တကယ်တော့ တီဗီဂိမ်းကစားချင်တဲ့စိတ်က တစ်ဝက်ပဲပါပါတယ်။ ကျန်တဲ့တစ်ဝက်က အချင်းချင်း ရိချင်တာကိုး။ တစ်ဂိုးလောက်သွင်းလိုက်နိုင်ပြီဆိုတာနဲ့ ကြွားမဆုံးတော့တာ ကိုယ်ကပြန်အသွင်းမခံရမချင်းပဲ။ ခံရတဲ့လူကလည်း ကလေးဆိုးကြီးလို တရှူးရှူးတရှားရှားနဲ့ ခလုတ်ကို ခံကြိတ်နှိပ်ပြီး အတင်းကန်။ မဲပြီးနှိပ်လေ ဘောလုံးကလိုရာမရောက်လေနဲ့ သူများစိတ်ဆိုးအောင် လုပ်ရတဲ့အရသာဟာ တယ်ကောင်းသကိုး။ တကယ်တော့ တီဗီဂိမ်းဆိုတာ နည်းလမ်း (Mean) တစ်ခုပဲ။ သူများစိတ်ဆိုးအောင်၊ မခံချင်အောင်လုပ်ပြီး အရသာခံချင်တာက ပန်းတိုင် (End) ။ မမူးတဲ့အချိန်မှာက လူမှုရေးနားလည်သူတစ်ယောက်ဖြစ်နေလေတော့ ဒီလိုလုပ်ဖို့ ဘယ် စိတ်ပါပါ့မလဲ။ စိတ်ပါသည်ထားဦး လက်တွေ့ ဘယ်လုပ်ဖြစ်ပါ့မလဲ။ မူးနေတဲ့အချိန်မှာ ကလေးဆန်ဆန် တီဗီဂိမ်းလိုဟာမျိုးကို ခုတုံးလုပ်ပြီး ရန်စရတော့ အပြစ်တင်လည်း မခံရတော့ဘူး။ မိမိစိတ်ကျေနပ်မှုလည်းရတယ်။ ဒါပေမဲ့ ဒီနည်းက အမြဲတမ်း နေရာမကျဘူး။ ကိုယ်ရှုံးတဲ့အလှည့်ကျရင် အိမ်ပြန်ရောက်လို့ မူးမူးနဲ့ အိပ်ရာဝင်တဲ့အထိ ဒေါသက ပြေသေးတာမဟုတ်ဘူး။ အရှုံးဆိုတဲ့အရာဟာ အတော်ကြီးမားတဲ့နာကျည်းမှုဆိုတာ ပေးတတ်တယ် မဟုတ်လား။
ဒီလိုနဲ့ စကားနာထိုးကြတာ … မင်းဘယ်တုန်းက ငါ့ကိုနိုင်ဖူးလို့လဲဆိုတာက ပါလိုက်သေး။ လူဆိုတာက မိမိရှုံးနိမ့်တာဟာ မိမိအပြစ်ကြောင့်ပါဆိုတာ လွယ်လွယ်ကူကူ ၀န်ခံနိုင်လေ့မရှိကြဘူး။ တစ်လုံးလောက် အသွင်းခံလိုက်ရပြီဆိုရင် ခလုတ်ကို မဲတတ်တော့တာပဲ။ ငါ့ခလုတ်က မကောင်းဘူး ဘာညာ စကားက စလာရော..။ ဒီတော့ ဆိုင်ရှင်ကလည်း စိတ်ညစ်ရပြီ။ ဒါပေမဲ့ ဈေးကွက်စီးပွားရေးစနစ်မှာက စားသုံးသူသာ အမြဲအမှန်မဟုတ်လား။ ကလေးတွေကြားထဲမှာ မကြီးမငယ်နဲ့ ခလုတ်နှိပ်ပြီး ဒေါသကြီးနေတဲ့ လူတွေကို ဆက်ဆံခဲ့ဖူးပေါင်းများလှပြီ။ အိုကေညီလေး ရမယ်၊ အသံလေးချိုချိုသာသာနဲ့ ခလုတ်အသစ်လေး တစ်ခုပြောင်းတပ်… နှိပ်ကြည့်ဦးညီလေး… အဆင်မပြေရင်ပြော… အမယ်... အပေါ်ယံတွေပါလို့ပဲ ဆိုဆို ထော်လန် နေတာထက်စာရင် နားထောင်လို့တော့ကောင်းသား။
အမူးသမားနှစ်ယောက်ကတော့ ဒါတွေကို ဘယ်သတိထားမိမှာလဲ။ ဖာဂူဆန်တို့ မော်ရင်ဟိုတို့ထက်မလျော့တဲ့ လေးနက်မှုနဲ့ ဖန်သားပြင်ကို အဆီတ၀င်းဝင်း မျက်နှာကြီးတွေနဲ့ကြည့်နေကြတာလေ။ ခလုတ်အသစ် လဲလိုက်ပေမဲ့ ကိုယ့်အသင်းက ကွင်းထဲမှာ ခွေးရူးဖြစ်တုန်းဆိုရင်လည်း ရှုံးနိမ့်သူဟာ လက်မခံချင်သေးဘူး။ လက်မခံနိုင်သေးဘူးပဲ ပြောရမယ်။ ဒီခလုတ်လည်း မကောင်းသေးဘူးအစ်ကို လုပ်ပြန်ရော။ ဆက်ဆံရေးစိတ်ပညာပါရဂူ ဆိုင်ရှင်ကလည်း သူ့နည်းအတိုင်း တစ်ထစ်ထပ်တိုးရတယ်။ ညီလေးတွေ ဘာတွေ မခေါ်တော့ဘူး။ ခလုတ်အသစ်တစ်ခုကို ဇိုးဇိုးဇတ်ဇတ်တပ်။ စမ်းကြည့်ပါဦးလို့ ခပ်ပြတ်ပြတ်ပြော။ ဒါပဲ။ အမှန်တော့လည်း သူတပ်ပေးလိုက်တာ ပထမနှိပ်နေတဲ့ ခလုတ်ပါပဲ။ အမူးသမားတွေကတော့ ဘာသိမှာလဲ။ ခလုတ်ပြောင်းတပ်ပေးလိုက်ရင် ပြီးတာပါပဲ။ ကံစွတ်ပြီး တစ်လုံးလောက်များ ၀င်သွားလို့ကတော့ တွေ့လား ငါမပြောဘူးလား ခလုတ်မကောင်းလို့ပါလို့…ဆိုပြီး ပျော်နေလိုက်ပုံများ ဘေးနားက ထိုင်ကြည့်နေတဲ့လူတစ် ယောက်ယောက်များရှိရင် လူ့အတွင်းသဘောကို ဟောင်းလောင်းပေါက် မြင်နိုင်လိမ့်မယ်။
ဟုတ်တယ်။ မိမိမညံ့ကြောင်း သက်သေပြနိုင်တာဟာ ကံစွတ်လို့ပါပဲပြောပြော အတော်အရသာရှိတဲ့ကိစ္စကိုး။ ရှုံးနိမ့်မှုတွေဟာ ပတ်ဝန်းကျင်ပယောဂကြောင့်ပါလို့ လက်ညှိုးထိုးပြနိုင်ခွင့်ရှိဖို့ လိုအပ်တယ်။ ဒါကြောင့်မို့ ဒီလိုလူတွေလာဆော့တဲ့ တီဗီဂိမ်းဆိုင်တွေမှာလည်း Join Stick တွေဟာ မကောင်းတာတွေ ရောပါနေဖို့ မဖြစ်မနေ လိုအပ်တယ်။ ခလုတ်အသစ်တွေချည်းပဲသာ ဆိုရင် ရှုံးနိမ့်သူဟာ လက်ညှိုးထိုးစရာ အကာအကွယ်မရှိဘဲ လူညံ့တစ်ယောက် ထီးထီးကြီးဖြစ်ရတော့မှာကိုး။ ဒီလိုအဖြစ်မျိုးဟာ အမူးသမား တစ်ယောက်အတွက် တင်မကဘူး သာမန်လူတစ်ယောက်အနေနဲ့လည်း မည်သို့မျှ လက်မခံနိုင်တဲ့ ကိစ္စပဲ။ ဆိုလိုချင်တာက Self-Esteem အတွက် ဂယ်ပေါက်လေး တစ်ခု လိုအပ်တယ်။ ဒီလိုမှမရှိရင် ကိုယ့်ကိုယ်ကို သတ်သေဖို့ နည်းလမ်းပဲ ကျန်တော့တယ်။ ဒီတော့ ချုံငုံပြောရရင် တီဗီဂိမ်းဆိုင်တွေမှာ Join Stick အစုတ်ကလေးတွေရှိဖို့လိုအပ်သလို… အမျှော်အမြင်နည်းပါးတဲ့ မိဘတွေ လည်းလိုအပ်တယ်။ မိမိကြိုးစားမှုကို အသိအမှတ်မပြုဘဲ ကပ်စေးနည်းပြီး လခတိုးမပေးချင်တဲ့ Boss တွေများများလိုအပ်သလို အရက်သမား သူငယ်ချင်းတွေလည်း များများလိုအပ်တယ်။ အရက်စွဲလာတဲ့အချိန်မှာ အပေါင်းအသင်းမကောင်းလို့ပါလို့ ပြောနိုင်ဖို့ အလွန်အရေးကြီးတယ် မဟုတ်လား။ အဆုံးစွန်ပြောရရင်တော့ မြန်မာနိုင်ငံသားတွေဟာ ဒီကိစ္စမှာ အလွန့်အလွန်ကို ကံကောင်းကြပါတယ်။ ဆင်းရဲမွဲတေခြင်းအတွက်တောင်မှ လက်ညှိုးထိုးစရာ အစိုးရအစုတ်လေးတစ်ခု အမွေဆက်ခံရရှိထားကြတယ်။ ဒီတော့ ဆင်းရဲလည်း မာနကို တစ်ပြားသားမှ ချစရာမလိုတော့ဘူး။ သင်းတို့ကြောင့်ပါပြောပြီး ရင်ကော့နေနိုင်သေးတာပဲ ဘာလိုသေးလဲ…။
ကပ်သီးကပ်ဖဲ့ပြောရရင်တော့ အချက်တစ်ချက်ရှိနေသေးတယ်။ အမျှော်အမြင်နည်းပါးတဲ့မိဘရဲ့စကားကို သားသမီးက နားမထောင်ချင်လည်းရတယ်။ အပေါင်းအသင်းဆိုးတွေကို မပေါင်းဘဲနေလို့ရတယ်။ ဒီတော့ မိမိရဲ့ Self-esteem ကို အပြည့်အ၀ ကာကွယ်ခွင့် မရတော့ဘူး။ တီဗီဂိမ်းဆော့တာနဲ့ပြန်နှိုင်းရရင် ခလုတ်မကောင်းရင် လဲလိုက်ပေါ့လို့ ပြောလို့ရသလိုပဲ။ ဒါပေမဲ့ အစုတ်ပလုတ်အစိုးရမှာကြတော့ ဒီလိုဆင်ခြေတွေ ပေးလို့ မရတော့ဘူး။ Join Stick အစုတ်ကလေးလို ပလပ်ဖြုတ်ပြီး လဲလိုက်လို့ရတာမျိုးမဟုတ်ဘူး။ သူက ခြေမြဲလက်မြဲ ဖင်မြဲမြဲ အရာကိုး။ ဒီလောက်တောင် ကံကောင်းတော့ကာ ဆင်းရဲချင်တိုင်းဆင်းရဲစမ်း ငါညံ့လို့မဟုတ်ဘူးရယ်လို့ ပစ်စလတ်ခတ် ရဲရင့်နိုင်ကြတယ်။ ဒါကို မမြင်ဘဲ တချို့လူတွေက အစိုးရကို ဂျီးကပ်နေတဲ့ ခလုတ်ဆိုပြီး လဲတပ်ကြဖို့ ကြိုးစားနေကြသေးတယ်။ ကြံကြီးစည်ရာ အလုပ်တွေပဲ။ အဲဒီအခါကျရင် လူပါမက စိတ်ဓာတ်ပါ ချွတ်ချုံကျဆင်းရဲပြီး မြန်မာနိုင်ငံမှာ ကိုယ့်ကိုယ်ကို သတ်သေမှုတွေ များပြားလာမှာ ကြိုမတွေးမိကြဘူး။ အပြစ်တင်စရာ လူမှ မရှိတော့ဘဲကိုး။ လူတွေဟာ ကိုယ်ညံ့တာကို ထင်းထင်းကြီး မြင်လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို သတ်သေဖို့တစ်နည်းသာ ကျန်တော့တယ်။
အကောင်းဆုံးခေတ်ကြီးကို ရခဲ့တဲ့ စောစောက အမူးသမားနှစ်ယောက်ကတော့ ကံကောင်းဉာဏ်ကောင်း ကြတယ်။ မြန်မာဆန်ဆန်ပြောရရင်တော့ လက်ရုံးရည် နှလုံးရည်နဲ့ပြည့်ဝတဲ့ အမူးသမားနှစ်ယောက်ပါပဲ။ ၁-၁ သရေကျပြီး Win-Win Relationship ကြီးကို အောင်မြင်စွာ ပုံဖော်နိုင်ခဲ့ကြတယ်။ တီဗီဂိမ်း မကစားခင်က ထက် မိမိကိုယ်ကို ယုံကြည်မှုပိုမိုမြင့်မားလာကြတယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး။ တီဗီဂိမ်းဖိုးရှင်းပြီးတော့ သက်ကြီးခေါင်းချချိန် မြေနီလမ်းခပ်မှောင်မှောင်ထဲ ၀င်ရောက်ပျောက်ကွယ် သွားကြတော့တယ်။ သူတို့စိတ်ထဲမှာတော့ နောက်တစ်ခါ ခလုတ်ကောင်းကောင်းကိုင်ရရင် ဒီကောင့်ကို ခြောက်ဂိုးပြတ်လောက် သွင်းလိုက်ဦးမယ်လို့ ကိုယ်စီ ကြုံးဝါးနေကြတယ်။ ဘာပဲပြောပြော သရေကျတဲ့အတွက် ဒီည သူတို့နှစ်ယောက်စလုံး ပြုံးပြုံးလေး အိပ်စက်နိုင်တော့မယ်။ သူတို့တွေဟာ အကောင်းဆုံးခေတ်ကြီးမှာ ခပ်ကြာကြာနေထိုင်ကြရ ပါလိမ့်မယ်။ ဆိုင်ရှင်အနေနဲ့က Join Stick အသစ်တွေချည်းပဲ ၀ယ်တပ်ထားဖို့ အစီအစဉ် လုံးဝမရှိဘူးမဟုတ်လား…။ အဲမှာ ဆုံးတာပဲ…။
◄ တေဇာ ► နိုဝင်ဘာ (၁၉) ၂၀၀၉

ဥပမာ ပေးခိုင်းနှိုင်း ထာတာလေး တွေ ကောင်းလိုက်တာ...း)
ReplyDelete1-:D ...... 2. :( .... 3. :) .... = :{
ReplyDeleteသူ့အနေနဲ့ လောလောဆယ်အခြေအနေမှာ ပွဲတိုင်းကျော် လက်ဝှေ့ကျော်တစ်ယောက်ဖြစ်နေပေမဲ့ ရှုံးသွားလည်းမကောင်းဘူး ဆိုတာလည်း ထည့်ပြောဖို့ သတိရတာကိုတော့ အတော်သဘောကျမိတယ်။
ReplyDeleteဒီစကားရပ်က တော်တော်လေး တာသွားတယ်ဗျာ။
မိုက်တယ်ဗျာ။း-) ခုမှ ဆုံးအောင်ဖတ်ရတယ်။ read more ကို မမြင်လို့။ :D
ReplyDeleteတကယ်မိုက်တဲ့ အရေးအသား :)
ReplyDelete