သဲသောင်ပြင် ဖြူလွလွပေါ်မှာ ရွရွလေး သူ လျှောက်နေတယ်။ အေးမြမြလေညင်းလေးက သူ့ကို ဂရုမစိုက်ဘဲ ပုခုံးချင်း တိုက်သွားတယ်။ ဟုတ်တယ်။ သဘာဝတရားကြီးက သူ့ကို အသိအမှတ်မှ မပြုတာပဲ။ သူ့ကို ရှောင်တိမ်း သွားရအောင်လည်း သူက အရေးမှမပါတာ။ တကယ်တော့ သူ အိပ်မက်မက်နေတာပါ။ အိပ်မက်ထဲမှာ ပင်လယ်ကမ်းခြေ သဲသောင်ပြင်ပေါ်မှာ တစ်ယောက်ထဲ လမ်းလျှောက်နေတယ်။ လရောင်က သူ့အပေါ် ဖြာကျနေတယ်။ လှိုင်းပုတ်သံမှတစ်ပါး အခြားမရှိ။ သက်ရှိဆိုလို့ သူမှအပ မည်သူမျှမရှိ။
ဟုတ်တယ်။ သူ့အပြင် ဒီလောကကြီးထဲမှာ ဘယ်သူများရှိသေးလို့လဲ။ အမြဲတမ်းသူတစ်ယောက်ထဲပဲ ရှိခဲ့တာ မဟုတ်လား။ ဒီအိပ်မက်က သူ မနိုးချင်သေးဘူး။ ဒီနေရာ ဒီအချိန်မှာ သူ ဆက်ရှိနေချင်သေးတယ်။ ပြင်ပကမ္ဘာက တခြားလူတွေကို ရှိချင်ယောင်ဆောင်ပေးနေရတာကို သူမုန်းတယ်။ သူ့ရဲ့ ကြည်နူးဖွယ်ရာအိပ်မက်ကို ခဏပဲဖြစ်ဖြစ်သဘောထားပြီး သူ ဆက်မက်နေတယ်။ ဒီလို တစ်ယောက်ထဲ ရှိနေရတာကို သူက သဘောကျကျေနပ်နေတယ်။ ခုချိန်မှာ မိန်းကလေးတစ်ယောက် သူ့အနားရှိနေရင် ကောင်းမလားလို့ သူ တွေးမိလိုက်သေးတယ်။ ဒါပေမဲ့ သူ့အတွက် အဖော်တစ်ယောက်ယောက် လိုအပ်မှာ မဟုတ်ဘူးဆိုတာ သူသိနေတယ်။ အောင်မြင်မှုဆိုတာလည်း လိုအပ်မှာမဟုတ်ဘူး။ သူ့အတွက် ဘာဆိုဘာမှ လိုအပ်လိမ့်မှာမဟုတ်ဘူး။
သူ့ခြေထောက်မှာကပ်နေတဲ့ သဲမှုန့်တစ်တစ်မှုန့်ထက် ပိုပြီး သူက ဘာများပိုထူးခြားပြီး တန်ဖိုးရှိနေလို့လဲ။ အရွယ်အစားအားဖြင့် မပြောပလောက်အောင်ကြီးနေတာရယ်၊ နည်းနည်းအရေးကြီးတဲ့ နောက်တစ်ချက်က သူရှိမှန်း သူသိနေတာရယ်... ဒါပါပဲ။ ထိုထက် သူ့ကိုယ်မှာထူးခြားချက် ရှာမတွေ့တော့ဘူး။ ဒါပေမဲ့ သူတည်ရှိနေမှန်း သူ့ဘာသာပြန်သိနေရတဲ့အတွက် သဲမှုန့်ကလေးတစ်မှုန့်ထက် သူက သာပါတယ် လို့တော့ သူက လက်မခံနိုင်ဘူး။ သူက ပိုပြီး ယုတ်ညံ့ကောင်းတောင် ယုတ်ညံ့နိုင်တယ်။ ဟုတ်တယ်။ ခုလို သာတယ်၊ ယုတ်ညံ့တယ်ရယ်လို့ တွေးနေမိခြင်းကိုယ်နှိုက်က သူကသာတွေးနေတာ မဟုတ်လား။ သဲမှုန့်လေးက ဒီလို ဘယ်တွေးပါ့မလဲ။
လူဟာ ကိုယ့်ကိုယ်ကိုသိနေခြင်း အခြေအနေမှာတင် ရပ်မသွားသေးဘူး။ မိမိကိုယ်ကို တည်ဆောက် နေရတယ်။ ဘာမှမဟုတ်တဲ့အရာတစ်ခုခုကို ရယူအောင်မြင်နိုင်အောင် ကြိုးစားအားထုတ် နေရတယ်။ နွံနစ်သလို ကျိန်စာတိုက်ခံနေရတယ်။ ဒီကျိန်စာကို လျစ်လျူရှုမိသူကို လူ့အဖွဲ့အစည်းက အငြိုးတကြီး ဒဏ်ခတ်လိမ့်မယ်။ ဖိနှိပ်ခံ လူ့အဖွဲ့အစည်း တစ်ရပ်မှာ တည်ရှိနေရရင်၊ အဲဒါဟာလည်း ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်ထားမှုမဟုတ်ပေမဲ့ ဖိနှိပ်သူကို တွန်းလှန်ဖို့ကိစ္စမှာ သူဟာ ပါဝင်ကူညီရလိမ့်မယ်။ ဒါမှမဟုတ်လည်း ဖိနှိပ်သူနဲ့ပေါင်းပြီး အဖိနှိပ်ခံလူတွေကို မလှန်နိုင်အောင်ကြိုးစားတဲ့ကိစ္စမှာ သူပါဝင်ပတ်သက်ရမှာပဲ။ ကြားနေမယ်ဆိုတဲ့ကိစ္စကို သူရွေးချယ်လို့ မရဘူး။ အနည်းဆုံးအားဖြင့် ဖိနှိပ်ခံတွေဘက်က “ကြားနေခြင်းဟာ ဖိနှိပ်သူဘက်က ရပ်တည်တာ” ဆိုပြီး ဆဲရေးတိုင်းထွာလိမ့်မယ်။ ဒါမှမဟုတ် ညံ့ဖျင်းသူ၊ လူ့တန်ဖိုးကင်းမဲ့သူအဖြစ် သူ့ကို ပျော်ပျော်ကြီးသတ်မှတ် ကြလိမ့်မယ်။ ဖိနှိပ်သူဘက်က ရပ်တည်ဖို့တော့ သူ့စိတ်ဓာတ်အရ၊ ကိုယ်ရည်ကိုယ်သွေးအရ ဘယ်လိုမှ အခြေအနေမပေးတော့ ဒီအကြောင်း သူထည့်မစဉ်းစားမိလိုက်ဘူး။ ဒါပေမဲ့ ဒီလိုဆိုရင်လည်း ဖိနှိပ်ခံလူထုကြီးတစ်ရပ်လုံးရဲ့ ရန်သူတော်အဖြစ် နေရင်းထိုင်ရင်း ကြီးမားသောအမုန်းဒဏ်ကို သူရင်ဆိုင်ရ လိမ့်မယ်ဆိုတာ အကြမ်းဖျင်းအားဖြင့် တွက်ချက်နိုင်တယ်။ ဒါဟာ သူ့အတွက် သမိုင်းပေးကျိန်စာလို့ သူနားလည်တယ်။
ဒီသမိုင်းပေးကျိန်စာကြီးကို တခြားတခြားသောလူများစုကြီးလို လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်သည်ထားဦး သူဟာ မလွတ်မြောက်သေးပြန်ဘူး။ သူဟာ တစ်စုံတစ်ရာ တတ်မြောက်ကြောင်း၊ သို့မဟုတ် တစ်စုံတစ်ခုသော အရည်အသွေးပိုင်ဆိုင်သူဖြစ်ကြောင်း သက်သေခံထားတဲ့ စာရွက်တစ်ခု ရရှိဖို့ နှစ်ပေါင်းများစွာကြိုးစားဖို့ သူ့မှာ တာဝန်ရှိနေပြန်တယ်။ ဒါဟာ ကျော်ကြားမှုကို အလိုရှိတဲ့ သူ့ရဲ့ မတော်လောဘနှင့် မဆိုင်ဘူးလို့ သူက တွေးတယ်။ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်စရာ အရည်အသွေးတစ်ခုခု မပိုင်ဆိုင်ထားသူတစ်ဦးကို လူ့အဖွဲ့အစည်းက အရှင်မထားတတ်ကြဘူး။ ကြိုးစင်တင်ခံရမှာ မဟုတ်ပေမယ့် သူ့ကို ပညာသားပါပါ အစာအငတ်ထားလိမ့်မယ်။ စိတ်အငတ်ထား လိမ့်မယ်။ သူ့ကို ရွာမှထွက်လေ တောမှာသေစေလိမ့်မယ်။ သူဟာ လူတစ်ယောက်အဖြစ် တည်ရှိပြီး ဖြစ်တဲ့အတွက် ဒီလိုအဖြစ်မျိုးကိုလည်း သူ့ကိုယ်သူ လက်မခံနိုင်ပြန်ဘူး။
သူက လူတွေကို တစ်ခုခုပြန်ပြောနိုင်စွမ်း မရှိဘူး။ သူ့ကိုပြောခွင့်မပေးဘူး။ သူက စကားအရာအားဖြင့် သူ့သူငယ်ချင်းတစ်ယောက်ကို သူ့ဒုက္ခတွေ ဖွင့်ပြောလို့ရပေမယ့် သူ့သူငယ်ချင်းမှာ ဝေမျှခံစားနိုင်တဲ့ စိတ်အခြေအနေ၊ ဉာဏ်ပညာနောက်ခံနဲ့ သတ္တိတို့ ရှိမနေဘူး။ ဒီတော့ စကားပြောတတ်လျှက် ဆွံ့အနေရတာနဲ့ ဘာထူးလဲ။ စာနဲ့ရေးပြောတော့လည်း ဒီအတိုင်းပဲ။ လူတိုင်းမှာ ကိုယ်ပိုင်ပဋိပက္ခကိုယ်စီနဲ့ နွံနစ်နေရတာဆိုတော့ သူ့စကားကို ဘယ်သူဂရုစိုက်နိုင်မှာလဲ။ ခက်တာက ဂရုမစိုက်ရုံတင်မကဘူး သူ့ကို ဘာတစ်ခွန်းမှကို ပြောခွင့်မပေးချင်ကြတာပဲ။ သူဟာ လူ့အဖွဲ့အစည်းမှာ ပြောရေးဆိုခွင့်တစ်နေရာရဖို့ စောစောကလို အသိအမှတ်ပြုလက်မှတ် တစ်ခုတလေလိုတယ်။ အရည်အချင်းဆိုတာတွေကို ကိုင်တွယ်ကြည့်ရှုဖို့ရာ မှန်ပုံးထဲထည့်ထားလို့မရပေမဲ့ ရွှေတံဆိပ်ငွေတံဆိပ်၊ ကာရာတေးခါးပတ်နက်၊ နိုဘယ်ဆု၊ ရွှေစင်ရုပ်ထုနဲ့ ဘွဲ့ဝတ်စုံနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ လူတွေမြင်နိုင်သိနိုင်တယ်။ ဒါတွေ အိမ်ရှေ့ဧည့်ခန်းမှာ မချိတ်ဆွဲထားနိုင်ဘဲနဲ့ သူ့မှာ ပြောရေးဆိုခွင့် မရှိတော့ဘူး။ ဒီတော့ ဒါတွေအတွက် ကြိုးစားရင်းသာ သူ့ဘ၀ကို စတေးရတော့မယ်ဆိုတာ သူသိနေတယ်။
ဒီတော့ ဒီသောကတွေက လွတ်ကင်းရာ အိပ်မက်ကမ်းခြေလေးမှာ ခုလိုလာလာ အပန်းဖြေဖို့ရာ သူ့အတွက် လိုအပ်နေတယ်။ သူ့ကို ဂရုမပြုတဲ့ လေညင်းလေးလည်းလိုအပ်တယ်။ ကျောသားရင်သားမခွဲခြားတဲ့ ငွေလရောင်ကိုလည်း လိုအပ်တယ်။ လှိုင်းပုတ်သံကိုလည်း လိုအပ်တယ်။ ရှင်းရှင်းပြောရရင် သူ့ခြေဖမိုးပေါ်က သဲပွင့်လေးတစ်မှုန်ကိုတောင် သူက လိုအပ်နေတယ်။ သူ့ရဲ့သွေးကြောင်မှုတွေကို လေညင်းလေးက ချေချွတ်နေတယ်။ ရှေ့မှာဘာပဲရှိရှိ သူကတော့ တိုက်ချလိုက်တာပဲကိုး။ ငွေလရောင်က တရားမျှတမှုအတွက် သွန်သင်ပြနေသလိုပဲ။ လောင်းရိပ်မိနေရာ နေရာကလွဲလို့၊ တိမ်ဖုံးသွားတဲ့ အခိုက်အတန့်ကလွဲလို့ သူကတော့ ဖြန့်ကျက်နိုင်ရာမြေပြင်တစ်ခွင်ကို သမာသမတ်ကျကျ အေးမြစေတာကိုး။ အခုလည်း သူ့ရဲ့ မော်ကြည့်နေတဲ့မျက်နှာပြင်ပေါ်ကိုရော သဲပွင့်လေးတစ်ပွင့်ဆီပါ ဖြာကျရက်သားပဲ။ ကျောက်ဆောင်အကွယ်ဆီက လှိုင်းပုတ်သံဟာ စည်းချက်ကျ သာယာနေသလို သူခံစားရတယ်။ သူက လှိုင်းတွေကို မြင်ရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လှိုင်းပုတ်သံကြောင့် လှိုင်းတွေရှိနေမှန်း သူသိနေရတယ်။ သူသာ တည်ငြိမ်တဲ့ရေပြင်လို ကျင့်ကြံမယ်ဆိုရင် သူရှိနေမှန်း ဘယ်သူသိမှာလဲ။ ကျောက်ဆောင်ကြီး လဲပြိုသွားဖို့ မရည်ရွယ်ချက်ရှိဟန်မတူတဲ့ လှိုင်းလေးတွေဟာ ဒီစည်းချက်ကျအသံနဲ့ပဲ သူတို့ရဲ့တည်ရှိမှုကို သက်သေပြနေကြတာ မဟုတ်ဘူးလား။
တကယ်တော့ ဒါတွေ အားလုံးဟာ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ သူဟာမိမိကိုယ်ကို ညာစားဖို့ စေ့စေ့စပ်စပ် အကြံကြီးကြံနေသူတစ်ယောက်မျှသာပဲ။ သူက ဒီအိပ်မက်က မကြာခင်မလွဲမသွေ နိုးထရတော့မယ်။ သူ့မှာ ဆုပ်ကိုင်ထားနိုင်စရာ အားအင်တစ်ခုလိုတယ်၊ သူ့ကိုယ်သူလည်း တရားမျှတသူတစ်ယောက်ရယ်လို့ ကလေးဆန်ဆန် ဖြစ်ချင်နေပြန်တယ်၊ သူကြိုးစားသမျှတွေ အရာထင်ပါ့မလားလည်း တွေးပူနေသူ ဖြစ်တယ်။ ဒီတော့ သဘာဝတရားက တကယ်ဟောကြားခြင်းမရှိတဲ့ တရားကို သူ့ဘာသာသူ အနက်ကောက်ပြီး နာယူ လိုက်ရတယ်။ အနည်းဆုံးတော့ သူကျေနပ်တယ်။ ဒီနေရာကပေးတဲ့အားအင်နဲ့ တစ်ရက်လောက်တော့ သူ အဆင်ပြေပြေ လှုပ်ရှားနိုင်ဦးမယ်ထင်တယ်။ ပြီးရင်တော့ သူဒီနေရာကို ပြန်ရောက်လာရဦးမှာပဲ။ သူ့နောက်က သဲသောင်ပြင်ပေါ်မှာ ထင်ကျန်ရစ်ခဲ့တဲ့ သူ့ခြေရာတွေကို မကြာခင် ဒီရေက တိုက်ဖျက်သွားလိမ့်မယ်။ ဒီတော့မှ သဲသောင်ပြင်ဟာ အပျိုစင်ပြန်ဖြစ်သွားမှာလို့ သူကတွေးရင်း ပြုံးမိလိုက်တယ်။ မကြာခင် မိုးသောက်တော့မယ်...။
◄ တေဇာ ► နိုဝင်ဘာလ (၄) ရက် ၂၀၀၉
ဒီစာလေးဖတ်ပြီး ဟို ညဥ့်နက်ခဲ့သော ကြိုး ... ကို သတိရလို့ သွားပြန်ဖတ်မိပြီး တိုက်ကြည့်မိသေးတယ်။ ဆိုလိုရင်းကိုမဟုတ် ... စကားလုံးတွေများ ထပ်နေသလားလို့ :P ,,,, မထပ်ဘူးပဲ။ တော်လိုက်တာ =)
ReplyDeleteသူ့သူငယ်ချင်းမှာ ဝေမျှခံစားနိုင်တဲ့ စိတ်အခြေအနေ၊ ဉာဏ်ပညာနောက်ခံနဲ့ သတ္တိတို့ ရှိမနေဘူး။...
ReplyDeleteနောက်တစ်ခေါက် တစ်လုံးချင်း ပြန်လာဖတ်ပါတယ်။
အဟိ..။း)
ReplyDelete