ကြာသပတေးနေ့
အိုးမဲ့အိမ်မဲ့ လိုချင်တပ်မက်မှုများ တစ်ဖက်စောင်းနင်း
အသက်မွေးဝမ်းကျောင်းသင်ခန်းစာမှာ
ကိုယ်ချင်းစာတတ်တဲ့ စီမံချက်များရေးဆွဲလို့
တစ်ယောက်ကတစ်ယောက်ကို နှစ်သိမ့်သက်တမ်းတိုးခဲ့ကြ။
သောကြာနေ့
ရေလာချိုးတာလားလို့
မြစ်က မေးခွန်းထုတ်တော့
ငါးလာမျှားတာပါလို့ ငါးမျှားချိတ်ကို ကိုင်မြှောက်ပြလိုက်မိတယ်
မင်းကိုယ်တိုင်က မိနေတဲ့ ငါးတစ်ကောင်လေတဲ့
ခင်ဗျားကတော့
နစ်နေတဲ့ မြစ်တစ်စင်းလို့ ချက်ချင်းပြန်ပြောမိတယ်
ပြန်စဉ်းစားကြည့်မိတော့
ပြုံးရသေးတယ်မဟုတ်လား။
စနေနေ့
ရယ်စရာတော့ ကောင်းသား...။
စိတ်ဆိုတာ
ရေပေါ်မှာ အရုပ်ရေးသလိုပဲ
စွဲစွဲလမ်းလမ်းရှိလာပြီဆိုရင်တော့
ကျောက်ဆောင်ပေါ်မှာ ပန်းတွေပွင့်ပြီပေါ့
နှစ်ခါပြန်ငေး နှစ်ခေါက်ပြန်နားထောင်ရတယ်
အရောင်တွေ ကျွတ်ကုန်တဲ့ တေးသွားပါ
စေ့စပ်အဖြေရှာတဲ့ နည်းပညာအတွက်
ဒီဂျေတစ်ယောက်လိုချင်တယ်
ဖြစ်သမျှအကြောင်း အကောင်းပဲကိုယ့်လူ
ကိုယ်ကတော့ လျှော်ကြေးမယူပါဘူး
ကဗျာကို မှားပြီးဖတ်မိရာက ဖတ်ပြီးမမှားသေးဘူး
ပြေးပုန်းစရာ နေရာတွေ့ ခဲ့ပြီ။
ဆရာမောင်နီဦးရဲ့ တစ်ပတ်အတွင်းကဗျာမှ နေ့သုံးနေ့ကို ဖော်ပြလိုက်ပါတယ်။

Comments
Post a Comment