ဘဲအုပ်ထဲရောက်နေရာက ရုပ်ဆိုးတဲ့ဘဲကလေးအဖြစ်သတ်မှတ်ခံရတဲ့ ဘဲငန်းကလေးအကြောင်းရေးထားတဲ့ ပုံပြင်ဆရာ အန်ဒါဆင်ရဲ့ The Ugly Duckling ပုံပြင်ကို ပုံနှိပ်ထုတ်ဝေပြီးတဲ့နောက် ဘဲအုပ်တွေထဲမှာ ပြဿနာတက်လာပါတယ်။
အသက်ကြီးကြီးဘဲထီးကြီးကပြောတယ်။ ကျုပ်ဟာ ငန်းတစ်ကောင်ပါလို့ အမြဲပြောခဲ့သားပဲ။ ဒါပေမဲ့ ကျုပ်ကို လျစ်လျူရှုထားတယ်လေ။ အထင်အမြင်သေးပြီး နားလည်မှုလွဲခဲ့ကြတယ်လေ။ ဒီလိုနဲ့ ကျုပ်ရဲ့ငယ်ဘ၀လည်း အချည်းအနှီးကုန်ဆုံးခဲ့ရတယ်။ ကျုပ်ရဲ့ငယ်ဘ၀ကို ပြန်ပေးစမ်း။ ကျုပ်ရဲ့ ငန်းမွှေးနဲ့ငန်းတောင်တွေကို ပြန်ပေးစမ်း။ ကျုပ်ရဲ့ ငန်းဆန်တဲ့မြင့်မြတ်မှုနဲ့ ဂုဏ်သိက္ခာကို ပြန်ပေးစမ်း။ ဒါတွေအားလုံးဟာ လယ်သမားကြီးရဲ့ အမြော်အမြင်နည်းမှုကြောင့်ဖြစ်ရတာပဲ။ နောက်ထပ် ဘဲထီးတစ်ကောင်က၀င်ပြောတယ်။ ကြက်ဆင်တွေက အရည်အချင်းရှိသူ မှန်သမျှကို သ၀န်တိုတတ်တာချည်းပဲ။ အဲဒီကြက်ဆင်တွေကြောင့် ကျုပ်တို့ အစာရေစာမ၀လင်တာ။ ပြီးတော့ စိတ်ဓာတ်လည်းကျရတယ်။ ပြီးတော့ ဘဲလို့ အခေါ်ခံနေရတာ။ ဘဲရဲ့ အဓိပ္ပာယ်ကဘာလဲသိလား။ တရုတ်တွေက ဘဲတွေရဲ့ အဓိကစရိုက်က ညံ့ဖျင်းအသုံးမကျမှုလို့ပြောကြတယ်။ ကျုပ်တို့ တကယ်ပဲ ညံ့သလား။ တစ်နဲ့နှစ်ပေါင်းရင် ဘယ်လောက်ရတယ်ဆိုတာ ကျုပ် သိချင်မှသိမယ်။ ဒါ ကျုပ်ရဲ့အမှားလား။ ကျုပ်ကို ဘယ်သူက ပညာသင်ပေးလို့လဲ။ ကျုပ်ကို ဘယ်သူက တက္ကသိုလ်ပို့ပေးခဲ့လို့လဲ။
ကျုပ်ကတော့ အခုတောင် ငန်းဘ၀ပြောင်းသွားပြီလို့ ယုံတယ်ဗျို့။ ဟုတ်မဟုတ် သေချာအောင် ရေထဲကအရိပ်ကိုသွားကြည့်မှပဲ။ ပြောပြောဆိုဆိုပဲ အမွှေးတွေပြောင်နေတဲ့ဘဲတစ်ကောင်ဟာ ရေကန်စပ်ကိုသွားပြီး ငုံ့ကြည့်တယ်။ ဒါပေမဲ့ ကျက်သရေရှိတဲ့ငန်းပုံက ပေါ်မလာပါဘူး။ ခဏသူ ဦးနှောက်စားပြီး စဉ်းစားတယ်။ နောက်ဆုံးတော့ ဒီကိစ္စရဲ့အမှန်တရားကို သူသိသွားပြီ။ တခြားဘဲတွေကို သူလှမ်းအော်ပြောတယ်။ ဒီကန်ထဲကရေတွေ တရားသဖြင့်မရှိဘူးဟေ့။ တချို့ငှက်တွေကိုကျတော့ ထူးခြားတဲ့အခွင့်အရေးပေးပြီး ကျုပ်တို့ကိုတော့ မပေးဘူး။ ကြည့်ရတာ ငန်းတွေဆီကနေ ဖားသားကို တံစိုးလက်ဆောင်အဖြစ် ရထားတယ်ထင်ပါ့။ ဒါကြောင့် သူတို့ရဲ့ရေပေါ်ကအရိပ်တွေ သိပ်လှနေတာပေါ့။ ကျုပ်တို့ကျတော့ ကြည့်ရဆိုးလိုက်တာ။
ကန်ရေတွေကို ဆန့်ကျင်ကြဟေ့။ လယ်သမားကို ဆန့်ကျင်ကြဟေ့။ ကြက်ဆင်တွေကို ဆန့်ကျင်ကြဟေ့လို့ ဘဲတွေက သံပြိုင်အော်ကြပါတယ်။ သူတို့ဟာ ပိုပိုပြီးလည်း ဒေါသဖြစ်လာကြတယ်။
လယ်သမားက ဘဲတွေဆီလျှောက်လာပြီး ခေါင်းဆောင်ဘဲထီးကြီးကို ၀ါးလုံးနဲ့ရိုက်လိုက်တယ်။ ဘဲတွေ ချက်ချင်းငြိမ်ကျသွားတယ်။
အဲဒီအချိန် တစ်ခါက အကျည်းတန်ဘဲကလေးဖြစ်ခဲ့တဲ့ငန်းဟာ ကောင်းကင်ပြာကိုဖြတ်လို့ ဘဲတွေပေါ်ကနေ ပျံသန်းသွားတယ်။
မောင်ဒေး

Comments
Post a Comment