ငါးသေတ္တာဘူးကို ဖွင့်ရင်း
ငါးဟာ ဘယ်တုန်းက သေတ္တာထဲရောက်နေတာလဲ မစဉ်းစားနဲ့
စားသာစားလိုက်
စားပြီးရင် အဲဒီငါးသေတ္တာဘူးခွံဟာ ဆေးလိပ်ပြာခွက်
ဒါမှမဟုတ် တခြားတစ်ခုခုလည်း ဖြစ်သွားနိုင်တာပေါ့
ဒါပေမဲ့ ငါးကိုစားလိုက်တာဟာ
ဆေးလိပ်ပြာခွက်မရှိလို့ စားလိုက်တာမျိုးတော့ မဖြစ်စေနဲ့ပေါ့
ဆေးလိပ်ပြာခွက်လေးကြောင့်
ငါးတစ်ကောင်အသတ်ခံလိုက်ရတယ်ဆို ဘယ်ကောင်းမလဲ
ငါးတစ်ကောင်ကို စားလိုက်တာဟာ
`ဗိုက်ဆာလို့စားလိုက်တာပါခင်ဗျာ´
ဒါမှမဟုတ် ငါးတစ်ကောင်ကိုစားလိုက်တာဟာ
ငါးတစ်ကောင်ကိုစားလိုက်တာကလွဲလို့ အကြောင်းပြစရာမရှိ
ငါးတစ်ကောင်လုံးအသုံးချနည်းလည်း
ပုံနှိပ်ထုတ်ဝေနေစရာ အကြောင်းမရှိ
ငါးတစ်ကောင်ကိုစားပြီးရင်
ငါးတစ်ကောင်သေရကျိုး နပ်မနပ်တော့မသိ
ကိုယ်ဗိုက်ပြည့်သွားဖို့ပဲ ဆိုပြန်ရင်လည်း
ရက်စက်ရာရောက်ဦးမယ်
ဒါမှမဟုတ်
`ငါးတွေမှာ အသက်တစ်ချောင်းကလွဲလို့ ဆုံးရှုံးစရာဘာမှမရှိ´
`ကမ္ဘာ့ငါးများ သွေးစည်းညီညွတ်ကြ´စသည်ဖြင့်
ဒါမျိုးတွေဖြစ်ကုန်ရင်လည်း ဘယ်ကောင်းမလဲ
ဆိုတော့ ငါးကိုဂရုစိုက်ပြီးစားပါ
ငါးကို အရိုးထွင်ပြီးစားပါ
ငါးကို မေတ္တာပို့ပြီးစားပါ
ကိုယ့်ပေါ့ဆမှုကြောင့် ငါးတစ်ကောင်အရှင်လတ်လတ်
ကိုယ့်ဗိုက်ထဲရောက်သွားမယ်ဆိုရင်တော့ ဘယ်ကောင်းမလဲ
ကိုယ့်ပေါ့ဆမှုကြောင့်ငါးတစ်ကောင် အရှင်လတ်လတ်
ကိုယ့်ဘ၀ထဲရောက်သွားမယ်ဆိုရင်တော့ ဘယ်ကောင်းမလဲ။ ။
ကြည်ဇော်အေး

Comments
Post a Comment