When it’s my moment in the sun
Oh, how beautiful I’ll be
But in a normal sort of way
Like I am you and you are me
Clem Snide, “Moment in the Sun”
သူ့အဖေ ဆုံးသွားသည်။ အဖေ့ကို သူအားကိုးသည်။ အဖေသည် သူ၏ ရေသောက်မြစ်ကြီး တစ်ခု ဖြစ်သည်။ သူ၏အရင်းနှီးဆုံး သွေးသားတော်စပ်သူမှာ သူ့အဖေဖြစ်သည်။ ပြည်သူပိုင်များ သိမ်းပြီးနောက် ရက်ပိုင်းအတွင်း သူ့အဖေ ဆုံးသွားခြင်း ဖြစ်သည်။ စက်ရုံ၊ အိမ်ယာစသည်များ အားလုံး သိမ်းသွားသဖြင့် သူ့တွင် နေစရာမရှိ။ သူ့အဖေကို ညီတစ်ယောက်လို သဘောထားသော လူကြီးက ငါတို့နဲ့လာနေဟု ခေါ်သည်။ နေစရာမရှိတော့သဖြင့် သူသွား၍ နေလိုက်သည်။ ထိုအခါတွင် ထိုလူကြီး၏သားနှင့် သူတွေ့ရသိရတော့သည်။ သူသာ ယနေ့တိုင်ရှိနေသေး၍ ပြန်လည်စဉ်းစားကြည့်မည်ဆိုသော်၊ ထိုသို့တွေ့ခဲ့ သိခဲ့ရခြင်းသည် သူ၏ ပထမဆုံးနှင့် နောက်ဆုံးအမှားတစ်ခုသာ ဖြစ်သည်ဟု တွေးကောင်းတွေးမည် ထင်သည်။
သူ့အဖေကို ခင်သောလူကြီးက သူ့ကို သူ့သားကဲ့သို့ပင် သဘောထားသည်။ စားဝတ်နေရေးမပူနဲ့ဟု ဆိုသည်။ ဘွဲ့ရပြီး လိုချင်သည့်အလုပ် ရှာပေးမည်။ သို့မဟုတ် သူ့လုပ်ငန်းများတွင် လုပ်ချင်သော် အလုပ်ပေးမည်။ အိမ်ထောင်ပြုချင်လျှင် သူ့သားအဖြစ်သဘောထားကာ သူကိုယ်တိုင်လိုက်တောင်းရမ်းပေးကာ ထိမ်းမြားပေးမည်။ ဘာမျှမပူနဲ့ဟူသော စကားကို မကြာမကြာပြောလေသည်။ သို့သော် သူက ပူနေမိသည်။ ပူနေမိသည်မှာ သူ့တွင် ဘာမှမရှိသောကြောင့်သာဖြစ်သည်။ ဘာမှမရှိသောကြောင့် ဘာပူစရာရှိသလဲဟုဆိုသော်၊ ဘာမှမရှိသောကြောင့်ပင် ပူစရာဖြစ်နေသည်ဟူ၍သာ သူ့အနေဖြင့် ပြောရပေတော့မည်။ သူ့အဖေကိုခင်သော လူကြီးကသာ မပူနဲ့ဟု ပြောလေ့ရှိသော်လည်း သူ့သားကမူ ဘာမှမပြော။ ပူချင်ပူ၊ ဒါပေတဲ့ သိပ်တော့ထူးမှာမဟုတ်ဘူးဟု ဆိုသည်။ အစပိုင်းတွင် သူ့ကို စကားပြောရမှာပင် ကြောက်နေမိခဲ့သည်။ သူ့အဖေကိုခင်သော လူကြီးက ဒါ အန်ကယ့်လ်သားပဲ။ ဘွဲ့လွန်တက်နေတာ။ စာရေးတယ်။ စာဖတ်တယ်။ သစ်ပင်အောက်က ခုံတန်းလျားမှာ ထိုင်တယ်။ တစ်ခါတလေ သူ့အခန်းတံခါးကိုပိတ်ပြီး အရက်သောက်နေတတ်တယ်။ ဒါကြောင့် မင်းမှာ လိုအပ်တာရှိရင် သူ့ကိုပြောမနေနဲ့။ အန်ကယ်အိမ်မှာမရှိရင် အိမ်ကလူတစ်ယောက်ယောက်ကိုသာပြောဟု ပြောပြီး၊ သူ့ကို မိတ်ဆက်ပေးသည်။ သူ ဘာပြန်ပြောမှန်း မသိခဲ့။
သူတို့သားအဖလိုမဟုတ်။ သူ့အဖေရှိစဉ်က သူ့ကို အမြဲ အရိပ်တကြည့်ကြည့် ကြည့်နေတတ်သည်။ သူ့အတွက် အစစစီမံထားသည်။ ဘွဲ့ရလျှင် အိမ်ထောင်ပြုရန်အတွက်ပင် မင်းကြီးသမီးတစ်ဦးနှင့် သူ့ကို မြန်းထားသည်။ သူတို့ချင်း ချစ်နေကြသည်။ သူ့အဖေဆုံးပြီး၍ ကိစ္စအ၀၀ ပြီးသွားသောအခါ၊ သူ့ကို မညွတ်တော့။ကောင်မလေးကသာမဟုတ်။ ကောင်မလေး အဖေအမေများကလည်း မသိမသာ သူ့ကို ပထုတ်လာကြသည်။ ထိုအခါ သူ့တွင် တစ်စုံတစ်ခုသော ဝေဒနာ ပေါ်လာသည်။ ရင်ကွဲတယ်ဆိုတာ ဒါပဲလားဟု သူ့ကိုယ်သူ တွေ့ကြည့်မိသည်။ သူ့တွင် တိုင်ပင်စရာဆို၍ အစ်ကိုဟု သူကခေါ်သော သူ့အဖေကိုခင်သောလူကြီး၏သားသာ ရှိသည်။ တစ်ညနေခင်းတွင် သစ်ပင်အောက်က ခုံးတန်းလျားတွင်ထိုင်နေသော ထိုလူကြီး၏သားကို သူ ပြောပြမိသည်။ အစတွင်သော် သူက ဘာမှပြန်မပြော။ သူပြောချင်များပြောပြီး၍ အတော်ကြာသည့်တိုင် ဘာမှမပြောသေး။ သူ့ကို ခင်ဗျား ဂရုစိုက်ပြီးနားထောင်ကြည့်စမ်းဟု ပြောသည်။ ဘာနားထောင်ရမည်ကို မသိ။ အတော်ကြာမှ တိတ်ဆိတ်နေတဲ့အသံကို နားထောင်ကြည့်စမ်းဟု ထပ်ပြောသည်။ တိတ်ဆိတ်တဲ့အသံဟာ ဘယ်လိုနေသလဲဟု သူ တစ်ခါကမှ မစဉ်းစားမိ။ ဘာသံမှမကြားရ။ ဘာမှမရှိသောအသံကို မည်သို့ နားထောင်ကြည့်ရမလဲဟု သူ့ဘာသာ အကြာကြီး တွေးနေမိသည်။ အတော်ကြာမှ ဘာမှမရှိခြင်းရဲ့ရှိနေခြင်းကို သိဖို့လိုတယ်ဟုပြောသည်။ သူ့အဖို့မှာမူ ဘာမှမရှိခြင်းသည် ဘာမှမရှိခြင်းသာဖြစ်သည်။ သိစရာဟု တစ်ခါကမှ မတွေးမိ။
မှောင်ရီပျိုးလာချိန်ရောက်မှ သူ့အဖေကိုခင်သောလူကြီး၏ သားက ဝေဒနာရှိတာ ကောင်းတယ်ဟု ဆိုသည်။ သူ့အဖို့ နားလည်ရန်ခက်သလို၊ သည်းခံနေရန်လည်း အတော်ခက်သွားသည်။ ဘယ်လိုလုပ်ကောင်းနိုင်ပါ့မလဲ အစ်ကိုရယ်ဟု သွယ်ဝိုက်ကာ ဆန့်ကျင်စကားဆိုလိုက်မိသည်။ ထိုအခါတွင်မှ သူ့အဖေကိုခင်သော လူကြီး၏သားက သူ့ကို အရှည်ကြီးရှင်းပြသည်။ ခင်ဗျားမှာ မရှိတာကို ခံစားနိုင်တဲ့ အရည်အသွေးမျိုး မရှိဘူး။ မရှိတာကို ဂုဏ်ရည်တစ်ခုရယ်လို့ ခင်ဗျား နားမလည်သေးဘူး။ ဒီတော့လည်း ရှိတာနဲ့ မရှိတာကို မကွဲပြားတော့ဘူး။ အခု ခင်ဗျားကထင်နေတဲ့ ဝေဒနာဆိုတာကလည်း ရှိမှမရှိဘဲ။ ခင်ဗျားကသာ ရှိတယ်လို့ ထင်နေတာ။ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေထဲက တစ်ခုခုကို ခင်ဗျားက ရွေးထုတ်ပြီး ခင်ဗျားရဲ့စံတစ်ခုခုနဲ့ တိုင်းထွာတာပဲ။ ဒီတော့ ခင်ဗျားအဖို့ ၀မ်းနည်းစရာဖြစ်မယ်။ တကယ်တော့ ခင်ဗျားဘာသာ လုပ်နေတာတွေချည်းပဲ။ အဲဒီ ၀မ်းနည်းစရာဆိုတာကြီးက ရှိမနေဘူး။ ဒါပေတဲ့၊ ခင်ဗျားက အဲဒါကို ခံစားမိလိုက်တာ ကောင်းတယ်။ ခံစားလိုက်မိလို့လည်း ခင်ဗျားဟာ တကယ့်ကိုရှိနေတယ်ဆိုတာ ပေါ်လွင်လာတော့တာပဲ မဟုတ်လား။ ခင်ဗျားသာ မခံစားမိဘူးဆိုရင် ဘယ်သူကခံစားတယ်ဆိုတာကို ခင်ဗျား ပီပီပြင်ပြင် သိမှာမဟုတ်ဘူး။ ဒါကြောင့် ဝေဒနာရှိတယ်ဆိုတာ ကောင်းတယ်လို့ ကျွန်တော်ပြောတာ။ ခံစားလိုက်ရတာ တစ်ခုခုရှိတဲ့အတွက် ခင်ဗျားရဲ့ ရှိနေမှုဟာ ခင်ဗျားရဲ့သိမှုအထဲမှာ ခိုင်မာလာတာပဲ။ တကယ်မရှိတာတစ်ခုကို တကယ်ရှိနေတာ တစ်ခုခုက အသိအမှတ်ပြုလိုက်တာပဲ။
သူ့အဖေကိုခင်သောလူကြီး၏သား ပြောသည်များကို သူတကယ်နားလည်သလား၊ နားလည်သလိုလိုနဲ့ နားမလည်ဘူးလားဆိုသည်ကို သူ မသိ။ တစ်ခုသာ သတိထားလိုက်မိသည်။ သူရှိနေသည်ဆိုခြင်းသာ ဖြစ်သည်။ သူ့ကိုယ်သူ တစ်ခါကမျှ မစဉ်းစားမိ။ သူ အသက်ရှင်နေခဲ့သမျှသော ကာလတစ်ခုလုံးတွင် သူသည် သူ့အဖေပေါ်တွင် အရာရာ ပုံအပ်ထားသည်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူ့အဖေက အင်ဂျင်နီယာကျောင်းတက်ဆို၍သာ အင်ဂျင်နီယာကျောင်း တက်ခဲ့ရသည်။ သူ့တွင် အင်ဂျင်နီယာဖြစ်လိုသော ရည်ရွယ်ချက် မရှိခဲ့ဖူးဘူး။ သူ ယူဖို့ မိန်းမဆိုသည်ကိုပင် သူ့အဖေက စီမံပေးခဲ့သည်။ သူ့အဖေကိုလည်း ယခုလို ရုတ်ချည်းသေသွားလိမ့်မည်ဟု တွေးမျှပင် မကြည့်ဖူးဘူး။ သူတို့ ဥစ္စာပစ္စည်းအ၀၀လည်း ခုလို ရက်ပိုင်းအတွင်း ပျောက်ကွယ်သွားလိမ့်မည်ဟု သူက တွေးမျှပင် မကြည့်ဖူးဘူး။ ခုမှပင် သူ့အမြင်ထဲ အတွေးထဲတွင် သူ၏ ရှိနေခြင်းပုံရိပ်ပေါ်လာသည်။ ထို ရှိနေခြင်းမှာ ပုံရိပ်သက်သက်မဟုတ်။ တကယ်ဖြစ်နေခြင်းသာ ဖြစ်သည်။ တကယ်ဖြစ်နေခြင်း၊ တကယ်ရှိနေခြင်းသည် အဘယ့်ကြောင့် သူ့ဘ၀တစ်လျှောက်လုံးတွင် ပျောက်ဆုံးနေခဲ့ရသည်ဆိုခြင်းကို သူ့ဘာသာ တွေးကြည့်မိသည်။ အဖြေမထွက်။ သို့သော် သူသည် သူ၏လူ့အဖွဲ့အစည်းအတွင်း သူ၏ပတ်ဝန်းကျင်အတွင်း ပျောက်ဆုံးနေခဲ့သည်မှာ ကြာခဲ့ပြီပဲ၊ ယခုမှသာ သူသည် သေသွားသောသူ့အဖေနှင့် သူ၏အကြား မည်သို့ကွာခြားနေပါသည်လဲဟု တွေးကြည့်မိသည်။ ထိုအခါ အသက်ရှိခြင်းနှင့်မရှိခြင်း ကွာခြားသည်မှလွဲ၍၊ ပျောက်ဆုံးနေခြင်းမှာ အတူတူပင်ဟု သိရှိလာရတော့သည်။
ထိုနေ့ညက သူအိပ်၍မပျော်။ ဘ၀ဆိုသည်မှာ ဖြစ်စဉ်အတွင်းမှ အဖြစ်အပျက်များပဲဟု သူတွေးလာလိုက်မိသည်။ သူ့အဖေကိုခင်သော လူကြီးတို့ သားအဖအကြားတွင် တွယ်တာမှုများမရှိကြဘူးလားဟူ၍လည်း တွေးကြည့်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူ့အဖေကိုခင်သောလူကြီးတို့ သားအဖအကြားတွင် တွယ်တာခြင်း၊ ခင်တွယ်ခြင်း စသည်များထက် နားလည်မှုရှိခြင်းကို သူ ရိပ်စားမိလာသည်။ လူနှင့် လူတို့၏အကြားမှ ဆက်ဆံရေးမှာ နားလည်မှုသာလိုပါကလားဟု သူမြင်လာမိသည်။ သူ၏အခြေအနေမှာ ဘာနားလည်မှုမှမရှိသော အခြေအနေတစ်ရပ်သာဖြစ်သည်။ သူက အရာရာအပေါ် နားလည်မှုမရှိခဲ့သကဲ့သို့ အရာရာကလည်း သူ့အပေါ် နားလည်နေကြသည် မဟုတ်။ သူ့အဖေသည်ပင် သူ့ကို နားမလည်။ ခုတော့ သူလည်း သူ့အဖေအပေါ် နားမလည်နိုင်တော့။ အဖေ့ကို သူ ဘာကြောင့် သူ့ဘ၀နှင့်ပတ်သက်၍ အလုံးစုံ ပုံအပ်လိုက်မိခဲ့တာလဲ။ သူ့အဖေကရော ဘာကြောင့် သူ့ဘ၀နှင့်ပတ်သက်၍ စီမံပေးချင်တာလဲ။ အဖေကိုယ်တိုင် သူ့ကိုယ်သူပိုင်တာမဟုတ်ဘူး။ သူပိုင်တယ်ထင်တာတွေကိုလည်း မပိုင်တော့ဘူး။ ခုဆို သူ့မှာ အဖေဆိုတာ မရှိတော့ဘူး။ အဖေမရှိတော့ဆိုတာပါအပြင် အဖေဆိုတာပါ မရှိတော့ဘူး။ တစ်ခုပဲ ရှိနေတော့တယ်။ မရှိဘူးဆိုတာပဲ ရှိနေတော့တယ်ဟု သူ တွေးလာမိတော့သည်။ မိုးလင်းလျှင် အစ်ကို့ကိုမေးဦးမှပဲဟု တွေးနေရင်း သူ မှေးကနဲ အိပ်ပျော်သွားမိသည်။
အစ်ကိုနှင့်သူတို့နှစ်ယောက်သား နန်းသီတာတွင်သား၍ ဘီယာသောက်ကြသည်။ အစ်ကိုက ကြာသပတေးနေ့ညများတွင် ဘီယာသွားသောက်လေ့ရှိသည်။ ထိုနေ့ညကတော့ သူ့ကို ပျင်းရင်လိုက်ခဲ့ပါလားဟု ခေါ်သည်။ ပျင်းသောကြောင့်မဟုတ်သော်လည်း သူလိုက်သွားမိသည်။ သူတို့နှစ်ယောက်သား ဘီယာတစ်လုံးစီသောက်ပြီးသောအခါ၊ အစ်ကိုက `မင်းကြီးသမီးနဲ့ မင်းကိစ္စကို ဖေဖေက သူဝင်ပြောဆိုပေးစေချင်သလားလို့ ငါ့ကိုမေးတယ်´ ဟု စကားစသည်။ ယခင်ကဆိုလျှင် ဘယ်သူက၀င်လုပ်ပေးပေး ကောင်းသည်ဟု သူမြင်သည်။ ယခုသော် ခေါင်းခါပြလိုက်မိသည်။ အစ်ကိုက ဘာမှထပ်မပြောဘဲ ခေါင်းညိတ်၍ ပြုံးပြနေသည်။ ပြီးတော့မှ စားပွဲထိုးကောင်ကလေးကို လက်ညှိုးထောင်ပြလိုက်သည်။ စားပွဲထိုးကောင်ကလေးက အစ်ကို့ရှေ့တွင် ၀ီစကီတစ်ပက်နှင့် ဘီယာတစ်လုံး ချပေးလိုက်သည်။ သူ့ကို ယူဦးမလားဟု အစ်ကိုကမေးသောအခါ ခေါင်းခါပြလိုက်မိသည်။ အစ်ကိုကမူ သူ့ထုံးစံအတိုင်း ၀ီစကီတစ်ပက်ကိုသောက်ကာ ဘီယာအေးအေးကလေးနှင့် အသာမျှောနေသည်။ အစ်ကိုရာ ကျွန်တော်တို့တစ်တွေ ဘာဖြစ်လို့ အခုလိုလူဖြစ်နေကြတာလဲဟု မေးလိုက်ရင်း မီးရောင်အောက်တွင် ပျံနေသော ပိုးကောင်ကလေးများကို ငေးကြည့်လိုက်မိသည်။ အစ်ကိုက ဘာမှမပြောသေးဘဲ အတော်ကြာအောင် ငြိမ်နေသည်။ ပြီးမှ၊ ဘာကြောင့်မှန်းတော့မသိဘူး။ ကံကြောင့်ပဲဖြစ်ဖြစ်၊ ထာဝရဘုရားကြောင့်ပဲဖြစ်ဖြစ်၊ တိုက်ဆိုင်မှုကြောင့်ပဲဖြစ်ဖြစ်၊ ဘာကြောင့်ဖြစ်တယ်လို့ လက်ခံချင်သလိုလက်ခံနိုင်ပေတဲ့ ဖြစ်နေတယ်၊ ရှိနေတယ်ဆိုတာကိုတော့ မငြင်းဆိုနိုင်တော့ဘူး။ ရှိနေတဲ့အတွက် ပျောက်ဆုံးခြင်းဆိုတာ ပေါ်ပေါက်လာရတာပဲဟု အစ်ကိုက ပြောပြသည်။
သူ့ကိုယ်သူ အိပ်မက်ထဲမှ လန့်နိုးလာသလို ဖြစ်သွားမိသည်။ အစ်ကိုပြောသော စကားများမှာ အရင်ကလိုပင် နားလည်ရန်ခက်နေသည်။ ဘယ်လို…၊ ဘယ်လို…ဟု စီစဉ်မထားဘဲ သူပါးစပ်ထဲမှ ထွက်သွားသည်။ အစ်ကိုက ပြုံး၍သာနေသည်။ မင်းဖေဖေရှိသေးသလားလို့ သူ့ကို မေးသည်။ မရှိတော့ဘူးလို့ သူချက်ချင်း ဖြေလိုက်သည်။ မရှိတော့တာဟာ ပျောက်ဆုံးသွားတာ မဟုတ်ဘူး။ မရှိတော့တဲ့အတွက် ပျောက်ဆုံးသွားစရာ မရှိတော့ဘူးဟု အစ်ကိုကသူ့ကိုပြောပြရင်း မဟုတ်ဘူးလားလို့ သူ့ကိုမေးသည်။ သူ ဘာဖြေရမှန်းမသိ။ ကျွန်တော်တော့ နားမလည်ဘူးအစ်ကိုဟု ပြန်ပြောလိုက်မိသည်။ အစ်ကိုက စားပွဲထိုးကောင်ကလေးကိုလှမ်းကြည့်ရင်း သူ့ကို လက်ညှိုးထိုးပြလိုက်သည်။ ကောင်ကလေးက ဘာမျှသူ့ကိုမမေးတော့ဘဲ ဘီယာတစ်လုံး ချပေးလိုက်သည်။ သူက ဘီယာခွက်ကိုယူ၍ တစ်ငုံငုံနေစဉ်မှာပင် အစ်ကိုကပြောသည်။ ခုဆို တို့နှစ်ယောက်သားဟာ အိမ်မှာ မရှိကြဘူး။ ဒီတော့ တို့နှစ်ယောက်ဟာ အိမ်မှာ ပျောက်ဆုံးနေတာပဲပေါ့။ ဒီမှာ တို့နှစ်ယောက်ရှိနေတယ်။ တို့နှစ်ယောက် ဒီမှာရှိနေလို့ အိမ်မှာ ပျောက်ဆုံးနေကြတာပေါ့။ တို့သာ အစကတည်းက အိမ်မှာ ရှိမနေခဲ့ဘူးဆိုရင်၊ ဘယ်လိုလုပ်ပြီးပျောက်ဆုံးနေမလဲ မဟုတ်ဘူးလား။ ခုတစ်ကြိမ်တွင်မူ သူက ခပ်လွယ်လွယ်ပင် အစ်ကို့ကို ခေါင်းညိတ်ပြလိုက်မိသည်။ အစ်ကို စကားပြောသည်ကိုနားလိုက်ရင်း စားပွဲထိုးကောင်ကလေးကို လက်ညှိုးတစ်ချောင်းထောင်ပြလိုက်ပြန်သည်။ မကြာမီ စားပွဲထိုးကောင်ကလေးက အစ်ကို့အတွက် ၀ီစကီတစ်ပက်နှင့် ဘီယာတစ်လုံး ယူလာပေးသည်။
အစ်ကို့မှာ ပူပင်သောကမရှိသူဟု ခေါ်ရမည်။ သို့မဟုတ် ပူပင်သောကမရှိအောင် နေနိုင်သူဟု ခေါ်ကောင်းခေါ်ရမည်။ အစ်ကိုသာမဟုတ်။ အစ်ကို့အဖေ၊ သူ့အဖေကိုခင်သောလူကြီးလည်း အစ်ကို့လိုပင်။ သူတို့တွင် ပိုက်ဆံရှိသဖြင့် မကြောင့်မကြနေနိုင်ကြသည်လား တွေးကြည့်မိဖူးသည်။ မဟုတ်။ အစ်ကိုတို့သားအဖနှစ်ယောက်စလုံးမှာ သူ့နည်းသူ့ဟန်ကိုယ်စီဖြင့် နေ့စဉ်ဘ၀အတွင်း လိုက်ပါရှင်သန်နေကြသူများ ဖြစ်သည်။ ပိုက်ဆံရှိလျှင် စိတ်ချမ်းသာမည်ဟုထင်သော သူ့အဖေကို သတိရလိုက်မိသည်။ အဖေ့တွင် သောကမျိုးစုံဖြင့်အသက်ရှင်နေခဲ့သည်။ ချမ်းသာအောင်လုပ်နေရသည်မှာ အဖေ့ဘ၀၏ နေ့စဉ်သောကများအနက်မှ တစ်ခုဖြစ်သည်။ အမေဆုံးကတည်းက အဖေတွင် ကာမဂုဏ်ခံစားရင်း ဘ၀ကိုအပန်းဖြေသည်ဆိုခြင်းမျိုးပင် ရှိပုံမပေါ်။ အလုပ်ကိစ္စ၊ အလုပ်သမားများကိစ္စ။ … စသည်များနှင့် သူ့ဘ၀ရှေ့ရေးအတွက်ပင် အဖေကပူပန်ပေးနေရရှာသည်။ ပိုက်ဆံဆိုသည်မှာ ဘ၀ရပ်တည်နေရန် အကြောင့်အကြမဲ့နေနိုင်သော အကြောင်းတစ်ခု ဖြစ်ကောင်းဖြစ်မည်။ သောကမရှိဘဲနေတတ်ရန် လမ်းပြပေးနိုင်သည်မဟုတ်။ အဖေ့ကိုသတိရမိတိုင်း အစ်ကိုတို့သားအဖကို သူ့အနေဖြင့် လေးစားလာမိသည်။ အစ်ကိုတို့သားအဖမှာ ပိုက်ဆံရှိသောကြောင့် စိတ်ချမ်းသာနေသူများ မဟုတ်သည်မှာ သေချာလာသည်။ တဖြည်းဖြည်းနှင့် အစ်ကိုတို့သားအဖ၏ ပုံရုပ်များ ကြည်လင်လာသည်။ သူတို့သည် ရှိခြင်းနှင့်မရှိခြင်းကို နားလည်သူများ၊ သဘောပေါက်နေကြသူများဖြစ်သည်။ အားလုံး အသင့်ပြင်ထားပြီးသူများ ဖြစ်သည်။ ပစ်ချခံထားရသော ဘ၀၏ဖြစ်ရှိနေခြင်းကို လက်ခံထားပြီးသူများ ဖြစ်နေကြသည်။
သူက အစ်ကို့ကို လှမ်းကြည့်လိုက်မိသည်။ အစ်ကိုသည် မြစ်တစ်ဘက်ကမ်းမှ မီးရောင်ပျပျလေးများကို ကြည့်နေပုံရသည်။ သူက စားပွဲထိုးကောင်ကလေးကို ဘီယာတစ်လုံး ထပ်မှာလိုက်သည်။ ဘီယာပုလင်း တစ်ဝက်ခန့်ကုန်သွားသောအခါ အစ်ကိုက စကားတစ်ခွန်းပြောလိုက်သည်။ ဘ၀ဆိုတာ ဒါပဲ။ သူ့နားထဲတွင် ဘ၀ဆိုတာဒါပဲဟူသော အသံများ ပဲ့တင်ထပ်လာသည်။ အစ်ကိုက နောက်ထပ် ဘာမှမပြောဘဲ မြစ်၏တစ်ဘက်ကမ်းကိုသာ ကြည့်နေပြန်သည်။ စားပွဲထိုးကောင်ကလေးမှာ ခပ်လှမ်းလှမ်းတွင်ရပ်ရင်း တွေဝေနေပုံရသည်။ မှန်တယ်၊ ဘ၀ဆိုတာဒါပဲဆိုသော အချက်ကို ဆန့်ကျင်ငြင်းဆိုခြင်းမရှိဘဲ သူလက်ခံလိုက်မိသည်။ ဒါပဲဟူသော အချက်သည် စကားလုံးအဖြစ်မှ သိမှုအတွင်း အနေအထားများ ပြောင်းလဲသွားသည်။ သိမှုသည် တကယ့်ဘ၀နှင့် အိပ်မက်အတွင်း မည်ရွေ့မည်မျှကွာခြားမှုရှိသည်ကို သူမပြောနိုင်။ ပြောနိုင်ရန်လည်း လိုအပ်လိမ့်မည်မဟုတ်။ ဖန်ခွက်ထဲမှ ဘီယာလက်ကျန်ကိုသောက်လိုက်ပြီးနောက် ထိုင်ရာမှထလိုက်ပြီး အစ်ကို ကျွန်တော့်ကို စောင့်မနေနဲ့တော့အစ်ကို။ အစ်ကို ပြန်ချင်တဲ့အချိန်ကျရင် ပြန်တော့ဟု ပြောလိုက်မိသည်။ အစ်ကိုကသူ့ကို တစ်ချက်ပြုံးပြလိုက်ပြီး မြစ်တစ်ဖက်ကမ်းမှ မီးရောင်လေးများကိုသာ ကြည့်နေသည်။
သူသည် ဆိပ်ခံဘောပေါ်တွင် ငါးမျှားနေသူများကို လျှောက်၍ ကြည့်လိုက်မိသည်။ မိုးချုပ်လှပြီဖြစ်၍ သမ္ဗာန်ဆိပ်တွင် သမ္ဗာန်တစ်စင်းသာ ရှိတော့သည်။ သမ္ဗာန်ပေါ်တက်ရန် နွံထဲတွင် ခဲလုံးကလေးများ ချထားသည်။ သူသည် ခဲလုံးကလေးများအပေါ်တွင် ဂရုတစိုက်လျှောက်လာခဲ့ပြီး၊ သမ္ဗာန်အနားရောက်သော် သမ္ဗာန်ပေါ်သို့မတက်တော့ဘဲ စီးထားသောဖိနပ်ကို ကျောက်တုံးကလေးအပေါ်တွင် ချွတ်ထားလိုက်တော့သည်။ ထန်းပလက်ဦးထုပ်ဆောင်းရင်း ငိုက်မျဉ်းနေသော မျက်လုံးအစုံဖြင့် သေသေချာချာကြည့်နေသည်။ သူက နွံထဲသို့ ဆင်းလျှောက်လိုက်သည်။ ခါးလယ်အထိ ရေရောက်လာသောအခါ ၀တ်ထားသောအကျီကိုချွတ်ပြီး ရေထဲသို့ပင် ပစ်လိုက်သည်။ သမ္ဗာန်သမားက ဟေ့လူ၊ ဟေ့လူဟု လှမ်းခေါ်လိုက်သံ ကြားလိုက်ရမိသည်။ သူ ခပ်လှမ်းလှမ်းသို့ရောက်သွားသော အခါတွင်မူ သမ္ဗာန်သမားသည် ထိုင်ရာမှထလာပြီး သူချွတ်ထားခဲ့သောဖိနပ်ကို သူ့ခြေထောက်နှင့်တော်မတော် စမ်း၍ ၀တ်ကြည့်နေသည်။ သူကမူ ရေကူးနေရင်း အစ်ကိုရှိရာဘက်သို့ လှမ်းကြည့်လိုက်မိသည်။ အစ်ကိုနှင့် စားပွဲထိုးကောင်ကလေးတို့က သူ့ကို အားပေးသည့်သဘောဖြင့် လက်ကို ဝှေ့ယမ်းပြနေကြသည်ဟု သူမြင်မိသည်။ သူသည် တဖြည်းဖြည်းချင်း ကမ်းနှင့်ဝေးခဲ့ပြီး၊ မကြာမီ လက်ပမ်းကျလာသည်။ သူ့အမြင်များမှာ မှုန်ဝါးလာသည်။ အိပ်မက်ဆိုးအတွင်းမှ နိုးထရန် အားယူနေရသလို ဖြစ်လာသည်။
အကယ်၍ တစ်ချိန်ချိန် တစ်ခါခါတွင် အစ်ကိုဟုသူကခေါ်သည့် သူ့အဖေကိုခင်သောလူကြီး၏သားကို တစ်ဦးတစ်ယောက်ယောက်က သူ့အကြောင်းမေးလေသော်၊ အစ်ကိုက ခု၊ ဒီမှာ သူမရှိဘူးဟု ပြောမည်မှာ သေချာသည်။
◄ မြင့်သန်း ►
ဆရာမြင့်သန်း၏ ၀တ္ထုတိုအား ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

Comments
Post a Comment