ကိုယ်ကျင့်တရားကို ဘာသာရေးက အဓိကအထောက်အကူပြုသော နည်းလမ်းနှစ်ခုသည် ဒဏ္ဍာရီနှင့် ပညတ်ချက်ဖြစ်သည်။ ဒဏ္ဍာရီက သဘာဝလွန်ယုံကြည်မှုကိုဖန်တီးသည်။ လူမှုရေးအရ (သို့မဟုတ် နတ်ဆရာများက) လက်ခံနိုင်သော လူ့အပြုအမူအပြောအဆို အနေအထိုင်ပုံစံအမျိုးမျိုးသည် ယင်းသဘာဝလွန်ယုံကြည်မှုမှတစ်ဆင့် အထက်မိုးကောင်းကင်၏ ခွင့်ပြုချက်ကို ရယူသည်။ အရှင်သခင်များနှင့် မျိုးနွယ်စုများက လူသားများအပေါ်ချမှတ်ထားသော အထိန်းအကွပ်အချုပ်အချယ်များနှင့် လိုက်လျော်ညီထွေနေတတ်စေရန် အထက်မိုးကောင်းကင်က မျှော်လင့်ချက်နှင့် ထိတ်လန့်တုန်လှုပ်မှုများအားဖြင့် လူသားများအား စေ့ဆော်ပေးသည်။ လူသားသည် သဘာဝအားဖြင့် ကျိုးနွံသူ၊ သိမ်မွေ့သူ သို့မဟုတ် ဖိုမသဘာဝတွင်သိက္ခာရှိသူမဟုတ်ပေ။ အဆုံးတစ်နေ့တွင် လူသားတွင် အဆိုးအကောင်းခွဲခြားတတ်သော အသိစိတ်ဖြစ်ပေါ်အောင် အတင်းအကျပ်လုပ်ခဲ့သော ဤရှေးကျသည့်စေ့ဆော်မှုပြီးလျှင် ဒုတိယအားအကောင်းဆုံးအရာသည် နတ်ဘုရားများကိုကြောက်သည့် အကြောက်တရားဖြစ်သည်။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဓလေ့နှင့် အိမ်ထောင်ပြုသည့်ဓလေ့များသည် အတိုင်းအတာတစ်ခုအထိ ဘာသာရေးခွင့်ပြုချက်ပေါ် တည်မီရာ ဘာသာရေးယုံကြည်မှုမရှိခဲ့သည့်ခေတ်များတွင်ရှိခဲ့သော ယင်းဓလေ့၏ တက်ကြွသောအားမာန် (Vigor) များ ဆုံးရှုံးသွားသည်။ သဘာဝမကျဆုံးဖြစ်သော်လည်း လူမှုဆက်ဆံရေးယန္တရားများအရ လိုအပ်ချက်ဖြစ်လာသော အစိုးရကိုယ်နှိုက်ကပင်လျှင် ဘာသာရေးရိုသေကိုင်းရှိုင်းမှုနှင့် နတ်ဆရာများ၏ အကူအပံ့ရဖို့ လိုအပ်လေ့ရှိသည်။ နပိုလီယံနှင့် မူဆိုလီနီတို့ကဲ့သို့ လိမ္မာပါးနပ်သော တိတ္ထိ (Heretic) များကပင် ဤအကြောင်းကို အစောကြီးကတည်းကပင် ဖော်ထုတ်တွေ့ရှိခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ နတ်ဆရာအစိုးရစနစ် (Theocracy) သို့သွားလိုမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းလိုလိုမှာပင် ဖြစ်တတ်သည့်သဘောရှိသည်။ ရှေးဦးလူ့အဖွဲ့အစည်းမှု အကြီးအကဲ၏သြဇာအာဏာသည် မှော်အတတ် (Sorcery) ၏ အကူအညီဖြင့် တိုးတက်လာသည်။ ကျွန်တော်တို့၏အစိုးရပင်လျှင် မွန်မြတ်မှု (Sanctity) တစ်စုံတစ်ရာရရှိရေးအတွက် ပီးလ်ဂရင်မ် ( (Pilgrim) သည် အမေရိကန်ပြည်ထောင်စုတွင် (၁၆၂၀) ပြည့်နှစ်က ပလင်းမသ် ကိုလိုနီ (Plymouth Colony) ကို ထည်ထောင်ခဲ့သော အင်္ဂလိပ်ပြူဝါရီတန် (Puritan) ဂိုဏ်းဝင်များကို ခေါ်သည်။) တို့၏ ဘုရားသခင်ထံမှု အသိအမှတ်ပြုမှုကို နှစ်စဉ်ခံယူရသည်။
(လူ့ယဉ်ကျေးမှုသမိုင်း အရှေ့တိုင်းကရသောအမွေစာအုပ်မှ အခန်းအချို့ကို ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။ ဤစာအုပ်ကို ငှားရမ်းဖတ်ရှုခွင့်ပေးသော ကိုနေစေးကို ကျေးဇူးတင်ကြောင်းဖော်ပြလိုပါသည်။)
(လူ့ယဉ်ကျေးမှုသမိုင်း အရှေ့တိုင်းကရသောအမွေစာအုပ်မှ အခန်းအချို့ကို ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။ ဤစာအုပ်ကို ငှားရမ်းဖတ်ရှုခွင့်ပေးသော ကိုနေစေးကို ကျေးဇူးတင်ကြောင်းဖော်ပြလိုပါသည်။)
Comments
Post a Comment