ကြောက်ရွံ့မှု
လူခရီးရှပ်စ် (Lucretius) က ကြောက်ရွံ့မှုသည် နတ်ဘုရားများ၏ ပထမဆုံး မိခင်ဖြစ်သည်ဟု ဆိုခဲ့သည်။ အကြောက်တကာတွင် အကြောက်ဆုံးကား သေရမှာကြောက်ခြင်းဖြစ်သည်။ ရှေးဦးလူသား၏ဘ၀ကို ဘေးအန္တရာယ်ပေါင်း ထောင်ပေါင်းများစွာက ပတ်ချာဝိုင်း (Beset) နေရာ အရွယ်လွန်ပြီး အမှည့်ကြွေကြွေခြင်း (Natural Decay) မျိုး ရှားသည်။ ဇရာမတိုင်မီ စောစီးစွာကပင် ရက်စက်ကြမ်းကြုတ်မှု သို့မဟုတ် ဆန်းပြားသည့်ရောဂါတစ်ခုခုက လူသားအများစုကို ဇီဝိန်ခြွေပြီးဖြစ်သည်။ သို့ဖြစ်ရာ ရှေးဦးလူသားက သေခြင်းတရားသည် သဘာဝတရားပဲဆိုသည်ကို မယုံကြည်ပေ။ သူက သေခြင်းတရားသည် သဘာဝလွန်စွမ်းအားစု တစ်ခုခု၏လက်ချက်ဟု ခံယူသည်။ နယူးဗြိတိန်မှ ဒေသခံများ၏ ဒဏ္ဍာရီအရ လူသားများထံ သေခြင်းတရားရောက်လာမှုသည် နတ်များ၏ မှားယွင်းမှုကြောင့် ဖြစ်သည်။ နတ်ကောင်းကမ်ဗီနာနာ (Kambinana) က သူ့ညီ နတ်ဆိုး ကော်ဗူဗာ (Korvouva) ကို လူသားတွေဆီမင်းဆင်းသွားပြီး သူတို့ အရေခွံတွေလဲကြလို့ သွားပြောချေ။ ဒါမှသာ သေခြင်းတရားကို သူတို့ ရှောင်လွှဲနိုင်မယ်။ ဒါပေမဲ့ မြွေတွေကိုတော့ သေရမှာပဲလို့ပြောခဲ့ ဟု ခိုင်းလိုက်သည်။ သို့ရာတွင် ကော်ဗူဗာက ပြောရမည့်သတင်းစားချင်းရောထွေးသွားသည်။ သူက မသေဆေး၏လျှို့ဝှက်ချက်ကို မြွေများဆီသွားပြောပြီး လူသားများကိုတော့ သေခြင်းတရား၏ ကြမ္မာဆိုးကို ပေးခဲ့သည်။ မျိုးနွယ်စုအမြောက်အမြားက သေခြင်းတရားသည် အရေခွံရှုံ့တွသွားမှုကြောင့်ဖြစ်ပြီး အကယ်၍ အရေခွံသာလဲနိုင်လျှင် လူသားသည် မသေနိုင်ဟု ယုံကြည်ကြသည်။
အံအားတသင့်ဖြစ်မှုနှင့်အိပ်မက်များ
သေခြင်းတရားကိုကြောက်ရွံ့မှု၊ နားမလည်နိုင်သောအဖြစ်အပျက်များအပေါ် အံ့အားတသင့်ဖြစ်မှု၊ နတ်ဒေ၀တာများ၏မှိုင်းမမှုအပေါ် မျှော်လင့်မှုနှင့် ကံကောင်းမှုအတွက် ကျေးဇူးတင်မှုတို့ပေါင်းရုံးပြီး ဘာသာရေးယုံကြည်ချက်များ ပေါက်ဖွားလာစေသည်။ ရင်သပ်ရှုမောအံ့သြမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့သည် အထူးအားဖြင့် ဖိုမသဘာဝနှင့် အိပ်မက်များတွင်လည်းကောင်း၊ ကောင်းကင်ယံမှု ဂြိုဟ်နတ္ခတ်တာရာများက ကမ္ဘာမြေနှင့် လူသားအပေါ် လျှို့ဝှက်စွာသြဇာသက်ရောက်မှုတွင်လည်းကောင်း တွယ်ကပ်နေသည်။ ရှေးဦးလူသားသည် သူအိပ်နေစဉ်မြင်တွေ့ရသော အာရုံ (Phantoms) များကို အံ့သြသည်။ သေသွားပြီးကြောင်းသိထားသူများ၏ရုပ်ပုံကို အိပ်မက်ထဲတွင် မျက်ဝါးထင်ထင်တွေ့မြင်ရချိန်တွင် ထိတ်လန့်ကြောက်ရွံ့ခြင်းဖြစ်သည်။ သေသူများကို မြေမြှပ်ခြင်းသည် သူတို့ပြန်လာမှာစိုး၍ဖြစ်သည်။ စားစရာသောက်စရာ (Victuals) များနှင့် အသုံးအဆောင်များကို သေသူနှင့်အတူမြှပ်ခြင်းသည် ထိုအရာများပြန်လာပြီး သူ့ကို ကျိန်ဆဲမှာစိုး၍ဖြစ်သည်။ ရှေးဦးလူသားသည် တစ်ခါတစ်ရံတွင် လူသေသည့်အိမ်ကိုစွန့်ခွာပြီး နောက်တစ်နေရာပြောင်းနေလေ့ရှိသည်။ အချို့ဒေသများတွင် အလောင်းကို တံခါးမှမထုတ်ဘဲ နံရံတွင်အပေါက်ဖောက်ထုတ်ပြီး နံရံကို နောက်ထပ်သုံးပေါက်ဖောက်သည်။ သို့မှသာ ၀ိညာဉ်က ၀င်ပေါက်ကိုမမှတ်မိတော့ဘဲ အိမ်ကိုမခြောက် (Haunt) နိုင်မှာဖြစ်သည်။
ဝိညာဉ်နှင့် ၀ိညာဏ၀ါဒ
အဆိုပါအတွေ့အကြုံများအားဖြင့် ရှေးဦးလူသားသည် တည်ရှိနေသောအရာအားလုံး၏ အတွင်းသားထဲတွင် ၀ိညာဉ် သို့မဟုတ် လျှို့ဝှက်အသက်ရှိပြီး နာမကျန်းဖြစ်ချိန်၊ အိပ်ပျော်နေချိန်နှင့် သေဆုံးချိန်များတွင် ခန္ဒာကိုယ်မှခွဲထွက်နိုင်သည်ဟု ယုံကြည်သည်။ ရှေးဟောင်းအိန္ဒိယနိုင်ငံမှ ဥပါဒ်နိသျှကျမ်း (Upanishad) တစ်ခုက အိပ်ပျော်နေသောလူတစ်ယောက်ကို ရုတ်တရက်သွားမနှိုးပါနှင့်။ အကယ်၍ ထိုသူ၏၀ိညာဉ်သည် ခန္ဒာကိုယ်ထဲပြန်ဝင်ဖို့လမ်းရှာမတွေ့လျှင် ကုရခက်သောကိစ္စဖြစ်လာနိုင်သည် ဟု ရေးထားသည်။ လူသားများမှာသာမက အရာရာတိုင်းတွင် ၀ိညာဉ်ရှိသည်။ ပြင်ပကမ္ဘာသည် ခံစားချက်မရှိသော အ၀ိညာဏကမဟုတ်ဘဲ အပြည့်အ၀ရှင်သန်သည်။ ဤသို့မဟုတ်ပါက သဘာဝတရားကြီးတွင် နေ၏လှုပ်ရှားသွားလာမှု၊ လူသေစေနိုင်သော လျှပ်စီးမိုးကြိုး၊ သို့မဟုတ် သစ်ပင်များမှ သစ်ရွက်လေတိုးသံများကဲ့သို့သော ရှင်းမပြနိုင်သည့်အဖြစ်အပျက်များ အများအပြားရှိနေမည်ဟု ရှေးဦးလူသား၏ဒဿနက တွေးသည်။ ၀တ္ထုပစ္စည်းများနှင့်အဖြစ်အပျက်များကို ပုဂလဒိဌအဖြစ်နှင့် စဉ်းစားခြင်းက ပုဂလဒိဌာန်မဟုတ်သော စိတ္တဇအမြင်နှင့်မြင်ခြင်းထက် အလျင်ကျသည်။ ထို့အတူ ဘာသာရေးက ဒဿနထက်အလျင်ကျသည်။ ထို့အတူ ဘာသာရေးက ဒဿနထက်အလျင်ကျသည်။ အရာရာတွင် ၀ိညာဉ်ရှိသည်ဟုယူဆသော ၀ိညာဏ၀ါဒသည် ဘာသာရေး၏ကဗျာဖြစ်ပြီး၊ ကဗျာ၏ဘာသာရေးလည်းဖြစ်သည်။ ဤသဘောတရား၏ အနိမ့်ဆုံးအဆင့်ကို မိမိရှေ့တွင်လေတိုက်၍လွင့်နေသောစက္ကူကို အံ့အားတသင့်စောင့်ကြည့်နေသော ခွေးတစ်ကောင်၏ ပြူးကျယ်နေသောမျက်ဝန်းထဲတွင် တွေ့မြင်နိုင်သည်။ အတွင်းသားထဲမှ ၀ိညာဉ်က စက္ကူကိုလှုပ်ပေးနေသည်ဟု ခွေးက ထင်နေမှာဖြစ်သည်။ ကျွန်တော်တို့သည်လည်း အလားတူခံစားချက်မျိုး၏ အမြင့်ဆုံးအဆင့်ကို ကဗျာလင်္ကာများထဲတွင်တွေ့နိုင်သည်။ ရှေးဦးလူသား၏စိတ်ထဲတွင်လည်းကောင်း သို့မဟုတ် ခေတ်အဆက်ဆက်ကဗျာဆရာများ၏ စိတ်ထဲတွင်လည်းကောင်း တောင်များ၊ မြစ်များ၊ ကျောက်တုံးများ၊ သစ်ပင်များ၊ ကြယ်များ၊ နေ၊ လနှင့် မိုးကောင်းကင်တို့အားလုံးသည် မြင့်မြတ်သောအရာများ ဖြစ်နေကြသည်။ အကြောင်းမှာ ယင်းတို့သည် မမြင်ရသောအတွင်းသားဝိညာဉ်၏ မြင်ရသော အပြင်ပန်းလက္ခဏာများဖြစ်သောကြောင့်ဖြစ်သည်။ ဤ၀ိညာဏ၀ါဒတွင် အလှတရားသာမက ညဏ်အမျှော်အမြင်လည်းရှိသည်။ အရာရာတွင်အသက်ရှိသည်ဟု ယူဆခြင်းသည် ကောင်းသောအတွေးအခေါ်ဖြစ်သည်။
(လူ့ယဉ်ကျေးမှုသမိုင်း အရှေ့တိုင်းကရသောအမွေစာအုပ်မှ အခန်းအချို့ကို ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။ ဤစာအုပ်ကို ငှားရမ်းဖတ်ရှုခွင့်ပေးသော ကိုနေစေးကို ကျေးဇူးတင်ကြောင်းဖော်ပြလိုပါသည်။)

Comments
Post a Comment