Skip to main content

ညစ်ပေသွားကြသူများ

မဲမှောင်နေသော တိမ်တောင်တိမ်လိပ်များ ထာဝရပိတ်ဖုံးထားသည့် ၀က်(စ)ကာဂြိုဟ်၏ ကောင်းကင်ပြင်မှ ထစ်ချုံးသံသဲ့သဲ့ကြားရသည်။ လမ်းလျှောက်နေရာမှ ဂျွန်ဂါ့(သ်) ရုတ်တရက် ရပ်တန့်လိုက်၏။ သူ၏ ဘွတ်ဖိနပ်နှစ်ဘက် ရွှံ့ဗွက်ထဲ တဖြည်းဖြည်းမြုပ်ဝင်သွားသည်ကို ဂရုမစိုက်အား၊ နားတစ်ဖက်ကို လက်နှင့်ကာပြီး ပို၍ ကျယ်လာသောအသံကို နားစွင့်လိုက်သည်။
`အဲဒါ ခင်ဗျားရဲ့ အာကာသယာဉ်အသံနဲ့ သိပ်တူတယ်´ ဟု ယုတ္တိကျကျစဉ်းစားတွေးခေါ်မှု၌ အလွန်ဝါသနာထုံလှသော ဂြိုဟ်သား `အစ်တင်´ တွေးတွေးဆဆပြောသည်။ `ဒါပေမဲ့ ခင်ဗျားရဲ့ယာဉ်က မြေကြီးပေါ်မှာရပ်ထားတယ်။ ယာဉ်ကိုမောင်းတတ်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကလည်း ကျုပ်ရှေ့မှာ။ ကျုပ်တို့ ဂြိုဟ်သားတွေကလည်း သူများယာဉ်ပေါ်တက်ပြီး လက်ကမြင်းတတ်သူတွေမဟုတ်ဘူး။ ဒီတော့ကာ…´
`တခြား အာကာသယာဉ်တစ်စီး ရောက်လာတာပဲဖြစ်ရမယ်´ ခေါင်းထဲတွင် အတွေးများစွာဝင်ရောက်နေသော ဂျွန်ဂါ့(သ်)က ဂြိုဟ်သား၏စကားကို စိတ်မရှည်စွာ ဖြတ်ပြောလိုက်သည်။ အသစ်ရောက်လာသော အာကာသယာဉ်သည် ရွှံ့ညွှန်နှင့် ဗွက်အိုင်တို့အလွန်ပေါများသော ဤဂြိုဟ်ပေါ်တွင် ဆင်းသက်ရန် မြေမာမာကို ထောက်လှမ်းရှာဖွေလိမ့်မည်။ ထို့နောက် မိမိယာဉ်နှင့် မနီးမဝေးနေရာတွင် ဆင်းသက်ပေလိမ့်မည်။
`ခင်ဗျား အရင်သွားနှင့်အစ်တင်´ ဂျွန်ဂါ့(သ်) သွက်သွက်ပြောလိုက်သည်။ `မြန်မြန်ရောက်အောင် ရေလမ်းကသွား၊ မြေမာပေါ်ရှိတဲ့ဂြိုဟ်သားတွေကို ဗွက်အိုင်ထဲ မြန်မြန်ဆင်းခိုင်း၊ အာကာသယာဉ်ရဲ့အောက်တည့်တည့်မှာရှိနေလို့ကတော့ မီးဖုတ်ပြီးသားဖြစ်သွားမယ်´
ဂျွန်ဂါ့(သ်)စကားမဆုံးမီ ဂြိုဟ်သားက ရေမြောင်းထဲခုန်ဆင်းပြီးသား ဖြစ်နေ၏။ ငါးဦးခေါင်းနှင့် လူခန္ဓာကိုယ် ပေါင်းစပ်ထားပုံပေါက်နေသော ၀က်(စ်)ကာဂြိုဟ်သားတို့သည် ရေပြင်တွင် လျင်မြန်စွာ လှုပ်ရှားသွားလာနိုင်ကြသည်။ ဖျံသားရေကဲ့သို့ အရေပြားဖုံးအုပ်ထားသည့် သူတို့ခန္ဓာကိုယ်တွင် ရေနှင့်ရွှံ့ဗွက် တွယ်ကပ်ခြင်းမရှိ။ ဂျွန်ဂါ့(သ်)မှာမူ ရွှံ့ဗွက်ထဲရုန်းကန်ပြီး သူ့ယာဉ်ရှိရာအရပ်သို့ ဖြစ်နိုင်သရွေ့ အမြန်ဆုံးလျှောက်လှမ်းသည်။
စကြ၀ဠာ၏ ခြောင်ကျကျအရပ်တွင်ရှိသော မိုးဖွဲလေးများ အမြဲလိုလိုရွာနေတတ်သည့် ဤဂြိုဟ်ပေါ်သို့ ဂျွန်ဂါ့(သ်)ရောက်နေသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီ။ ဘ၀တူလူသား တစ်ဦးမျှ မတွေ့ခဲ့ရ။ ကုန်သည်တစ်ဦးဖြစ်သူ ဂျွန်ဂါ့(သ်)အတွက် လူသားများနှင့်စကားပြောရခြင်းထက် အကျိုးအမြတ်ရရှိခြင်းက ပို၍အရေးကြီးပါသည်။ ထို့ကြောင့် ဤဂြိုဟ်သို့ရောက်သည့်အခါတိုင်း တစ်နှစ်ကြာအောင် နေဖြစ်သည်။ ယခု အသစ်ရောက်လာမည့်သူမှာ ကုန်သည်တစ်ယောက်ဖြစ်လျှင် သူ့အရောင်းအ၀ယ်နှင့် အမြတ်ပမာဏကို ထိခိုက်နိုင်သည်။
ခရီးသည်စီး စင်းလုံးငှားအာကာသယာဉ်က နှစ်ပတ်ခန့်ဝေ့၀ိုက်ပျံသန်းပြီးနောက် ဂျွန်ဂါ့(သ်)၏ ကုန်တင်အာကာသယာဉ်အနီး ဆင်းသက်ရပ်နားလိုက်သည်။ ထို့နောက် ယာဉ်၏အသံလွှင့်စက်မှ အသံထွက်ပေါ်လာသည်။
` ဂါ့(သ်)၊ ဂျွန်ဂါ့(သ်)၊ ချောင်ထဲလိုက်ပြီး ငွေရှာနေတဲ့ကောင် အခု ဘယ်ဗွက်အိုင်ထဲမှာ မြုပ်နေပြီလဲ´ သူနှင့် ရင်းနှီးခင်မင်သော `ဆင်း´အသံဖြစ်၍ ဂျွန်ဂါ့(သ်) စိတ်သက်သာသွားသည်။ `ဘာလာလုပ်တာလဲ `ဆင်း´၊ ရိုးရိုးသားသား ကြိုးကြိုးစားစား ရှာဖွေလုပ်ကိုင်နေတဲ့ ကုန်သည်လေးရဲ့အမြတ်တွေကို လာလုတာလား´
`ရိုးသားတယ်´ ဆင်း၏အသံမှာ ရယ်သံပါနေ၏။ `အမြတ်ကြီးစားလွန်းလို့ ဂြိုဟ်ပေါင်း တစ်ဒါဇင်လောက်က ၀ိုင်းပယ်ထားတဲ့ကုန်သည်မှာ ရိုးသားမှုရှိသတဲ့လား။ ဒီလို မွဲတေတေဂြိုဟ်လေးမှာ မင်းက ဘယ်လောက်များစုမိနေလို့ ဘယ်သူလာခိုးရမှာလဲ။ မင်းအတွက် အဖော်ရအောင် ခရီးသည်တစ်ယောက်လာပို့တာ။ ဒါပေမဲ့ သူ့အလုပ်က မင်းနဲ့ တခြားစီ´
ရောက်လာသူမှာ ကုန်သည်တစ်ယောက်မဟုတ်မှန်းသိလိုက်ရ၍ စိတ်ချမ်းသာသွားသော ဂျွန်ဂါ့(သ်) သစ်ပင်ကွယ်မှထွက်လာခဲ့သည်။ သို့သော် ယာဉ်ပေါ်မှဆင်းသက်လာသောပုဂ္ဂိုလ်ကိုမြင်လိုက်ရသည်နှင့် ဂျွန်ဂါ့(သ်) ပါးစပ်တင်းတင်းစေ့သွား၏။ သက်လတ်ပိုင်းအရွယ် မျက်နှာချိုချို၊ နားထင်စပ်တွင် ဆံပင်များဖြူနေသောထိုသူကို ဂျွန်ဂါ့(သ်) တစ်ကြိမ်မျှ မမြင်ဖူးပါ။ သို့ရာတွင် ထိုပုဂ္ဂိုလ်လွှမ်းခြုံထားသော ၀တ်ရုံနှင့်လည်စည်းကိုကြည့်ပြီး မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း ဂျွန်ဂါ့(သ်) ကောင်းကောင်းသိပါသည်။
`ဖာသာ မာ့(ခ်)လို့ ခေါ်နိုင်ပါတယ်´ ယဉ်ကျေးသိမ်မွေ့စွာပြောသည်။ `သွေးချင်းညီအစ်ကိုများ သာသနာပြုအဖွဲ့ချုပ်ကပါ၊ ဘုရားသခင်ရဲ့စောင်မမှုကြောင့် ခင်ဗျားနဲ့ တွေ့ခွင့်ရတာ…´
`ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ´ ဂျွန်ဂါ့(သ်) အသံက အေးစက်နေသည်။
ဖာသာမာ့(ခ်) မျက်ခုံးအစုံပင့်တင်လိုက်၏။ `သာသနာပြုဖို့ပေါ့ဗျာ။ ကျုပ်တို့ရဲ့အဖွဲ့ချုပ်က ရန်ပုံငွေစုဆောင်းပြီး အခြားသောဂြိုဟ်ကမ္ဘာက အသိညဏ်ရင့်သန်တဲ့ ဂြိုဟ်သားတွေကို သာသနာတော်မှာ သက်ဝင်လာအောင်ကြိုးပမ်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဂြိုဟ်ဟာ ပထမဆုံး…´
ဂျွန်ဂါ့(သ်) အိတ်ထဲမှ သေနတ်ကိုဆွဲထုတ်လိုက်ပြီး ဂျွန်ဂါ့(သ်)ကို ချိန်လိုက်သည်။ `အခု ယာဉ်ပေါ်ကိုတက်ပြီး ပြန်ပေတော့။ ခင်ဗျားကို ဒီမှာ မလိုအပ်ဘူး။ ဒီဂြိုဟ်ပေါ်မှာ ခင်ဗျားကို ဘယ်သူမှ ဂရုမစိုက်နိုင်ဘူး၊ ပြန်တော့´
`ခင်ဗျား ဒီလိုပြောခွင့်မရှိဘူး မစ္စတာ´ အသံက တည်ငြိမ်နေသော်လည်း မျက်နှာမှအပြုံး ပျောက်ကွယ်သွားပြီဖြစ်သော ဖာသာမာ့(ခ်) ပြောသည်။ `ဒီဂြိုဟ်မှာ လူသားတွေ အာကာသ၀တ်စုံမ၀တ်ဘဲ နေထိုင်နိုင်တယ်။ ကြောက်စရာ သတ္တ၀ါတွေမရှိသလို၊ စိုးရိမ်စရာရောဂါလည်း မရှိဘူး။ ဂြိုဟ်များဆိုင်ရာ အာကာသဗဟိုစခန်းရဲ့ သတ်မှတ်ချက်အရ လွတ်လပ်စွာသာသနာပြုခွင့်၊ လွတ်လပ်စွာလည်ပတ်ခွင့်ရထားတဲ့ဂြိုဟ်´
ဤပုဂ္ဂိုလ် အမှန်ကိုပြောနေခြင်းဖြစ်ကြောင်း ဂျွန်ဂါ့(သ်)သိပါသည်။ သို့သော် ဤသူကို ထိတ်လန့်ပြီး ပြန်ထွက်သွားစေလိုသည်။ `ဘာပဲဖြစ်ဖြစ် ခင်ဗျားပြန်တော့´
` ဂျွန်ဂါ့(သ်)´ ယာဉ်ပေါ်မှ `ဆင်း´၏အသံထွက်ပေါ်လာသည်။ `ဧည့်သည်ကို ဒီလိုမပြောရဘူးကွ၊ သေနတ်နဲ့ချိန်တဲ့အလုပ်ကတော့ ငါလည်းလုပ်တတ်တယ်´ ယာဉ်ပေါ်မှ အပေါက်လေးများပွင့်သွားပြီး စက်သေနတ် (၃) လက် ဂျွန်ဂါ့(သ်)ကို တည့်တည့်ချိန်ထားသည်။ ဂျွန်ဂါ့(သ်) ပုခုံးတွန့်ပြီး သေနတ်ကို အိတ်ထဲထည့်ကာ လှည့်ထွက်လာသည်။
အစ်တင်နှင့်အခြားသော ၀က်(စ်)ကာဂြိုဟ်သားတို့ ရပ်ကြည့်နေသောနေရာသို့ ဂျွန်ဂါ့(သ်)သွားသည်။ `လူသစ်တစ်ယောက်ရောက်လာတယ်။ သူ့ပစ္စည်းတွေသယ်ယူဖို့ အကူအညီလိုနေတယ်။ ဘယ်မှာနေရမယ်ဆိုတာလည်း မသိဘူး´
တံခါးကို ပြင်းပြင်းလေးကန်ဖွင့်ပြီး အတွင်းသို့ ဂျွန်ဂါ့(သ်)၀င်သည်။ ထူးခြားအရေးပေါ်ကိစ္စတွင် အသုံးပြုရန်ထားသော အရက်ပုလင်းနှင့်ဖန်ခွက်ကိုထုတ်ပြီး ကုလားထိုင်ပေါ်ပစ်ထိုင်ချသည်။ ပြတင်းပေါက်မှလှမ်းကြည့်သော် မိုးဖွဲဖွဲအောက်တွင် သူ့တဲနှင့်မနီးမဝေး၌ ဖာသာမာ့(ခ်) ရွက်ထည်တဲထိုးရန် ပြင်ဆင်နေသည်ကို တွေ့ရ၏။ အာကာသယာဉ်ပျံ ထွက်သွားသံ ကြားရ၏။ ယာဉ်မောင်းသူ `ဆင်း´ကမူ သူ့ကို အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေပြီဟု ထင်ပေလိမ့်မည်။ ဤသာသနာပြုပုဂ္ဂိုလ်နှင့် အနည်းငယ် စကားပြောဖို့လိုလိမ့်မည်ဟု ဂျွန်ဂါ့(သ်)တွေးပြီး အရက်တစ်ငုံသောက်သည်။ ပါးစပ်တွင် ခါးနေ၏။ ထိုစဉ် တံခါးခေါက်သံကြားပြီး ဂြိုဟ်သားအစ်တင် ၀င်လာသည်။ ဗဟုသုတစုဆောင်းရန် အလှည့်ကျသော အစ်တင်သည် ဂျွန်ဂါ့(သ်)ထံပါး အချိန်ပြည့်နီးပါး လာရောက်နေထိုင်၏။
`လူသစ်နဲ့ပစ္စည်းတွေကို နေရာချထားပြီးပြီလား´
`သူ့နာမည်က လူသစ်တဲ့လား´
`ဖာသာမာ့(ခ်)လို့ခေါ်ရင် သူသဘောကျတယ်။ ရော့ ဒီစာလေးသူ့ကို သွားပေးလိုက်ပါ´
ညစာလာရောက်သုံးဆောင်ပါရန် ဖိတ်ကြားသောစာလေးကို ဂျွန်ဂါ့(သ်)ရေးပြီး အစ်တင်ကိုပေးလိုက်သည်။ `သူနဲ့ စကားသိပ်ပြောမနေနဲ့´ဟု တစ်ဆက်တည်းပြောသည်။
`သူက စကားပြောပြီး ကျွန်တော်က စကားမပြောဘဲနေရင် ယဉ်ကျေးမှုကင်းမဲ့ရာ မကျပေဘူးလား။ နောက်ပြီးတော့ ကျွန်တော့်အဖော်တွေက ဘယ်လိုတွေးထင်ကြမှာလဲ။ ဗဟုသုတစုဆောင်းဖို့ တာဝန်ကျတဲ့ကျွန်တော်ဟာ´
`တော်ပြီ၊ သွားတော့´ ဤဂြိုဟ်သားများနှင့်ယှဉ်ပြိုင်စကားပြောရတိုင်း အမြဲတမ်းရှုံးနိမ့်နေကျဖြစ်သည့် ဂျွန်ဂါ့(သ်) စိတ်တိုတိုနှင့် အော်ပြောလိုက်၏။
ခေတ္တအကြာတွင် အပေါက်ဝ၌ ဖာသာမာ့(ခ်)ရောက်လာသည်။
`ကျုပ်ကိုဖိတ်ခေါ်ဖို့ ခင်ဗျားရဲ့နှလုံးသား နူးညံ့လာအောင်ပြုလုပ်ပေးတဲ့ ၀ိညာဉ်တော်မြတ်ကို ကျေးဇူးတင်ပါတယ်´
`လာပါ၊ ထိုင်ပါ၊ ဖာသာမာ့(ခ်) ´ ဂျွန်ဂါ့(သ်) နေရာမှထရပ်၍ ဖိတ်ခေါ်သည်။
`စောစောပိုင်းက ကျွန်တော့်ရဲ့ရှိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ်။ လူတွေနဲ့ မတွေ့ရတာကြာလို့ လူ့ဆက်ဆံရေးကို ကျွန်တော်မေ့သွားတယ်လို့ပဲ မှတ်ယူပါ´
`ဘုရားသခင်စောင်မပါစေ´ ဖာသာမာ့(ခ်) ကောင်းချီးပေးပြီး ထိုင်သည်။ သူ့ရှေ့တွင် ချထားသောခွက်ကို တစ်ငုံမော့သည်။
`ကျွန်တော့်ကို ဘာသာတရားမရှိတဲ့ ဒိဌိလို့ခေါ်နိုင်ပါတယ်။ ဘာသာရေးဆိုတာ ကျွန်တော်နဲ့ မပတ်သက်လှပါဘူး။ ဒီဂြိုဟ်သားတွေကိုလည်း ခင်ဗျားတို့ပြောနေတဲ့ ဘာသာရေးနဲ့ မပတ်သက်စေချင်ပါဘူး´ ဂျွန်ဂါ့(သ်) ခေတ္တရပ်နားပြီး ပြောရန်စကားလုံးများကို ရွေးချယ်သည်။
`ဒီဂြိုဟ်သားတွေဟာ ကျောက်ခေတ်ယဉ်ကျေးမှုအတိုင်း ရိုးရိုးရှင်းရှင်းလေး နေထိုင်ကြတယ်။ အရာရာကို ယုတ္တိကျကျစဉ်းစားပြီး လက်တွေ့ကျကျပြုမူနေထိုင်ကြတယ်။ အစွဲအလမ်းတွေ အယူသည်းမှုတွေမရှိဘူး´
`ဘာကိုဆိုလိုတာလဲ´ ဖာသာမာ့(ခ်) မေးခွန်းထုတ်သည်။ `သူတို့မှာ ဘုရားမရှိဘူး၊ ကိုးကွယ်ယုံကြည်မှုမရှိဘူး၊ ဒီဘ၀ကကျော်ပြီး မစဉ်းစားတတ်ဘူး၊ အဲဒီလိုလား´
`ဟုတ်တယ်၊ သူတို့မှာ တောင်ရှိတယ်၊ တောရှိတယ်၊ မိုး၊ သစ်ပင်၊ ရေ အားလုံးရှိတယ်။ ဒါပေမဲ့ တောင်စောင့်နတ်၊ တောစောင့်နတ်၊ မိုးနတ်သား၊ သစ်ပင်စောင့်နတ် ဘာမှမရှိဘူး။ ဘယ်လို ကိုးကွယ်ယုံကြည်မှုမှ မရှိဘူး။ စိတ်ပိုင်းဆိုင်ရာမှီခိုအားထားမှု လုံးဝ လွတ်ကင်းနေတဲ့ ဂြိုဟ်သားတွေ။ ဒါပေမဲ့ သူတို့ ပျော်ရွှင်ကြတယ်၊ ငြိမ်းအေးကြတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးကြဘူး။ သူတို့ကိုကျွန်တော် ဒီအတိုင်း ဆက်လက်နေသွားစေချင်တယ်။ သူတို့အတွေးထဲမှာ ဘယ်လိုဘာသာရေးမှ မရောယှက်စေချင်ပါဘူး´
`ခင်ဗျားက ဘုရားရဲ့ကယ်တင်ခြင်းခံရမယ့်အဖြစ်က သူတို့ကို ကင်းဝေစေချင်တယ်လို့ ပြောနေတာလား´ ဖာသာမာ့(ခ်)မျက်ဝန်းတွင် အလိုမကျဟန်၊ သဘောမတူဟန်တို့ အပြည့်ရှိသည်။
`အမှန်ပါပဲ´ စိတ်အားထက်သန်လာသော ဂျွန်ဂါ့(သ်) ကိုယ်ကိုရှေ့ကိုင်းပြောသည်။ `သူတို့နဲ့အတူနေကြည့်ရင် ခင်ဗျားသိလာမှာပါ။ သူတို့မှာ ငြိမ်းအေးမှုရနေကြတယ်။ ဒီဂြိုဟ်သားတွေဟာ သူတို့အတွက် အစစ သင့်တင့်မျှတလုံလောက်နေကြတော့ ကျောက်ခေတ်အနေအထားကနေ ပြောင်းလဲစရာ မလိုကြဘူး။ ဒီအနေအထားမှာပဲ ပျော်ရွှင်ချမ်းမြေ့နေကြတယ်။ ဒီလိုနေတာကိုမြင်လို့ အရိုင်းအစိုင်းတွေလိုတော့ မထင်မှတ်လေနဲ့ဖာသာမာ့(ခ်)။ သူတို့ စိတ်ဓာတ်နဲ့ညဏ်ရည်ဟာ လူတွေထက် အနိမ့်ဘူး။ ပိုကောင်းပိုလိမ့်မယ်။ လူသားတွေရဲ့ ဘာသာစကား၊ အရေးအသားတွေကို ခဏလေးနဲ့ သူတို့တတ်မြောက်သွားကြတယ်´
အာခြောက်သွားသော ဂျွန်ဂါ့(သ်)က သူ့ခွက်ထဲမှအရက်ကို တစ်ဝက်ခန့်ကုန်အောင် သောက်လိုက်သည်။
`ကောင်းကင်ဘုံအကြောင်း၊ ၀ိညာဉ်တော်အကြောင်း၊ ကယ်တင်စောင့်ရှောက်ခံရမယ့် အကြောင်း သူတို့ကိုသင်ကြားဖို့ ကျုပ် အဝေးကြီးကလာခဲ့ရတယ်´ ပြတ်သားတည်ငြိမ်လှသော အသံဖြင့် ဖာသာမာ့(ခ်) ပြောသည်။
`ဒါကိုကျွန်တော် အများကြီးလေးစားပါတယ်´ ဂျွန်ဂါ့(သ်) မသိမသာသက်ပြင်းချပြီး ဆက်ပြောသည်။ `ဒီဂြိုဟ်သားတွေဟာ အသစ်အဆန်းကို လေ့လာချင်တယ်။ ဗဟုသုတကို လိုလားတယ်။ သူတို့စိတ်ဟာ ကလေးလိုပဲ။ ဘယ်ဘာသာတရားရဲ့အကူအညီမှမပါဘဲ ရှင်းသန့်ကြည်လင်နေတဲ့စိတ်ကို ငရဲဘုံ၊ ကောင်းကင်ဘုံ၊ ဒဏ်ခတ်ခံရတာတွေ၊ ကယ်တင်ခံရတာတွေ၊ ကောင်းမှုမကောင်းမှုတွေလျှောက်ပြောပြီး ညစ်နွမ်းရှုပ်ထွေးအောင် မလုပ်ချင်ပါနဲ့ဗျာ´
`ခင်ဗျား ကျောင်းတော်ကြီးကိုစော်ကားနေတာလား မစ္စတာ´
`ဒီလိုဖြစ်သွားရင် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်သိထားတဲ့ အချက်အလက်တွေတင်ပြပြီး ဖာသာကို သတိပေးနေတာပါ။ ဒီဂြိုဟ်သားတွေဟာ ဘာမဆို ယုတ္တိရှိမရှိစဉ်းစားပြီး အင်မတန် လက်တွေ့ကျကျလုပ်တတ်တယ်။ အထောက်အထားမရှိဘဲနဲ့ ကိုးကွယ်ယုံကြည်ရမယ်ဆိုတာကို သူတို့လက်ခံကြမှာ မဟုတ်ဘူး´
`ဖာသာမာ့(ခ်) ခေါင်းမော့၍ ရင်ကော့လိုက်သည်။ `ဒီဂြိုဟ်မှာ အသိညဏ်မြင့်တဲ့ သတ္တ၀ါတွေရှိတယ်။ သူတို့မှာ ၀ိညာဉ်တွေလည်း ရှိကြတယ်။ မှောင်မိုက်နေတဲ့ သူတို့နှလုံးသားကို အလင်းရောင်ပေးဖို့၊ တရားဒေသနာဟောကြားပြီး ဒီဝိညာဉ်တွေကို ကယ်တင်ဖို့ ကျုပ်ကြိုးစားမယ်။ ကျုပ်နဲ့အတူ ဘုရားသခင်ရှိတယ်၊ ယုံကြည်မှုရှိတယ်၊ ဘယ်လောက်ကြီးမားတဲ့ အန္တရာယ်နဲ့ကြုံကြုံ၊ ကျုပ်ရင်ဆိုင်မယ်။ ခင်ဗျားသာ ကျုပ်နဲ့ဝေးဝေးနေ´
နောက်နေ့များတွင် လူသားနှစ်ဦး တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်မတွေ့အောင် ရှောင်တိမ်းနေကြသည်။ ကိုယ့်ကိစ္စကိုယ်လုပ်ကြသည်။ ဂျွန်ဂါ့(သ်)ကမူ သိပ္ပံပညာရှင်များ မှာလိုက်သော ဇီဝ၊ ရုက္ခတို့နှင့်သက်ဆိုင်သော နမူနာပစ္စည်းများနှင့် ဂြိုဟ်သားတို့ပြုလုပ်သော လက်မှုပစ္စည်းတို့ကိုထုပ်ပိုးပြီး သူ့ယာဉ်ပေါ် နည်းနည်းစီတင်သည်။ ဤဂြိုဟ်မှ ကြိုက်သည့်အချိန်တွင် ထွက်ခွာနိုင်ပြီဖြစ်သော်လည်း သူစောင့်ကြည့်နေခဲ့သည်။
ကျောက်ခေတ်သာသာအခြေအနေတွင် နေထိုင်ကြသော်လည်း ဤဂြိုဟ်သားတို့သည် လက်မှုပညာ အလွန်ထူးချွန်ကြ၏။ သူတို့၏လက်သည်းများ ကျောက်ချွန်၊ ကျောက်စူးများသုံး၍ စကြ၀ဠာတွင် အလှဆုံးဖြစ်ဖွယ်ရှိသော ပန်းပုပစ္စည်းအမျိုးမျိုး ထုလုပ်နိုင်ကြ၏။ ထိုပစ္စည်းများကို စူး၊ ဆောက်၊ ဂေါ်ပြားစသော ကိရိယာများနှင့် စာအုပ်များပေးပြီး ဂျွန်ဂါ့(သ်) လဲလှယ်သည်။ လက်နက်ကိရိယာများ အသုံးပြုရန်နည်းကို လေ့လာပြီး ပိုကောင်းသောပစ္စည်းတို့ကို ဂြိုဟ်သားများပြုလုပ်ကြသည်။ နည်းပညာစာအုပ်များ၊ ဗဟုသုတစာအုပ်များ၊ အခြေခံသိပ္ပံစာအုပ်များကို ဖတ်ရှုလေ့လာကြသည်။
ယခုတော့ ဂြိုဟ်သားတို့၏စိတ်ဝင်စားမှုမှာ ဖာသာမာ့(ခ်)ထံ ပြောင်းရွှေ့သွားကြ၏။ ဖာသာမာ့(ခ်)စကားပြောတိုင်း ဂြိုဟ်သားတို့ ၀ိုင်းအုံနားထောင်ကြသည်။ ဖာသာမာ့(ခ်) ဝေငှသောစာအုပ်များကို ဂြိုဟ်သားတို့ စိတ်အားထက်သန်စွာ ဖတ်ကြသည်။ တစ်နေ့တွင် ဖာသာမာ့(ခ်)ဦးဆောင်ပြီး ဂြိုဟ်သားများနှင့်အတူ ဘုရားရှိခိုးကျောင်းတည်ဆောက်နေသည်ကို ဂျွန်ဂါ့(သ်)တွေ့ရ၏။ တစ်ပတ်တစ်ခါ ဘုရားကျောင်းတွင်စုဝေးကြ့ပီး ဖာသာမာ့(ခ်)ဟောပြောသည်ကို နားထောင်ကြ၏။ ဖာသာမာ့(ခ်)အပေါ် အာရုံစိုက်မှုများနေ၍ ဂြိုဟ်သားအစ်တင်ပင် ဂျွန်ဂါ့(သ်)ထံမလာသည်မှာ အတော်ကြားသွား၏။
မိုးဖွဲဖွဲလေးရွာနေသည့်တစ်ခုသော နံနက်ခင်းတွင် တဲရှေ့မှအသံများကြား၍ ဂျွန်ဂါ့(သ်) တံခါးဖွင့်ကြည့်လိုက်သော် ဂြိုဟ်သားတို့၏ကိုယ်စားလှယ်အုပ်စုကို တွေ့ရသည်။ စိတ်လှုပ်ရှားလျှင်ဖြစ်တတ်သော ဂြိုဟ်သားတို့၏သဘာဝအတိုင်း ပါးစပ်များကို အစွမ်းကုန်ဟထားကြသောကြောင့် ချွန်ထက်သောသွားများ အတန်းလိုက်ပေါ်နေကြသည်။ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားဟန်ရှိသော ဂြိုဟ်သားအစ်တင် ရှေ့သို့ထွက်လာသည်။
`ကျုပ်တို့ မေးစရာရှိလို့ပါ။ ကျုပ်တို့ကို ဖြေပေးပါ´
`ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားဖြေပါ့မယ်။ မေးပါ´ ဂျွန်ဂါ့(သ်) နှစ်လိုစွာပြန်ပြောသည်။
`ထာဝရဘုရားဆိုတာ ရှိလား´
`ထာဝရဘုရားဆိုတာရဲ့ အဓိပ္ပာယ်ကို ခင်ဗျားတို့ ဘယ်လိုနားလည်ထားကြသလဲ´ ဂျွန်ဂါ့(သ်) ပြန်မေးသည်။
`ထာဝရဘုရားဆိုတာ ကောင်းကင်ဘုံမှာနေထိုင်တယ်။ ကျုပ်တို့အားလုံးရဲက အဖေ။ သက်ရှိသက်မဲ့အားလုံးကို ပြုလုပ်ဖန်ဆင်းတဲ့ပုဂ္ဂိုလ်၊ ကျုပ်တို့ကိုကာကွယ်စောင့်ရှောက်တဲ့သူ၊ ကျုပ်တို့အကူအညီလိုရင် ဆုတောင်းလို့ရတဲ့ပုဂ္ဂိုလ်၊ ကျုပ်တို့ ကယ်တင်ခြင်းခံရမယ်ဆိုရင်…´
`လုံလောက်ပြီ´ ဂျွန်ဂါ့(သ်) ဖြတ်ပြောသည်။ `အဲဒီလိုဘုရား မရှိဘူး´
ဂြိုဟ်သားများ သူတို့၏ပါးစပ်ကို ဟလိုက်ကြသည်။ ဂြိုဟ်သားများ၏အကျင့်ကို သိပြီးသားဖြစ်သည့် ဂျွန်ဂါ့(သ်)ပင် သွားချွန်ချွန်များကိုကြည့်ပြီး ထိတ်လန့်သလိုဖြစ်သွား၏။
`ကျေးဇူးပြုပြီး ဘုရားကျောင်းကိုလိုက်ခဲ့ပါ ဂျွန်ဂါ့(သ်)´ အစ်တင် မေတ္တာရပ်ခံသည်။ `ကျုပ်တို့လေ့လာနေတာတွေအများစုဟာ သင်ယူရခက်ခဲပါတယ်။ အခုတစ်ခါက အခက်ခဲဆုံးပဲ။ ခင်ဗျားပြောတဲ့အမှန်တရားကတစ်မျိုး၊ ဖာသာမာ့(ခ်)ပြောတဲ့ အမှန်တရားက တစ်မျိုးဖြစ်နေတယ်။ တစ်ချိန်တည်းမှာ နှစ်ခုလုံး တစ်ပြိုင်နက်မှန်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဖာသာမာ့(ခ်)နဲ့ခင်ဗျား တစ်နေရာတည်းမှာ ပြောကြမယ့်စကားကိုနားထောင်ရဖို့ ကျုပ်တို့အတွက် သိပ်အရေးကြီးပါတယ်။ ကျုပ်တို့ကို ကူညီပါ´
ဘုရားကျောင်းအတွင်းတွင် ပူအိုက်နေသည်။ များပြားလှသောဂြိုဟ်သားတို့ကို တစ်စုတစ်ဝေးတည်းတွေ့ရ၍ ဂျွန်ဂါ့(သ်) အံ့အားသင့်သွားသည်။ ဂြိုဟ်သားအများစု၏ပါးစပ်များ ဟနေကြသည်။ အခန်းထိပ်ရှိ စာအုပ်များတင်ထားသော စားပွဲနောက်တွင် ဖာသာမာ့(ခ်) ထိုင်နေသည်။ ဂျွန်ဂါ့(သ်)ကို တည်ငြိမ်စွာကြည့်ပြီးခေါင်းဆတ်ပြသည်။
‘ဒီနေရာကို ကျွန်တော်လာပြီးစကားပြောဖို့ ဂြိုဟ်သားတွေအဆိုပြုတာ ခင်ဗျားသိပါတယ်နော်´ ဂျွန်ဂါ့(သ်)က စတင်၍စကားပြောသည်။
‘ကျုပ်သိပါတယ်´ ဖာသာမာ့(ခ်)က အသံပြတ်ပြတ်ပြောသည်။ ‘တစ်ခါတစ်လေတော့ တွေဝေမှုဆိုတာ ရှိတတ်တာပါပဲ။ သူတို့မှာ သင်ကြားချင်တဲ့စိတ်ရယ်၊ ယုံကြည်ချင်တဲ့ ဆန္ဒရယ် ရှိကြတယ်။ အဲဒါက အရေးအကြီးဆုံးပဲ´
‘ဖာသာမာ့(ခ်)၊ ကုန်သည် ဂျွန်ဂါ့(သ်)၊ ခင်ဗျားတို့ရဲ့ကူညီမှုကို လိုအပ်နေပါတယ်´ အစ်တင်အသံထွက်ပေါ်လာသည်။ ‘ခင်ဗျားတို့ဟာ ကျုပ်တို့မသိတာတွေအများကြီးကို သိထားကြပါတယ်။ ဒါကြောင့် ကျုပ်တို့ ပြုလုပ်ရခက်ခဲနေတဲ့ ဘာသာရေးသက်ဝင်ယုံကြည်မှုမှာ ကူညီကြပါ´
ဖာသာမာ့(ခ်)နှင့် ဂျွန်ဂါ့(သ်)တို့ ခေါင်းညိတ်ပြမှ အစ်တင်ဆက်ပြောသည်။ ‘ဖာသာမာ့(ခ်)ပေးတဲ့ သမ္မာကျမ်းစာနဲ့ အခြားစာအုပ်တွေအားလုံး ကျုပ်တို့ သေချာဖတ်ပြီး ဆွေးနွေးပြီးကြပါပြီ။ ကိစ္စတစ်ခုက သိပ်ရှင်းနေတယ်ဆိုတာ ကျုပ်တို့ သဘောတူညီမှု ရကြတယ်။ ဘာလဲဆိုတော့ ဖာသာမာ့(ခ်)ရဲ့စာအုပ်တွေဟာ ဂျွန်ဂါ့(သ်)စာအုပ်တွေနဲ့ လုံးဝခြားနားနေတယ်ဆိုတာပါပဲ´
‘ဂျွန်ဂါ့(သ်)ပေးတဲ့စာအုပ်တွေထဲမှာ စကြ၀ဠာကြီးဟာ ထာဝရဘုရားမပါဘဲနဲ့ လှုပ်ရှားနေတယ်။ ဖာသာမာ့(ခ်)စာအုပ်တွေထဲမှာတော့ ထာဝရဘုရားဟာ နေရာတိုင်းမှာ ပါနေတယ်။ သူမရှိလို့ကိုမဖြစ်ဘူး။ ဒီတော့ တစ်ခုမှန်ရင်တစ်ခုမှားမှာ သိပ်သေချာနေတယ်။ တကယ်လို့ ထာဝရဘုရားသခင်သာမရှိဘူးဆိုရင်…´
ဖာသာမာ့(ခ်) လက်ကာပြပြီး ထရပ်လိုက်သည်။ ‘ထာဝရဘုရားတည်ရှိတာပေါ့ သားတော်´ အလွန်လေးနက်တည်ကြည်စွာ ပြောလိုက်ခြင်းဖြစ်သည်။ ‘သူဟာ အားလုံးရဲ့ဖခင်ဖြစ်ပြီး အားလုံးကို ဖန်ဆင်းတော်မူတယ်။ ကောင်းကင်ဘုံနိုင်ငံတော်မှာ နေထိုင်တယ်´
‘ထာဝရဘုရားကို ဘယ်သူဖန်ဆင်းလဲ´အစ်တင်၏မေးခွန်းကြောင့် ဂြိုဟ်သားအားလုံး ပါးစပ်ဟနေကြ၏။
‘သူဟာဖန်ဆင်းရှင်ဆိုတော့ သူ့ကို ဘယ်သူမှမဖန်ဆင်းဘူးလေ။ သူဟာ အမြဲတမ်း တည်ရှိနေခဲ့တယ်´
‘သူဟာ အမြဲတမ်းတည်ရှိနေခဲ့တယ်ဆိုရင် စကြ၀ဠာကတော့ ဘာဖြစ်လို့ အမြဲတမ်းမရှိနိုင်ရမှာလဲ။ ဖန်ဆင်းမဲ့သူ မရှိဘဲနဲ့လေ´
အဆုံးမဲ့စိတ်ရှည်သည်းခံခြင်းဖြင့် ဖာသာမာ့(ခ်) ဖြေးနှေးစွာဖြေကြားပါ၏။ ‘အဖြေတွေက ရိုးရိုးရှင်းရှင်းလေးပါ ကျွန်ုပ်၏ကလေးများ။ ဒါပေမဲ့ သိပံပညာရှင်တွေတောင်မှ စကြ၀ဠာကြီးဟာ ဖန်ဆင်းထားတယ်ဆိုတဲ့အကြောင်း သဘောမတူကြပါဘူး။ သူတို့က သံသယတွေရှိနေကြပေမယ့် အလင်းရောင်ကိုတွေ့မြင်ပြီးကြတဲ့ကျုပ်တို့ကတော့ ‘သိနေကြတယ်။ ကျုပ်တို့အားလုံးကိုဖန်ဆင်းထားတဲ့ တန်ခိုးတော်ကို မြင်တွေ့နေကြတယ်။ ဖန်ဆင်းရှင်မရှိဘဲနဲ့ ဖန်ဆင်းမှုတွေဟာ ဘယ်လိုဖြစ်ပေါ်နိုင်ပါ့မလဲ။ အဲဒီဖန်ဆင်းရှင်ဆိုတာ ကျုပ်တို့ရဲ့ ခမည်းတော်၊ ကောင်းကင်ဘုံမှာစံနေတဲ့ ကျုပ်တို့ရဲ့ ဘုရားပဲ။
ခင်ဗျားတို့မှာ သံသယရှိတယ်ဆိုတာ ကျုပ်သိပါတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့မှာ ၀ိညာဉ်နဲ့ လွတ်လပ်စွာတွေးခေါ်တတ်တဲ့စိတ်ရှိလို့ပဲ။ အဖြေက ရှင်းရှင်းရိုးရိုးလေးပါ။ ယုံကြည်မှုရှိပါ။ ခင်ဗျားတို့မှာလိုအပ်နေတာ အဲဒါပါပဲ။ ယုံကြည်မှုသာထားလိုက်´
‘သက်သေပြချက်မရှိဘဲနဲ့ ကျုပ်တို့ ဘယ်လိုလုပ်ယုံကြည်ရမှာလဲ´
‘ဘုရားကိုယ်တော်မြတ်တည်ရှိနေတဲ့အကြောင်း ဒီကမ္ဘာကိုယ်တိုင်ကသက်သေပြနေတာ ခင်ဗျားတို့ မမြင်ကြဘူးလား။ ဒါဖြင့်ကျုပ်ပြောမယ်၊ ယုံကြည်မှုသာရှိတယ်ဆိုရင် ယုံကြည်ဖို့အတွက် ဘယ်လိုသက်သေပြချက်မှ မလိုဘူး´
ဘုရားကျောင်းအတွင်းတွင် ဂြိုဟ်သားအချင်းချင်းစကားပြောသံများ ပွက်လောရိုက်သွား၏။ ခေတ္တအကြာတွင် အစ်တင်၏အသံ ထွက်ပေါ်လာသည်။
‘ကုန်သည် ဂျွန်ဂါ့(သ်) ပြောပါ´
‘ကျွန်တော်ပြောနိုင်တာက သိပံနည်းကျနည်းလမ်းသုံးပြီး အရာရာကို လေ့လာဆန်းစစ်ဖို့ပါပဲ။ အဲဒီလိုစစ်ဆေးရင် အမှားအမှန်ကို သက်သေပြနိုင်ပါလိမ့်မယ်´
‘အဲဒါ ကျုပ်တို့လုပ်သင့်တဲ့ကိစ္စပဲ´ အစ်တင်ပြောသည်။ ‘ကျုပ်တို့ တူညီတဲ့ကောက်ချက် ဆိုက်ရောက်ခဲ့ကြပြီ။ ‘အစ်တင်က သူနှင့်ပါလာသော စာအုပ်ထူကြီးထဲမှ တစ်နေရာကိုလှန်ပြီး ဘေးမှစောင့်ကြည့်နေသူများကို ပြသည်။ အားလုံး ခေါင်းညိတ်ကြ၏။ ‘ဖာသာမာ့(ခ်) ခိုင်းစေတဲ့အတိုင်း ကျုပ်တို့အားလုံး သမ္မာကျမ်းစာကို ကျက်မှတ်လေ့လာပြီးကြပါပြီ။ ဒါကြောင့် အဖြေကို ရှာဖွေတွေ့ရှိပါတယ်။ ထာဝရဘုရားဟာ ကျုပ်တို့ကိုစောင့်ကြည့်နေတယ်ဆိုတာ သက်သေပြဖို့အတွက် အရှင်ကိုယ်တော်တိုင် ကျုပ်တို့ကို တန်ခိုးပြာဋိဟာ ပြသပါလိမ့်မယ်။ အဲဒီနိမိတ်လက္ခဏာကိုထောက်ရှုခြင်းအားဖြင့် ကျုပ်တို့ဟာ သူရှိကြောင်းသိမြင်ပြီး သူခေါ်ရာ လိုက်ကြပါမယ်´
‘အဲဒါ တလွဲမာနရဲ့မကောင်းမှုပဲ´ ဖာသာမာ့(ခ်) ၀င်ရောက်ပြောဆိုသည်။ ‘သူတည်ရှိနေကြောင်းသက်သေပြဖို့အတွက် ထာဝရဘုရားဟာ ဘယ်လိုတန်ခိုးပြာဋိဟာမှ ပြစရာမလိုဘူး´
‘ကျုပ်တို့အတွက်တော့ လိုအပ်တယ်´ အစ်တင်အော်ပြောလိုက်သည်။ တကယ်ကိုလိုအပ်နေကြောင်း သူ့အသံတွင် ပေါ်လွင်နေပါ၏။ ‘ဟောဒီစာအုပ်ထဲမှာ အလွန်သေးငယ်တဲ့အကြောင်းပြချက်တွေအတွက်တောင် အသေးစားတန်ခိုးပြတာ အများကြီး ကျုပ်တို့ဖတ်ရတယ်။ အခုလိုကိစ္စရပ်အတွက် ဘယ်လိုတန်ခိုးပြသတာဟာ အကောင်းဆုံးလဲဆိုတာ ကျုပ်တို့ဆွေးနွေးပြီးပါပြီ´
အိပ်ချင်မူးတူးဖြစ်နေသော ဂျွန်ဂါ့(သ်) ချက်ချင်း မျက်လုံးကျယ်ပြီး နိုးနိုးကြားကြားဖြစ်သွားသည်။ အစ်တင်ကိုင်၍ဖွင့်ထားသော စာမျက်နှာမှ သရုပ်ဖော်ပုံကို မြင်လိုက်ရ၍ဖြစ်သည်။ ဂျွန်ဂါ့(သ်) ပျင်းရိပျင်းတွဲပုံစံဖြင့် ထရပ်သည်။ ခါးလှည့်၍ အညောင်းဆန့်သလိုလုပ်ရင်း ဖာသာမာ့(ခ်)ကို တိုးတိုးပြောသည်။
‘ပြေးတော့။ ပြတင်းပေါက်ကခုန်ဆင်းပြီး အာကာသယာဉ်ကိုရောက်အောင်ပြေး။ သူတို့ကိုကျွန်တော် ကြိုးစားတားထားမယ်။ ကျွန်တော့်ကိုထိခိုက်အောင်တော့ လုပ်မယ် မထင်ပါဘူး´
‘ဘာဖြစ်လို့ပြေးရမှာလဲ´ ဖာသာမာ့(ခ်) နားမလည်စွာမေးသည်။
‘သိပ်အူမနေနဲ့´ ဂျွန်ဂါ့(သ်) ငေါက်သည်။
‘ဘယ်လိုတန်ခိုးပြမှာကို မျှော်လင့်နေတယ်ဆိုတာ ခင်ဗျားမသိဘူးလား´
ဖာသာမာ့(ခ်)ကိုလှမ်းဆွဲပြီးထွက်ပြေးရန် ဂျွန်ဂါ့(သ်) ကြိုးစားလိုက်သော်လည်း အလွန်နောက်ကျသွားခဲ့၏။ ဂြိုဟ်သားများက ရှေ့သို့ တစ်ဟုန်ထိုးခုန်ဝင်လာကြပြီး လူချင်းခွဲပစ်လိုက်၏။ ၀ိုင်းဆွဲထားသော ဂြိုဟ်သားများလက်မှလွတ်မြောက်ရန် ဂျွန်ဂ့ါ(သ်) အပြင်းအထန်ရုန်းကန်သည်။ တွန်းသည်၊ ထုသည်၊ ရိုက်သည်၊ ကန်သည်၊ ကိုင်ပေါက်သည်။ ဂြိုဟ်သားတစ်ယောက်စီ၏ အရွယ်အစားမှာ ဂျွန်ဂါ့(သ်)ကိုယ်ခနာ၏ ထက်ဝက်ခန့်သာရှိပါသည်။ သို့သော် သူတို့အရေအတွက်က များလွန်း၏။ ဂျွန်ဂ့ါ(သ်)ကို ၀ိုင်းဆွဲကြ၏။ တွန်းလှဲကြ၏။ ခေါင်းကို အဆက်မပြတ်ထုကြ၏။ နောက်ဆုံး ဂျွန်ဂ့ါ(သ်) တစ်ကိုယ်လုံးကို ကြိုးဖြင့်တင်းကျပ်စွာတုပ်နှောင်ပြီး ဘုရားကျောင်းအပြင်ဘက်ရှိ မိုးရွာထဲသို့ တရွတ်တိုက်ဆွဲခေါ်ကာ ပစ်ထားကြသည်။
လက်မှုပညာထူးချွန်လှသော ဂြိုဟ်သားများသည် ဖာသာမာ့(ခ်)စာအုပ်ထဲမှ ရုပ်ပုံအတိုင်း လက်ဝါးကပ်တိုင်ကြီးတစ်ခုကို အသေးစိတ်တူညီအောင်ပြုလုပ်ထားကြပြီး ဘုရားကျောင်းအနီးရှိ ကုန်းမြင့်လေးထိပ်တွင် စိုက်ထူလိုက်ကြ၏။ လက်ဝါးကပ်တိုင်ခြေရင်းတွင် တူတစ်လက်နှင့် ချွန်မြိနေသောထိပ်များပါသည့် သံချွန်များချထားကြ၏။ ဖာသာမာ့(ခ်)ကိုလည်း ဂရုတစိုက်ဖြင့် တိရိစာန်သားရေဖြင့်ပြုလုပ်ထားသော နံငယ်ပိုင်းလေးသာ ၀တ်ဆင်ပေးထားပြီး ဘုရားကျောင်းထဲမှ ချုပ်နှောင်ဆွဲထုတ်လာကြ၏။
လက်ဝါးကပ်တိုင်ကြီးကိုမြင်တွေ့လိုက်သော ဖာသာမာ့(ခ်)ခမျာ ပျော့ခွေ၍ မေ့မျောလုမတက်ဖြစ်သွားရှာသည်။ သို့တစေ သူအစဉ်နေထိုင်လာသကဲ့သို့ ယုံကြည်မှုကို ရင်ဝယ်ပိုက်ပြီး အသေခံသွားမည်ဟု ဆုံးဖြတ်လိုက်ဟန်ဖြင့် ခေါင်းကို မတ်မတ်ပြန်ထောင်လိုက်ပါသည်။
ကားစင်တင်ခြင်းကို ကိုယ်တိုင်ခံစားရသူမှာ မည်သို့နေမည်မသိ။ အနီးကပ်မြင်ရသော ဂျွန်ဂ့ါ(သ်)မှာ ကြီးစွာသော စိတ်ဆင်းရဲပင်ပမ်းမှုကို ခံစားရလေသည်။ အုံ့ဆိုင်းမှုံမှိုင်းနေသော ကောင်းကင်မှ အဆက်မပြတ်ကျဆင်းနေသည့်မိုးပေါက်များ၊ ကားစင်တွင်ချိတ်ဆွဲထားသော အ၀တ်ဗလာနီးပါး လူသားတစ်ဦး၊ ထိုလူသား၏ကိုယ်ခနာထဲသို့ ချွန်မြနေသောသံချောင်းများ ရိုက်သွင်းနေပုံ၊ တည်ငြိမ်မှန်ကန်စွာလှုပ်ရှားနေသောတူ၊ ထိုမြင်ကွင်းများအပြင် အသံ၊ လူ့အသားကို သံချွန်ဖောက်ဝင်သည့်အသံ။ ထို့နောက် စူးရှနက်ကျောသော အော်သံ။
လူနည်းနည်းသာ သာသနာ့အာဇာနည်အဖြစ် မွေးဖွားလာကြသည်။ ထိုအနည်းစုထဲတွင် ဖာသာမာ့(ခ်) မပါဝင်။ လက်ဖ၀ါးကို သံချွန်ဖောက်ဝင်သည်နှင့် အကျယ်လောင်ဆုံးအသံဖြင့် အော်သည်။ သဘာဝတရားကြီး၏ သနားညှာတာမှု၊ အလိုက်သိတတ်မှုတို့ကြောင့် ဖာသာမာ့(ခ်) မေ့မျောသွားသည်။ တစ်ချက်ပြီးတစ်ချက် ဆက်လက်ရိုက်ချက်များကို ဖာသာမာ့(ခ်) မသိတော့။
ခေါင်းကို အထုနှက်ခံရခြင်း၊ အဆက်မပြတ်ကြားနေရသော အော်ဟစ်သံ၊ သွေးပျက်ဖွယ်မြင်ကွင်းတို့ ပေါင်းစုလိုက်သောအခါ ဂျွန်ဂါ့(သ်)လည်း မေ့မျောသွားခဲ့ပါသည်။ သူသတိပြန်ရလာတော့ တဲထဲရောက်နေပြီး ကြိုးဖြင့်ချည်နှောင်ထားခြင်းလည်း မရှိတော့။ အနီးတွင် အစ်တင်ရပ်နေသည်။
‘သတိရလာပြီလား´ ဂျွန်ဂါ့(သ်) မျက်လုံးပွင့်သည်ကိုမြင်လိုက်၍ အစ်တင်မေးခြင်းဖြစ်သည်။ ‘ဘုရားကျောင်းထဲမှာ ကျုပ်တို့ဂြိုဟ်သားတွေ အကြီးအကျယ် ဆွေးနွေးငြင်းခုန်နေကြတယ်။ ခင်ဗျားထုရိုက်တဲ့ဒဏ်ကြောင့် တစ်ယောက်သေပြီး နှစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။
‘အဲဒီတော့´ ‘ဖာသာမာ့(ခ်)စာအုပ်ကြီးတွေက သိပ်အံ့သြစရာကောင်းတယ်ဗျ။ ကျုပ်တို့ မတွေးမိတာတွေ အများကြီးပါတယ်´ အစ်တင်က သူပြောလိုရာဆက်ပြောနေသည်။ ‘အဲဒီအထဲမှာ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတာလည်းပါတယ်´
‘ကျွန်တော်နားလည်ပါပြီ´ ဂျွန်ဂါ့(သ်) တိုးတိတ်စွာပြောသည်။ ‘သေသွားတဲ့ဂြိုဟ်သား အသက်အတွက် ကျွန်တော့်အသက်ပြန်ယူမယ်ပေါ့´
‘မျိုးနွယ်တူတစ်ယောက်ကို ကယ်တင်ဖို့ကြိုးစားရင်း လွှဲရှောင်မရတဲ့ထိခိုက်မှုဖြစ်ပွားတယ်လို့ ကျုပ်ကောက်ချက်ချတယ်´ ဂြိုဟ်သားက တရားသူကြီးလေသံဖြင့်ပြောသည်။ ‘ဒီတော့ ဘယ်သူမှမလာခင် ဒီဂြိုဟ်ကအမြန်ထွက်ခွာဖို့ အကြံပြုချင်တယ်´
‘ဟုတ်ကဲ့´ ဂျွန်ဂါ့(သ်) ထရပ်လိုက်သည်။
‘ဒါနဲ့ ဖာသာမာ့(ခ်)ကို မြှုပ်နှံလိုက်ကြပြီလား´
‘မြှုပ်နှံလိုက်ပြီ။ သူပြန်လည်ရှင်သန်ထမြောက်လာလိမ့်မယ်။ စာအုပ်ထဲမှာ ဒီအတိုင်းရေးထားတော့ အဲဒီလိုဖြစ်လာရင် ဖာသာမာ့(ခ်) သိပ်ပျော်လိမ့်မယ်´
တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသော ဂျွန်ဂါ့(သ်) တံခါးပေါက်အနီးသို့ ယိုင်တိုင်တိုင်လျှောက်သွားပြီး နံရံကိုမှီ၍ ရပ်လိုက်သည်။
‘ကျုပ်တို့လုပ်ရပ် မှန်ကန်ပါတယ်နော် ဂျွန်ဂါ့(သ်) ´
ဂျွန်ဂါ့(သ်)ထံမှ အဖြေမရ၍ အစ်တင်ထပ်မေးသည်။ ‘သူပြန်လည်ရှင်သန်ထမြောက်လာမှာပါ။ ဟုတ်တယ်နော် ဂျွန်ဂါ့(သ်) ´
‘မဟုတ်ဘူး´ ဂျွန်ဂါ့(သ်)ဖြေသည်။ ‘ခင်ဗျားတို့မြှုပ်နှံထားတဲ့နေရာမှာပဲ နေလိမ့်မယ်။ ဘာမှ ထူးထူးခြားခြားဖြစ်လာမှာမဟုတ်ဘူး။ သူသေသွားပြီ။ သေတဲ့အတိုင်းရှိနေမှာပဲ´
အစ်တင် ပါးစပ်အကြီးအကျယ်ဟသွားသည်။
‘ဒါဖြင့် ကျုပ်တို့ ကယ်တင်ခြင်းမခံရတော့ဘူးပေါ့။ ကျုပ်တို့ မသန့်စင်တော့ဘူးပေါ့´ အစ်တင် တဲအပြင်သို့ထွက်ရင်းပြောသည်။
‘ခင်ဗျားတို့ သန့်စင်ခဲ့ကြပါတယ်´ ရယ်လိုစိတ်နှင့်ငိုလိုစိတ်ပေါင်းစပ်နေသောအသံဖြင့် ဂျွန်ဂါ့(သ်) ပြန်ဖြေပါ၏။ ‘ထိတ်လန့်စရာကောင်းအောင် ညစ်ပေအကျည်းတန်တဲ့အဖြစ်ကတော့ အဲဒါပဲ။ အရင်က ခင်ဗျားတို့ သန့်စင်ခဲ့ကြတယ်။ အခုတော့ ခင်ဗျားတို့ဟာ…´
‘လူသတ်သမားတွေ ဖြစ်ကုန်ကြပြီ´ ကိုယ်ပေါ်မှလျှောကျသွားသော မိုးရေစက်လေးများ စုပေါင်းပြီး ရေစီးကြောင်းလေးဖြစ်ကာ အမှောင်ထုထဲ စီးဝင်သွားသည်ကို ငေးကြည့်ရင်း အစ်တင်ပြောလိုက်သည်။

ဌေးဦးကျော်
Alien Agony By Harry Harrison ကို ဆီလျော်အောင် ပြန်ဆိုသည်။

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ