Skip to main content

စပါးနှံများ ကိုင်းညွတ်ရခြင်းအကြောင်းရင်း

ဆရာမြသန်းတင့် ဘာသာပြန်သည့် လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ ၀တ္ထုအား ဖတ်ခဲ့ရစဉ်က မူရင်းဇာတ်လမ်းသွားနှင့် သိပ်မဆိုင်လှသော အကြောင်းအရာလေးတစ်ခုကို ထူးထူးခြားခြား မှတ်မိနေခဲ့သည်။ ဟားဗတ်တက္ကသိုလ် ကျောင်းတော်သားတို့၏ အမျိုးမျိုးအထွေထွေသော စရိုက်များကို စိတ်ဝင်စားဖွယ်ရာ ဖွဲ့ဆိုထားသော ဇာတ်ကွက်အများအပြား ခမ်းခမ်းနားနားပါဝင်သည့် ၀တ္ထုကြီးတွင် အမြှောင်သဘောမျိုးလောက် ကပ်ပါနေသည့် အသေးအမွှား သဘောတရားလေးတစ်ခုကို ကွက်ပြီး သတိပြုမိခဲ့ပါသည်။

လူ့အပြုအမူ၊ စိတ်သဘာဝတို့နှင့် သက်ဆိုင်သည့် အချက်ဖြစ်ပါသည်။ ဟားဗတ်တက္ကသိုလ် ကျောင်းတော်သားလောကတွင် မြောက်ကြွမြောက်ကြွနှင့် ခပ်ထောင်ထောင်စရိုက်ရှိသော ကျောင်းသားများအား `သိမ်ငယ်စိတ်ဝင်နေသည်´ ဟု အများက မှတ်ချက်ပြုကြပြီး၊ မိမိကိုယ်ကိုယ် နှိမ့်ချတတ်သည့် မြွေစွယ်ကျိုး စရိုက်ပိုင်ရှင်များကိုမူ `ယုံကြည်မှုလွန်ကဲသည်´ ဟု သမုတ်တတ်ကြခြင်း ဖြစ်ပါသည်။ ရုတ်တရက်ကြည့်သော် ပြောင်းပြန်ဖြစ်နေသည်ဟု ထင်မြင်စရာရှိသော်လည်း အနည်းငယ်မျှ စေ့စေ့တွေးကြည့်ရုံဖြင့် အဖြေပေါ်နိုင်ပါသည်။ စင်စစ် ထောင်လွှားမောက်မာမှုသည် မိမိ၏ စိတ်တွင်း သိမ်ငယ်စိတ်အား ဖာထေးရန်ကြိုးစားသည့် အပြုအမူတစ်ရပ်သာ ဖြစ်နေနိုင်သည်။ ထို့အတူ ပြောင်းပြန်အားဖြင့် မိမိကိုယ်ကိုယ် နှိမ့်ချကာ ခပ်လျှိုလျှို နေတတ်ခြင်းသည်လည်း ခပ်နက်နက်တူးဆွကြည့်လျှင် တစ်ပါးသူတို့၏ အထင်အမြင်များကို သိပ်မမှုတတ်သည့် အရည်ထူခြင်းတစ်မျိုး၊ တစ်နည်း ယုံကြည်မှုလွန်ကဲခြင်းဟု ယူဆစရာ ရှိနေပါသည်။ ဤအမြင်သည် စိတ်ဝင်စားဖွယ် ကောင်းသည်။

သိမ်ငယ်စိတ်ဝင်နေသူများ အများအပြား ရှိနေမည်သာဖြစ်သော်လည်း အဆိုပါအသုံးအနှုန်းကို မြန်မာ့လူမှု အသိုင်းအ၀ိုင်းတွင် ကြားရခဲသည်။ ခပ်ထောင်ထောင်လုပ်တတ်သူများကို ပုံမှန်အားဖြင့် မာန်တက်နေသူ၊ စိတ်ကြီးဝင်နေသူ စသည်ဖြင့်သာ ခပ်စင်းစင်း သတ်မှတ်လေ့ရှိကြသည်။ မိမိတွင် မရှိသည့် အရည်အသွေးတစ်ခုအား ဖာထေးရန်ကြိုးစားသော အပြုအမူနှင့် မိမိတွင် ရှိသည့် အားနည်းချက်တစ်ခုအား ဖုံးကွယ်ရန် ကြိုးစားသော အပြုအမူများအတွက် စေ့ဆော်မှုတစ်ခုသည် လူတို့၏စိတ်တွင် မသိမသာ ခိုအောင်းနေတတ်သည်။ ထောင်လွှားခြင်းဟူသော အပြုအမူအတွက် စိတ်တွင်း စေ့ဆော်မှုသည် စိတ်ကြီးဝင်ခြင်းတွင် အရင်းခံသည်ဟု ကောက်ချက်ဆွဲရန်ထက် မိမိ၏ သိမ်ငယ်စိတ်အား ကာကွယ်သော အပြုအမူတစ်ရပ်ဟု ယူဆကြည့်လျှင် ပိုမို ပညာသားပါပြီး ကျိုးကြောင်းဆီလျော်မှုလည်းရှိမည် ထင်သည်။ အများအမြင်တွင် မြောက်ကြွမြောက်ကြွ ပြုမူနေထိုင်လေ့ရှိသူများသည် ၎င်းတို့ကိုယ်တိုင်ပင် သတိထားမိကောင်းမှ ထားမိမည့် ပုဂ္ဂိုလ်ရေး အားနည်းချက်များ၊ သိမ်ငယ်စိတ်များ ရှိနေတတ်ပါသည်။
၎င်းနှင့် ဆန့်ကျင်ဘက်အားဖြင့် မိမိကိုယ်ကိုယ် နှိမ့်ချတတ်သူများအား ယုံကြည်မှုလွန်ကဲသူများဟု သမုတ်ရန်မှာ ပိုမိုသိမ်မွေ့ပြီး အန္တရာယ်လည်း မကင်းသည့် ကိစ္စဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ်နှိမ့်ချခြင်းအား ဘာသာရေးအဆုံးအမအရ မင်္ဂလာတစ်ပါး (နိဝါတ) ဟု အခိုင်အမာ ယူဆပြီးဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ အဆိုပါ အန္တရာယ်အား ရှောင်ကွင်းနိုင်ရန် ဤနေရာတွင် အပြုအမူတစ်ရပ်အပေါ် အကောင်းအဆိုး ဆုံးဖြတ်ချက်ပေးရန် လုံးဝမရည်ရွယ်ဘဲ သဘောတရားသက်သက်ကိုသာ ဦးတည်ဆွေးနွေးပါမည်။ မိမိကိုယ်ကိုယ် နှိမ့်ချခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်ဟူသော အများလက်ခံ အမှန်တရားအပေါ် အခြေခံကာ မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်းဖြင့် မင်္ဂလာယူတတ်သော အလေ့သည် နက်ရှိုင်းစွာ အမြစ်တွယ်နေဟန် ရှိသည်။ ကိုယ်တိုင် မယုံကြည်သည့် မိမိ၏ အကြောင်းအား တစ်ဖက်သားအား ပြောဆိုရာတွင် အမှန်တကယ်ရှိသည်ထက် လျှော့ပြောခဲ့လျှင် မြင့်မြတ်သွားသယောင်၊ ပညာရှိသယောင် ခံစားချက်မျိုး ပေါ်ပေါက်တတ်သည်။ အမှားတစ်ခုအား ပြောဆိုလိုက်ခြင်းအတွက် အပြစ်မကင်းသည့် ခံစားချက် စိုးစဉ်းမျှ မခံစားရဘဲ ဂုဏ်ယူစွာ အပြိုင်အဆိုင် မိမိကိုယ်ကိုယ် နှိမ့်ချခြင်းများ တွေ့မြင်နိုင်သည်။ ဤသို့ မင်္ဂလာယူချင်သည့် သဘောထားမျိုး၊ သို့မဟုတ် ကောင်းမွန်သည့် အပြုအမူတစ်ရပ်ဟု နက်ရှိုင်းစွာ လက်ခံထား၍ အလေ့အကျင့်တစ်ခု ဖြစ်နေသည့် သဘောမျိုးတို့ မဟုတ်ဘဲ `ရိုးသားစွာ´ မိမိကိုယ်ကိုယ် နှိမ့်ချတတ်သူများကို ယုံကြည်မှုလွန်ကဲသည်ဟု သတ်မှတ်ရန်မှာ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးခြင်း မရှိပါ။ သူတစ်ပါး၏ အထင်ကြီးလေးစားမှုကို မလိုအပ်သော၊ သို့မဟုတ် တရေးတယူမရှိလှသော စိတ်သဘောထားပိုင်ရှင်မှာ သဘောဝအားဖြင့် မိမိကိုယ်ကိုယ် အတော်အတန် ထင်တစ်လုံးရောက်နေမှသာ ဖြစ်နိုင်ပေမည်။
လမ်းမပေါ်တွင် ရင်ကော့ခေါင်းမော့ပြီး လမ်းလျှောက်သွားသည့် ကောင်လေးတစ်ယောက်အား မာန်တက်နေသည်ဟု ခပ်တိမ်တိမ် မှတ်ချက်ပြုရန်ထက် သူ အရပ်ပုသည်ကို ဖာထေးရန် ကြိုးစားခြင်းဖြစ်ကြောင်း နားလည်ပေးခြင်းသည် ပိုမိုဆီလျော်ပါမည်။ ကိုင်းညွတ်နေသော စပါးနှံများအား အဆံအောင်မည်ဟု တစ်ထစ်ချ ယူဆနိုင်ကောင်းသော်လည်း လူသားတစ်ဦးနှင့် စပါးပင်တစ်ပင် အလွန်ခြားနားပါသည်။ သိမ်ငယ်စိတ်ဝင်နေသူလား၊ ယုံကြည်မှုလွန်ကဲနေသူလား မိမိကိုယ်ကိုယ် ယတိပြတ် ဝေဖန်ဆန်းစစ်ခြင်း မပြုကြပါနှင့်။ ကျွန်တော်တို့သည် အချို့သော အရာများအတွက် သိမ်ငယ်နေကြပြီး အချို့တွင် ထင်တစ်လုံးရောက်နေတတ်ကြခြင်းဖြင့် အဖြူအမဲ ခွဲခြားသတ်မှတ်ရန် ခက်ခဲသော ရောင်စုံလူသားများသာ ဖြစ်ပါသည်။ 

◄ တေဇာ ►

Comments

  1. အရမ်းစိတ်ဝင်စားစရာကောင်းတယ်။
    တခါတခါ ပညာရပ်ဆိုင်ရာတွေ ပါလာရင်တော့ နည်းနည်းပျင်းမိတယ်။ ဒီတစ်ခုကိုတော့ အစအဆုံး နားလည်တယ်။

    ReplyDelete
  2. လွမ်းမောဖွယ်နွေညများကို မကြာခနဖတ်မိတယ်
    ဒါပေမဲ့ကိုတေဇာလိုတော့ မတွေးခဲ့မိတာအမှန်ပါ...
    နိမ့်ချတတ်သူတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲသူတွေဖြစ်နိုင်သလို တကယ်လဲကိုယ့်ကိုယ်ကို နိမ့်ချသူတွေလဲ ဖြစ်နိုင်တာပါဘဲ...
    ဒါကတော့ ဖြန့်ကျက်တွေးရင်တွေးသလို ကျယ်ပြန့်လာနိုင်ပါတယ်..
    ဘာဘဲဖြစ်ဖြစ် အတွေးကောင်းလေးတွေ တွေးတတ်သူမို့ လေးစားမိပါတယ်..

    ReplyDelete
  3. ဆရာမြသန်းတင့် ဘာသာပြန်၊ “လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ” ၀တ္ထုရဲ့ အစပိုင်း သုံးပုံတစ်ပုံအတွင်း ပါလိမ့်မယ်လို့ မှန်းမိတယ် အစ်မ။ ၀တ္ထုကို လက်ထဲမှာ မရှိလို့ စာမျက်နှာနံပါတ် အတိအကျ မညွှန်းနိုင်ပါဘူး။ အဲဒီမှာ ပါတာက အကြမ်းဖျင်းအားဖြင့် “ထောင်လွှားကြွားဝါတတ်တဲ့ ကျောင်းသားကို သိမ်ငယ်စိတ်ဝင်နေတယ်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြနေတဲ့ ကျောင်းသားတွေကို ယုံကြည်မှုလွန်ကဲနေတယ်လို့ အခြားကျောင်းတွေက မှတ်ချက်ပြုလေ့ရှိတယ်” ဆိုတဲ့သဘောပဲ။ အခု ကျွန်တော်ရေးထားသလို အကြောင်းအရာတစ်ရပ်အနေနဲ့ ပါတာမျိုးမဟုတ်ဘဲ ၀ါကျ နှစ်ကြောင်း သုံးကြောင်းလောက်ပဲ တို့ရုံလေး တို့ထားတဲ့ အချက်ကလေး ဖြစ်ပါတယ်။ ကျွန်တော်မှတ်မိသလောက် နှစ်နေရာ သုံးနေရာလောက်မှာ တို့တိလေး ပါတယ်။

    အမှန်တော့ အခု ကျွန်တော်ရေးထားတာလည်း ကျဉ်းလွန်းပါသေးတယ်။ အကြောင်းအရာက ထောင့်ပေါင်းစုံက တွေးနိုင်၊ ရေးနိုင်အောင် လှသလို ကျယ်လည်းကျယ်တယ်လို့ ထင်မိတယ်။

    ReplyDelete
  4. အဲ့ဒီစာအုပ်ကို ဖတ်မိတိုင်းကျနော် နောင်တရမိတယ်

    အင်ဒရူးအဲလီယော့လို့ နေ့စဉ်မှတ်တမ်းမရေးခဲ့မိတဲ့ အတွက်ကိုပါ

    ဒီအကြောင်းအရာနဲ့ခပ်ဆင်ဆင်ကို ဆရာအောင်သင်းရေးဖူးတဲ့ စာလည်း သတိရသွားမိတယ်...

    ReplyDelete
  5. မချော (အစိမ်းရောင်လွင်ပြင်)

    ကျွန်တော်က အစ်မရေးထားတဲ့ “ကိုတေဇာလိုတော့ မတွေးခဲ့မိတာ အမှန်ပါ” ဆိုတာကို “ကိုတေဇာလိုတော့ မတွေ့ခဲ့မိတာ အမှန်ပါ” လို့ မှားဖတ်လိုက်မိလို့ နေရာအတိအကျ မညွှန်းနိုင်တဲ့အကြောင်း ပြန်ပြောမိတာ။ ဆောရီးဗျားးးး)

    ReplyDelete
  6. တေဇာတွေးသလိုအတွေးမျိုးတွေကိုကြိုက်တယ် တာရာမင်းဝေကပြောတယ် ပြိုင်ပွဲတစ်ခုမှာအနိုင် နဲ့အရုံးတင်မဟုတ်ဘူး သရေ လည်းရှိတယ်တဲ့ အဲလိုမျိုးပဲတတိယအတွေးလို့ပဲပြောမလား အဲလိုမျိုးတွေးပြီးဖတ်ရတာကိုကြိုက်တယ်

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ