Skip to main content

အစိမ်းရောင်


ကျွန်တော်က အစိမ်းရောင်ကို ကြိုက်သည်။ သို့သော် အစိမ်းသည် အစိမ်းဖြစ်သလို အကြိုက်သည် အကြိုက်သာ ဖြစ်ပါသည်။ ဘာမျှ ထွေထွေထူးထူး မဟုတ်ပါ။ အစိမ်းရောင်ကို မကြိုက်မိလျှင်လည်း တခြား တစ်ရောင်ရောင်ကို ကျွန်တော် ကြိုက်နေမိမည်သာ ဖြစ်ပါသည်။ သဘာဝတရားကြီး၏ အရောင်ဖြစ်လို့၊ အသက်ဓာတ်ဖြစ်လို့၊ မျက်စိအေးလို့ စိမ်းကားခြင်းကို သဘောကျလို့ စသည်ဖြင့် အကြောင်းပြချက်များ ကျွန်တော့်တွင် မရှိပါ။ အစိမ်းရောင်၏ ဂုဏ်ရည်တစ်ရပ်ရပ် အပေါ်တွင် သာယာမိ၍ ကြိုက်လိုက်ခြင်း မျိုးမဟုတ်ဘဲ အစိမ်းအပေါ် အာရုံခံမိသည့် ပုံရိပ်ကိုသာ အစဦးဆုံး ဖမ်းဆုပ်ရယူ နှစ်သက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အစိမ်း၏ဂုဏ်ရည်ကို အဓိပ္ပာယ်အနည်းငယ် ဖွင့်ဆိုလာနိုင်ချိန်တွင် ထိုဂုဏ်ရည်များကိုပါ တစ်ပါတည်း ကျွန်တော် နှစ်သက်လာခဲ့ခြင်း၊ သို့မဟုတ် နှစ်သက် သယောင်ယောင် အထင်မှားလာခြင်း ဖြစ်ပေလိမ့်မည်။ ဤသို့ အစိမ်းကို ကျွန်တော်ကြိုက်ခဲ့ပါသည်။

ဤသို့လျှင် အကြောင်းပြချက်မရှိဘဲ ဗီဇစိတ်ဖြင့် အစိမ်းကို ကျွန်တော်နှစ်သက်ခဲ့သည်။ အနည်းငယ် ရယ်စရာ ကောင်းပြီး၊ ကလေးဆန်ဆန် အချက်တစ်ခုက အစိမ်းရောင်ကြိုက်ခြင်းကို ကျွန်တော် ဂုဏ်ယူတတ်ခြင်းပင် ဖြစ်ပါသည်။ မိမိအစိမ်းရောင်နှစ်သက် သည့်အကြောင်းကို ပြောပြရန် ဘယ်တုန်းကမှ မတွန့်ဆုတ်ခဲ့သလို ဤသို့ပြောရခြင်းကိုလည်း ကျေနပ်ပျော်ရွှင် မိပါသည်။ အကြိုက်ချင်းတူသည့် လူတစ်ယောက်နှင့် မတော်တဆ တွေ့လျှင်လည်း နိုင်ငံရေးခံယူချက်ချင်းတူသည့်နှယ်ပင် ခံစားမိတတ်သည်။ ထူးတော့ထူးဆန်းသည်။ အစိမ်းချစ်သူများ အသင်းဟူ၍တော့ ယနေ့ထိ မတွေ့မိသေးပါ။ ကျွန်တော့်အတွေ့အကြုံအရ အစိမ်းရောင်ကို အခြားအရောင်များထက်ပို၍ သိသိသာသာလွန်ကဲအောင် နှစ်သက်သူများ အတော်ရှားပါသည်။ ဘာပဲဖြစ်ဖြစ် အခုကျွန်တော်ပြောသည့်အရာများသည် အခြားလူများနှင့်လည်း မနှီးရိုးစွဲ တူညီပါလိမ့်မည်။ “လူတိုင်းလူတိုင်း မိမိတို့၏ဘ၀တွင် အရောင်တစ်ရောင်ရောင်ကိုတော့ နှစ်သက်လေ့ရှိခဲ့သည် မဟုတ်လား။” ထိုအရောင်အတွက် ဂုဏ်ယူလေ့ရှိတတ်သည့် မဟုတ်လား။

တကယ်တော့ အစိမ်းရောင်အပေါ်တွင် ထားရှိသည့် ကျွန်တော်၏ချစ်ခင်မှုမှာ အမှီအတွယ်မရှိ သီးခြားရပ်တည်နိုင်စွမ်း ရှိပါသည်။ ဆိုလိုသည်က မန်ချက်စတာယူနိုက်တက်အသင်းကို အရူးအမူးအားပေး၍ အနီရောင်ကို နှစ်သက်သူကဲ့သို့မဟုတ်သလို ၀ီစကီကြိုက်သဖြင့် ရွှေအိုရောင်တွင် ယစ်မူးနေသူများနှင့်လည်း မသက်ဆိုင်ပါ။ ထိုသူတို့သည် အခြားသော နှစ်သက်စရာတစ်ခုခုအပေါ်တွင် မှီတည်၍ အရောင်များအပေါ်တွင် ခုတုံးလုပ် ခေါင်းပုံဖြတ်နေကြခြင်းသာ ဖြစ်သည်။ ဂုဏ်ရည်တစ်ခုခု၏ နောက်ကွယ်အမှတ်အသားတစ်ခု အနေဖြင့် လိုက်ပါနှစ်သက်ကြခြင်းသာ ဖြစ်သည်။ အရောင်အပေါ် သစ္စာမရှိသူများသာဖြစ်သည်။ ကျွန်တော့်ဆိုလိုရင်းက ထိုသူတို့ကို အပြစ်တင်လိုခြင်းမဟုတ်ပါ။ အရောင်အား ချစ်ခင်မြတ်နိုးမှုအရာတွင် အုတ်ရောရော ကျောက်ရောရောများနှင့် ကျွန်တော့်အပေါ် တစ်တန်းစားတည်း သတ်မှတ်လိုက်မည် စိုးသောကြောင့်သာ ဖြစ်ပါသည်။ သစ်ခွပန်းအစိမ်းရောင်ကို မြတ်နိုးသူသည် သစ်ခွပန်းအသင်းသို့သာ ၀င်သင့်သည်။ ကျွန်တော့် အစိမ်းချစ်သူအသင်းသို့ ၀င်ခွင့်ရရှိလိမ့်မည်မဟုတ်ပါ။ အစိမ်းချစ်သူများအသင်းတွင် အမာခံငယ်မွေးခြံပေါက် လူစိမ်းများကိုသာ လက်ခံမည်ဖြစ်ပါသည်။ အစိမ်းချစ်သူများအသင်း စိမ်းလန်းစိုပြေဖို့အတွက် လူစိမ်းများများစားစား လိုအပ်လိမ့်မည် မဟုတ်ပါ။

ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော်သည် အစိမ်းရောင်သက်သက်ကိုသာ ချစ်ခင်ခြင်းဖြစ်သည့်အတွက် အစိမ်း၏ ဂုဏ်ရည်များကို ဇာမချဲ့တော့ပါ။ အစိမ်းရောင်နှင့်ပြုလုပ်ထားသည့်၊ သို့မဟုတ် အစိမ်းရောင်ရှိသည့် အရာများ၏ ကောင်းချီးမင်္ဂလာတို့ကို စာဖွဲ့ခြင်းအားဖြင့်လည်း အစိမ်းသက်သက်၏ဂုဏ်ရည်ကို မသေးသိမ်စေလိုပါ။ အကယ်၍ တစ်စုံတစ်ယောက်သည် အစိမ်းချစ်သူများအသင်းဝင်ဖြစ်လိုလျှင် အစိမ်းကိုချစ်တတ်ရန် မကြိုးစားပါနှင့်ဟု အကြံပေးလိုပါသည်။ ကြိုးစားပြီးမှ ချစ်ရသည့်အချစ်သည် အလွန်ဆွေးမြေ့ဖွယ် ကောင်းသလို အောက်တန်းလည်း ကျပါသည်။ ထို့အတူ အစိမ်းချစ်သူများအသင်းဝင်ဖြစ်ရန် ၀င်ကြေးမလိုသလို အကျိုးအမြတ် တစ်စုံတစ်ရာလည်း ရှိလိမ့်မည်မဟုတ်ပါ။ အစိမ်းရောင်ကိုချစ်တတ်ခဲ့ပါလျှင် အစိမ်းရောင်ချစ်သူ ဖြစ်ပါပြီ။ အစိမ်းရောင်ချစ်သူများအချင်းချင်း ရိုင်းပင်းဖို့မလိုအပ်သလို မနာလိုလည်း မဖြစ်ကြပါနှင့်ဟု တိုက်တွန်းပါသည်။ သို့သော် ကျွန်တော့်အနေဖြင့်မူ ဘာသာရေးယုံကြည်ချက်တူသကဲ့သို့ တစ်သွေးတစ်သံ ခံစားမိတတ်ပါသည်။

ကြက်တူရွေး၊ မြွေစိမ်းမီးကျောက်နှင့် ဒေါင်းဖိုတစ်ကောင်၏ အမြီးဖျားတို့ကို ကျွန်တော်သဘောကျခဲ့မိကြောင်း ၀န်ခံပါသည်။ သို့သော် အစိမ်းရောင်ကြောင့်သာ ၎င်းတို့ကို သဘောကျမိခြင်းဖြစ်ပါသည်။ ၎င်းတို့ကြောင့် အစိမ်းရောင်ကို နှစ်သက်မိခြင်းမျိုး မဟုတ်ပါ။ အဆိပ်ပြင်းပြင်း အပူပိုင်းနေ ခူယားစိမ်းတစ်ကောင်၏ ကျောကုန်းပေါ်မှ အဆိပ်ဆူးကို ကျွန်တော်တို့ထိကြည့်မိခဲ့ဖူးသည်။ သစ်ရွက်စိမ်းစိမ်းပေါ်တွင် တရွေ့ရွေ့ တွန်းထိုးရွေ့လျားနေသော ပျော့အိအိဘောက်ဖတ် ၀ဖိုင့်ဖိုင့်လေး တစ်ကောင်ကို အသည်းတယားယား ရင်ဖိုခဲ့ဖူးသည်။ ဘောလုံးပွဲကိုမကြည့်ဘဲ မြက်ခင်းပြင်ကိုသာ စိတ်အားတက်ကြွစွာ အားပေးနေခဲ့ဖူးသည်။ အမေဇုန်တော၏ ရင့်ရင့်သီးသီးအစိမ်းကို စာမျက်နှာပြင်၊ ဖန်သားပြင်များပေါ်မှ စူးစိုက်ကြည့်နေခဲ့ဖူးသည်။ ကျွန်တော့်တွင် ဖက်ဖူးရောင် သားရေနှံကောင်ရုပ်လေးတစ်ရုပ် ရှိခဲ့ဖူးသည်။ ဖန်ဂေါ်လီစိမ်းစိမ်းလေးများကို ကျွန်တော်ရွေးယူလေ့ရှိပြီး ဂေါ်ဇီလာစိမ်းစိမ်းပုံကလေးရေးဆွဲ၍ ကလေးပန်းချီပြိုင်ပွဲတစ်ခုတွင် နှစ်သိမ့်ဆုရခဲ့ဖူး ပါသည်။

တကယ်တော့ ဤသို့ ကျွန်တော်ကစိမ်းစိမ်းကားကား ချစ်နေမိခြင်းကို အစိမ်းရောင်အနေဖြင့် သိလိမ့်မည် မဟုတ်ပါ။ ထို့အတူ ကျွန်တော်ကလည်း ၎င်းသိရန် ရူးရူးမိုက်မိုက် ကြိုးစားလိမ့်မည် မဟုတ်ပါ။ ကျွန်တော်သည် အ၀ါနှင့်အပြာ ရေဆေးပုလင်းများကို အစိမ်းရောင်ရရှိရန်အတွက်သာ ရောစပ်ချယ်သခဲ့သည့် ကလေးငယ်တစ်ဦး ဖြစ်ပါသည်။ ကျွန်တော်ရေးဆွဲသည့် ပန်းသီးများသည် နီရွှမ်းရင့်မှည့်နေခြင်း မရှိခဲ့သလို ကျွန်တော့်နေမင်းကြီးမှာလည်း အနီအောက်ရောင်စဉ်ထိရောက်အောင် ရင့်ကျက်ခြင်းမရှိသည့် စိမ်းဖန့်ဖန့် ရောင်စဉ်တွင်သာ တန့်နေခဲ့ပြီး ကောင်းကင်စိမ်းဖျော့ဖျော့တွင် စိမ်းစိမ်းကြီးသာနေခဲ့ပါသည်။ ဖေဖေ၀ယ်ပေးသည့် ရောင်စုံခဲတံဆယ့်နှစ်ချောင်းတွင် အစိမ်းရောင်သည် အရပ်အပုဆုံးဖြစ်သွားလေ့ရှိခဲ့သည်။ ဤသို့လျှင် ကျွန်တော့်ဘ၀ တစ်လျှောက်တွင် ဆယ့်နှစ်ရာသီ စိမ်းစိုသာယာခဲ့ပါသည်။ ဤသို့လျှင် ကျွန်တော် အစိမ်းရောင်ကို ချစ်ခဲ့ပါသည်။

အစိမ်းရောင်ကတော့ စိမ်းကားဆဲ စိမ်းကားနေမြဲပင်…။ ကျွန်တော့်အနေဖြင့် သူမ အရောင်ပြောင်းလဲလာ စေရန် အလိုမရှိသလို သူမကို ဆက်လက်ချစ်ခင်နေမည်သာ ဖြစ်သည်ကို မေးခွန်းထုတ်ရန်လိုအပ်လိမ့်မည် မဟုတ်ပါ။ သူမသည် အရင်လိုသာ သဘာဝကျကျ စိမ်းကားမြဲ စိမ်းကားနေဆဲပင် ဖြစ်ပါသည်။ သူမကို ကျွန်တော် ချစ်ပါသည်။

◄ တေဇာ ► နိုဝင်ဘာ (၁၄) ၂၀၀၉

Comments

  1. လိုက်တော်မူ သင့်ပါရဲ့....အခွင့်ကို မျှော်....ဟော်ဟော်..........း)
    (ထို့ထက်ပို၍ ပြောရန် မသင့်ပါကြောင်း...)

    ReplyDelete
  2. i love green colour. i like a lot green colour.

    ReplyDelete
  3. အစိမ်း=သူမ
    သူမ=အစိမ်း

    တေဇာကြိုက်တဲ့ အစိမ်းရောင်
    တေဇာကြိုက်တဲ့ သူမ
    သူမကကော အစိမ်းရောင်ကြိုက်ပါရဲ့လား
    ဒါမှမဟုတ် သူမကြိုက်လို့ ဝတ်လေ့ရှိလို့တေဇာက ကြိုက်တာလား
    လား....
    လား....
    လား....

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”