Skip to main content

ချိန်သီးနှင့် မြစ်ဝကျွန်းပေါ်က ငါး (ကဗျာခံစားမှု)

အိပ်ယာကနိုးနိုးချင်း ဘ၀ရဲ့ မလုပ်မဖြစ် အရေးကြီး လုပ်စရာတာဝန်တွေကို တရစပ်တန်းစီပြီး လုပ်ပစ် လိုက်တယ်။ မျက်နှာသစ် သွားတိုက်ရတယ်၊ မျက်စိရှေ့ရောက်နေတဲ့ ထမင်းပန်းကန်ကြီး ကိုလည်း မဖြစ်မနေ စားပစ်ရသေးတယ်။ နစ်ကိုတင်း ဓာတ်နည်းနည်း သွားဝယ်ရတယ်။ ဒါတွေအားလုံး ပြီးတော့လည်း မထိုင်ရသေးဘူး။ ဓာတ်ဗူးထဲ ရေဖြည့်၊ ခလုပ်ကို On ၊ ခွက်နှစ်ခွက်ထဲ သကြားနဲ့ နို့မှုန့်ထည့်၊ ပြီးတော့ လက်ဖက်ရည်ထုတ်လေး စိမ်ပြီး အဖေ့အတွက် တစ်ခွက် ကိုယ့်အတွက်တစ်ခွက်...။ မဖြစ်မနေလုပ်ရမယ့် အလုပ်တွေ အကုန်ပြီးတော့ စိတ်ထဲနည်းနည်း ပေါ့သွားသလိုပဲ။ တစ်နေကုန် အိပ်ထားလို့လည်း တစ်ညလုံးနိုးထဖို့ အဆင်သင့်ဖြစ်နေသလို ခံစားရတယ်။ ဖွင့်ပြီးသား ကွန်ပြူတာရှေ့မှာ အကျအနထိုင်၊ စားပွဲပေါ်တင်ထားတဲ့ စာအုပ်အဖုံးတစ်ခုပေါ်က ဒါဝင်က မျောက်ကလေးပွေ့ချီပြီး ကျွန်တော့်ကို ရီဝေေ၀ကြည့်နေတယ်။ အဲဒီမျောက်ကလေးကလည်း သူကိုယ်တိုင်ရဲ့မျက်နှာနဲ့ပဲ။ ထားပါတော့ ညာဘက်ခြမ်းမှာ လက်ဖက်ရည်ခွက်ရှိတယ်။ နီကိုတင်းနည်းနည်း ပါးစပ်ထဲထည့်လိုက်တယ်။ ကဲ...စမယ်...။

ခက်တာက ဘာကိုစရမှန်းမသိတာပဲ။ တစ်နေ့တစ်နေ့ ကွန်ပြူတာရှေ့မှာသာ ထိုင်နေတယ် ဘာအလုပ်မှရှိတာ မဟုတ်ဘူး။ ကျောင်းသားဘ၀က တစ်ခါမှ မရေးခဲ့တဲ့ အက်ဆေးတွေ အမှတ်ပေးမယ့်သူ မရှိတဲ့အချိန်ကျမှ လျှောက်ရေးကြည့်တယ်။ ကိုယ်ကိုယ်တိုင် နားမလည်နိုင်လောက်အောင် နက်နဲတဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ချရေးကြည့်တယ်။ ဟုတ်သယောင်ယောင်ထင်ရတဲ့ အင်္ဂလိပ်ဆောင်းပါးတွေ ဘာသာပြန်တယ်။ တောင်စဉ်ရေမရ Link တွေ တစ်ခုပြီးတစ်ခု မျောက်လွှဲကျော်လိုခုန်ပြီး ဖတ်ချင်တာလျှောက်ဖတ်တယ်။ ဒါပေမဲ့ အဲဒီလို ရွေးချယ်ပိုင်ခွင့်တွေ များလွန်းတော့ ဘာကိုရွေးရမှန်း မသိတော့ဘူး။ ဘာကိုပဲလုပ်နေလုပ်နေ ပိုက်ဆံမရမှာကတော့ သေချာတယ်။ ဒါကအရေးမကြီးဘူးပဲ ထားပါတော့။ ဘာကြောင့်လုပ်နေရတာလဲဆိုတဲ့ မေးခွန်းက တစ်ခါတစ်ခါ ပေါ်လာတယ်။ ပိုက်ဆံမရလို့ ပညာရလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ အရင်ကထက် နည်းနည်းပို ဘ၀င်မြင့်လာတာကလွဲပြီး ဘာမှ မယ်မယ်ရရမရှိဘူး။ လခစားဝန်ထမ်းဘ၀က အလုပ်လုပ်ရမှာပျင်းလာရင် တန်ရာတန်ကြေး ဆိုတာကို ထည့်စဉ်းစားလို့ရတယ်။ ငါ့ကို ပိုက်ဆံပေးထားတာပဲ၊ ငါက အလုပ်လုပ်ရမယ် ဆိုတဲ့ ယုတ္တိနဲ့ ကိုယ့်ကိုယ်ကိုယ် မောင်းနိုင်တယ်။ ဒါနဲ့ပဲ ၀င်လေ့ဝင်ထသိပ်မရှိတဲ့ Bookmark (၀င်လေ့မရှိခြင်းကို Bookmark ဟုခေါ်ပါသည်) အထဲက မြန်မာကဗျာများဆိုတဲ့ Link ကိုနှိပ်လိုက်မိတယ်။

§ § § § § § § 



လွန်ခဲ့တဲ့လအနည်းငယ်အတွင်းက ဖတ်ခဲ့တဲ့ ဆရာ သစ္စာနီရဲ့ “ချိန်သီး” ဆိုတဲ့ ကြေးစည်ပုံ ကဗျာလေးကို အဦးဆုံး ကလစ်လိုက်မိတယ်။ တကယ်တော့ လှုပ်ရှားနေတဲ့ အနေအထားနဲ့ကြည့်ရင် ချိန်သီးလွှဲ နေတဲ့ ပုံပါ။ စက္ကန့်သံတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေ ရောစွက်နေတယ် ဆိုတဲ့အချက်ကို တိုက်ရိုက်ကျကျ ပြထားတာပဲ။ ဒါပေမဲ့ အဲဒီလို ဒုစရိုက်တွေကို သံဝေဂရခြင်း အကြောင်း အသာထားလို့ ကိုယ်တွေးချင်တဲ့ အရာကိုသာ ဦးနှောက်က ဆက်တွေးနေတယ်။

“ချက်၊ ချက်၊ ချက်....” ဆိုတဲ့ စက္ကန့်သံတိုင်းဟာ အချိန် ဖြစ်တယ်။ အချိန်ဟာ “ဘ၀” ဖြစ်တယ်။ ရာရှင်ရတဲ့အချိန်ခွဲတမ်း ကုန်သွားတဲ့အခိုက်မှာ ဘ၀ဟာ အဆုံးသတ်ရလိမ့်မယ်။ အချိန်ဖြုန်းတာဟာ ဘ၀ကို ဖြုန်းတီးခြင်းသာဖြစ်တယ်။ တကယ်တော့ ဒီလိုမျိုးအချက်အလက်တွေဟာ အချိန်ဆိုတဲ့အရာကို ကျွန်တော်တို့ ရယူပိုင်ဆိုင်ခဲ့တဲ့ အစောပိုင်း ကာလများ (ကလေးဘ၀/လူငယ်ဘ၀) တည်းက မကြားချင်လောက်အောင် နောကျေနေခဲ့ ပြီးသားပါ။ ဒါပေမဲ့ အချက်အလက်တွေဟာ အချက်အလက်တွေသာ ဖြစ်ပါတယ်။ အသိပညာမဟုတ်ပါဘူး။ ဒီထက်ရှုပ်အောင် ထပ်ပြောရရင် အသိပညာသည်လည်း အသိပညာသာဖြစ်ပါတယ်။ “အလုပ်” မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့ဘ၀ဟာ အဲဒီ “ချက်၊ ချက်၊ ချက်...” လေးတွေအတွင်းမှာ လုပ်ကိုင်ခဲ့တဲ့ “အလုပ်အစုအဝေး” သာလျှင် ဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျွန်တော်က “ယန်းပေါဆာ့ထ်” စာအုပ်ဖတ်ပြီး “ကြက်တူရွေးနှုတ်တိုက်” တွေးနေမိခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို နားမဆန့်အောင်ကြားခဲ့ရတဲ့ ပုံစံကျ ဆုံးမစကားတွေဟာလည်း တန်ဖိုးတစ်စုံတစ်ရာ ရှိနေကြောင်း ၀န်ခံရမှာပါ။ အဲဒီလို တွေးမိပြီးတဲ့နောက် ဒီစာကို ရေးဖြစ်သွားလို့ပါပဲ။ ကဗျာဟာ ကျွန်တော့်ထက် အသက်ခုနစ်နှစ်ကြီးပါတယ်။ အဲဒီကဗျာထဲက “ချက်၊ ချက်၊ ချက်...” တွေဟာ ကျွန်တော့်ရဲ့ စက္ကန့်သံတွေ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ရဲ့ အချိန်တွေဟာ အခုမြင်နေရတဲ့ စကားလုံးလေးတွေအပေါ်မှာပဲရှိသလို ဘယ်သူ့ရဲ့ဘ၀ကရော ဘယ်မှာပါလဲ...။ အချိန်ဖြုန်းရဲသူများဟာ အလုပ်လုပ်ဖို့အတွက်လည်း သတ္တိရှိကြရ လိမ့်မယ်ထင်တယ်။

§ § § § § § §

အဲဒီနောက်တော့ “မောင်ချောနွယ်” ဆိုတဲ့ နာမည်လေး တွေ့တဲ့အချိန်မှာ လက်က အလိုလိုကလစ်မိရက်သား ဖြစ်သွားခဲ့တယ်။ ဆရာချောက သူ့ကိုယ်သူ (ငါးမမိတဲ့) ခပ်ညံ့ညံ့ တံငါသည်ပါလို့ ပြောတယ်။ ဟုတ်တယ်။ တံငါသည်ဖြစ်မှတော့ ငါးမရဘူးဆိုရင် ခပ်ညံ့ညံ့ဖြစ်မှာ အမှန်ပဲ။ ခရီးသည် ဖြစ်လို့မှ ခရီးမရောက်ရင်လည်း ခပ်ညံ့ညံ့ဖြစ်မှာပဲ။ ဆရာချောဟာ “ကဗျာဆရာ” တစ်ယောက်ဖြစ်ပြီး ကဗျာတွေ အများကြီးရေးစပ် သွားခဲ့တယ်။ ပြီးတော့ အဲဒီကဗျာတွေကိုလည်း အများသူငါအတွက် ချန်ထားနိုင်ခဲ့တယ်။ ကဗျာထဲ မှာတော့ သူက တံငါသည်တစ်ယောက် ဖြစ်နေတော့ ထားပါတော့။ သူတစ်ဘ၀လုံးလိုလိုမျှားနေခဲ့တာ ရမယ့်ရတော့ စကြ၀ဠာကြီးဖြစ်နေတယ်။ သူ သုတ်လို့မနိုင်ဘူး။ သုတ်လိုက်တဲ့အချိန်မှာ သူဟာ တံငါဘ၀ကနေ ငါးဘ၀ ပြောင်းသွားရတယ်။

ကျွန်တော်တို့ရဲ့ ဘ၀ရည်မှန်းချက်က ဘာပါလဲ။ ရည်မှန်းချက်ဟာ ငါးဆိုရင် ကျွန်တော်တို့ဟာ တံငါသည်တစ်ယောက်၊ ရည်မှန်းချက်ဟာ ကျားဆိုရင်တော့ မုဆိုးတစ်ယောက်ပေါ့။ သားကောင်အပေါ် မူတည်ပြီး ကျွန်တော်တို့ဘ၀တွေ အရောင်ပြောင်းနေတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ မုဆိုးဟာ သားကောင်ရဲ့အစာ၊ တံငါဟာလည်း ငါးပါးစပ်ထဲကို ရောက်သွားနိုင်တယ်။ ရည်မှန်းချက်တွေနောက် ဘ၀တစ်ခုလုံးရင်းပြီး အမဲလိုက်သလို တကောက်ကောက်လိုက်နေရခြင်းဟာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောက်ဆုံးမှာ ကိုယ်ကိုယ်တိုင်ဟာ ရည်မှန်းချက်ရဲ့ သားကောင်ပြန်ဖြစ်နေခြင်းကို သဘောပေါက်မိတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ ဥပမာနဲ့ဆိုရရင် “နွားကိုငါပိုင်တယ်ဆိုပြီး ကြိုးစတစ်ဖက်ကိုဖမ်းထားရင်၊ အဲဒီနွားကလည်း ကိုယ့်ကို ပြန်ပိုင်နေတာပါပဲ၊ ကြိုးစကို လွှတ်လို့မှမရဘဲကိုး၊ တစ်ဘက်မှာ နွားမိနေသလို တစ်ဘက်မှာလည်း ကိုယ်ကပြန်မိနေတဲ့သဘောပါပဲ”။ (ဆရာကြီးရွှေဥဒေါင်းက တရားသဘောကို ဥပမာပေးတာပါ။ ကျွန်တော်က လောကီကိစ္စကိုပြောတာပါ။ သဘောတရားချင်း တူညီတဲ့အကြောင်းကိုသာ ပြလိုတာပါ)

ဆရာချောအနေနဲ့က ကဗျာ (စကြ၀ဠာကြီး) အပေါ် ဖက်တွယ်ထားတဲ့ သူ့ရဲ့သစ္စာဟာ သူ့ကို ပြန်မျှားသွားတဲ့သရုပ်ကို လှလှပပ နိမိတ်ပုံဆောင်သွားတယ်လို့ တွေးမိပါတယ်။ (ကျွန်တော်တွေးမိတာ ကျွန်တော်ပြောခြင်းဖြစ်လို့ ဟုတ်ချင်မှလည်း ဟုတ်ပါမည်) ငါးမမိတဲ့ကိစ္စကတော့ သာမန်လူတစ်ယောက် အနေနဲ့ (စီးပွားရေး/ ဂုဏ်သိက္ခာစသည်) အောင်မြင်မှုမရခြင်းကို ရည်ညွှန်းချင်ဟန်တူတယ်။ ဘာပဲဖြစ်ဖြစ် ဆရာချောရဲ့အဖြစ်ဟာ သက်တံ့လို လှပနေခဲ့ပါတယ်။

§ § § § § § §

နောက်တစ်ပုဒ်က ဆရာမိုးဝေးရဲ့ မြစ်ဝကျွန်းပေါ်ပါ။ ဒီကဗျာနဲ့ ရှင်းလင်းချက်ကို ငယ်စဉ်ကတည်းက စတိုင်သစ်အဟောင်းတစ်အုပ်မှာ ကျွန်တော် ဖတ်ခဲ့ဖူး ပါတယ်။ အဲဒီဆောင်းပါးပါ ရှင်းလင်းချက်တွေကို ကျွန်တော် ၀ိုးတ၀ါးဖြစ်သွားပါပြီ။ ကဗျာကိုဖတ်ပြီး တဲ့နောက် ပြန်သတိရမိတာက ခေတ်ရေစီးကြောင်း အကြောင်းပါပဲ။ ရေစီးနဲ့အတူ ချောင်းထဲ မျောပါသွားတဲ့ သရက်သီးတွေကို လိုက်ဆယ်ရင်း အိမ်ကိုတောင် မပြန်နိုင်ကြတော့တဲ့ ကလေးငယ်တွေ အကြောင်း...။ မြစ်ဝကျွန်းပေါ် ဒါမှမဟုတ် အထက်အညာ ဆီကနေ အနုပညာအတွက်၊ ရည်မှန်းချက်အတွက် ရေကြည်ရာမြက်နုရာရှာရင်း ရေစီးသန်လွန်းလှတဲ့ မြို့ပြချောင်းရိုးမှာ ကစဥ့်ကလျား မျောပါသွားကြသော လူငယ်များ။ ဒီထက်ပိုပြီးတော့ ချဲ့ထွင်လိုက်ရင် တစ်ရပ်တစ်ကျေး၊ အခြားသောနိုင်ငံဒေသတစ်ခုခုကနေ ရေစီးကြောင်းကို ဆန်တက်ပြီး အိမ်ပြန်မရောက်နိုင်ကြတော့သူများ။ “ရေစီး” ဆိုတဲ့ နိမိတ်ပုံဟာ “ခေတ်ရေစီး” ဖြစ်နိုင်သလို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး...စသည်ဖြင့် ချဲ့နိုင်သလောက် ကျယ်အောင် တွေးလို့ရခဲ့တယ်။ ကဗျာဆရာဟာ အတိတ်ကိုငဲ့စောင်းကြည့်ရင်း ပစ္စုပ္ပန်တစ်နေရာကနေ အိမ်မပြန်နိုင်တဲ့အကြောင်း ရိုးရိုးလေးပြောခဲ့ပါတယ်။ ရိုးရိုးလေးပြောပေမဲ့ ဆတ်ဆတ်ခါ နာကျည်းမိရတယ်။ သူဟာ တအားသန်တဲ့ရေစီးထဲမှာ ကျွမ်းထိုးမှောက်ခုံ ရုန်းကန်ရင်း ညည်းတွားနေခဲ့ရတာကိုး။ တအားသန်တဲ့ရေစီးမှာ ကျွန်တော်လည်း အိမ်မပြန်နိုင် (သေး/တော့) ဘူး.... ။

မှတ်ချက်။   ကဗျာများကို စကားပြေပြန်၍ ရ၏၊ မရ၏ ကျွန်တော်မသိပါ။ ထိုသို့သော အကြောင်းအရာများကိုလည်း ဘာမျှ မပြောလိုပါ။ (တစ်သီးပုဂ္ဂလရှုထောင့်မှ) ခံစားမိသည့် အရာတချို့ကို ခံစားရသလို၊ နားလည်သလို “လျှောက်ရေး” ထားခြင်းမျှသာ ဖြစ်ပါသည်။ ဤပို့စ်ပါ ကဗျာများကို ဒီနေရာက ကူးယူပါသည်။


◄ တေဇာ ► ဒီဇင်ဘာ (၁၇) ၂၀၀၉

Comments

  1. ဒိုင်မေးရှင်း လွဲခဲ့တဲ့ ချိန်သီးနဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်ချင်ပြီး...
    ငါ့ကို မျှားသွားခဲ့တဲ့ စကြာဝဠာကြီးဟာ..ငါနဲ့ သီးခြား ပြန်ဖြစ်လို့....
    ပြိုနေတဲ့ ကမ်းပါး ရှေ့က ငါ ပြေးထွက်ခဲ့တယ်...
    ငါ့အတ္တတွေ တရစပ် ဒိုက်ဗင် ထိုးချခဲ့တော့...
    ငါဟာ ပြန်မလာနိုင် တော့တဲ့ ရေစီးမှာ......း)

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”