Skip to main content

စာရေးရသည့် အကြောင်းရင်း (၂)

ဤသို့ ကွဲပြားသော လှုံ့ဆော်မှုများသည် အချင်းချင်း ၀ိရောဓိ ဖြစ်လိမ့်မည် ဆိုသည်နှင့် လူတစ်ဦးမှတစ်ဦး တစ်ချိန်မှတစ်ချိန် ပြောင်းလဲမှုရှိလိမ့်မည် ဆိုသည်မှာ အလွယ်တကူ မြင်တွေ့နိုင်ပါသည်။ ပုံမှန်အားဖြင့် မိမိ၏ သဘာဝကို ရယူပိုင်ဆိုင်နိုင်သည့် အခြေအနေကို စတင်အရွယ်ရောက်သည့် အချိန်တွင် ရရှိပါသည်။ ကျွန်တော့်အနေဖြင့်မူ အဦးဆုံး လှုံ့ဆော်မှု သုံးရပ်သည် စတုတ္ထအချက်ထက် ပိုမိုအရေးပါပါသည်။ အပူအပင်ကင်းသည့် ကလေးဘ၀တွင် အဆင်တန်ဆာများ သို့မဟုတ် အဖွဲ့အနွဲ့ သက်သက်မျှသာဖြစ်သည့် စာအုပ်များ ကျွန်တော်ရေးချင်ရေးခဲ့နိုင်ပါသည်။ ကျွန်တော်၏ နိုင်ငံရေး ခံယူချက်ကိုလည်း သတိမပြုမိလုနီးနီး ရှိနေခဲ့နိုင်ပါသည်။ လက်ကမ်းစာစောင် ရေးသားခြင်း အလုပ်မျိုးကို ကျွန်တော် စေခိုင်းခံရဖူးပါသည်။ ပထမဦးဆုံးအနေဖြင့် မိမိနှင့် အံဝင်ခွင်ကျမဖြစ်သည့် အလုပ်တွင် ကျွန်တော် ငါးနှစ်တာကြာခဲ့ပြီး (Indian Imperial Police တပ်ဖွဲ့ဝင်အနေဖြင့် ဗမာပြည်တွင်) ဆင်းရဲမွဲတေမှုနှင့် အရှုံး၏အငွေ့အသက်ကို ရှူရှိုက်မိခဲ့ပါသည်။ ဤသည်က အာဏာပိုင်များအပေါ် ကျွန်တော်၏ ပင်ကိုယ်မုန်းတီးမှုကို တိုးပွားလာစေပြီး၊ အလုပ်သမားလူတန်းစား၏ တည်ရှိနေမှုကိုလည်း ပထမဆုံးအနေဖြင့် တင်းပြည့်ကျပ်ပြည့် သတိပြုမိခဲ့သည်။ ဗမာပြည်တွင် လုပ်ခဲ့သည့်အလုပ်သည် ကျွန်တော့်ကို နယ်ချဲ့ဝါဒ (Imperialism) ၏ သဘောသဘာဝကို နားလည်အောင် လုပ်ဆောင်ပေးခဲ့ပါသည်။ သို့သော် အဆိုပါအတွေ့အကြုံများသည် ကျွန်တော့်အား နိုင်ငံရေးဘက် စင်းလုံးချော အလေးသာမှုကို မပေးနိုင်ခဲ့သေးပါ။ ထို့နောက်တွင် ဟစ်တလာ ပေါ်ပေါက်လာသည်။ စပိန်ပြည်တွင်းစစ် ဖြစ်ပွားသည်။ ၁၉၃၅ ခုနှစ်နှောင်းပိုင်းအထိ ခိုင်မာသည့် ဆုံးဖြတ်တစ်ခုကို ကျွန်တော် မချနိုင်ခဲ့သေးပါ။ ထိုကာလလောက်က ကျွန်တော်ရေးသားခဲ့သော ကျွန်တော်၏ ဒွိဟများကို ဖွင့်ဟထားသည့် ကဗျာလေးတစ်ပုဒ်ကို မှတ်မိနေပါသည်။



လွန်လေသည့် နှစ်နှစ်ရာခန့်က
အေးမြပျော်ရွှင်နေသော ဘုန်းတော်ကြီးတစ်ပါး ငါဖြစ်ခဲ့နိုင်သား
ကပ်ဘေးဒုက္ခအကြောင်း တရားဟောပြ
ငါ့သစ်ကြားပင် ရှင်သန်နေတာကို ရှုစား

သို့သော်ငြား အမှောင်ခေတ်မှာ မွေးဖွားလာရ
ပျော်ရွှင်ဖွယ် သုခဘုံနဲ့ လွဲခဲ့ရစဉ်
ငါ့အပေါ်နှုတ်ခမ်းပေါ်က အမွေးအမျှင်များပေါက်ရောက်မှ
ဘုန်းကြီးဆိုသည်ကတော့ သပ်ရပ်သန့်စင်

ခေတ်ကောင်းတုန်း ကာလက
ပျော်ရွှင်ဖို့ရာ လွယ်ကူမှာပေါ့
ငါတို့ရဲ့ သောကအတွေးများ လှုပ်ခတ်အိပ်မောကျ
သစ်ပင်များ ရင်ခွင်ထက်မှာပေါ့

ငါတို့ပိုင်ဆိုင်ရဲခဲ့သော အ၀ိဇ္ဖာတရားများအလယ်
ယနေ့အချိန်မှာ ဟန်ဆောင်ပီတိတရား
ပန်းသီးပင် ကိုင်းကြီးကြီးပေါ်က ငှက်စိမ်းငယ်
ငါ့ရန်သူများအား ကိုင်လှုပ်နိုင်စေသား

သို့သော် မိန်းကလေးတို့၏ ၀မ်းသားနှင့် လိမ္မော်ရောင်ဇီးသီးများ
လောင်းရိပ်မိ စမ်းချောင်းငယ်မှ ငါး
မြင်းများ၊ အာရုံချိန်မှာ ပျံဝဲသော ၀မ်းဘဲများ
ဒါတွေအားလုံးဟာ အိပ်မက်များ

တစ်ခါပြန် အိပ်မက်ဖို့ ကန့်သတ်ထား
ငါတို့ရဲ့ အပျော်များကို သေရာပါဒဏ်ရာရစေ၊ သို့မဟုတ် သိုဝှက်ထားတယ်
သံသတ္ထုနှင့် ပြုလုပ်သော မြင်းများ
အနည်းငယ်ဝသူ စီးနင်းလိမ့်မယ်

ငါဟာ မတိမ်းမစောင်း တီကောင်
ဇနီးမယားမရှိသည့် မိန်းမထိန်း
အဓိပတိယောင်ယောင် ဘုန်းကြီးယောင်ယောင်
ယူဂျင်းအေရမ် (Eugene Aram) လမ်းလျှောက်သလို

အဓိပတိက ငါ့ကြမ္မာကို ဖတ်ပြနေ
ရေဒီယို အသံလွှင့်စဉ်မှာ
သို့သော် ဘုန်းတော်ကြီး ကတိပေးတာက အော်စတင်ဆဲဗင်း
ဒဂ္ဂီအတွက်အမြဲတမ်း ပေးတဲ့အရာ

စကျင်ခန်းမတွင်း အခြေချရတယ်လို့ ငါ အိပ်မက်တယ်
ဒါ.. ဟုတ်ရဲ့လား ထကြည့်ငြား
ဒီလိုခေတ်မျိုးအတွက် ငါ့ကိုမွေးဖွားခဲ့တာ မဟုတ်ဘူးကွယ်
စမစ်ရော ဟုတ်ရဲ့လား...၊ ဂျုန်းစ်ရော ဟုတ်ရဲ့လား...၊ ခင်ဗျားရော... ဟုတ်ရဲ့လား...။


စပိန်စစ်ပွဲနှင့် ၁၉၃၆-၃၇ တွင် ဖြစ်ပွားခဲ့သည့် အခြားသောဖြစ်ရပ်များက ကျွန်တော့်အား မည်သည့်ဘက်တွင် ရပ်တည်ရမည်ဆိုသည်ကို ကြိုးညှိပေးခဲ့ပြီး ထို့နောက်ဝယ် ဘယ်နေရာတွင် ရပ်တည်ရမည်ကို ကျွန်တော်သိခဲ့ပါပြီ။  ၁၉၃၆ ခုနှစ်မှစ၍ ကျွန်တော်ရေးသားခဲ့ပြီးသည့် အတည်ပေါက်အရေးအသား တစ်ကြောင်းချင်းစီသည် တိုက်ရိုက်တစ်နည်း သွယ်ဝိုက်၍တစ်ဖုံ၊ တစ်ပါတီစနစ် (Totalitarianism) အား ဆန့်ကျင်ပြီး ဒီမိုကရက်ဆိုရှယ်လစ်ဘက်မှ ကျွန်တော်နားလည်သလောက် ရပ်တည်ခဲ့ခြင်းသာ ဖြစ်ပါသည်။ တစ်စုံတစ်ယောက်သည် ဤသို့သောအကြောင်းအရာများကို ရှောင်ကွင်းရေးသားနိုင်သည်ဟု တွေးရန်မှာ ကျွန်တော်တို့ခေတ်ကာလတွင် အဓိပ္ပာယ်မရှိဟု ကျွန်တော်ယူဆပါသည်။ လူတိုင်းသည် ၎င်းတို့ကို အမြင်တစ်မျိုးမဟုတ်တစ်မျိုးဖြင့် ရေးသားကြမည်သာ ဖြစ်ပါသည်။ ဤသည်မှာ မည်သည့်ဘက်ကို ရပ်တည်မည်နည်းနှင့် မည်သည့်လမ်းကို လိုက်မည်နည်းဟူသည့် ရိုးစင်းသည့်မေးခွန်းသာ ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်အနေဖြင့် မိမိ၏ နိုင်ငံရေးအလေးသားမှုကို ပိုမိုသိရှိလာလေလေ မိမိ၏ ရသနှင့် အသိပညာပိုင်းဆိုင်ရာ ဂုဏ်ရည်သိက္ခာကို စွန့်လွှတ်ရခြင်းမရှိဘဲ နိုင်ငံရေးဆိုင်ရာ လုပ်ရပ်များ လုပ်ဆောင်ဖို့ အခွင့်အလမ်းသာလေလေ ဖြစ်ပါသည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့် တစ်လျှောက်လုံး ကျွန်တော်အလိုအရှိခဲ့ဆုံး အရာမှာ နိုင်ငံရေးဆိုင်ရာ အရေးအသားများကို အနုပညာအတွင်းသို့ သွတ်သွင်းရန် ဖြစ်ပါသည်။ ကျွန်တော်၏ စမှတ်မှာ အမြဲတမ်း တရားမမျှတခြင်းကို ခံစားရသည့် အာရုံဖြစ်သော တော်လှန်ရေးသမား တစ်ယောက်၏ ခံစားချက်မျိုး ဖြစ်ပါသည်။ စာရေးရန် ထိုင်လိုက်ပြီဆိုလျှင် ကျွန်တော်က “ငါ အနုပညာအလုပ်တစ်ခုကို ဖန်တီးတော့မယ်” ဟု  မိမိကိုယ်ကို မပြောပါ။ တင်ပြစရာ အလိမ်အညာတွေ ရှိနေသည့်အတွက်ကြောင့်၊ ကျွန်တော် ဂရုပြုမိစေလိုသည့် အချက်တချို့ ရှိသောကြောင့် ကျွန်တော် စာရေးပါသည်။ ကျွန်တော်၏ အစဦးကဏ္ဍမှာ ဤသည်တို့ကို ကြားသိနိုင်စေဖို့ ဖြစ်ပါသည်။ သို့ရာတွင် စာအုပ်တစ်အုပ်ရေးသားရန် အလုပ်၊ သို့မဟုတ် မဂ္ဂဇင်းဝတ္ထုရှည် တစ်ပုဒ်ကိုသော်မှ ရသတွေ့ကြုံမှု မပါဝင်ခဲ့လျှင်လည်း ကျွန်တော် မရေးသားနိုင်ပါ။ ကျွန်တော့်အရေးအသားများကို စစ်ဆေးသုံးသပ်ကြည့်သူတိုင်း ၀ါဒဖြန့်အရေးအသားမျှသာဖြစ်လျှင်တောင်မှ နိုင်ငံရေးသမားလုံးလုံးများက အကျုံးမ၀င်ဟု သတ်မှတ်ကြမည့် အရာများ အများအပြား ပါဝင်နေကြောင်း တွေ့မြင်နိုင်ပါလိမ့်မည်။ ကလေးဘ၀က ရရှိခဲ့သည့် လောကအမြင်ကို လုံးလုံးလျားလျား စွန့်ပယ်ဖို့ ကျွန်တော် မတတ်နိုင်သလို စွန့်ပယ်ရန်လည်း အလိုမရှိပါ။ ကျွန်တော် အသက်နဲ့ကိုယ် မြဲနေသရွေ့ ကျွန်တော်၏ စကားပြေရေးသားမှုပုံစံနှင့် ပတ်သက်၍ အလေးအနက် ဆက်လက်ခံစားနေမိမည်သာ ဖြစ်ပါသည်။ ကမ္ဘာမြေပြင်ကို ချစ်မိပါမည်။ လေးနက်ခိုင်မာသည့် အရာများနှင့် အသုံးဝင်မှုမရှိသည့် အရေးအသား အပိုင်းအစများမှ သာယာမှုရှာမိပါမည်။ ကျွန်တော့်ကိုယ်ကိုယ် ဖိနှိပ်ချုပ်ချယ်ရန်ကြိုးစားခြင်းသည် အသုံးဝင်လိမ့်မည် မဟုတ်ပါ။ လုပ်ရမည်က ကျွန်တော်၏ အထုံမျိုးစေ့ဖြစ်သော နှစ်သက်မှု၊ မနှစ်သက်မှုများကို အများပြည်သူအတွက် အရေးကြီးလိုအပ်သော၊ ကျွန်တော်တို့ ကိုယ်စားပြုရာ ခေတ်တစ်ခတ်၏ တစ်သီးပုဂ္ဂလမဆန်သော လုပ်ငန်းများနှင့် လိုက်လျောညီထွေ တည်ရှိနေစေဖို့ ဖြစ်ပါသည်။

ဤသည်မှာ လွယ်တော့ မလွယ်ကူလှပါ။ ဤသည်က တည်ဆောက်မှုနှင့် ဘာသာစကားဆိုင်ရာ ပြဿနာများ ပေါ်ထွက်လာပါသည်။ သစ္စာတရားနှင့်ပတ်သက်သည့် ပြဿနာသစ်တစ်ရပ် ပေါ်ထွက်လာပါသည်။ ထိုသို့ ထွက်ပေါ်လာသော ခက်ခဲမှု၏ ရိုးရှင်းလှသည့် ဥပမာလေးတစ်ခုကို ကျွန်တော် ပြချင်ပါသည်။ စပိန်ပြည်တွင်း စစ်အေကြောင်းရေးထားသည့် ကျွန်တော်၏ Homage to Catalonia မှာ ပွင့်ပွင့်လင်းလင်းဝန်ခံရလျှင် နိုင်ငံရေးစာအုပ်သာ ဖြစ်ပါသည်။ သို့ရာတွင် ၎င်းသည် မူလအားဖြင့် ပုံသဏ္ဍာန်ကို အဓိကထားပြီး ခံစားချက်များကို ဥပေက္ခာဆန်ဆန်ပြု၍ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတွင် ကျွန်တော်၏ စာပေဗီဇကို ထိခိုက်စေခြင်းမရှိဘဲ အမှန်တရားတစ်ခုလုံးကို ဖွင့်ချပြရန် ကျွန်တော် ကျားကုပ်ကျားခဲ ကြိုးစားခဲ့ပါသည်။ သို့ရာတွင် အခြားအရာများအကြားထဲတွင် ရှည်လျားသော အခန်းများလည်း ကြားညှပ်ပါဝင်နေပါသည်။ ဖရန်ကို (Franco) နှင့် လက်သိပ်ထိုးပူးပေါင်းကြံစည်သည်ဟု စွပ်စွဲခြင်းခံရသည့် ထရော့စကီဝါဒီ (Trotskyist) များကို ခုခံကာကွယ်သည့် သတင်းစာအကိုးအကားများဖြင့် ပြည့်နေသည့် အခန်းများ ဖြစ်ပါသည်။ ဤကဲ့သို့သော အခန်းတစ်ခန်းသည် တစ်နှစ်သို့မဟုတ် နှစ်နှစ်ခန့်ကြာသော် သာမန်စာဖတ်သူ တစ်ယောက်၏ စိတ်ဝင်စားမှုကို ကုန်ခမ်းအောင် လုပ်ပစ်ပြီး စာအုပ်ကို ပျက်စီးစေလိမ့်မည်မှာ ထင်ရှားပါသည်။ ကျွန်တော်လေးစားရသည့် ဝေဖန်ရေးဆရာတစ်ဦးက ဤကိစ္စနှင့်ပတ်၍ ကျွန်တော့်ကို လမ်းညွှန်ချက် ပေးပါသည်။ “ဒီလိုအကြောင်းအရာတွေ ခင်ဗျားဘာလို့ ထည့်ထားတာလဲ” ဟု ကျွန်တော့်ကို ပြောသည်။ သူပြောတာ မှန်ပါသည်။ သို့သော် ကျွန်တော်အနေဖြင့် မထည့်လို့လည်း မဖြစ်ပါ။ အပြစ်မရှိသော လူများ မှားယွင်းစွပ်စွဲခံခဲရသည်ကို အင်္ဂလန်မှ အလွန်နည်းသည့် လူနည်းစုသာ သိခွင့်ရကြသည်ကို ကျွန်တော် သတိပြုမိခဲ့ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော် မနေမနပ်မဖြစ်ခဲ့လျှင် ထိုစာအုပ်ကို ကျွန်တော် ဘယ်တုန်းကမှ ရေးမိခဲ့လိမ့်မည် မဟုတ်ပါ။

ဤပြဿနာသည် ပုံစံတစ်မျိုးမဟုတ်တစ်မျိုးနှင့် မကြာခဏ ပေါ်ထွက်လာတတ်ပါသည်။ ဘာသာစကား ဆိုင်ရာ ပြဿနာသည် သိမ်မွေ့သည့်အတွက် ဆွေးနွေးမည်ဆိုလျှင် အလွန်ကျယ်ပြန့်ပါလိမ့်မည်။ နောက်ပိုင်းနှစ်များတွင် ဆန်းပြားပြီးဆွဲဆောင်မှုရှိသည့် အရေးအသားများကို လျှော့ချပြီး ပိုမိုတိကျစွာ ရေးသားရန် ကျွန်တော်အားထုတ်ခဲ့သည်ဟုသာ ပြောပါရစေ။ မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက်သည် အရေးအသားပုံစံတစ်မျိုးအား ပြီးပြည့်စုံသွားပြီဆိုလျှင် ၎င်းသည် မိမိနှင့် မတော်တော့သည့် ၀တ်စုံပမာသာ ဖြစ်သွားကြောင်း ကျွန်တော် တွေ့ရှိခဲ့ရပါသည်။ (အရေးအသားပုံစံတစ်မျိုးအား ကျွမ်းကျင်စွာ ရေးသားလာနိုင်သည်နှင့် တစ်ပြိုင်နက် အဆိုပါပုံစံအား နှစ်သက်ခြင်းမရှိတော့၊ အဆင့်တက် ရေးလိုသည့် ဆန္ဒကို ဆိုလိုခြင်း ဖြစ်ပါသည်) “တိရိစ္ဆာန်ယာတော” (Animal Farm) တွင် ပထမဆုံးအနေဖြင့် မိမိဘာလုပ်နေသည်ကို အပြည့်အ၀နားလည်မှုနှင့်အတူ နိုင်ငံရေးရည်ရွယ်ချက်နှင့် အနုပညာရည်ရွယ်ချက် နှစ်ရပ်စလုံးကို တစ်ခုတည်းအနေဖြင့် ပေါင်းစည်းရန် ကျွန်တော်စတင်အားထုတ်ခဲ့သည့် စာအုပ်ဖြစ်ပါသည်။ ကျွန်တော်ဝတ္ထုရှည် မရေးဖြစ်သည်မှာ ခုနစ်နှစ်ခန့် ကြာပါပြီ။ သို့သော် မကြာခင် သင့်လျော်သည့် တစ်ပုဒ်လောက် ထပ်ရေးရန် မျှော်လင့်ပါသည်။ ၎င်းသည် အောင်မြင်မှုရလိမ့်မည်မဟုတ်မှာ သေချာပါသည်။ စာအုပ်တိုင်းသည် အောင်မြင်ရမည်မဟုတ်ပါ။ သို့ရာတွင် မည်သို့သော စာအုပ်အမျိုးအစားမျိုး ကျွန်တော်ရေးချင်သည် ဆိုသည်ကို ရှင်းလင်းမြင်သာ ကျွန်တော်သိခဲ့ပါပြီ။ နောက်ဆုံး တစ်မျက်နှာ နှစ်မျက်နှာခန့် လည်ပြန်ကြည့်ခဲ့လျှင် စာပေရေးသားခြင်းတွင် ကျွန်တော်၏ စေ့ဆော်မှုမှာ ပြည့်သူ့အကျိုးပြု လုံးလုံးလျားလျား ဖြစ်ခဲ့သည့်ပုံစံ ပေါ်နေအေင် ကျွန်တော်လုပ်ဆောင်ခဲ့သည်ဟု မြင်တွေ့ခဲ့ရပါသည်။ ဤကဲ့သို့ လေးစားခန့်ညားဖွယ် အဆုံးသတ်မျိုးဖြင့် ကျွန်တော် အနိုင်မပိုင်းချင်ပါ။ စာရေးဆရာများ အားလုံးသည် ဘ၀င်မြင့်ပါသည်၊ တစ်ကိုယ်ကောင်းဆန်ပါသည်၊ ပျင်းရိပါသည်။ ၎င်းတို့၏ စေ့ဆော်မှုများ၏ အောက်ခြေတွင် နားလည်ရခက်သည့် ပုစ္ဆာတစ်ရပ် တည်ရှိနေပါသည်။ စာအုပ်တစ်အုပ် ရေးသားရခြင်းသည် ကြောက်စရာကောင်းသည့် အားအင်ကုန်ခမ်းဖွယ် ရုန်းကန်မှုတစ်ရပ်ဖြစ်ပြီး နာကျင်သည့် ရောဂါတချို့ ခံစားနေရသည့် ရှည်လျားသော ကာလတာတစ်ရပ်နှင့် ဆင်တူပါသည်။ မိမိကိုယ်တိုင် ခုခံနားလည်နိုင်ခြင်း မရှိသည့် နတ်ဆိုးတချို့၏ ဂုတ်ခွစီးမောင်းနှင်ခြင်း ခံရသည့် လူတစ်ယောက် မဟုတ်ခဲ့ပါလျှင် ဤသို့သော အရာမျိုးကို မည်သူကမျှ တာဝန်ခံလုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ အားလုံးအနေဖြင့် အဆိုပါနတ်ဆိုးမှာ လူအများဂရုပြုမိစေရန် အာပြဲလျှာပြဲထငိုသည့် ကလေးငယ်တစ်ဦး၏ ဗီဇနှင့် အခြေခံအားဖြင့် တူညီသည်ဟု သိကြပါသည်။ သို့တိုင်အောင် မိမိ၏ မူလကိုယ်ရည်ကိုယ်သွေး (တစ်ကိုယ်ကောင်းဆန်၊ ပျင်းရိ စသည့်အချက်များကို ဆိုလိုပါသည်) ကို ပပျောက်သွားအောင် ဇွဲပါပါ မရုန်းကန်ခဲ့ပါလျှင် တစ်စုံတစ်ယောက်အနေဖြင့် ဖတ်စရာမှတ်စရာ တစ်ခုတစ်လေမျှ ရေးနိုင်ခဲ့လိမ့်မဟုတ်ဟူသည့် အချက်မှာလည်း မှန်ကန်ပါသည်။ အရေးအသားကောင်းတစ်ပုဒ်သည် ပြတင်းပေါက်မှန်နှင့် တူပါသည်။ ကျွန်တော်၏ မည်သည့်စေ့ဆော်မှုသည် အားအကောင်းဆုံးဖြစ်ကြောင်း ကျွန်တော် ရေရေရာရာ မပြောနိုင်ပါ။ သို့သော် မည်သည့်အရာနောက် အလေးထားလိုက်ပါသင့်သည် ဆိုသည်ကိုမူ ကျွန်တော် သိပါသည်။ ကျွန်တော့် အရေးအသားများအား လည်ပြန်ကြည့်ရာတွင် နိုင်ငံရေးရည်ရွယ်ချက် ကင်းပသည့်နေရာများတွင် အသက်ဝိဉာဉ်ကင်းမဲ့သည့် စာအုပ်များကိုသာ အမြဲတမ်းနီးပါး ကျွန်တော်ရေးခဲ့မိပြီး ၎င်းတို့သည် တစ်ဖွဲ့တနွဲ့ သီကုံးထားသည့် စာပိုဒ်များ၊ အနက်အဓိပ္ပာယ် တစ်စုံတစ်ရာ မရှိသည့် ၀ါကျများ၊ အဆင်တန်ဆာ နာမ၀ိသေသနများနှင့် ယေဘုယျအားဖြင့် မရိုးဖြောင့်သည့် စာများအားဖြင့် သစ္စာဖောက်ခြင်းသာဖြစ်ကြောင်း ကျွန်တော် မြင်တွေ့မိပါသည်။
 

◄ တေဇာ ► George Orwell ၏ Why I Write? ကို ဘာသာပြန်ဆိုပါသည်။

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”