
သိပ္ပံနည်းကျ သတ်မှတ်ပြဋ္ဌာန်းပြီးဝါဒ၏ ယုံကြည်ယူဆချက်ကို ဘုရားသခင်၏ ကမ္ဘာမြေအပေါ် ၀င်ရောက်စွက်ဖက်ပိုင်သော လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဟူ၍ ခံစားရသူအများအပြားက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော်လည်း “ဤရာစု” အစောပိုင်း (ဤစာအုပ်၏ ပထမဆုံးပုံနှိပ်ထုတ်ဝေမှုမှာ ၁၉၈၈ ခုနှစ်ဖြစ်၍ “ဤရာစု” သည် (၂၀) ရာစုကို ညွှန်းသည်ဟု ယူဆနိုင်ပါသည်။ ဘာသာပြန်သူ) မတိုင်ခင်အထိ ဤ၀ါဒမှာ တင်းပြည့်ကျပ်ပြည့် ယူဆချက်တစ်ရပ်အဖြစ် တည်ရှိနေခဲ့ပေသည်။ အဆိုပါယုံကြည်ချက်ကို စွန့်လွတ်ရစေမည့် ပထမဦးဆုံး ရည်ညွှန်းချက်တစ်ရပ်အဖြစ် ဗြိတိသျှသိပ္ပံပညာများ ဖြစ်ကြသည့် “လော့ ရေးလိ” (Lord Rayleigh) နှင့် ဆာဂျိမ်းဂျီးန် (Sir James Jeans) တို့က ကြယ်ကဲ့သို့ ပူလောင်သော အရာဝတ္ထု၊ သို့မဟုတ် ထုထည်တစ်ခုသည် “အင်ဖှန်နက်တီ” (Infinity) နှုန်းဖြင့် စွမ်းအင်ပမာဏ ထုတ်လွှတ်ရမည်ဟု တွက်ချက်တင်ပြခဲ့ကြခြင်းမှ စတင်ခဲ့လေသည်။ ထိုအချိန်ကာလက လက်ခံယုံကြည်ခဲ့ကြသည့် ဥပဒေသများအရ ပူလောင်သည့်ထုထည်တစ်ခုသည် (ရေဒီယိုလှိုင်း၊ မျက်စိနှင့် မြင်နိုင်သည့်အလင်းနှင့် အိပ်စ်ရေးစ် စသည်တို့ကဲ့သို့) “အီလက်ထရိုမက်ဂနက်တစ်လှိုင်းများ” (Electromagnetic Waves) ကို ကြိမ်နှုန်း တူညီစွာ ထုတ်လွှတ်ရမည်ဟု ဆိုသည်။ ဥပမာအားဖြင့် ပူလောင်သည့် ထုထည်တစ်ခုသည် တစ်စက္ကန့်လျှင် သန်းပေါင်းတစ်သန်းမှ နှစ်သန်းကြားကြိမ်နှုန်းရှိသော လှိုင်းပမာဏဖြင့် စွမ်းအင်ထုတ်လွှတ်မည်ဆိုလျှင် တစ်စက္ကန့်လျှင် ကြိမ်နှုန်း သန်းပေါင်းနှစ်သန်းမှ သုံးသန်း ကြားထုတ်လွှတ်သော လှိုင်း၏ စွမ်းအင်ပမာဏဖြင့် အတူတူပင် ဖြစ်ပေသည်။ ယခုသော် တစ်စက္ကန့်လျှင် ထုတ်လွှတ်သော လှိုင်းအရေအတွက်သည် မရေတွက်နိုင် (Unlimited) သောကြောင့် စုစုပေါင်း “အလင်းဖြာ” သည့် စွမ်းအင်ပမာဏသည် “အင်ဖှန်နတီ” (Infinity) ဖြစ်လိမ့်မည်ဟု ဆိုလိုရာ ရောက်ပေသည်။
ဤသို့ သိသိသာသာ ရယ်သွမ်းသွေးဖွယ် ဖြစ်နေသည့် ရလဒ်ကို ရှောင်ရှားနိုင်ရန် ၁၉၀၀ ခုနှစ်တွင် ဂျာမန်သိပ္ပံပညာရှင် “မက်စ်ပလန့်ခ်” (Max Planck) က အလင်း၊ အိပ်စ်ရေး (X-ray) နှင့် အခြားသော လှိုင်းများသည် အတိုင်းအဆမရှိသည့်နှုန်းဖြင့် ထုတ်လွှတ်နိုင်ခြင်းမရှိဘဲ “ကွမ်တာ” (Quanta) ဟု သူက ခေါ်သည့် ပုံစံခွက်တစ်ရပ်နှင့်သာ ထုတ်လွှတ်ခြင်းဖြစ်သည်ဟု ဆို၏။ ထို့ပြင် “ကွမ်တမ်” (Quantum) တစ်ခုချင်းစီတွင် လှိုင်း၏ကြိမ်နှုန်းထက် မြင့်မား/များပြားသော စွမ်းအင်ပမာဏရှိခြင်းကြောင့် လုံလောက်အောင်မြင့်မားသည့် ကြိမ်နှုန်းတွင် “ကွမ်တမ်” တစ်ခု၏ ထုတ်လွှတ်မှုသည် ရရှိနိုင်သည့် စွမ်းအင်ပမာဏထက် ပိုမိုလိုအပ်နေပေလိမ့်မည်။ ထို့ကြောင့် မြင့်မားသည့်ကြိမ်နှုန်းတစ်ရပ်တွင် “အလင်းဖြာမှု” ကို လျှော့ချရပေလိမ့်မည်။ ဤသို့လျှင် ထုထည်က စွမ်းအင်ကုန်ဆုံးသွားသည့် အခြေအနေတစ်ရပ်တွင် တိကျသည့်ပမာဏ (Finite) ရှိရပေတော့မည်။
ထို “ကွမ်တမ်အယူအဆ” သည် ပူလောင်သည့်ဝတ္ထုများမှ အလင်းဖြာမှု ထုတ်လွှတ်သော ပမာဏကို လေ့လာနိုင်သည့်ပမာဏတစ်ရပ်ရအောင် ရှင်းပြပေးနိုင်သော်လည်း သတ်မှတ်ပြဋ္ဌာန်းပြီးဝါဒအတွက် ၎င်း၏ အသုံးချနိုင်စရာ အနာဂတ်အလားအလာကို ၁၉၂၆ ခုနှစ်မတိုင်ခင်၊ ဂျာမန်သိပ္ပံပညာရှင် နောက်တစ်ဦးဖြစ်သည့် “၀ါနာ ဟိုက်ဇင်ဘာ့ဂ်” (Warner Heisenberg) က သူ၏ ကျော်ကြားလှသည့် “မသေချာမှု နိယာမ” ကို မချပြသေးခင်အထိ မသိရှိခဲ့ကြပေ။ အမှုန်တစ်ခု၏ အနာဂတ်တည်နေရာနှင့် အလျင်ကို ခန့်မှန်းနိုင်ရန်အတွက် ၎င်းအမှုန်၏ လက်ရှိ တည်နေရာနှင့် အလျင်ကို အတိအကျ တွက်ချက်နိုင်ဖို့ လိုအပ်သည်။ ဤသို့လုပ်ဆောင်ရန် အရှင်းဆုံးနည်းလမ်းမှာ အဆိုပါအမှုန်အပေါ်သို့ အလင်းဖြင့် ထိုးရန်သာ ဖြစ်သည်။ အလင်းလှိုင်းအချို့သည် ထိုအမှုန်၏ဘေးသို့ ပြန့်ကျဲသွားလိမ့်မည်ဖြစ်ပြီး ဤသည်က ၎င်း၏တည်နေရာကို ညွှန်းဆိုနိုင်ပေသည်။ သို့သော်လည်း အမှုန်တစ်ခု၏ တည်နေရာကို အလင်း၏ထိပ်ဖျားရှိ လှိုင်းများအကြားရှိ အကွာအဝေးထက် ပို၍တိကျအောင် တိုင်းတာသတ်မှတ် နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အမှုန်၏တည်နေရာကို တိတိကျကျ တိုင်းတာနိုင်စေရန် လှိုင်းအလျား တိုသည့် အလင်းကို အသုံးပြုရန် လိုအပ်သည်။ ယခုသော် “ပလန့်ခ်” ၏ ကွမ်တမ်အယူအဆအရ အလင်းကို မနှိုင်းဆနိုင်အောင်သေးငယ်သည့်ပမာဏရောက်အောင် အသုံးပြုနိုင်ခြင်းမရှိလေရာ အနည်းဆုံးအားဖြင့် “ကွမ်တမ်” တစ်ခုစာ သုံးရပေလိမ့်မည်။ အဆိုပါ “ကွမ်တမ်” က အမှုန်ကို အနှောင့်အယှက်ပေးပြီး ၎င်း၏ အလျင်ကို ပြောင်းပစ်သဖြင့် ဤသို့လျှင် တိုင်းတာနိုင်ခွင့် မရှိတော့ပေ။ ထို့ထက်ပို၍ဆိုလျှင်... တည်နေရာကို ပို၍တိကျအောင် တိုင်းတာလေလေ၊ လှိုင်းအလျား ပို၍တိုသည့် အလင်းကို လိုအပ်လေလေ၊ “ကွမ်တမ်” တစ်ခု၏ စွမ်းအင်ပမာဏ မြင့်မားလာလေလေ ဖြစ်လေတော့သည်။ ဤနည်းအားဖြင့် မြင့်မားလာသည့် စွမ်းအင်ပမာဏက အမှုန်၏ အလျင်ကို ပိုမို အနှောင့်အယှက်ပေးလေသည်။ တနည်းအားဖြင့်ဆိုရလျှင် အမှုန်တစ်ခု၏ တည်နေရာကို တိကျအောင် တိုင်းတာနိုင်ရန် ကြိုးစားလေလေ၊ ၎င်း၏အလျင်အား ပို၍မတိကျစွာ တိုင်းတာရလေလေ ဖြစ်သည်။ အလျင်အားတိုင်းတာနိုင်ရန် ကြိုးစားလျှင်လည်း တည်နေရာတွင် မတိကျတော့ပေ။ “ဟိုင်ဇင်ဘတ်” က အမှုန်တစ်ခု၏ တည်နေရာ၏ မသေချာမှု၊ အဆိုပါအမှုန်၏ အလျင်၏ မသေချာမှု၊ အမှုန်တစ်ခု၏ ဒြပ်ထုသည် ပမာဏတစ်ရပ်တွင် ပို၍သေးငယ်နိုင်ခြင်း မရှိတော့မှုတို့ကို ပြဆိုခဲ့သည်။ ယင်းတို့ကို “ပလန့်ခ်ကိန်းသေ” (Plunk Constant) ဟု ခေါ်သည်။ ထို့ပြင် ၎င်းသည် အမှုန်တစ်ခု၏ တည်နေရာနှင့် အလျင်ကို တိုင်းတာသည့် နည်းလမ်း၊ သို့မဟုတ် အမှုန်အမျိုးစားစသည်တို့အပေါ်တွင် မူတည်ခြင်းမရှိဘဲ အကန့်အသတ်မရှိ မှန်ကန်ပေရာ “ဟိုင်ဇင်ဘတ်” ၏ “မသေချာမှုနိယာမ” သည် အခြေခံကျလှသည့် လောက၏ မလွတ်မြောက်နိုင်သော ပိုင်ဆိုင်မှုပင် ဖြစ်တော့သည်။

ယေဘုယျအားဖြင့် ကွမ်တမ်မက္ကန်းနစ်သည် လေ့လာစမ်းသပ်မှုတစ်ခုအတွက် တိကျသည့်ရလဒ် တစ်စုံတစ်ရာကို မခန့်မှန်းပါ။ ထိုအစား ခြားနားသော ဖြစ်နိုင်ခြေရလဒ် အများအပြားနှင့် ၎င်းတို့ တစ်ခုစီသည် မည်မျှ နီးစပ်တူညီမှုရှိသည် ဆိုသည်ကိုသာ ခန့်မှန်းသည်။ ဆိုကြပါစို့... တူညီသည့် စနစ်တစ်ခုနှင့်ပင် စမ်းသပ်တိုင်းတာမှုအများအပြား လုပ်ဆောင်မည်ဆိုလျှင် စမ်းသပ်မှုတစ်ခုချင်းစီသည် အစပိုင်းသည် မနှီးယိုးစွဲ တာထွက်ကြမည်ဖြစ်ပြီး တစ်စုံတစ်ခုသော အကြိမ်အရေအတွက်တွင် တိုင်းတာမှု၏ ရလဒ်အဖြေသည် (A) ဟု ထွက်မည်၊ အခြားသော အကြိမ်အရေအတွက်တစ်ခုတွင် (B) ဟု ထွက်မည် ... စသည်ဖြင့်...။ ရလဒ် (A) သို့မဟုတ် (B) ထွက်မည့် အကြိမ်အရေအတွက်ကို ခန့်မှန်းနိုင်လိမ့်မည် မဟုတ်သလို တိုင်းတာမှုတစ်ခု၏ ရလဒ် အတိအကျကိုလည်း ခန့်မှန်းတွက်ချက်နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော်လည်း ထို့ကြောင့်ပင် ကွမ်တမ်မက္ကန်းနစ်သည် “မခန့်မှန်းနိုင်စွမ်း” (Unpredictability) သို့မဟုတ် “ကြုံရာကျပန်းဖြစ်မှု” (Randomness) ဟူသည့် ရှောင်လွှဲမရသည့် လက္ခဏာရပ်များကို သိပ္ပံပညာ၏နယ်ပယ်အတွင်းသို့ ဆွဲသွင်းမိတ်ဆက်လာခဲ့ပေသည်။ ဤစိတ်ကူး (မခန့်မှန်းနိုင်စွမ်း / ကြုံရာကျပန်းဖြစ်မှု) အား ဖွံ့ဖြိုးအောင်ကြိုးပမ်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကပြခဲ့သော်လည်း “အိုင်းစတိုင်း” (Einstein) က ယင်းကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ “ကွမ်တမ် သီအိုရီ” အတွက် သူ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ပင် “အိုင်းစတိုင်း” နိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ “အိုင်းစတိုင်း” သည် စကြ၀ဠာကြီးကို “မတော်တဆ” (By Chance) များကသာ ထိန်းကွပ်မောင်းနှင်နေသည်ဟု လုံးဝ လက်မခံခဲ့ကြောင်း သူ၏ကမ္ဘာကျော်အဆို “ဘုရားသခင်သည် အန်စာမခေါက်...” အရ သူ့သဘောထားကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ သို့သော်လည်း အခြားသော သိပ္ပံပညာရှင်အများစုကမူ လက်တွေ့စမ်းသပ်မှုများနှင့် ပြီးပြည့်စုံစွာ ကိုက်ညီမှုရှိသဖြင့် “ကွမ်တမ်မက္ကန်းနစ်” ကို လက်ခံရန် အလိုရှိကြသည်။ စင်စစ် ၎င်းသည် ထူးချွန်အောင်မြင်သည့် သီအိုရီတစ်ရပ်ဖြစ်ကြောင်းကို ခေတ်သစ်သိပ္ပံနှင့် နည်းပညာများ အားလုံးနီးပါးက ထောက်ပြနေပေသည်။ ရုပ်မြင်သံကြားနှင့် ကွန်ပြူတာကဲ့သို့သော အီလက်ထရောနစ်ပစ္စည်းများ၏ မရှိမဖြစ်အရေးပါသည့်အစိတ်အပိုင်း ပေါင်းစပ်ဆားကစ်များနှင့် ထရန်စစ္စတာများ၏ လုပ်ဆောင်ပုံကို ၎င်းဖြင့် ထိန်းချုပ်ထားသည့်အပြင် ခေတ်သစ် ဓာတုနှင့် ဇီဝဗေဒတို့၏ အခြေခံစည်းမျဉ်းလည်း ဖြစ်ပေသည်။ “ကွမ်တမ်မက္ကန်းနစ်” က အဆင်ပြေညီညွတ်စွာ ပေါင်းစပ်လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့် ရူပဗေဒသိပ္ပံနယ်ပယ်မှာ အရွယ်အစားကြီး စကြ၀ဠာတည်ဆောက်မှုပုံစံနှင့် ဒြပ်ဆွဲအားတို့သာလျှင် ကျန်ရှိပေတော့သည်။
Ref:
“စတီဖှင် ဟော့ကင်း” (Stephen Hawking) ၏ “အချိန်၏သမိုင်းအကျဉ်း” (A brief history of time) စာအုပ်မှ “မသေချာမှုနိယာမ” အခန်း တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်။
(စာမျက်နှာ ၅၇ မှ ၆၀ ထိ)
◄ တေဇာ ► ဒီဇင်ဘာ (၇) ၂၀၀၉
Nice one keep it up bro!
ReplyDelete