Skip to main content

ချစ်ခြင်းဖြင့် မလုံလောက်လေသောအခါ ...


ပွဲကြည့်ပရိသတ်၏ တတိယမြောက် ခုံတန်းတွင် ကျွန်မနှင့် ခင်ပွန်းဖြစ်သူ “မိုက်” တို့ ထိုင်နေသည်။ ဘွဲ့နှင်းသဘင် ပေးအပ်ပွဲတွင် သမီးလေး ကေတီ၏နာမည်ကို ခေါ်ယူမည့်အချိန်ကို စောင့်ဆိုင်းနေ ကြခြင်းဖြစ်သည်။ မိုက်က ကျွန်မ၏ လက်ကို ဖြစ်ညှစ်ဆုပ်ကိုင်ပြီး ပြုံးလိုက်သည်။ ကျွန်မတို့နှစ်ယောက်သား ဂုဏ်ယူဝမ်းမြောက်မှုကို ခံစားနေရသည်။ တကယ်တော့ ကေတီ၏ဘွဲ့နှင်း သဘင်အခမ်းအနားကို အိပ်မက်မမက်နိုင်ခဲ့သော ကာလတစ်ရပ် အမှန်ပင်ရှိခဲ့ပါသည်။ ထိုကာလကိုလည်း ကျွန်မ ကောင်းကောင်း မှတ်မိနေပါသည်။

ကျွန်မတို့ ဘုရားကျောင်း၏ အော်ပရက်တာ (Operetta) ပြဇာတ်အတွက် ၀တ်စားဆင်ယင်မှု အစမ်းလေ့ကျင့်ခန်းသည် အဆင်ပြေချောမွေ့နေခဲ့သည်။ သံပြိုင်သီဆိုရမည့် အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကျွန်မက ပန်းရောင်တောက်တောက်ဂါဝန်ကိုဝတ်ပြီး အခြားအမျိုးသမီး ကိုးယောက်နှင့်အတူ ခပ်တောင့်တောင့် ရပ်နေမိသည်။ အားလုံးက ကျွန်မလို အိမ်ရှင်မတွေဖြစ်ပြီး ပျော်လည်းပျော်စေ၊ အလှူငွေလည်းရစေ သဘောမျိုးဖြင့် ပါဝင်ကူညီကြသူများချည်းဖြစ်သည်။ ဘုရားကျောင်း၏ အတွင်းရေးမှူးတစ်ယောက် ၀င်ရောက်လာပြီး ကျွန်မသတိထားမိအောင် အချက်ပြကာ ပါးစပ်လှုပ်ပြီး ကျွန်မကို ပြောလိုက်သည်။ “တယ်လီဖုန်း...”



§§§§§§§


ရုံခန်းဆီသို့ ကျွန်မဦးတည်လိုက်သည်။ သေချာသည်က အလုပ်နောက်ကျမည့်အကြောင်းပြောမည့် မိုက်ဖြစ်လိမ့်မည်။ သို့မဟုတ် သားကြီးဂျိုး၊ ကျောင်းမှလှမ်းခေါ်တာ ဖြစ်လိမ့်မည်။ သို့မဟုတ်လျှင် ဘောလုံးလေ့ကျင့်ရေးကွင်းတွင် နောက်ကျမည့် ဂျင်မီ၊ ဤသို့မှမဟုတ်လျှင် ၁၆ နှစ်သမီး အလိမ္မာလေး ကေတီ၏ ညစာအတွက် ဘယ်ဟင်းနွေးထားရမလဲ မေးမည့် ဖုန်းပင် ဖြစ်ရပေမည်။

“ဟဲလို” ဟု ကျွန်မ ထူးလိုက်သည်။ ပြန်ဖြေသံ ထွက်မလာ။
“ဟဲလို” ထပ်ထူးလိုက်ပြီးနောက် တိုးညင်းသည့် ခပ်အုပ်အုပ်အသံလေးကို ကြားရသည်။
“အမေ.. အိမ်ကို လာပါ” ကေတီပဲ ဖြစ်ပါသည်။ တစ်ခုခုတော့ ဖြစ်ပြီ။
“ဘာဖြစ်လို့လဲ” ဟု ကျွန်မ အော်လိုက်သည်။
“အိမ်ကိုပြန်လာပါ… ကျေးဇူးပြုပြီး…” ဆိုသည်သာ တစ်ခုတည်းသော ဖြေသံဖြစ်သည်။ သူ့အသံကိုပင် ကျွန်မ မနည်းနားထောင်နေရသည်။

“အမေလာနေပြီ ကေတီ၊ ဒါပေမဲ့ ဘာလဲ ပြောပါဦး။ ဘာဖြစ်တာလဲ”
“သမီး အိပ်… အိပ်… ” ကြမ်းပြင်သို့ ဖုန်းလွတ်ကျသွားသံကိုသာ ကြားလိုက်ရသည်။ ထို့နောက် တိတ်ဆိတ်သွားသည်။

တိုတောင်းသည့် ကြောက်မက်ဖွယ်ခဏတာမျှ ကျွန်မ မလှုပ်ရှားနိုင်ဘဲ တုန်လှုပ်စွာဖြင့် ကြက်သေသေနေမိသည်။ ထို့နောက် ပိုက်ဆံအိတ်အတွင်းမှ ကားသော့ကို ကျွန်မ တုန်တုန်ယင်ယင် ရှာဖွေနေမိသည်။ အတွင်းရေးမှူးကို ပြောခဲ့ဖို့ ကျွန်မ စီစဉ်ရသည်။ “ကျေးဇူးပြုပြီး… ကျွန်မအိမ်ကို လူနာတင်ယာဉ် လွှတ်ပေးပါရှင်။ ကေတီ့ကို ဆေးရုံပို့ပေးပါ” ထို့နောက်တွင် ကားအတွင်းသို့ ကျွန်မ လှစ်ခနဲ ခုန်ဝင်လိုက်လေသည်။

ကေတီ့ကို တင်ဆောင်လာသည့် လူနာတင်ယာဉ်နှင့် မရှေးမနှောင်းပင် ကျွန်မ ဆေးရုံကို ရောက်ခဲ့သည်။ တာဝန်ရှိသူများက ကျွန်မကို ကေတီနှင့် တွေ့ခွင့်မပေးသေး။ ကိုယ့်ကိုယ်ကို အသင့်အနေထားရှိအောင် နေရင်း မိုက်၏ ရုံးသို့ ကျွန်မ ဖုန်းခေါ်လိုက်သည်။
“မိုက်။ ဆေးရုံကိုလာပါ။ ကေတီတော့ ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်ပြီ”  ကျွန်မ အသက်ကို ဆတ်ခနဲ ရှူလိုက်မိသည်။ ပထမဆုံးအကြိမ်အဖြစ် ကျွန်မ ရှိုက်ကြီးတငင် ငိုနေမိတော့သည်။

ကောင်တာမှ နာ့စ်လေးက ကျွန်မထံမှ ဖုန်းကို လှမ်းယူလိုက်ပြီး ကေတီ့အခန်း တံခါးဝကို လှမ်းမြင်နေရသည့် လူနာစောင့် အခန်းလေးအတွင်းသို့ ကျွန်မကို ခေါ်ဆောင်သွားသည်။ ကျွန်မက ပြဇာတ်တိုက်ထားသည့် အပေါ်ဝတ်ဂါဝန် ၀တ်စုံနှင့်ပင် ရှိသေးသည်။ သို့သော် ဂရုမစိုက်နိုင်ပါ။

မိနစ်များ တစ်ရိပ်ရိပ်ဖြတ်ကျော်သွားချိန်တွင် အမှန်တရားက ကျွန်မထံ ရိုက်ခတ်လာသည်။ ကေတီသည် အိပ်ဆေးများ သောက်ခဲ့သည်။ အိပ်ဆေးဟု ဂရုတစိုက် ရေရွတ်ကြည့်မိသည်။ ထိုစကားလုံးက ကျွန်မ၏အတွေးထဲတွင် ပေါ်လာသည်။ ထိုစကားလုံးကို မတွေးမိအောင် ကာဆီးထားမိသည်။ သို့သော် ထပ်ပေါ်လာပြန်သည်။ မတွေးမိအောင်နေလို့မရ။ ကိုယ့်ကိုယ်ကို သတ်သေခြင်း…။ ကေတီ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့သည်။ ကေတီမဖြစ်ရဘူး။ ကေတီ ဘယ်တော့မှ မဖြစ်ရဘူး…။

ကေတီသည် ကမ္ဘာပေါ်တွင် ချစ်ခင်မှုနှင့် အလိုလား အခံရဆုံးကလေးငယ်သာဖြစ်သည်။ အပြစ်ပြောစရာ တစ်ကွက်မှမရှိသည့် ကျွန်မတို့ ဂုဏ်ယူပျော်ရွှင်ရသည့် ကလေး။ သူက ပျားရည်ရောင် ဆံပင်အခွေလေးတွေနှင့် ကောင်းကင်လိုပြာသည့် မျက်လုံးလေးတွေ ရှိသည်။ သူ သူနာပြုကျောင်းစတက်သည့်နေမှစ၍ သူ့ကို ချစ်ခင်ဂရုစိုက်လှသဖြင့် တစ်ခါတစ်ရံ ကျွန်မတို့ကပင် ပိုလွန်းသည်ဟု ထင်မိတတ်ကြသေးသည်။ အခြားကလေးငယ်များက မိဘများကို ခြေမကိုင်မိလက်မကိုင်မိ ဖြစ်စေသည့် အရွယ်ရောက်ခါစ လက္ခဏာများ ပြသလာချိန်တွင် ကေတီလေးကတော့ ကလေးလေးတစ်ယောက်သဖွယ် ချစ်စရာ ကောင်းဆဲ။ မိန်းကလေးများနှင့် လိင်ကိစ္စအကြောင်း တီးတိုးတီးတိုးသဖန်းပိုးမလုပ်၊ ကောင်လေးတွေကို မူယာမာယာမပေး၊ ဈေးဆိုင်က အလစ်မသုတ်သလို စီးကရက်လည်း မသောက်တတ်။

မိုက်နှင့်ကျွန်မက သူ့ကို တွန်းအားပေးစရာမလိုဘဲနှင့်ကို သူက တော်သည်။ အမှတ်ကောင်းကောင်း ရသည်။ စန္ဒယားတီးသည်၊ ကဗျာရေးသည်။ အိမ်စာများကို ယုံယုံကြည်ကြည်လုပ်သည်။ သူ့ကို ကျွန်မတို့ ဘယ်လောက်များချစ်မလဲ စဉ်းစားကြည့်နိုင်ပါသည်။

ဆေးရုံသို့ မိုက် ကတိုက်ကရိုက်ရောက်လာသည်နှင့် ကျွန်မ၏ စမြုံ့ပြန်အတွေးစများ လွင့်ပါးသွားရသည်။ ကျွန်မ သူ့ဆီသို့ ပြေးသွားပြီး နှစ်ယောက်သား လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိကြသည်။ ထိုအချိန်မှာပင် ဆရာဝန်တစ်ယောက်က ကေတီ့အခန်းတံခါးကို ဖွင့်လိုက်သည်။ စားပွဲပေါ်မှ အ၀တ်စဖုံးလွှမ်းထားသည့် ပုံသဏ္ဍာန်တစ်ခုအဖြစ် သူ့ကို မြင်နေရသည်။ မီတာပုံးတွင် ၀ါယာများ ဟိုတစ်စသည်တစ်စထွက်နေသကဲ့သို့ သူ့ထံတွင် ပိုက်များ တိုးလိုးတန်းလန်း ရှိနေသည်။ ဆရာဝန်က မိုက်နှင့် ကျွန်မဆီသို့ လျှောက်လာသည်။ ကေတီ၏အစာအိမ်အား စုပ်ထုတ်ပစ်လိုက်ပြီးဖြစ်ကြောင်း သူက ပြောပြသည်။ သတိလစ်နေဆဲဖြစ်သော်လည်း အခြေအနေကောင်းသွားပြီဟု သူတို့ထင်ကြောင်း ပြောသည်။ တစ်ယောက်ယောက်တော့ သူ့နားမှာ နေသင့်သည်ဟု ဆိုသည်။ နှစ်ယောက်စလုံးနေမည့်အထိမ်းအမှတ်ဖြင့်ပင် ကျွန်မတို့ ပြိုင်တူ ခေါင်းညိတ်ပြလိုက်မိကြသည်။

“ခင်ဗျားတို့ရဲ့ စိတ်ရောဂါဆရာဝန်က ဘယ်သူပါလိမ့်” ဟု သူက မေးလိုက်သည်။ မိုက်နှင့်ကျွန်မ ရုတ်တရက် ကြောင်သွားပြီး အချင်းချင်းကြည့်လိုက်မိကြသည်။ “ကျွန်တော်တို့မှာ စိတ်ရောဂါဆရာဝန် မရှိပါဘူး” ဟု မိုက်က ပြန်ဖြေလိုက်သည်။
“ဒါဆိုလည်း ကျွန်တော် တာဝန်ကျဆရာကို လွှတ်လိုက်မယ်”
သူ၏လေသံက ရှင်းလင်းတိကျပြီး ချက်ကျလက်ချနိုင်သည်။
“ခင်ဗျားတို့ အခု သူ့အခန်းထဲ သွားရင်ကောင်းမယ်။ သူသတိရလာရင် ကျွန်တော်တို့မှာ ပြဿနာ ရှိကောင်းရှိမယ်”

ကုတင်ကျဉ်းကျဉ်းလေးပေါ်တွင် ကေတီ လဲလျောင်းနေသည်။ မိုက်က ခြေရင်းတွင်၊ ကျွန်မက နံဘေးတွင် ၀င်ထိုင်လိုက်ကြသည်။ ကျွန်မ ကေတီ့လက်ကို ဆွဲကိုင်လိုက်သည်။ သူ့လက်ကလေးတွေက အေးစက်ပြီး တုန့်ပြန်မှုတစ်စုံတစ်ရာ မရှိ။ တစ်နာရီလောက် ကြာသွားသည်။ ထို့နောက် နှစ်နာရီ…။ အသံတိတ်မေးခွန်းတစ်ခုက ကျွန်မတို့နှစ်ဦးကြား မိုးကြိုးပစ်သလို မြည်ဟီးနေ၏။ ဘာကြောင့်လဲ…။

တကယ် ဘာကြောင့်ပါလဲ…။ ကေတီသည် ကောင်းမွန်သည်။ ကေတီသည် အောင်မြင်သည်။ ကေတီ့ကို ချစ်ကြသည်။ ကေတီသည် သူငယ်ချင်းများ၊ ဆရာများ၊ မောင်နှမများနှင့် အဆင်ပြေပျော်ရွှင်နေသည်။ ထို့ထက်ပို၍ မိဘများနှင့်ပါ ထိုနည်း၎င်းပင် ဖြစ်သည်။ သို့ဆိုလျှင်…အကြောင်းရင်းသည် ဘာကြောင့်ပါလဲ။

အဖြေက မရှိ။
ထိုသို့ သို့လောသို့လောတွေးရင်းဖြင့် အချိန်များ ကုန်ဆုံးသွားခဲ့သည်။ ကေတီ့ထံမှ ညီးညူသံ စတင်ထွက်ပေါ်လာသည်။ ညီးညူသံက ကျယ်လောင်လာသည်နှင့် တစ်ပြိုင်တည်း ကိုယ်ခန္ဓာကလည်း ဘေးတစ်ဘက်တစ်ချက်ဆီသို့ ကစဥ့်ကလျား လူးလွန့်လှုပ်ရှားလာသည်။

“ကေတီ” ဟု ကျွန်မ တီးတိုးရေရွတ်လိုက်သည်။ “ကေတီ၊ အမေနဲ့ အဖေပါ။ အမေတို့ ရှိတယ်နော်”
သူ၏  ညည်းညူသံက ပိုမိုကျယ်လောင်လာသည်။ နှုတ်ခမ်းများက တစ်ခုခုပြောဖို့ ကြိုးစားနေသည်။ သူ၏ ကိုယ်ခန္ဓာက အပြင်းအထန် လူးလွန့်နေသည်။

သူ့နဖူးပြင်ကို သပ်ပေးလိုက်ပြီး ကျွန်မမျက်နှာကို သူ့ပါးနှင့် ကပ်ထားလိုက်သည်။
“အမေနဲ့… ” ကျွန်မစကား အဆုံးမသတ်နိုင်ခင်တွင်ပင် ကေတီ့ပါးစပ်မှ ပြစ်ပြစ်နှစ်နှစ် အယုတ္တအနတ္တစကားများ တရစပ်ထွက်ပေါ်လာသဖြင့် အလန့်တကြားဖြင့် နောက်သို့ အလျင်အမြန်ဆုတ်ပြီး ထိုင်ခုံပေါ် ထိုင်မိရက်သား ဖြစ်သွားသည်။ ကေတီသည် တစ်ခါမျှ ဆဲရေးတိုင်းထွာခဲ့ဖူးခြင်း မရှိ။

မိုက်က သူနာပြုကို ပြေးခေါ်သည်။ သူတို့ ချက်ချင်းပြန်ရောက်လာကြသည်။ သူနာပြုက စစ်တပ်သုံး ခါးပတ်နှင့် တူသည့် မီးခိုးရောင် သားရေပတ်တစ်ခုကို ယူဆောင်လာသည်။ သူက ကေတီ၏ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်များကို စကားတစ်ခွန်းမျှမပြောဘဲ အေးဆေးစွာ စည်းနှောင်လိုက်သည်။ ကေတီက အားအင်ကုန်ခမ်းနေသည့် မျက်နှာလေးဖြင့် ခါးကို ကွေးကာ အနှောင်အဖွဲ့မှ အစွမ်းကုန် ရုန်းကန်နေသည်။ သူနာပြုက သူ၏ပါးပေါ်သို့ ရေစိုအ၀တ်စတစ်စ လွှမ်းလိုက်သောအခါ တိရစ္ဆာန်တစ်ကောင်ပမာ သူနာပြု၏ လက်ကောက်ဝတ်ကို ဆတ်ခနဲ လှမ်းကိုက်လိုက်သည်။

သည်လိုနှင့် ညသို့ ရောက်လာခဲ့သည်။ ခဏမျှ နားပြီးနောက် အတန်ကြာအောင် ကေတီက တွန့်လိမ်အော်ဟစ်ပြီး သူ့ အမုန်းတရားများကို ဒေါသတကြီး အော်ဟစ်ပြောဆိုနေသည်။ အလုပ်သင် ဆရာဝန်လေးက သူ့ကို စစ်ဆေးနိုင်ရန် လက်မောင်းအား ဖြည်ပေးလိုက်သောအခါ လက်သီးဖြင့်ထိုးလိုက်သဖြင့် နှာခေါင်းသွေးလျှံသွားသည်။ စောင်လဲပေးရန်လာသည့် သူနာပြုအသစ်၏ မျက်မှန် ပြုတ်ကျသွားစေသည်အထိ ခြေထောက်ဖြင့် လှမ်းကန်လိုက်သေးသည်။ နောက်ဆုံး၊ နံနက် (၆) နာရီခန့်တွင် သူ အိပ်မောကျသွား ပါတော့သည်။

ကေတီ ပြန်နိုးလာချိန်တွင် စကားပြောရန် ကြိုးစားသည်။ သို့သော် သူ့ပါးစပ်က ခြောက်ကပ်နေသည်။ ကျွန်မက ရေတစ်ခွက်ကို သူ့ပါးနား ကမ်းပေးလိုက်သည်။ ချုပ်နှောင်ထားသည့် သားရေပတ်ကို ဖြည်ပေးလိုက်သည်။ သူက ပြုံးနေသည်။ မိုက်နှင့်ကျွန်မ တစ်ဦးကိုတစ်ဦး အူကြောင်ကြောင်နှင့် လှမ်းကြည့်လိုက်မိကြသည်။ မျက်ရည်များကိုတော့ သူ မမြင်အောင် ဖုံးကွယ်ထားလိုက်ရသည်။

“သမီးဘယ်မှာလဲ” ဟု ကေတီက တိုးတိုးလေးမေးသည်။
“ဆေးရုံမှာ ကေတီ”  မိုက်က ဖြေလိုက်သည်။
ကေတီက သူ့လက်ကောက်ဝတ်ကို ပွတ်သပ်ပြီး “သမီးအိပ်မက်မက်တယ်။ သမီးအိပ်မက်မက်နေတယ် ထင်တယ်” ဟု ပြောလိုက်သည်။ “သမီးမယုံနိုင်ဘူး… သမီး…၊ အရာအားလုံးပဲ။ သမီးမှတ်မိသမျှ အားလုံးပဲ။ အားလုံးကို သမီးမုန်းတယ်… ”
“ဖေဖေတို့ကိုလား သမီး။ အဓိကက ဖေဖေတို့ကိုလား… ” မိုက်က မေးလိုက်သည်။
“မဟုတ်ဘူး။ အဓိကက သမီးကိုယ် သမီး…” ပြောရင်း သူ့မျက်လုံးများကို ပြန်မှိတ်လိုက်၏။

ခဏမျှကြာသောအခါ တာဝန်ကျ စိတ်ရောဂါဆရာဝန် ဒေါက်တာ မက်သူး ၀င်လာသည်။ သူက မိုက်နှင့် ကျွန်မနှင့်ကို အပြင်ထွက်ပေးဖို့ ပြောဆိုပြီး ကေတီနှင့် တစ်နာရီခန့် တွေ့ဆုံသည်။ ပြန်ထွက်လာသောအခါ သူက ကျွန်မတို့ကို ရုံးခန်းလေးအတွင်းသို့ ခေါ်ဆောင်သွားသည်။ “ကေတီဟာ အရမ်းဂယောက်ဂယက်ဖြစ်နေတဲ့ အမျိုးသမီးလေးပဲ” ဟု သူက ပြောသည်။ “သူ့အတွက်သူ ဘာမျှ မစဉ်းစားမိဘူး။ အဲဒါကြောင့် သူ အိပ်ဆေး သောက်မိတာ”

“ဒါပေမဲ့ သူဟာ အံ့အားသင့်စရာကောင်းတဲ့ မိန်းကလေးပါ။ အမြဲတမ်း ဒီလိုပဲ သူရှိခဲ့တာပဲ” ကျွန်မက ခုခံကာကွယ်သည့်သဘာမျိုးဖြင့် ပြာပြာသလဲ ပြောလိုက်မိသည်။ “သူ ဒါကို သိရမှာပဲ”
ဒေါက်တာ မက်သူးက တည်ငြိမ်အေးဆေးစွာ ဆက်ပြောသည်။
“ခင်ဗျားတို့ ဒီလိုပဲ တွေးလိမ့်မယ်လို့ သူက သိတယ်။ ဒါကြောင့် အဲဒီလိုဖြစ်အောင် သူ ကြိုးစားတယ်။ သူ့အနေနဲ့ ကြိုးစားဖို့ တာဝန်ရှိသွားပြီလို့ သူက ခံစားရတယ်၊ ခင်ဗျားတို့က သူဟာ ဘယ်လိုကောင်မလေးဖြစ်တယ်လို့ ထင်နေတဲ့ အတွေးတွေကိုလေ…။ ဒါဟာ ညက ကျွန်တော်တို့ကို သူပြောပြတဲ့အကြောင်းပဲ…”
“သူက ခင်ဗျားတို့ စိတ်ပျက်မှာကို၊ မကျေမနပ်ဖြစ်မှာကို အလိုမရှိဘူး။ အားလုံး သူ့ကိုထင်နေသလို သူဟာ အရမ်း ကောင်းမွန်လိမ္မာတဲ့ကောင်မလေး မဟုတ်ပါဘူးဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး။ ကျွန်တော်တို့အားလုံး အချစ်ခံချင်ကြတာပဲ.. ခင်ဗျားတို့သိပါတယ်။ မိဘတွေကတောင်မှ လိမ်လိမ်မာမာနေတဲ့အတွက်ကြောင့်သာ သူ့ကိုချစ်ကြတာလို့ သူ ထင်တယ်။ သူ့ကိုယ်သူ လူပုဂ္ဂိုလ်တစ်ယောက်လို့တောင် သူ မတွေးမိတော့ဘူး။ ဒါကြောင့် သေသွားလည်း သိပ်မထူးဘူးလို့ တွက်တယ်။ အဲဒါက ကျွန်တော် လုပ်ရမယ့်အလုပ်ပေါ့…”

“ဒါဆို သူ ဒါမျိုး ထပ်လုပ်ဦးမှာပေါ့” ဟု မိုက်က မေးလိုက်၏။
“အမှန်ပဲ။ အဲဒါကြောင့် သူ့ကို စိတ်ကျန်းမာရေးဆေးရုံမှာ ခဏလောက် ထားစေချင်တယ်”
မိုက်နှင့် ဒေါက်တာမက်သူးတို့ စကားဆက်ပြောနေကြသော်လည်း ကျွန်မ မကြားတော့။ ကျွန်မ စိတ်တစ်ခုလုံး အမှောင်အတိကျသွားသည်။ မယုံကြည်နိုင်ခြင်းတို့ဖြင့် မူးနောက်ရီဝေစွာ ကျွန်မ သတိပြန်လည်လာချိန်တွင် သူတို့နှစ်ယောက်က ကေတီ့ကို ဘယ်ဆေးရုံသို့ ပို့သင့်သည်ဟု ဆုံးဖြတ်နေကြပေပြီ။ “ခင်ဗျားတို့သိရမှာက သူဟာ ပထမဆုံးမဟုတ်ဘူး။ သူ့လို တခြား ငယ်ရွယ်သူတွေလည်း အဲဒီမှာ အများကြီးရှိနေတယ်” ဟု ဒေါက်တာ မက်သူးက ပြောလိုက်သည်။ သူက မတ်တပ်ရပ်လိုက်ပြီး ကျွန်မတို့ရှိရာ စားပွဲနားသို့ လျှောက်လာသည်။
“သူ ခင်ဗျားတို့ကိုချစ်တာ ခင်ဗျားတို့သိပါတယ်”
“ကျွန်တော်တို့လည်း သူ့ကို ချစ်ပါတယ်”  မိုက်က ပြောလိုက်သည်။
“ကျွန်တော် သိပါတယ်”
“ဒါဆို ဘာကြောင့်လဲ” ဟု ကျွန်မ တောင်းပန်သံဖြင့် ပြောလိုက်မိသည်။
“ချစ်ရုံနဲ့ မလုံလောက်လို့ပေါ့။ လူတစ်ယောက် အချစ်ရဲ့ ရောင်ပြန်ဟပ်မှုအနေနဲ့ ခင်ဗျား မတည်ရှိနေနိုင်ဘူး။ မိမိကိုယ်တိုင် လူတစ်ယောက် ဖြစ်ရဦးမယ်” အချိန်အတန်ကြာ တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။
“သူ ဖြစ်ရပါစေမယ်”

ကေတီ့အခန်းတွင်းသို့ ကျွန်မတို့ ပြန်ဝင်လာကြသည်။ သူက ပက်လက်အနေအထားနှင့် လဲလျောင်းနေပြီး ခေါင်းကို တစ်ဘက်သို့ စောင်းထားသည်။ သူ့ဆံပင်များက ခေါင်းအုံးပေါ်တွင် ဖြတ်ကျနေသည်။ အပြင်ပန်းတွင် သူသည် ကျွန်မတို့သိသည်ဟု ထင်ထားခဲ့မိသည့်… ကေတီ…။ ကျွန်မတို့ ဘယ်တုန်းကမျှ မမြင်ခဲ့ဖူးသည့် အတွင်းအဇ္ဈတ္တတွင်သော် အလိုမကျဖြစ်နေသော ကလန်ကဆန်စိတ်ထား၊ ကိုယ့်ကိုယ်ကို မုန်းတီးမှု၊ ညက သူ့ လက်ကောက်ဝတ်တွင် သားရေပတ်နှင့် နာနာကျင်ကျင် ချည်နှောင်ထားခဲ့သကဲ့သို့ ကျွန်မတို့၏ ချစ်ခြင်းမေတ္တာ ပုံရိပ်များဖြင့် နှောင်ဖွဲ့ထားမှု စသည်တို့နှင့် တင်းကြပ်နေပေလိမ့်မည်။

ကေတီတစ်ယောက် ဆေးရုံတွင် ငါးလခန့် နေထိုင်ခဲ့ရသည်။ ထိုနှစ်က ကျောင်းနားလိုက်ရပြီး ဆောင်းဦးရောက်သောအခါ ကျောင်းပြန်မတက်ရန် ဆုံးဖြတ်ခဲ့သည်။ အနီးနားရှိ ဈေးဆိုင်တစ်ခုတွင် သူအလုပ်ရသည်။ နားလည်မှုတစ်ခုအတွက် ကျွန်မတို့ လေ့လာခဲ့ရသည့်အကြောင်း တစ်လုံးတစ်ပါဒမျှ ကျွန်မတို့ မပြောဖြစ်ခဲ့။
ဒီဇင်ဘာလတွင် အဆင်သင့်ဖြစ်ပြီဟု သူ ခံစားရလေသည်။ ကျောင်းပြန်တက်ပြီး တစ်နှစ်ခွဲကြာသောအခါ သူ ကျောင်းပြီးခဲ့လေသည်။ ထိုနှစ် စက်တင်ဘာလတွင်ပင် သူ ကောလိပ်သို့ ရောက်ခဲ့သည်။

မိုက်က ကျွန်မဘက်သို့ လှည့်ကြည့်လိုက်ပြီး ကျွန်မလက်ကို ပွတ်သပ်နေသည်။ ကေတီ့နာမည်အား ခေါ်ပြီးလေပြီ။ စင်္ကြန်လမ်းအတိုင်း သူလျှောက်လာစဉ်တွင်ပင် အစီအစဉ်ကြေငြာသူက သူ၏ အောင်မြင်မှုကို ကြေငြာလိုက်သည်။ ဘီအေ ဒီဂရီတစ်ခုအား ဂုဏ်ထူးဖြင့် အောင်မြင်သည်။ သူ့ထိုင်ခုံသို့ ပြန်လာရာလမ်းတွင် ကေတီ့မျက်လုံးတွေက ကျွန်မတို့ကို ရှာဖွေနေသည်။ သူက ပြုံးပြီးနောက် ပုခုံးတွန့်ပြလိုက်သည်။

ထို့နောက်တွင် အားလုံးက ကျွန်မတို့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ဆက်ကြသည်။ မိုက်နှင့် ကျွန်မက ပြုံးပြီး ကျေးဇူးတင်ကြောင်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောကြသည်။ မိုက်၊ ကျွန်မနှင့် ကေတီတို့ သုံးဦးသာ အဆိုပါ အစဉ်အလာ ယဉ်ကျေးမှုထုံးစံများ၏ နောက်ကွယ်တွင် တည်ရှိနေသော အစစ်အမှန် “ကျေးဇူးတင်စရာ” ကို သိကြပါသည်။ ဘွဲ့ဟူသည့် ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခု ရယူပိုင်ဆိုင်နိုင်ရန် သူ ရုန်းကန်ကျော်ဖြတ်ခဲ့ရသည့် တစ်စုံတစ်ရာပင် ဖြစ်ပါသည်။ ထို ရုန်းကန်မှုအတွက်ပင် နောက်ဆုံးတွင် သူ အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့သည်။

ကေတီတစ်ယောက်… သူ့ “အတ္တ” ကို ရယူနိုင်ခဲ့ပြီ…ဖြစ်သည်။

◄ တေဇာ ► ဒီဇင်ဘာ (၅) ၂၀၀၉

Ref: “Love is not Enough” by Margaret Stern Mattisson

Comments

  1. ဒီလောက်အချစ်ခံရတဲ့ ကေတီလေးက စိတ္တဇဖြစ်သွားခဲ့တာ တစ်မျိုးပဲနော်။
    သူ့ရဲ့အတွင်းစိတ်က ဘာလို့အလိုမကျဖြစ်ရတာလဲနော်။ ပိုစ့်လေးကတော့ ဖတ်ရတာစိတ်ဝင်စားစရာကောင်းတယ်။ ထူးခြားတဲ့ပိုစ့်လေးတစ်ပုဒ်ပါ။

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...