Skip to main content

စာရေးရသည့် အကြောင်းရင်း (၁)

ငါးနှစ်သား ခြောက်နှစ်သား အတော်ငယ်သည့် အရွယ်ကလေးမှစ၍ ကြီးလာလျှင် စာရေးဆရာ တစ်ယောက်သာ ဖြစ်သင့်သည်ဟု ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သိခဲ့ပါသည်။ အသက် ၁၇ နှစ်နှင့် ၂၅ နှစ်အကြားတွင်မူ ထိုအကြံအစည်ကို စွန့်ပစ်ဖို့ ကြိုးစားခဲ့ဖူးသည်။ သို့သော် ထိုသို့ ကြိုးစားနေရင်းနှင့် တစ်ပြိုင်တည်းမှာပင် ကျွန်တော်သည် မိမိဗီဇ အစစ်အမှန်ကို မကျေမနပ် ဒေါသထွက်နေခြင်းသာ ဖြစ်ကြောင်းနှင့် အနှေးနှင့်အမြန် စာအုပ်များရေးသားခြင်း အလုပ်တွင် ဇောက်ချရသင့်သည် ဖြစ်ကြောင်းလည်း သိနေခဲ့ပါသည်။

ကျွန်တော်က သားသမီးသုံးယောက်အနက် အလတ်ဖြစ်ပါသည်။ သို့သော် အကြီးနှင့်ရောအငယ်နှင့်ပါ ငါးနှစ်ခန့် ခြားပြီး၊ အသက်ရှစ်နှစ် မတိုင်ခင်အထိ အဖေနှင့် ခဏတစ်ဖြုတ်သာ တွေ့ခဲ့ရပါသည်။ ဤသို့သော အကြောင်းရင်းများကြောင့် ကျွန်တော်သည် တစ်နည်းတစ်ဖုံ အထီးကျန်ဖြစ်နေပြီး မကြာခင်တွင်ပင် အခြားသူများ အမြင်တွင် ထောင့်မကျိုးသည့် မျက်နှာရိပ်ကဲနှင့် ဟန်ပန်မူယာတို့ ဖွံ့ဖြိုးလာခဲ့ပြီး ဤသည်က ကျွန်တော့် ကျောင်းသားဘ၀တစ်လျှောက်လုံး ကျွန်တော့်ကို မထင်မရှားဖြစ်အောင် လုပ်ဆောင်ခဲ့လေသည်။ ကျွန်တော့်တွင် အထီးကျန်ကလေးများ၏ အလေ့အကျင့်ဖြစ်သည့် ပုံပြင်ဖွဲ့ခြင်း၊ စိတ်ကူးယဉ်လူသားများနှင့် စကားပြောခြင်းနှင့် ထို့နောက် ကျွန်တော်၏ စာပေဆိုင်ရာ ရည်မှန်းချက်အစသည်ပင် အထင်သေးခံရခြင်းနှင့် အထီးကျန်ခံစားချက်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းမိခဲ့ခြင်း ဖြစ်ပေသည်။ ကျွန်တော့်တွင် စိတ်ညစ်ညူးဖွယ် အချက်များကို ရင်ဆိုင်နိုင်သည့် စွမ်းအားတစ်ခုနှင့် စကားလုံးများနှင့်ပတ်သက်သည့် သဘာဝစွမ်းရည်တစ်ရပ် ရှိသည်ဟု ကျွန်တော်သိခဲ့ပါသည်။ ဤသည်က ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်မျိုးကို ဖန်တီးခဲ့သည်ဟု ကျွန်တော်ယူဆပါသည်။ ၎င်းမှ ကျွန်တော်၏ နေ့စဉ်ဘ၀က ကျရှုံးမှုများအတွက် ကိုယ်ပိုင် ကျောထောက်နောက်ခံတစ်ခု ကျွန်တော် ရရှိနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ နက်နဲမှုပမာဏ (ဤသည်ကို အထူးတလည် ရည်ညွှန်းပါသည်) အနေဖြင့် ကျွန်တော်၏ ကလေးဘ၀တစ်လျှောက် ရေးသားခဲ့သည့် အရေးအသားများမှာ ဒါဇင်ဝက်ခန့်ပင် ရှိလိမ့်မည်မဟုတ်ပါ။ ကျွန်တော်၏ ပထမဆုံးကဗျာကို အသက်လေးငါးနှစ်ခန့်တွင် အမေ၏ မရေးမနေရအမိန့်ဖြင့် ရေးသားခဲ့ပါသည်။ ထိုကဗျာသည် ကျားတစ်ကောင်အကြောင်းဖြစ်၍ ကျားတွင် ကုလားထိုင်နှင့်တူသည့် သွားများရှိသည်မှတစ်ပါး အခြားအချက်များကို ကျွန်တော် တစ်ခုမျှ မမှတ်မိတော့ပါ။ အတန်ငယ်ကောင်းမွန်သည့် အရေးအဖွဲ့ဖြစ်သော်လည်း ထိုကဗျာမှာ “ဘလိတ်ခ်” ၏ “ကျား၊ ကျား” ကဗျာကို ခိုးယူတုပထားခြင်းဖြစ်သဖြင့် ကျွန်တော်ပြုံးမိပါသည်။ အသက်ဆယ့်တစ်နှစ်၊ ၁၉၁၄-၁၈ စစ်မီးကြီးတောက်လောင်လာချိန်တွင် မြို့နယ်သတင်းစာတွင် ပုံနှိပ်ခံရသည့် မျိုးချစ်ကဗျာတစ်ပုဒ် ရေးသားခဲ့ပါသည်။ အခြားတစ်ခုအနေဖြင့် နောက်နှစ်နှစ်ခန့်ကြာသော် “ကစ်ခ်ျနား” (Kitchener) သေဆုံးခြင်းအကြောင်းကို ရေးသားခဲ့ပါသည်။  အနည်းငယ်ကြီးလာသောအခါ များသောအားဖြင့် အဆုံးမသတ်သည့် သဘာ၀၀န်းကျင် ကဗျာများကို ဂရီဂေါ်ရီယံပုံစံဖြင့် ကပေါက်တိကပေါက်ချာ တစ်ခါတရံ ရေးခဲ့ပါသည်။ ၀တ္ထုတိုတစ်ပုဒ်အားလည်း ကြိုးစားကြည့်ခဲ့သော်လည်း သုံးစား၍မရအောင်ပင် ရှိခဲ့သည်။ ဤသည်တို့မှာ ထိုကာလများအတွင်း စာရွက်ပေါ်သို့ အမှန်တကယ်ချရေးခဲ့သည့် ကြံရွယ်အားထုတ်မှုများ အားလုံးပင် ဖြစ်ပါသည်။



သို့ရာတွင် ထိုကာလမှနေ၍ စာပေဆိုင်ရာအလုပ်များတွင် နီးစပ်မှုအာရုံလေးကို ရရှိခဲ့ပါသည်။ ထိုနေရာမှစတင်ခြင်းသည် လျင်မြန်လွယ်ကူပြီး ပျော်ရွှင်မှုလည်းသိပ်မရသည့် လုပ်စရာရှိသည့်အလုပ်ကို ကျွန်တော့်ဘာသာ လုပ်ဆောင်ခဲ့မိခြင်း ဖြစ်ပါသည်။ ကျောင်းစာများ၏ ပြင်ပတွင် vers d'occasion ၊ ယခုအချိန်တွင် အံ့အားသင့်စရာဖြစ်နေသည့် အမြန်နှုန်းဖြင့် ဟာသတစ်ပိုင်းကဗျာလင်္ကာများ ရေးဖွဲ့ခဲ့ပါသည်။ ၁၄ နှစ်အရွယ်တွင် Aristophanes အားတုပ၍ တစ်ပတ်အတွင်း ကာရံညီပြဇာတ်တစ်ပုဒ်ကို ရေးဖွဲ့နိုင်ခဲ့ပြီး ကျောင်းသားမဂ္ဂဇင်း တည်းဖြတ်ရာတွင် ပုံနှိပ်ရော လက်ရေးမူအတွက်ပါ ပါဝင်ကူညီခဲ့ပါသည်။ အဆိုပါမဂ္ဂဇင်းများမှာ တွေးကြည့်နိုင်သလောက် မီးကျိုးမောင်းပြတ်အနိုင်ဆုံး ရယ်စရာကောင်းသည့် လုပ်ရပ်များသာဖြစ်ပြီး ယနေ့တွင် အပေါဆုံးဂျာနယ်တစ်စောင်ကို ကိုင်တွယ်ရခြင်းထက်ပင် ဒုက္ခကင်းပါသေးသည်။ သို့သော် ထိုအရာများတစ်ခုပြီးတစ်ခုအပြီး ဆယ့်ငါးနှစ်ကျော်အကြာတွင် အတော်ကွဲပြားသည့် စာပေဆိုင်ရာ လေ့ကျင့်ခန်းများကို ကျွန်တော် လုပ်ဆောင်နေပြီးခဲ့ပြီ ဖြစ်ပါသည်။ ဤသည်မှာ ကိုယ့်အကြောင်းကိုယ် အခန်းဆက်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးခြင်းဖြစ်ပြီး ဦးနှောက်ထဲတွင်သာ တည်ရှိသည့် ဒိုင်ယာရီအမျိုးအစားမျိုး ဖြစ်ပါသည်။ ဤသည်မှာ ကလေးများနှင့် မြီးကောင်ပေါက်များ၏ ပုံမှန် အလေ့အကျင့်တစ်ခုဖြစ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ကလေးငယ်တစ်ယောက်အနေဖြင့် ကျွန်တော်သည် ဥပမာအားဖြင့် မိမိကိုယ်ကို “ရောင်ဘင်ဟု” ဖြစ်သည်၊ ရင်ဖိုပီတိဖြစ်စရာ စွန့်စားခန်းများထဲမှ သူရဲကောင်းတစ်ယောက်ဖြစ်သည်ဟု တွေးထင်တတ်သည်။ သို့သော် မကြာမတင်ပင် ကျွန်တော်၏ “ဇာတ်လမ်း” များသည် ကိုယ့်အကြောင်းကိုယ်ရေးနေခြင်းသက်သက်မှ ရပ်စဲသွားပြီး ကျွန်တော်လုပ်နေသည့် အရာနှင့် မြင်ခဲ့သည်များကို ဖွဲ့ဆိုခြင်း ပို၍ပို၍ ဖြစ်လာခဲ့သည်။ မိနစ်ပိုင်းလောက်မျှ ဤသို့သောအရာ ကျွန်တော့်စိတ်ထဲတွင် ပေါ်လာလျှင် “သူ တံခါးကိုတွန်းဖွင့်လိုက်ပြီး အခန်းတွင်းသို့ ၀င်လိုက်သည်။ နေရောင်ဝါ၀ါသည် လိုက်ကာအကြားမှနေ၍ စားပွဲပေါ်သို့စွေစောင်းကျနေပြီး ထိုနေရာတွင် မှင်အိုးဘေးနားရှိ တစ်ဝက်ပွင့်နေသော မီးခြစ်ဆံဗူးတစ်ဗူး ရှိ၏။ ညာဘက်လက်ကို အိတ်ကပ်ထဲသို့ထည့်ထားရင်း ပြတင်းတံခါးရှိရာသို့ သူရွေ့လျားသွားလိုက်သည်။ လမ်းမပေါ်တွင် လိပ်ဆင်ကွက်အရောင် ကြောင်ကလေးတစ်ကောင် ရွက်ကြွေများကို လိုက်ဖမ်းဆော့ကစားနေ၏” စသည်ဖြင့်...။ အဆိုပါအလေ့အကျင့်မှာ ကျွန်တော် ၂၅ နှစ်မပြည့်ခင်၊ စာပေသမားဘ၀ မရောက်သေးသည့် ကာလတစ်လျှောက်လုံး ကျွန်တော့်ထံတွင် ရှိနေခဲ့ပါသည်။ မှန်ကန်သည့် စကားလုံးရွေးချယ်မှုကို ကျွန်တော် ရှာရ, ရှာလည်းရှာခဲ့သော်လည်း ဤသည်မှာ ပြင်ပစေ့ဆော်မှုတစ်မျိုး၏ အောက်ဝယ် ကျွန်တော့်ဆန္ဒနှင့် ဆန့်ကျင်ကာ ကြိုးစားဖွဲ့ကျူးဖို့ အားထုတ်နေရသလို ဖြစ်နေသည်။ “ဇာတ်လမ်း” ဆိုသည်မှာ ကျွန်တော့်အလိုအားဖြင့် ကွဲပြားသည့်အသက်အရွယ်များတွင် ကျွန်တော် နှစ်ခြိုက်သဘောကျခဲ့သည့် အမျိုးမျိုးသော စာရေးဆရာများ၏ “ဟန်“ များ ရောင်ပြန်ဟပ်နေလိမ့်မည်ဟု ထင်ပါသည်။ ကျွန်တော်မှတ်မိသလောက်တွင် ၎င်းတို့သည် ထွင်းဖောက်မြင်နိုင်ပြီး အနုစိတ်သည့် ချယ်မှုန်းမှု အရည်အသွေးများ အမြဲတမ်း တူညီစွာရှိကြပါသည်။

ကျွန်တော့်အသက် ၁၆ နှစ်အရွယ်တွင် စကားလုံးသက်သက်များ၏ ပီတိကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ဤသည်မှာ အသံနှင့် ပတ်သက်ရာစကားလုံးများ ဖြစ်ပါသည်။ “နိဗ္ဗာန်ဘုံ ပျောက်ဆုံးခြင်း” (Paradise Lost) တွင်...

So hee with difficulty and labour hard
Moved on: with difficulty and labour hee.

ဟု ပါရှိပါသည်။ ထိုအချိန်က ကျွန်တော့်ကို ကျောရိုးထိ စိမ့်စေခဲ့သော်လည်း ယခုသော် သိပ်အံသြစရာ ကောင်းလှသည့်ပုံ မပေါ်တော့ပါ။ he နေရာတွင် hee ဟု စာလုံးပေါင်းထားခြင်းက ကျွန်တော့်ပီတိကို ဖြည့်စွက်စေခဲ့သည်။ ဖွဲ့ကျူးသီကုံးရမည့် အရာများအကြောင်း ကျွန်တော်အားလုံးသိခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော် မည်သို့သောစာအုပ်များ ရေးချင်ခဲ့သနည်းဆိုသည်မှာ ရှင်းပါသည်။ ထိုအချိန်တုန်း ကလည်း စာအုပ်များရေးချင်ကြောင်း ကျွန်တော်ပြောဆိုနိုင်ခဲ့သည်မဟုတ်လား။ ကျွန်တော်က အလွမ်းအဆွေးဇာတ်သိမ်းတို့ဖြင့် သဘာဝကျသည့်ဝတ္ထုများ တစ်ပုံတစ်ခေါင်းကြီး ရေးသားချင်ခဲ့သည်။ ဆွဲဆောင်မှုရှိသည့် ဥဒါဟရုဏ်များဖြင့် အသေးစိတ် ချယ်မှုန်းပြချင်သည်။ ထို့ပြင် ၎င်းတို့၏ အသံထွက်သက်သက်အရသာ အသုံးပြုထားသည့် စကားလုံးများဖြင့်ပြည့်နေသည့် စာပိုဒ်များဖြင့် တဖွဲ့တနွဲ့ ရေးပြချင်သည်။ စင်စစ်မူ ကျွန်တော်၏ ပထမဆုံးဝတ္ထု “ဗမာပြည်နေ့ရက်များ” (Burmese Days) ကို ကျွန်တော့်အသက် ၃၀ အရွယ်တွင်ရေးခဲ့ခြင်းဖြစ်သော်လည်း ထိုထက် အတော်စောစောတည်းက စီမံကိန်းချထားခဲ့ပြီးဖြစ်ပြီး ၎င်းသည် ထိုသို့သော ၀တ္ထုမျိုးများထဲမှ တစ်ပုဒ်ဖြစ်ပါသည်။

ဤနောက်ခံအကြောင်းအချက်များကို ကျွန်တော် ရေးနေရခြင်းမှာ လူတစ်ယောက်သည် ၎င်း၏ အစောပိုင်းဖွံ့ဖြိုးမှု တစ်စုံတစ်ရာကို မသိဘဲနှင့် စာရေးဆရာ တစ်ယောက်၏ စေ့ဆော်မှုကို ၀င်ရောက်ကြည့်ရှုနိုင်မည်ဟု မထင်မိသောကြောင့် ဖြစ်ပါသည်။ သူရေးသားသည့် အကြောင်းအရာကို သူနေထိုင်ရှင်သန်ခဲ့ရာ ဘ၀သက်တမ်းက ပြဌာန်းပါလိမ့်မည်။ အနည်းဆုံးတော့ ကျွန်တော်တို့လို ရုန်းရင်းဆန်ခတ် တော်လှန်ရေးခေတ်အတွက် မှန်ကန်ပါလိမ့်မည်။ သို့သော် စာရေးခြင်းကို အစမပြုမီအချိန်တွင် ကျွန်တော်တို့ အလုံးစုံထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့သည့် စိတ်ခံစားမှုဆိုင်ရာ သဘောထားတစ်ရပ် ရရှိပိုင်ဆိုင်ခဲ့ရပါလိမ့်မည်။ သူ၏ စိတ်အခြေအနေကို ထိန်းကွပ်ရန်နှင့် “တမျိုးကြီးဖြစ်နေသည့်” (Perverse) မရင့်ကျက်သည့် အဆင့်တချို့တွင် တွယ်ကပ်နေမိခြင်းကို ရှောင်ရှားရန်မှာ သူ၏အလုပ်သာဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပါ။ သို့သော် သူ၏ အစောပိုင်း လွှမ်းမိုးခံရမှုများမှ လွတ်မြောက်လာခဲ့ပြန်လျှင်လည်း စာရေးဖို့အတွက် သူ၏ စေ့ဆော်မှုကို သတ်ပြစ်ပြီးသား ဖြစ်သွားပေလိမ့်မည်။ စားဝတ်နေရေးလိုအပ်ချက်ကို ခဏဘေးဖယ်ထားခဲ့လျှင်သော်  စာရေးရန်အတွက်၊ တစ်နည်း ကဗျာလင်္ကာမဟုတ်သည့် စကားပြေရေးသားရန်အတွက် အဓိကလှုံဆော်မှုကြီး လေးချက် ရှိသည်ဟု ကျွန်တော်တွေးမိပါသည်။ ၎င်းတို့သည် စာရေးဆရာအသီးသီးတွင် ကွဲပြားသောပမာဏများဖြင့် တည်ရှိနေပြီး၊ စာရေးဆရာတစ်ယောက်စီတွင်လည်း သူမွေးဖွားရှင်သန်ခဲ့ရာ ၀န်းကျင်အပေါ်မူတည်၍ ရံဖန်ရံခါ လေးနက်မှုပမာဏချင်း ကွဲပြားပါသေးသည်။ ၎င်းတို့မှာ

ဒေါင်ဒေါင်မြည် အတ္တ၀ါဒ (Sheer Egoism)

အသိပညာ ပြည့်ဝသယောင် အထင်ခံရလိုသည့်ဆန္ဒ၊ လူအများ ပါးစပ်ဖျား အပြောခံရလိုခြင်း၊ သေပြီးနောက် သတိတရ ရှိခံရလိုခြင်း၊ ကလေးဘ၀က မိမိကို အရေးမလုပ်ခဲ့သည့် လူကြီးများအား ကျောခိုင်းပစ်နိုင်ရန် စသည်ဖြင့်။ ဤအရာများကို လှုံဆော်မှုမဟုတ်ဟုပြောရန်မှာ မရိုးသားခြင်းပင်ဖြစ်ပါသည်။ စင်စစ် ၎င်းတို့သည် အားကောင်းလှသည်။ စာရေးဆရာများသည် ဤသို့သော ၀ိသေသလက္ခဏာရပ်များကို သိပ္ပံပညာရှင်များ၊ အနုပညာသမားများ၊ နိုင်ငံရေးသမားများ၊ ရှေ့နေများ၊ စစ်သားများ၊ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ အတိုချုပ်အားဖြင့်တော့ ရေပေါ်ဆီအလွှာများအားလုံးနှင့် ဝေမျှလေ့ရှိသည်။ လူသားများ၏ ပမာဏအများစုကြီးမှာ တကယ်တမ်းအားဖြင့် တစ်ကိုယ်ကောင်းမဆန်ကြပါ။ အသက်သုံးဆယ် နောက်ပိုင်းလောက်တွင် တစ်ကိုယ်ရည်တစ်ကာယ အငွေ့အသက်ကလေးများ အားလုံးကို စွန့်ပယ်လိုက်ရလုနီးနီး ရှိခဲ့လေပြီ။ ထို့နောက် တခြားလူများအတွက်သာ အဓိကထား အသက်ရှင် နေထိုင်ကြရသည်။ သို့မဟုတ် ခက်ခဲကြမ်းတမ်းသည့် ငြီးငွေ့ဖွယ်အလုပ်များအောက် အပူရုပ်ကို ဟန်လုပ်ထားခဲ့ကြလေသည်။ သို့သော် အဆုံးထိ မိမိတို့၏ကိုယ်ပိုင်ဘ၀တွင်သာ နေထိုင်သွားရဖို့ ပိုင်းဖြတ်ထားရန် ဆန္ဒရှိသည့် ပါရမီရှင်များလည်း အနည်းစုအနေဖြင့် ရှိနေပါသည်။ ခြုံငုံ၍ပြောရလျှင် “တကယ့်စာရေးဆရာများ” သည် စာနယ်ဇင်းသမားများထက် မိမိကိုယ်ကိုဗဟိုပြုခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်း နေရာတွင် ပိုပါသည်။ အခြားတစ်ဘက်တွင်မူ ငွေကြေးအပေါ်စိတ်ဝင်စားမှုလည်း လျော့နည်းတတ်ပါသည်။

ရသဆိုင်ရာ အာရုံဝင်စားမှု (Aesthetic Enthusiasm)

ပြင်ပကမ္ဘာ၏ အလှအပေါ်၊ သို့မဟုတ် အခြားတစ်ဘက်တွင် စကားလုံးများနှင့် ၎င်းတို့၏ အစီအစဉ်ကျနမှုအပေါ် အာရုံခံစားမှုပင် ဖြစ်ပါသည်။ ခိုင်မာကျနသည့် စကားပြေကောင်းတစ်ခု၊ သို့မဟုတ် ဟန်ချက်ညီသည့် ဇာတ်လမ်းသွားကောင်းတစ်ခုတွင် အသံတစ်သံမှတစ်သံသို့ ရိုက်ခတ်မှုသည် ပီတိပင် ဖြစ်ပါသည်။ တစ်ယောက်ခံစားရသည့် အတွေ့အကြုံကို ဝေမျှချင်သည့် ဆန္ဒသည် လက်လွတ်မခံ သင့်အောင်ပင် တန်ဖိုးကြီးလှပါသည်။ ရသလှုံ့ဆော်မှုတွင် စာရေးဆရာအများစုသည် လွန်စွာအားပျော့လှပါသည်။ သို့ရာတွင် လက်ကမ်းစာစောင်ရေးသားသူတစ်ယောက်၊ သို့မဟုတ် ကျောင်းသုံးသင်ရိုးစာအုပ် ရေးသားသူတစ်ယောက်သော်မှ သူ့မြတ်နိုးသည့် စကားလုံး၊ စကားတွဲများကိုများကို လိုအပ်ချက်အရမဟုတ်ဘဲ စိတ်လိုလက်ရ သုံးစွဲတတ်ပါသည်။ သို့မဟုတ် မာဂျင် (Margin) ချန်ခြင်းစသည့် ပုံနှိပ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သူ့အနေဖြင့် အလေးအနက်ထား ခံစားရနိုင်သည်။ ရထားလမ်းညွှန်စာအုပ်မှအစပြု၍ မည်သည့်စာအုပ်မျှ ရသဆိုင်ရာ ကြံစည်အားထုတ်မှုများနှင့် ကင်းခဲသည်ဟု ဆိုနိုင်ပါသည်။

သမိုင်းဆိုင်ရာ လွှမ်းမိုးသက်ရောက်မှု (Historical Impulse)

အရာများကို အရှိအတိုင်းမြင်လိုသည့်ဆန္ဒ၊ အချက်အလက်မှန်များကို ရှာဖွေဖော်ထုတ်ပြီး နောင်လာနောက်သားများ အသုံးကျရန်အလို့ငှာ သိုမှီးသိမ်းဆည့်ထားလိုသည့် ဆန္ဒပင် ဖြစ်ပါသည်။

နိုင်ငံရေး ရည်ရွယ်ချက် (Political Purpose)


ဤနေရာတွင် နိုင်ငံရေးဟူသည့်စကားလုံးကို ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံးအနက်အဖွင့်ဖြင့် သုံးနှုန်းထားခြင်းဖြစ်ပါသည်။ တူရှူချက် တစ်စုံတစ်ရာဆီသို့ ကမ္ဘာကြီးအားတွန်းပို့လိုသည့် ဆန္ဒ၊ လူတို့၏ အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲပြီး တစ်မျိုးတစ်ဖုံသော လူ့အဖွဲ့အစည်းဆီ ၎င်းတို့ ဦးတည် ရုန်းကန်လှုပ်ရှားကြစေလိုသည့် ဆန္ဒ၊ စသည်တို့ပင် ဖြစ်ပါသည်။ ထပ်ဆိုရလျှင် နိုင်ငံရေးဆိုင်ရာ လျှာထွက်မှုမှ (Political Bias) မှ အလုံးစုံကင်းလွတ်သည့် စာအုပ်ဟူ၍ မရှိပါ။ အနုပညာသည် နိုင်ငံရေးနှင့် မည်သို့မျှပတ်သက်မှုမရှိသင့်ဟူသည့် အယူအဆကိုယ်၌သည်ပင် နိုင်ငံရေးဆိုင်ရာ သဘောထား (Political Attitude) တစ်ရပ်သာ ဖြစ်ပေသည်။

George Orwell ၏ Why I Write?  အက်ဆေးကို ဘာသာပြန်ပါသည်။

◄ တေဇာ ► ဒီဇင်ဘာ (၂၄) ၂၀၀၉

အပိုင်း (၂) သို့သွားရန်။

Comments

  1. ဘာသာပြန်တာ ဆိုပေမယ့် ညက်တယ်ဗျာ....။ ဆက်ဖတ်ဦးမယ်...း)

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...