Skip to main content

ဆန်တာခလောစ် ဒဏ္ဍာရီ

ချစ်ခင်နှစ်လိုဖွယ် ကောင်းလှသည့် ဆန်တာခလောစ် ပုံရိပ်သည် ယဉ်ကျေးမှုများ၊ စိတ်ကူးယဉ် ယုံတမ်းပုံပြင် အများအပြားဖြင့် စုံစီနဖာ ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ဆန်တာခလောစ် လူသားသည် ယနေ့ မြင်တွေ့နေရသည့် အသွင်အပြင်အတိုင်း အမြဲတမ်း မရှိခဲ့စေကာမူ သူ၏ မူလဇစ်မြစ်မှာ တကယ်တမ်းတော့ အခြေအမြစ် သိပ်မရှိလှပါ။ (၃) ရာစုအတွင်းက ရှိခဲ့သော ကက်သလစ် သူတော်စင်တစ်ဦး၏ လက်ဆောင်ပေးခြင်း အလေ့မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပါသည်။

ခရစ်ယန် ပရိုတက်စတင့်ဂိုဏ်း ပေါ်ပေါက်လာခြင်းနှင့် ဥရောပ ယဉ်ကျေးမှုများ အမေရိကသို့ ပြောင်းရွှေ့ အခြေချလာခြင်း တို့ကြောင့် အဆိုပါ သာသနာတွင်း ပုံရိပ် (Pious Figure) သည် ယနေ့ကမ္ဘာတွင် အကျော်ကြားဆုံး ရုပ်ပုံဖြစ်သည့် အနီဝတ်စုံဝတ် အဖိုးအိုအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းလာခဲ့သည်။ ပဉ္စလက် သယ်ယူပို့ဆောင်ရေး စနစ် (Magical Transportation System) နှင့် သူ၏ တန်ခိုးရှင်များတပ်ဖွဲ့ (Army of Elves) ၏ အမှတ်အသားကိုလည်း ပိုမိုပြီးပြည့်စုံစေခဲ့သည်။

စိန့် နစ်ကိုးလပ်စ် (St. Nicholas)

ခရစ်စမတ်ကဒ် လှလှလေးများပေါ်တွင် မြင်ရသကဲ့သို့ စိန့် နစ်ခ် (နစ်ကိုးလပ်စ်) သည် လုံးလုံးဝိုင်းဝိုင်းနှင့် မုတ်ဆိတ်မွေးထူထူကြီး မဟုတ်ပါ။ သမိုင်းထဲမှ နစ်ကိုးလပ်စ်သည် ယနေ့ “တူရကီ” ဟု ခေါ်သည့် ရိုမန်ပြည်နယ်တစ်ခုဖြစ်သည့် Myra မှ သိက္ခာရှိဘုန်းတော်ကြီး တစ်ပါးအဖြစ် ကြည်ညိုလေးစားခြင်းခံရသူ ဖြစ်ပါသည်။ အေဒီ (၂၇၀) ၀န်းကျင်တွေ မွေးဖွားခဲ့ပြီး သမိုင်းပညာရှင်များက သူသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဘုန်းကြီးဖြစ်ခဲ့သည်ဟု ယုံကြည်ကြသည်။

နစ်ကိုးလပ်စ်သည် သူ၏ဘ၀တစ်လျှောက်လုံး ဆင်းရဲချို့တဲ့သူများကို အကူအညီပေးခြင်းအလုပ်တွင် မြှုပ်နှံထားခဲ့သည်။ ဆင်းရဲနွမ်းပါးသည့် မိန်းကလေးငယ်များအတွက် “လင်စရိတ်” (Dowry) ကို မည်သူမှန်းမသိစေဘဲ ပေးကမ်းခြင်းဖြင့် ကျော်ကြားခဲ့သည်။ လျှို့ဝှက် လက်ဆောင်ပေးကမ်းသူအဖြစ် သူ၏ အရှိန်အ၀ါမှာ ပြည်နယ်အတွင်း အချိန်နှင့်အမျှ ကြီးထွားလာခဲ့သည်။ ထို့အတူ ကလေးငယ်များ၏ ဖိနပ်များအတွင်းသို့ ဒင်္ဂါးပြားများ၊ အမှတ်တရလက်ဆောင်များ ထည့်သွင်းထားရစ်ခဲ့ခြင်းကြောင့်လည်း ထင်ရှားသည်။ ကလေးငယ်များက သူချန်ထားခဲ့နိုင်အောင် ဖိနပ်များကို တမင်ထားထားခြင်းဖြစ်ပြီး တစ်ခါတရံတွင် အပြန်အလှန်အားဖြင့် သူ၏ မြင်းများအတွက် မုံလာဥနီများ မြက်ခြောက်များ ထည့်သွင်းထားလေ့ ရှိသည်။ အစဉ်အလာအားဖြင့် နစ်ကိုးလပ်စ်အား အနီရောင် ဘုန်းကြီးဝတ်ကုတ်အင်္ကျီဖြင့် ပုံဖော်လေ့ရှိသည်။ ဒဏ္ဍာရီများအရ လက်တိုလက်တောင်းကူညီရန် မိဘမဲ့ကလေးငယ်တစ်ယောက် အဖော်ပါရှိတတ်သည်။

သူသေဆုံးပြီးနောက် သူ့အား သူတော်စင် (Saint) အဖြစ် တရားဝင်သတ်မှတ်ရာတွင် စိန့် နစ်ကိုးလပ်စ်အား ကလေးငယ်များ၊ သင်္ဘောသားများနှင့် ဂရိလူမျိုးများအားလုံးကို စောင့်ရှောက်သည့် သူတော်စင်အဖြစ် ကင်ပွန်းတပ်ခဲ့သည်။ အလယ်ခေတ်တစ်လျှောက်လုံး လေးမြတ်သည့် လူသိများသောပုံရိပ်အဖြစ် ကျန်ရစ်ပြီး နှစ်စဉ် သူသေဆုံးသည့် ဒီဇင်ဘာ (၆) ရက်နေ့တွင် စားပွဲသောက်ပွဲများ တကူးတက စီမံကျင်းပကြသည်။ ကလေးများကို လက်ဆောင်ငယ်များ ပေးကမ်းသည်။ သူ့အားဂုဏ်ပြုသည့်အနေဖြင့် များသောအားဖြင့် ဖိနပ်အတွင်းသို့ ထည့်သွင်းပေးကမ်း ခဲ့လေသည်။

ဆင်းတားကလပ်စ် (Sinterklaas)



(၁၆) ရာစု၊ ပရိုတက်စတင့်ဂိုဏ်း (Protestant  Reformation) ပေါ်ပေါက်လာချိန်တွင် ကက်သလစ် သူတော်စင်များအား ကြည်ညိုလေးမြတ်မှုကို ဥရောပဒေသ အများအပြားတွင် ဖိနှိပ်လာခြင်း နှင့်အတူ စိန့်နစ်ကိုးလပ်စ်၏ လူသိများမှုမှာ မှေးမှိန်သွားရသည်။ နယ်သာလန်နိုင်ငံ တစ်ခုတည်းတွင်ပင် ဆင်းတားကလပ်စ် (Sinterklaas) ဟူသည့် ပုံစံတစ်မျိုးဖြင့် စိန့်နစ်ကိုးလပ်စ် အထိမ်းအမှတ် ဆက်လက်ရှင်ကျန် နေရစ်သည်။ ဒီဇင်ဘာ (၅) ရက်နေ့ ညနေခင်းတွင် တစ်အိမ်မှတစ်အိမ် လှည့်လည်သွားလာပြီး ကလေးများ၏ ဖိနပ်အတွင်းသို့ အမှတ်တရလက်ဆောင်များ ချန်ထားရစ်ခဲ့ခြင်း၊ အပြန်အလှန်အားဖြင့် မြင်းအတွက် စားစရာများ ပြန်လည်ချန်ထားခြင်း စသည့် ချစ်စဖွယ် ဓလေ့တစ်ခုဖြစ်သည်ဟု အရပ်ပုံပြင်များအရ သိရသည်။

ဒတ်ခ်ျ (နယ်သာလန်) ရိုးရာမှ ဆင်းတားကလပ်စ် (Sinterklaas) မှာ ဘုန်းကြီးဝတ်ရုံ အနီရောင်ကို ၀တ်ဆင်ထားပြီး အကူ ပိစိကွေးလေးတစ်ဦး ပါရှိသည်။ အိမ်ခေါင်မိုးပေါ်မှ မြင်းစီးလာပြီး မီးခိုးခေါင်းတိုင်အတွင်းသို့ လက်ဆောင်များ တိတ်တဆိတ် ထည့်သွင်းသွား လေ့ရှိသည်ဟု ဆိုသည်။

အမေရိကသို့ ရောက်ရှိခြင်း


၁၇ နှင့် ၁၈ ရာစုနှစ်များတွင် ဒတ်ခ်ျတို့နှင့်အတူ ဆင်းတားကလပ်စ် အမေရိကသို့ ရောက်ရှိခဲ့သည်။ အမှန်အားဖြင့် အဆိုပါ ကိုလိုနီအသစ်မှသာ ယနေ့ ဆန်တာကလောစ် စတင် အစပျိုးခဲ့ခြင်း ဖြစ်ပေသည်။ ဆင်းတားကလပ် (Sinterklaas) မှ ဆန်တာခလောစ် (Santa Claus) ဟူသည့်အမည်သို့ အင်္ဂလိပ်ဆန်အောင်ပြုခြင်းကို ၁၇၇၃ ခုနှစ်တွင် New York City သတင်းစာတွင် ပထမဆုံးအနေဖြင့် စတင်ဖော်ပြခဲ့သည်။ ၁၈၀၉ ခုနှစ်တွင် စာရေးအဆရာ Washington Irving ၏ “နယူးယောက်သမိုင်း” စာအုပ် ပုံနှိပ်ထုတ်ဝေမှုတွင် ဆန်တာ၏ ခါးအရွယ်အစားကို ချဲ့ထွင်ခဲ့သည်။ ထိုစာအုပ်တွင် ပိန်ပိန်ရှည်ရှည် ဘုန်းတော်ကြီးတစ်ပါးအစား ၀ဖိုင့်ဖိုင့်နှင့် ဆေးတံသောက်နေသည့် လူကြီးတစ်ယောက်၏ပုံကို ချယ်မှုန်းခဲ့ပါသည်။

၁၈၂၂ တွင် Clement Moore ၏ "Twas the Night Before Christmas" ဟု အခေါ်များသော "A Visit from Saint Nicholas" ဟု ခေါင်းစဉ်တပ်ထားသည့် ကဗျာတွင် ဒရယ်ဆွဲသည့် မှော်စွပ်ဖား၊ အရုပ်များပြည့်နေသည့် အိတ်တစ်အိတ်နှင့် လုံးလုံးဝန်းဝန်း၊ ဂျယ်လီများပြည့်နေသည့် ဗိုက်ပူပူကြီးဟူ၍ ဆန်တာအား ချဲ့ထွင်စိတ်ကူး ထားသည်။

(၁၈) ရာစုနှောင်းပိုင်းတွင် ဆန်တာခလောစ်အား သရုပ်ဖော်မှုအများစုသည် အဆိုပါစိတ်ကူးကို အတုယူလာ ခဲ့ကြလေသည်။ သို့ရာတွင် ဆန်တာခလောစ် ဒဏ္ဍာရီ၏ နောက်ဆုံးအစိတ်အပိုင်းကို ပုံဖော်သူမှာ ကိုကာကိုလာ ကြော်ငြာသရုပ်ဖော်သူ Haddon Sundblom ဖြစ်ပါသည်။ ၁၉၃၀ ပြည့်လွန်တွင် ဖန်တီးခဲ့သည့် သူ၏ အဖြူရောင်သားမွှေးအနားကွပ်၊ သားရေဘွတ်ဖိနပ်နှင့် အနီရောင်ဝတ်စုံဝတ် ဆန်တာသည် ယနေ့မြင်တွေ့နေရသည့် စံမီ ဆန်တာခလောစ် အမှတ်အသား ဖြစ်လာခဲ့ပါတော့သည်။

◄ တေဇာ ► ဒီဇင်ဘာ (၂၈) ၂၀၀၉
Source: Live Science

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”