ဖတ်မိသမျှ စာကြောင်းတိုင်းအား ကျွန်တော်တို့အနေဖြင့် ယုံကြည်ရန် မသင့်ဘူး မဟုတ်လား။ သို့တိုင် ပုံစံကျစိတ်ပညာ လေ့လာမှုတစ်ခုအရ အစပိုင်းတွင် ကျွန်တော်တို့သည် မယုံဘဲ မနေနိုင်ကြဟု ဆိုသည်။
စိတ်၏ ပကတိ အခြေအနေသည် မည်သို့နည်း။ ကျွန်တော်တို့သည် သဘာဝအားဖြင့် မေးခွန်းထုတ်ဝေဖန် တတ်ပါသလား၊ သို့မဟုတ် ယုံကြည်မှု အညှာလွယ်ကြပါသလား။ သက်ရှိမျိုးစိတ်တစ်ခုအနေဖြင့် ကျွန်တော်တို့သည် ဒဏ္ဍာရီဆန်ဆန် သတ္တ၀ါဆန်းများနှင့် ဂြိုဟ်သားများမှ လာရောက်ဖမ်းဆီးမှုကဲ့သို့ ကိစ္စများကို အစဉ် ယုံကြည်ချင်သည့် X-files ဇာတ်လမ်းတွဲမှ စုံထောက် “မူလ်ဒါ” (Mulder) လို လူမျိုးလား။ သို့မဟုတ် သူ၏အဖော် စုံထောက် “စကပ်လီ” (Scully) ကဲ့သို့ ဝေဖန်တတ်သည့် သိပ္ပံပညာရှင်နှင့် သူတို့ ကြုံတွေ့ခဲ့ရသည့် ထူးဆန်းအံ့သြဖွယ် ဖြစ်ရပ်များကို ကြောင်းကျိုးကျကျ နားလည်တန်ဖိုးဖြတ်နိုင်ရန် ကြိုးစား၍ အခြားသော ဖြေရှင်းချက်များကို ကြံဆောင်တတ်သူလား။ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဘလော့ဂ် (Blog) များမှအထိ ပြောကြားသည်များကို မြင်မြင်ချင်း ယုံမိတတ်ပါသလား၊ သို့မဟုတ် သဘာဝအရကို မေးမြန်းစူးစမ်းတတ်သည့် အလေ့ရှိပါသလား။ ကြော်ငြာများတွင် ကြွေးကြော်နေသည်များကို လျစ်လျူရှုနိုင် ပါသလား။ နိုင်ငံရေးသမားများ၏ စကားကို လက်ခုပ်လက်ဝါးတီး အားပေးတတ်ပါသလား။ ချစ်သူရဲ့ ကတိစကားကို ယုံကြည်တတ်ပါသလား။
ဤကိစ္စသည် “တချို့က ယုံမှာပေါ့။ တချို့ကျတော့လည်း မယုံဘူးပေါ့” ဟု ပြောနိုင်သည့် ကိစ္စမျိုးမဟုတ်ပါ။ စင်စစ် ကျွန်တော်တို့၏ စိတ်များအားလုံးကို တူညီသည့် စဦးဗီဇစိတ် (First Instinct) ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သတင်းအချက်အသစ်တစ်ခုအတွက် စဦးတုန့်ပြန်မှုချင်း အားလုံး တူညီကြသည်။ ဤနေရာတွင် (သတင်းအချက်အလက် အသစ်များကို) ယုံကြည်ခြင်းက အရင်လာသလား၊ နားလည်ခြင်းက အရင်လာသလား၊ သို့မဟုတ် ယုံကြည်ခြင်း (မယုံကြည်ခြင်း) အမှုသည် နားလည်မှုနောက်မှသာ ဖြစ်ပေါ်သလား မေးခွန်းထုတ်ကြည့်ရန် လိုပါသည်။
ဒေးကားနှင့် စပင်နိုဆာ
အတွေးအခေါ် အသစ်တစ်ခုအား စတင်ကြုံတွေ့ရ ချိန်တွင် ယုံကြည်ခြင်းသည် အလိုအလျောက် ဖြစ်ပေါ်သလား ဆိုသည်နှင့် နားလည်သဘောပေါက်ခြင်း နောက်မှသာ ယုံကြည်ခြင်းသည် သီးသန့်ဖြစ်စဉ် တစ်ခုအဖြစ် ကပ်လိုက်သလားဟူသော ငြင်းခုန်မှုမှာ အနည်ဆုံး နှစ်ပေါင်း ၄၀၀ မျှ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ပြင်သစ်လူမျိုး ဒဿန၊ သင်္ချာနှင့် ရူပဗေဒပညာရှင် “ရီနီး ဒေးကား” (René Descartes) က နားလည်ခြင်းနှင့် ယုံကြည်ခြင်းအမှုတို့သည် သီးခြားဖြစ်စဉ်နှစ်ရပ်သာ ဖြစ်သည်ဟု ငြင်းချက်ထုတ်သည်။ အစတွင် လူတို့သည် အချက်အလက်များအား အာရုံစိုက်၍ ခေါင်းထဲရောက်စေသည်။ ထို့နောက်မှ အဆိုပါအချက်အလက်အား ယုံခြင်း၊ မယုံခြင်းကိစ္စရပ်များကို ဆုံးဖြတ်သည်ဟု ဆိုသည်။ ဒေးကား၏ ကိုယ်ပိုင်အမြင်မှာ ဆွဲဆောင်မှုရှိပြီး ကျွန်တော်တို့ စိတ်၏ အလုပ်,လုပ်ပုံနှင့် တူညီပုံပေါ်သည်။ သို့မဟုတ် အနည်းဆုံးအားဖြင့် ကျွန်တော်တို့က မိမိတို့စိတ်ကို ဖြစ်စေချင်သည့်ပုံစံမျိုးအတိုင်း တူညီမှုရှိသည်။
ဒေးကားနှင့်ခေတ်ပြိုင် ဒတ်ခ်ျ ဒဿနပညာရှင် “စပင်နိုဆာ” (Baruch Spinoza) ကတော့ အတော် ဆန့်ကျင်ဘက်ကျသည့် အမြင်ဘက်မှ ရပ်တည်သည်။ အချက်အလက်များအား နားလည်ခြင်း ကိစ္စရပ်သည်ပင် ယုံကြည်ခြင်းဖြစ်သည်ဟု သူက မြင်သည်။ သူ့အလိုအရ နောက်ပိုင်းတွင် ကျွန်တော်တို့အနေဖြင့် စိတ်ပြောင်းကောင်း ပြောင်းသွားနိုင်သည်။ ဆန့်ကျင်ဘက် သဲလွန်စတစ်ခုအား တွေ့မိလို့ပဲ ဆိုကြပါစို့။ သို့သော် ထိုအချိန်မရောက်သေးသရွေ့တော့ ကျွန်တော်တို့သည် အရာအားလုံးကို ယုံကြည်နေ ကြသည်ဟု ဆိုသည်။
စပင်နိုဆာ၏ ချဉ်းကပ်နည်းက လူကြိုက်မများလှပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ရှိရာဆီသို့ အခြားသူများက ကြုံရာကျပန်း မှုတ်ထုတ်ထားသည့် အမှားများတွင် အခြေစိုက်ပြီး ကျွန်တော်တို့၏ စွမ်းအင်ကို ဖြုန်းတီးပစ်ရာ ကျနေခြင်းကြောင့်ပင်။ နှုတ်အားဖြင့်ပဲဖြစ်စေ၊ ရုပ်မြင်သံကြား၊ အင်တာနက် စသည်တို့နှင့် အခြား မည်သည့် ဆက်သွယ်ရေးကြားခံနယ်များမှမဆို အချက်အလက်များ ကျွန်တော်တို့ဆီသို့ စုပြုံရိုက်ခတ် နေနိုင်သောကြောင့် ဖြစ်သည်။
စပင်နိုဆာနှင့် ဒေးကား၊ မည်သူမှန်ပါသလဲ။
Daniel Gilbert နှင့် အပေါင်းပါများက အဆိုပါ သီအိုရီနှစ်ခုကို ထိပ်တိုက်ထား၍ နားလည်ခြင်းနှင့် ယုံကြည်ခြင်း အတူတကွဖြစ်ပေါ်သလား၊ သို့မဟုတ် ယုံကြည်ခြင်း(မယုံကြည်ခြင်း) သည် နောက်မှ လိုက်ပါသလား စသည့်မေးခွန်းအတွက် စမ်းသပ်လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ (Gilbert et al., 1993)
ဤ ပုံစံကျ လူမှုစိတ်ပညာ စမ်းသပ်လေ့လာမှုတွင် ပါဝင်ကူညီသူ အစမ်းသပ်ခံ (၇၁) ဦးအား ဓားပြမှု နှစ်မှုအကြောင်းနှင့် ထိုဓားပြများအား ထောင်ဒဏ်အပြစ်ပေးခြင်းအကြောင်း ဖော်ပြချက်ကို ဖတ်ပြခဲ့သည်။ အချို့ဖော်ပြချက်များတွင် ရာဇ၀တ်မှုကို ပိုမိုဆိုးရွားပုံပေါက်နေစေရန် ပုံစံထုတ်ထားသည်။ ဥပမာအားဖြင့် ဓားပြတွင် သေနတ်တစ်လက်ပါသည် ဟူသော အချက်မျိုး ထည့်သွင်းထားပြီး အခြားသူများတွင်မူ သိပ်မဆိုးလှဘဲ ဓားပြသည် ကလေးများအား အစာမကျွေးဘဲ အငတ်ထားသည်၊ စသည့်အချက်မျိုးများ ထည့်သွင်းထားသည်။ လှည့်ကွက်မှာ ၎င်းဖော်ပြချက်များထဲမှ အချို့သာ မှန်ကန်မှုရှိပြီး အခြားအဆိုများသည် အမှားများဖြစ်သည်။ မှန်ကန်သည့်အချက်များကို အစိမ်းရောင်ဖြင့် ရိုက်နှိပ်ထားကြောင်းနှင့် အမှားများကို အနီရောင်နှင့် ရိုက်နှိပ်ထားကြောင်း စမ်းသပ်ခံများအား ပြောပြထားသည်။ ဤနေရာတွင် စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ စမ်းသပ်ခံ တစ်ဝက်ခန့်သည် အဆိုမှားများအား ကျော်လွှားဖတ်ရှုကြပြီး ကျန်တစ်ဝက်မှာ ကျော်လွှားမှုမရှိခြင်းပင် ဖြစ်သည်။
စပင်နိုဆာမှန်သည့် သီအိုရီအရဆိုလျှင် ကျော်လွှားဖတ်ရှုသော လူတို့သည် အနီဖြင့်ရေးထားသော ဖော်ပြချက်များရှိ အချက်အလက်မှားများအား စိတ်ဖြင့် ထိတွေ့လုပ်ဆောင်ရန် (Process) အချိန်မရှိသဖြင့် မှန်လိမ့်မည် မဟုတ်ဘဲ အကျိုးဆက်အားဖြင့် ဤသည်က ရာဇ၀တ်သားကိုပေးသော ထောင်ဒဏ်နှင့်ပတ်သက်၍ သက်ရောက်မှု ရှိပေမည်။ အခြားတစ်ဘက်တွင် ဒေးကားမှန်ကန်ခဲ့လျှင် ကျော်လွှားဖတ်ရှုခြင်းကြောင့် ထူးခြားမှုတစ်စုံတစ်ရာ ရှိလိမ့်မည်မဟုတ်။ စမ်းသပ်ခံများအနေဖြင့် အချက်မှားများအပေါ် ယုံကြည်ရန်၊ သို့မဟုတ် မယုံကြည်ရန် အချိန်မရှိခြင်းကြောင့် ထောင်ဒဏ်နှင့် ပတ်သက်၍ သူတို့က ထူးခြားမှုတစ်စုံတစ်ရာ ပြုလုပ်လိမ့်မည် မဟုတ်ပေ။
အနိုင်အရှုံး
ရလဒ်များက မှားယွင်းသည့်အဆိုများသည် အမှုအား အားပျော့သွားစေရန်ထက် အတော်ကြီး ပိုမိုကြီးလေးသွား စေကြောင်း ပြဆိုခဲ့ရာ စမ်းသပ်ခံများအနေဖြင့် ရာဇ၀တ်ကောင်အား ထောင်ဒဏ် (၆) နှစ်ဝန်းကျင်ခန့်မှ (၁၁) နှစ်ဝန်းကျင်ခန့်အထိ နှစ်ဆနီးနီး တိုးပြီး ပြစ်ဒဏ်ကျခံသင့်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် စွက်ဖက်ခံခဲ့ရခြင်း မရှိသော အစုမှ စမ်းသပ်ခံများသည် မှားယွင်းသည့်အဆိုများကို လျစ်လျူရှုခဲ့ကြသည်။ အကျိုးဆက်အားဖြင့် အဆိုမှားများက ရာဇ၀တ်မှုအား ပိုမိုဆိုးရွားအောင် လုပ်သည်ဖြစ်စေ၊ ပေါ့ပါးအောင် လုပ်သည်ဖြစ်သည် ဤကိစ္စသည် ထောင်ဒဏ်များအကြား သိသာသည့် ကွဲပြားမှု မရှိတော့ပေ။ ဤသည်က စဉ်းစားရန် ပေးထားသည့်အချိန်အတွင်းမှာပင် လူတို့သည် မှားယွင်းသည့် အဆိုများ (မှားယွင်းသည်ဟု အသိပေးထားသည့်အဆိုများ) ကို အမှန်တကယ်ပင် မှားယွင်းသည်ဟု ယူမှတ်လိုက်ကြောင်း ပြဆိုနေသည်။ အခြားတစ်ဘက်တွင် (စဉ်းစား)တုန့်ပြန်ရန် အချိန်မရှိသည့်အခါ လူတို့သည် ဖတ်မိသည့်အရာများအား ယုံလိုက်သည်သာ ဖြစ်ပေသည်။
Gilbert နှင့် အပေါင်းပါများက အဆိုပါရလဒ်အတွက် အခြားတစ်ပါးသော ဖြေရှင်းချက်အချို့ကို အောင်မြင်စွာ ချေဖျက်နိုင်ရန်အတွက် စမ်းသပ်လေ့လာမှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ဤသည်က မူလ ရလဒ်ကိုသာ အတည်ပြုပေးခဲ့ပြီး ဒေးကားမှား၍ စပင်နိုဆာ မှန်သည်ဟူသည့် စိတ်မသက်သာဖွယ် နိဂုံးကိုသာ ရရှိစေခဲ့သည်။
ယုံကြည်ခြင်းအမှုသည် ပထမဆင့်အနေဖြင့် “နားလည်ခြင်း” နှင့် ပြီးနောက်မှ “ယုံကြည်ခြင်း” လိုက်လာသည် ဟူသည့် အဆင့်နှစ်ဆင့်ပါ ဖြစ်စဉ်တစ်ရပ် မဟုတ်ပေ။ စင်စစ် ယုံကြည်ခြင်းသည် နားလည်ခြင်းပင် ဖြစ်၏။ တစ်စုံတစ်ခုအား ဖတ်မိသည့် စက္ကန့်ပိုင်းလေးအတွင်းမှာပင် လူတို့သည် ယုံကြည်သွားသည်မှာ အခြား ပိုင်းခြားဆင်ခြင်တတ်သည့် စိတ်တစ်ခုခုက ၎င်းတို့၏ စိတ်ကို ပြောင်းမပစ်မီ အထိပင် ဖြစ်သည်။ အမှန်တော့ စုံထောက် “မူလ်ဒါ” ကဲ့သို့ပင် ကျွန်တော်တို့သည် ယုံချင်သူများသာ ဖြစ်ပါသည်။
ထိုမျှသာမဟုတ် အဆိုပါတွေ့ရှိချက်နှင့် စပင်နိုဆာ၏ အယူအဆက လူတို့ ယေဘုယျ ဖော်ပြလေ့ရှိသည့် အခြားသော အပြုအမူများကိုလည်း ရှင်းလင်းပြပေသည်။
■ “ယှက်နွယ်ဘက်လိုက်မှု” (Correspondence Bias) : အခြားလူတို့၏ အပြုအမူများသည် မိမိတို့၏ ကိုယ်ပိုင် အပြုအမူများပေါ် ရောင်ပြန်ဟပ်သည်ဟု လူတို့က ယူဆခြင်း။ အမှန်က “အခြေအနေ” ကိုသာ ရောင်ပြန်ဟပ်ခြင်း ဖြစ်ပေသည်။
■ “အမှန်တရား ဘက်လိုက်မှု” (Truthfulness Bias) : လိမ်နေသည့် အချိန်၌ပင် အခြားလူများသည် အမှန်ကို ပြောနေသည်ဟု လူတို့ ယူဆတတ်ကြသည်။
■ “ဖြားယောင်း သက်ရောက်မှု” (The Persuasion Effect) : အာရုံဝင်စား (စိတ်ဝင်စား) နေချိန်တွင် လူတို့အပေါ် အချက်အလက်တစ်ခု၏ ဖျားယောင်းနိုင်စွမ်း (ယုံချင်စရာကောင်းခြင်း) မှာ ပိုမိုမြင့်မားလာသည်။
■ “Denial-innuendo Effect” : ဖုံးဖိထားသည့် ခေါင်းစဉ်များအောက်မှ အရာများကို လူတို့သည် အပေါင်းဘက်မှ ရှုမြင်ရန် အားသန်သည်။
■ “ကြိုတင်စစ်ဆေးခြင်း ဘက်လိုက်မှု” (Hypothesis Testing Bias) : ကြိုတင်ယူဆချက်တစ်ခုအား စစ်ဆေးရာတွင် ၎င်းအား မှားယွင်းကြောင်း သက်သေပြနိုင်ရန် ကြိုးစားရမည့်အစား အတည်ပြုနိုင်စေမည့် အချက်အလက်များအပေါ်သို့သာ ကြည့်မြင်ရန် အားသန်ခြင်း။ ထို့ကြောင့်ပင် ထိရောက်ထက်မြက်သည့် ကြိုတင်ယူဆချက် စစ်ဆေးမှု မဖြစ်နိုင်တော့ပေ။
နားလည်ခြင်းသည် ယုံကြည်ခြင်းပင်ဖြစ်သည် ဟူသည့် စပင်နိုဆာ၏အဆိုကို အလင်းရောင်တွင် ထောင်ကြည့်လျှင် အဆိုပါ ဘက်လိုက်မှုများနှင့် သက်ရောက်မှုများမှာ “ယုံကြည်ခြင်း ပထမ၊ မေးခွန်းသည် နောက်မှ” ဆိုသည့် လူ့တိမ်းညွတ်မှု၏ ရလဒ် ဖြစ်နိုင်ပေသည်။ “ယှက်နွယ်ဘက်လိုက်မှု” ကို ကြည့်လျှင် စိုးရိမ်ပူနေသည့် လူတစ်ယောက်နှင့် တွေ့သည်အခါ ထိုသူသည် စိုးရိမ်တတ်သူတစ်ဦးဖြစ်သည်ဟု ကျွန်တော်တို့ ယူဆတတ်ခြင်းမှာ ၎င်းမှာ သိသာထင်ရှားမှု အရှိဆုံး ဖော်ညွှန်းချက် ဖြစ်ခြင်းကြောင့်ပင်။ အရေးကြီးသည့် သတင်းတစ်စုံတစ်ရာကို စောင့်ဆိုင်းနေခြင်းကြောင့် ထိုသူ စိုးရိမ်နေခြင်းဖြစ်သည်ဟူသော အတွေးသည် နောက်မှသာ ကျွန်တော်တို့ဆီသို့ ၀င်ချင်ဝင်လာနိုင်သည်။
အထက်ပါအချက်များက သင့်ကို မသက်မသာ ခံစားရစေသည်ဟု ဆိုသော် သင်တစ်ဦးတည်း မဟုတ်ပါ ဟူ၍ပင် ပြောရပေမည်။ Gilbert နှင့် အပေါင်းပါများက ကျွန်တော်တို့၏ အညှာလွယ်သည့် စိတ္တဇသည် သတင်းဆိုးသဖွယ် ဖြစ်နေသည်ဟု ၀န်ခံသည်။ ဤအချက်များကြောင့် လွတ်လပ်စွာပြောဆိုခွင့်အား ကန့်သတ်ရန်ပင် ငြင်းခုန်မှုများ ရှိလာနိုင်ပါသည်။ အမှန်တကယ်တွင်လည်း လူတို့အနေဖြင့် ၎င်းတို့ မြင်ရ၊ ကြားရသည့် အရာများအားလုံးကို အလိုအလျောက် ယုံကြည်သွားကြသည်ဆိုသော် မြင်ရ၊ ကြားရသည့် အရာများနှင့် ပတ်သက်၍ အလွန်ဂရုပြုရမည်ပင် ဖြစ်သည်။
ယုံကြည်ခြင်း၏ အကျိုးကျေးဇူး
ဤသည်နှင့် ပတ်သက်၍ Gilbert နှင့်အဖွဲ့က “လူများအား မရိုးသားဟု ထင်လွန်းနေခြင်း”၊ သံသယပဓာန သဘောထား (Cynicism) သည်လည်း မကောင်းကြောင်း ထောက်ပြသည်။ ဒေးကားပုံစံ စိတ်သည် ခိုင်မာသည့် အထောက်အထားများရှိသည့် အရာများအတွက်သာ ယုံကြည်သည်။ အခြားအရာများတွင်သော် စိတ်သည် ယုံကြည်ခြင်းလည်းမဟုတ် မယုံကြည်ခြင်းလည်းမဟုတ်သည့် မတင်မကျ (Limbo) စိတ်အခြေအနေတွင်သာ ရှိသည်ဟု ဆို၏။ ပြဿနာမှာ ကျွန်တော်တို့ ဖတ်ရှုရသည့် အချက်အလက် အတော်များများမှာ အမှန်တကယ်ပင် မှန်ကန်နေပြီး တချို့မှာ ကျွန်တော်တို့၏ အသက်ရှင်ရပ်တည်မှုအတွက်ပင် အရေးပါနေခြင်းဖြစ်သည်။ အချိန်တိုင်းတွင် ယုံကြည်ခြင်းအား ဖင်ပြန်ခေါင်းပြန် စစ်ဆေးနေရသော် မည်သည့်အလုပ်မျှ ပြီးမြောက်လိမ့်မည် မဟုတ်ဘဲ အခွင့်အလမ်းကောင်း အချို့ကိုလည်း လက်လွတ်ဆုံးရှုံးရပေတော့မည်။
သို့ရာတွင် စပင်နိုဆာပုံစံ စိတ်တွင်သော် အရာအားလုံးကို နှုတ်ကပါတ်တော်များပမာ ပျော်ပျော်ကြီး ယုံကြည်နိုင်ပြီး ထို့နောက်မှသာ ကရော်ကမြည်ဟာများကို ဆင်ခြင်စစ်ဆေးပေသည်။ မကြာခဏဆိုသလို မမှန်ကန်သည့်အရာများကို ယုံကြည်မိမည်သာဖြစ်သည်။ သို့ရာတွင် ယုံကြည်လွန်းပြီး ခဏအကြာတွင် ပြန်လည် အမှားရှာတွေ့ခြင်းက သံသယပွားလွန်းပြီး တကယ်တမ်းမှန်ကန်မှုရှိသည့် အကျိုးရှိ၊ အသုံးဝင်သော အချက်အလက်များကို လက်လွှတ်လိုက်ရခြင်းထက်စာလျှင် သာ၍ကောင်းသည်။
ဤဆင်ခြေနှင့် ပတ်သက်၍ ကျွန်တော်ကိုယ်တိုင် ယုံကြည်မှု အညှာလွယ်နေခြင်း ဖြစ်နေနိုင်ပါသည်။ ခါးသက်သက် အမှန်တရားမှာ အခြေခံကျသည့် လူ့ချို့ယွင်းချက်တစ်ခုဖြစ်သည့် တန်ဖိုးတွက်ရာတွင် လျင်မြန်လွန်းခြင်းနှင့် ဝေဖန်ပိုင်းခြားသော စွမ်းရည်ကို အသုံးပြုရန် နှေးကွေးနေခြင်းသာ ဖြစ်ပါသည်။ စာဖတ်သူများ စေ့စေ့တွေးကြည့်နိုင်ရန်သာ ချန်ထားခဲ့ပါတော့မည်။
◄ တေဇာ ►
Ref: Why you can't help believing everything you read?

thks for this post. i'm not just a true believer and also have a strong Blind Faith .
ReplyDeleteWho is "I"? (-) ?
ReplyDeleteIt showed that you have somehow cynicism rather than blind faith. :P Am I right?
how can you say that . I have both cynicism and blind faith depend on cause, organization and person. And blind faith makes me feel ease , peaceful and happy that what you can never touch. :P
ReplyDelete