လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

ဝိုင်စီဒီစီ ပုံပြင်

ရန်ကုန်မြို့လယ်ခေါင်၏ နေ့လယ်ခင်းသည် မီးစက်သံ တညံညံဖြင့် စတင် သက်ဝင်လှုပ်ရှား နေခဲ့သည်မှာ အရင်နေ့များက အတိုင်းသာ ဖြစ်ပါသည်။ ကုမ္ပဏီဝန်ထမ်း တစ်ဦးအနေဖြင့် ရန်ကုန်မြို့တွင်းရှိ ရုံးများ၊ ဘဏ်များသို့ ကျွန်တော် နေ့စဉ် သွားရလေ့ရှိသည်။ ထမင်းချိုင့်ဆွဲရမှာ အလွန်ပျင်းသည့် အကျင့်ကြောင့် အပြင်ထွက်စရာ ကိစ္စများရှိလျှင် နေ့လယ် ထမင်းစားချိန်လောက်တွင် ထွက်မည်။ အလုပ်ကိစ္စများပြီးစီး၍ စားပြီးသောက်ပြီးမှ ရုံးခန်းသို့ ပြန်ရောက်လေ့ ရှိပါသည်။ အများဆုံး သွားရလေ့ရှိသည်မှာ MFTB ခေါ် နိုင်ငံခြားငွေ လဲလှယ်မှုဘဏ်၊ ပုဇွန်တောင်ရှိ ပုဂ္ဂလိက စာရင်းစစ်ရုံး၊ ဘဏ်လမ်းရှိ ဘဏ်ခွဲ (၄)၊ လောကနတ်ခန်းမ အပေါ်ထပ်ရှိ အကောက်ခွန်ရုံး၊ ရွှေတောင်ကြားထဲရှိ ရုပ်ရှင်အစည်းအရုံး စသည်ဖြင့် အစိုးရ ရုံးဌာနများ အတော်များများ ပါဝင်သည်။ ယနေ့တွင်မူ တမူထူးခြားစွာ ကျွန်တော် ယခင်က တစ်ကြိမ်နှစ်ကြိမ်ခန့်သာ ရောက်ခဲ့ဖူးသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ရုံးချုပ်ရှိရာ မြို့တော်ခန်းမဆီသို့ ရုံးခန်းရှေ့ ကားပါကင်အတွက် နှစ်စဉ်ကြေး အခွန်ပေးဆောင်ရန်ကိစ္စတစ်ခု သွားရန်ရှိပြီး အခြားတစ်ခုမှာ နေ့စဉ်နီးပါး အလုပ်ဖြစ်သော MFTB သို့ လေယာဉ်ဆီဖိုးသွင်းရာတွင် ရောပါသွားသော ဘဏ်မှလက်မခံသည့် ဒေါ်လာငွေအဟောင်းများအား အသစ်ဖြင့် ပြန်လည်လဲလှယ်ပေးရန် (ထူးဆန်းစွာပင် ဟောင်းနွမ်း စွန်းထင်းနေသည့် ဒေါ်လာငွေစက္ကူများအား ထိုဘဏ်မှ လက်မခံပါ) ဟူသည့် အရေးကြီးကိစ္စ နှစ်ခု ရှိသည်။ ထို့ကြောင့် နေမင်းကြီး ဦးခေါင်းတည့်တည့်ရောက်နေသည့် နေ့လယ် ဆယ့်နှစ်နာရီခန့်တွင် ကျွန်တော် ရုံးမှ ထွက်လာခဲ့ပါသည်။

နေ့ခင်း နေပူကျဲတဲတွင် အနော်ရထာလမ်းအတိုင်း ဘားလမ်းဆီသို့ ဦးတည်၍ ခြေလျင်စုန်ဆင်းလာခဲ့သည်။ စိတ်ထဲ မသိုးမသန့်ဖြစ်နေရသည့် ကိစ္စတစ်ခုမှာ ကုမ္ပဏီဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်နေသော်လည်း ကျွန်တော့်တွင် မှတ်ပုံတင်မရှိသည့် ကိစ္စဖြစ်ပါသည်။ ဘဏ်များသို့ ၀င်ထွက်ရာတွင် ၀န်ထမ်းကတ်လေးတစ်ခု မိမိဘာသာပြုလုပ်ထားကာ ၀င်ထွက်နိုင်သော်လည်း မြို့တော်ခန်းမရှိ ၀ိုင်စီဒီစီသို့ မှတ်ပုံတင်ပါမှသာ ၀င်ထွက်နိုင်ပါသည်။ ထိုအတွက် ရုံးမှ လူတစ်ဦး၏ မှတ်ပုံတင်အား ငှားရမ်းလာရသည်။ ဖြစ်ချင်တော့ ထိုသူ၏ ရုပ်နှင့် ကျွန်တော်၏ ရုပ်မှာ ဘယ်နားတွင်မှ မတူခြင်း ဖြစ်ပါသည်။ တောင်းတောင်းပန်ပန် ငှားလာရသည့် မှတ်ပုံတင်ပေါ်မှ ဓာတ်ပုံကိုကြည့်ပြီး ဒီရုပ်နဲ့ဒီရုပ် ဒီလောက်ကွာနေတာ ဂိတ်ပေါက်ဝမှ အစောင့်က သေသေချာချာ စစ်လျှင်တော့ ပေါ်ပြီဟု ကိုယ့်ဘက်ကိုယ်ယက်ကာ စိတ်အိုက်နေမိသည်။ သို့သော် ဤသည်မှာ ကျွန်တော်၏ နေ့စဉ် အလုပ်များသာ ဖြစ်ပါသည်။ ပြေလည်အောင် လုပ်နိုင်မှာပါဟု မိမိကိုယ်ကိုယ် အားပေးကာ ဂိတ်ပေါက်ဝအား မှတ်ပုံတင် မပေးဘဲ ခပ်တည်တည်နှင့် ဖြတ်ဝင်လိုက်၏။ မလွတ်ပါ။ အစောင့်က ဟေ့ နေဦး မှတ်ပုံတင်ထားခဲ့ဟု လှမ်းဟောက်တာ ခံလိုက်ရသည်။ ယူနီဖောင်းဝတ် ရဲအချို့လည်း မတ်တပ်ရပ်နေသည်ကို မြင်တွေ့ရသည်။ တထိတ်ထိတ်နှင့် မှတ်ပုံတင်ကို လှမ်းပေးလိုက်သည်။ အစောင့်က ကျွန်တော့်ကို မော်၍ပင်မကြည့်။ စာအုပ်ထဲတွင် စာအချို့ရေးမှတ်ကာ ကြိုးတပ်ထားသည့် နံပါတ်ပါ ကတ်ပြားတစ်ခု ထုတ်ပေးသည်။ ခပ်မြန်မြန် ဆွဲယူကာ အတွင်းသို့ စွတ်ဝင်လာခဲ့လိုက်သည်။ လည်ပင်းမှာ ဆွဲသွားဟု ဆရာလှမ်းလုပ်သံကို နောက်နားမှ ကြားလိုက်ရသည်။ ကျွန်တော် မဆွဲဖြစ်ပါ။ အနားသားဖွာကာ စုတ်ပြတ်သတ်နေသည့် ကတ်ပြားတစ်ခုကို အရူးတစ်ယောက်လို လည်ပင်းဆွဲထားရမှာ အတော်ရှက်စရာ ကောင်းပါသည်။

မြို့တော်ခန်းမတွင်းသို့ ကျွန်တော်ရောက်ခဲ့ပြီ။ ကားပါကင်ကြေးပေးဆောင်ရန် “လမ်းတံတားဌာန” ကို ရှာရပေဦးမည်။ ကိစ္စမရှိပါ။ မည်သူ့ကိုမျှ ကျွန်တော်မမေးပါ။ ရောက်တုန်းရောက်ခိုက် နေရာအစုံ ရောက်ဖူးစေရန် ကိုယ်တိုင်လှည့်ပတ်ကြည့်ရှုမည်ဟု ဆုံးဖြတ်ကာ စတုရန်းသဏ္ဍာန် အဆောက်အဦအား စိမ်ပြေနပြေ ပတ်နေလိုက်သည်။ ၈၈ အရေးအခင်းကာလက လမ်းမပေါ်ရှိ အကာအကွယ်မဲ့ ပြည်သူထောင်ပေါင်းများစွာအား ဤအထဲမှ တပ်စွဲကာ စစ်တပ်က ပစ်သတ်ခဲ့သည်ဆိုသည့် မျက်နှာစာဘက်ခြမ်းအား အကဲခတ်ကြည့်သည်။ ထို့နောက် တစ်ပတ်ခန့် ပြည့်သောအခါတွင် ကျွန်တော် သွားရမည့် လမ်းတံတားဌာနအား တွေ့လိုက်ရပါသည်။ အပေါက်ဝတွင် အမည်၊ မှတ်ပုံတင်စသည့် အရာများ ထပ်ဖြည့်ရသေးသည်။ စာရွက်စာတမ်း၊ ဖိုင်တွဲများ တောင်လိုပုံကာ တင်ထားသည့် စားပွဲခုံများ၊ ပျင်းရိလေးတွဲသော မျက်နှာများပိုင်ဆိုင်သည့် အမျိုးသမီး ခပ်၀၀များ၊ မျက်နှာကြက်ပေါ်မှ မလည်ချင့်လည်ချင် ပန်ကာများ၊ အစီအရီမရှိ စီစဉ်ထားသဖြင့် လူသွားလမ်း မနည်းရှာရသည့် အခင်းအကျင်း၊ အောက်သိုးသိုးအနံ့အသက် စသည့် အစိုးရ ရုံးဌာနတို့၏ အင်္ဂါရပ်များနှင့်အညီ ထိုင်းမှိုင်းလေးလံနေသည့် လေထုအား ခံစားလိုက်ရသည်။ ကားပါကင်ခွန် ဘယ်မှာဆောင်ရမလဲခင်ဗျာဟု ကျွန်တော်က နီးစပ်ရာ ၀န်ထမ်းတစ်ဦးအား မေးလိုက်သောအခါ ထိုင်နေရာမှ ကျွန်တော့်ကို မော့၍ပင် မကြည့်ဘဲ စားပွဲတစ်ခုရှိရာသို့ လက်ထဲရှိ ဘောပင်ဖြင့် ထိုးပြ၏။ ကျွန်တော် ထိုစားပွဲခုံဆီသို့ လျှောက်သွားလိုက်သည်။

အစိုးရ၀န်ထမ်းများနှင့် ကြိမ်ဖန်များစွာ ဆက်ဆံခဲ့ဖူးသော ကျွန်တော်၏ အတွေ့အကြုံအရ မျှော်လင့်ထားခဲ့သလို အေးစက်စိမ်းကားသည့် ဆက်ဆံရေးမျိုးအတွက် ကိုယ့်ဘက်မှ အတိတ်နိုင်ဆုံး ပျော့ပျောင်းစွာဆက်ဆံမည်ဟု ရည်ရွယ်ခဲ့သော်လည်း အဆိုပါခုံမှ အန်တီ၀၀ကြီး၏ ကြိုဆိုပုံကြောင့် ကျွန်တော်ကိုယ်တိုင်ပင် အံ့အားသင့်သွားမိရသည်။ ကလေး၊ လာထိုင်ဟု ၀ိုင်းစက်စက် မျက်နှာကြီးပေါ်တွင် ကျယ်ပြန့်သော အပြုံးကြီးတစ်ခု တပ်ဆင်၍ ဖိတ်ခေါ်သောအခါ မယုံနိုင်စွာနှင့်ပင် ကျွန်တော် မ၀ံ့မရဲ ထိုင်ချလိုက်မိသည်။ ဘာတွေများမှားကုန်ပြီလဲ။ ငါကိုယ်တိုင်ကပဲ မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်ဖြစ်နေလို့လား၊ မဖြစ်နိုင်ပါဘူး၊ တစ်ခုခုတော့ တစ်ခုခုပဲ စသည်ဖြင့် ဝေခွဲရခက်စွာ၊ အန္တရာယ်အငွေ့အသက်အား ကြိုရနေသလို ခံစားချက်မျိုးဖြင့် ကျွန်တော် ငြိမ်ငြိမ်သက်သက် ထိုင်နေလိုက်မိသည်။ အန်တီ၀၀ကြီးက ကျွန်တော့်ဆီသို့ မကြည့်သေးဘဲ လုပ်လက်စအလုပ်ကို လက်စသတ်နေဟန်ဖြင့် တောင်ရေးမြောက်ရေး လုပ်နေသော်လည်း ကျွန်တော်က သူအိုင်တင်ပေးနေသည်ကို အတွေ့အကြုံအရ ရိပ်စားမိပြီးဖြစ်၏။ ကိုယ့်ဘက်မှ တတ်နိုင်သမျှ အကောင်းဆုံး ခုခံရမည်ဟုသာ တွေးမိတော့သည်။ ငါးမိနစ်ခန့် အကြာတွင်မူ ကျွန်တော့်ဆီသို့ ကြည့်လိုက်ပြီး ပေး..၊ ကလေး.. ဟု သက်ဆိုင်သည့် စာရွက်စာတမ်းများကို လှမ်းတောင်းသည်။ ကျွန်တော်က စာရွက်စာတမ်းများနှင့်အတူ ကျသင့်ငွေ ကျပ်လေးသောင်းခွဲကိုပါ တစ်ပါတည်း ပေးလိုက်သည်။ အန်တီ၀၀ကြီးက စာရွက်စာတမ်းများကို စတင်စစ်ဆေးသည်။ ထို့နောက် ကျွန်တော်ပေးသည့် ငွေအား မရေတွက်သေးဘဲ ငွေက အန်တီ့ဆီမှာ သွင်းရမှာမဟုတ်ဘူး ကလေး၊ ဘဏ် ( ---- ) မှာ သွင်းရမှာဟု  ကြားလိုက်ရစဉ်တွင် တိုက်ပွဲခေါ်သံကို စတင်လိုက်ပြီဖြစ်ကြောင်း ကျွန်တော် သဘောပေါက်သည်။ ဟာဟုတ်လား ဘယ်လိုဖြစ်လို့လဲ အန်တီ၊ ကျွန်တော်အရင်က ဒီမှာပဲ သွင်းနေကျပါဟု အံ့အားသင့်ဟန်ဖြင့် ကျွန်တော်ကလည်း ပြန်လည် တုံ့ပြန်လိုက်သည်။ ( ----- ) ဘဏ်မှာ သွင်းရမှာပါကွယ်ဟု အန်တီ၀၀ကြီးက ပြုံးပြီးပြောကာ အကယ်၍ သား သွားသွင်းဖို့ မအားဘူးဆိုရင် အန်တီ ဒီက ကလေးတစ်ယောက်ကို ခိုင်းလိုက်မယ်။ သူ့ကို မုန့်ဖိုးနည်းနည်း ပေးလိုက်ပေါ့။ ငါးထောင်လောက်ဆို ဖြစ်ပါတယ်၊ ငွေသွင်းရတာက ပင်ပန်းတယ်လေဟု လုပ်ငန်းဆိုင်ရာ အခေါ်အပြောကို စတင်လိုက်သည်။ ကျွန်တော် တွန့်သွားမိသည်။ သွင်းရမည့် ငွေပမာဏက လေးသောင်းခွဲ၊ သွင်းခက ငါးထောင်ပေးရမည်တဲ့။

ကုမ္ပဏီဝန်ထမ်းတစ်ဦးအနေဖြင့် အစိုးရရုံးများနှင့် ငွေကြေးဆိုင်ရာ အလုပ်များ လုပ်ဆောင်ရာတွင် သုံးစွဲရမည့် ငွေပမာဏထက် အမြဲ ပိုပိုသာသာ ယူဆောင်သွားရလေ့ ရှိသည်သာ ဖြစ်၏။ လောက်ရုံလောက် ယူဆောင်သွား၍ မည်သို့မျှ မဖြစ်နိုင်ပါ။ သို့သော် ယခုတစ်ခါတော့ ကျွန်တော် ရုံးမှ အပိုငွေ ထုတ်မလာခဲ့မိပါ။ စင်စစ် ငွေလက်ခံဖြတ်ပိုင်း တစ်စုံတစ်ရာ မရရှိသော စာရင်းပျောက်အင်းပျောက် လာဘ်ထိုးငွေများကို ကုမ္ပဏီမှ ထုတ်ယူရသည်မှာလည်း ကျွန်တော့်အတွက် ကသိကအောက် နိုင်လှသည်။ ကျွန်တော်တို့ ကုမ္ပဏီရှိ ၀န်ထမ်းများအားလုံးမှာ မိသားစုလိုပင် ဖြစ်နေသဖြင့် စာရင်းကိုင်က မယုံသင်္ကာအမူအရာမျိုး စိုးစဉ်းမျှ မပြသည့်တိုင် ထုတ်ယူရသည့်လူအတွက် ၀န်လေးလှသည်။ ထို့ပြင် ကျွန်တော်ကလည်း ကိုယ်ပိုင်ငွေဆို၍ ငါးထောင်ပြည့်အောင်ပင် ပါလေ့မရှိတာ များသည်။ မဖြစ်တော့ ကျွန်တော်ကလည်း ပြန်လည်တိုက်စစ်ဆင်လိုက်သည်။ ရတယ်အန်တီ၊ ကျွန်တော့်ဘာသာပဲ သွားသွင်းလိုက်တော့မယ်။ သွင်းရမယ့်ဘဏ်လိပ်စာကိုသာ ပြောပါဟု ကျွန်တော်က ခပ်တည်တည်နှင့် ပြောလိုက်သည်။ အန်တီ၀၀ကြီးက ခပ်ပြုံးပြုံးပင်၊ နီးနီးလေးပါ..၊ လာ အန်တီပြမယ်ဟု ကျွန်တော့်ကို လက်ယပ်ခေါ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ ကျွန်တော်က ဘုမသိဘမသိဖြင့် လိုက်သွားမိသည်။ မြို့တော်ခန်းမနောက်ကျောရှိ ဘားလမ်းနှင့် ဆူးလေဘုရားလမ်းကို ဆက်ထားသော လမ်းတိုလေးနှင့် (၃၄) လမ်းထိပ် ထောင့်ရှိ၊ City Star Hotel နှင့် ကပ်လျက် အစိုးရဘဏ်တစ်ခုကို (နာမည်မမှတ်မိတော့ပါ) ကျွန်တော်တို့ရှိရာ အပေါ်ထပ်မှနေ၍ လက်ညှိုးထိုးပြ၏။ အောက်ဆုံးထပ်ရှိ နေပူကျဲတဲထဲတွင် တန်းစီနေသော လူတန်းရှည်ကြီးကိုလည်း တွေ့လိုက်ရသည်။ ကျွန်တော်က အဲဒီလို တန်းစီပြီး သွင်းရမှာလားဟု မေးလိုက်သောအခါ အန်တီ၀၀ကြီးက အောင်နိုင်သူအပြုံးနှင့် ခေါင်းညိတ်ပြသည်။

မဖြစ်သေးချေ။ နေပူခံ၊ အဆာခံ၊ အပင်ပန်းခံနိုင်လို့ ကိုယ်တိုင် တန်းစီပြီထားဦး MFTB သို့ ငွေသွားလဲရမည့် တာဝန်က ရှိသေးသည်။ နေ့လယ် (၂) နာရီကျော်လျှင် ဘဏ်ပိတ်သွားလိမ့်မည်။ နှစ်ယောက်လုံး တစ်ယောက် တစ်ခါစီ တိုက်စစ်ဆင်ပြီးခဲ့ပြီ။ ဆွေးနွေးညှိနှိုင်းခြင်း လုပ်ငန်းကို စရတော့မည်။ စိုက်ပေးစရာဆို၍ ကျွန်တော့်တွင် ကိုယ်ပိုင်ငွေ နှစ်ထောင်ခန့်သာ ပါသည်။ ရုံးက ကျွန်တော့်ကို ငွေ အတိအကျပဲ ပေးလိုက်တယ် အန်တီ၊ တန်းလည်း မစီနိုင်ဘူးဆိုတော့ ကျွန်တော်ပဲ စိုက်ရတော့မှာပဲ။ အဲဒီတော့ ကျွန်တော် တစ်ထောင်ပေးခဲ့မယ်လေ အန်တီ၊ ဟု ကျွန်တော်က ချိုသာစွာ ပြောလိုက်သည်။ ဟယ်.. သားကလဲ တစ်ထောင်ဆို သွားသွင်းပေးမယ့် ကလေးရဲ့ မုန့်ဖိုးပဲ ရှိတယ်၊ အန်တီ့အတွက်လည်း တစ်ထောင်တော့ ပေးခဲ့လေဟု အန်တီ၀၀ကြီးက ဆိုသည်။ မတတ်နိုင်တော့ပါ။ ကျွန်တော် ထမင်းစားရန်ဖြစ်သည့် ရှိစုမဲ့စု ကိုယ်ပိုင်ငွေ နှစ်ထောင်ပါ ပေးခဲ့လိုက်ရသည်။

မြို့တော်ခန်းမကြီး တစ်ခုလုံး၏ ညှီရော်ပုပ်သိုးနေသော လေထုအတွင်းမှ ဒေါသတကြီး ကျွန်တော် ပြန်လည် ထွက်ခွာလာခဲ့သည်။ မြန်မြန်ပေးဗျာ၊ ကြာတယ်ဟု အပေါက်ဝမှ အစောင့်ကို ဤတစ်ကြိမ်တွင် ကျွန်တော်က ပြန်ဟောက်လိုက်သည်။ အစောင့်က အနည်းငယ် ကြောင်သွားဟန်ဖြင့် မှတ်ပုံတင်ကို ပြန်ပေး၏။ ဟုတ်သည်။ ဒေါသထွက်ကို ထွက်ရမည်။ MFTB သို့ အချိန်မီ ပြေးရဦးမည်။ ပြီးလျှင် အရင်နေ့များကလို ထမင်းစား၊ လက်ဖက်ရည်သောက်၊ ဂျာနယ်လေးတစ်စောင်ဝယ်ဖတ်ကာ အေးအေးဆေးဆေးနှပ်ပြီးမှ ရုံးပြန်တာမျိုး လုပ်နိုင်တော့မည် မဟုတ်။ ရုံးသို့ပင် ဆာဆာဖြင့် လမ်းလျှောက်ပြန်ရ ပေတော့မည်။ ဘားလမ်းအတိုင်း အောက်ဘက်သို့ လျှောက်လာကာ မဟာဗန္ဓုလလမ်းကို ကူး၍ ညာဘက်သို့ ငေးကြည့်လိုက်မိသည်။ ရန်ကုန်မြို့၏ ပူလောင်သော နေ့လယ်ခင်းတွင် နေရောင်ဖြင့် ထိန်ထိန်ငြီးနေသော ဆူးလေစေတီတော်ကို ကျွန်တော် မြင်တွေ့နေရသည်။ ခေါင်းကို ဒီဂရီအနည်းငယ် ဆက်၍ စောင်းလိုက်၏။ မြို့တော်ခန်းမ အဆောက်အဦကြီး၏ ခန့်ထည်သော အ၀ါဖျော့ဖျော့ မျက်နှာစာကို မြင်လိုက်ရသည်။ တစ်ချိန်က ဤအထဲမှ စစ်တပ်၏ ကျည်ဆန်များ ထွက်လာကာ မြို့လယ်ကောင်တွင် သွေးချောင်းစီးစေခဲ့ဖူးသည်ဟု ကျွန်တော် ကြားဖူးသည်။ ယခု ထိုအကြောင်းကို ကျွန်တော် မစဉ်းစားမိတော့ပါ။ ယခု ကျွန်တော်၏ သွင်ပြင်မှာ ဆာလောင်စွာဖြင့် ဒေါသချောင်းချောင်းထွက်နေသော သတ္တ၀ါတစ်ကောင်နှင့်သာ ပို၍တူနေသည်။ အလန်ကွာတာမိန်း၏ တောတွင်းဝတ္ထု အချို့တွင် ဖတ်ခဲ့ဖူးသည့် တိုက်ကြီးတစ်တိုက်၏ အရွယ်အစားခန့်ရှိသော ချတောင်ပို့ကြီးများအကြောင်းကို သတိရလိုက်မိသည်။ အစ်ကို ငွေလဲမလား၊ ဒေါ်လာလားဟု လာမေးသည့် ဒေါ်လာပွဲစားတစ်ယောက်ကို မြန်မာငွေတောင် လဲစရာမရှိဘူးကွဟု အဓိပ္ပာယ်မဲ့စွာဖြင့် ကျွန်တော် ပြန်လည် အော်ဟစ်လိုက်သည်။ လမ်းဘေး လက်ဖက်ရည်ဆိုင်တစ်ခုဆီမှ ကိုလေးဖြူ၏ အမဲလိုက်အက သီချင်းသံက ကျွန်တော့်နားတွင်းသို့ ပူလောင်ပြင်းပြစွာ လာရောက်ရိုက်ခတ်နေသည်။

◄ တေဇာ ►

0 comments:

Post a Comment