စာရေးဦးမှလို့ တွေးပြီး ဘောပင်ကောက်ကိုင် လိုက်တာကအစ တစ်မျိုး ထူးဆန်းနေတယ်။ စာတစ်ပုဒ် ဖြစ်ဖြစ်မြောက်မြောက် အဆုံးသတ်တဲ့ အထိ ဘောပင်သုံးပြီး ရေးဖူးတာမှ မရှိခဲ့ဘဲကိုး။ အခုတော့ ကျွန်တော့်နားမှာ ဘောပင်လေးနဲ့ စာအုပ်လေးပဲ အလွယ်တကူ ရှိနေတယ်။ စာရေးဖို့ရာ အခြေခံအားဖြင့် လုံလောက်နေပြီလို့ပဲ ဆိုရမယ်။ အရိုးစွဲနေတဲ့ အကျင့်ကိုဖျောက်ဖို့ ဒီမှင်တွေကို ဖြုန်းပစ်ရမယ်လို့ တွေးမိလိုက်သေးတယ်။ အတင်းအကြပ် တိုက်ဖျက်ဖို့တော့ လိုကောင်းမှ လိုမယ်။ ဒါပေမဲ့ အခု ကျွန်တော် ဒီဘောပင်လေးနဲ့ စာရေးကြည့်ချင်စိတ် ပေါက်နေတယ်ပဲ ဆိုကြပါစို့။
ကျွန်တော် စာရေးနေတဲ့အချိန်တွေမှာ ကျွန်တော့်နားမှာ လူတစ်ဦးတစ်ယောက်မျှ ရှိမနေတာ များတယ်။ ဒါကြောင့်ပဲ လူတွေရှုပ်ထွေးတဲ့ နေ့ဘက်တွေမှာ တစ်ယောက်ထဲ ချောင်ထဲ ထိုးအိပ်နေပြီး လူမရှိတဲ့ ညအချိန်ကျမှ ငုတ်တုတ်ထထိုင်ပြီး စာရေးနေခဲ့ဖူးတယ်။ ဒီလို တစ်ယောက်ထဲ ရှိနေရတာကို ကျွန်တော် သာယာတယ်။ တစ်ယောက်ထဲ တွေးနေရတာကို ပျော်တယ်။ ဒီလိုသာပြောတာပါ။ နှစ်ယောက်ဒါမှမဟုတ် အများနဲ့ တွေးလို့ရတာမျိုးတော့လည်း မရှိဘူးမဟုတ်လား။ ကိုယ်ခန္ဓာချင်းသာ နီးကပ်ဆက်နွယ်ထားလို့ ရချင်ရမယ်၊ စိတ်ချင်းအတွေးချင်းက ဘယ်လိုမှ ထပ်တူမကျနိုင်ဘူး မဟုတ်လား။ ဒီလိုအမူအကျင့်တွေကြောင့် ဘေးလူအမြင်နဲ့ကြည့်ရင် တစ်ကိုယ်ကောင်းဆန်သယောင် ဖြစ်နေပေမဲ့ တကယ်တမ်း နင်လားငါလား တစ်ကိုယ်ကောင်း မဆန်သေးတာ ကျွန်တော် ကိုယ်တိုင်ပဲ သိမယ်ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်သေးဘူးပဲထား ကမ္ဘာပေါ်မှာ ကျွန်တော့်အပေါ် နားအလည်နိုင်ဆုံးလူကတော့ ကျွန်တော်က လွဲပြီး အခြားသူ မဖြစ်နိုင်ဘူး။ ဒီတော့ ကျွန်တော်က တစ်ယောက်ထဲနေတယ်။ ကျွန်တော့်အတွေးနဲ့ ကျွန်တော် အဖော်လုပ်နေတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် အထိုက်အလျောက် နားလည်တယ်လို့ ထင်တယ်။ ပြီးတော့ ကျွန်တော့်ကို သစ္စာမဖောက်ဘူး၊ မညာဘူးလို့လည်း မိတ်ဆွေကောင်းပီသစွာ ကျွန်တော်က ကတိပေးခဲ့သေးတယ်။ ဒီတော့ ဘာလိုသေးလဲ၊ ကျွန်တော့်ဘာသာကျွန်တော် အဆင်ပြေနေတယ်လို့ပဲ ဆိုရမယ်။
ဒါပေမဲ့ စိတ်ဆိုတာက တွေးတောတဲ့ကိစ္စ တစ်ခုတည်းနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ ခံစားမှုနဲ့လည်း သက်ဆိုင်နေပြန်တယ်။ တချို့ပြောကြတဲ့ နှလုံးသားက ခံစားတယ်ဆိုတဲ့ကိစ္စကိုလည်း ကျွန်တော့်စိတ်က လက်မခံနိုင်ဘူး။ နှလုံးဆိုတာ ပရမ်းပတာနိုင်တဲ့ ကလီစာတစ်ခုမို့လို့ တငြိမ့်ငြိမ့်အရသာရှိတဲ့ ခံစားမှုဟာ အလိပ်အလိပ်တွေထနေတဲ့ ဦးနှောက်မှသာ ထွက်ပေါ်လာတာလို့ ကျွန်တော် ထင်တယ်။ ထားပါတော့။ အဲဒီတော့ တစ်ယောက်ထဲနေတဲ့သူအနေနဲ့ အတွေးတွေနဲ့ မဟာမိတ်ဖွဲ့ရသလို ခံစားချက်နဲ့လည်း ချစ်ကြည်ရေး ယူရတာပဲ။ ဒီတော့ ကျွန်တော့်ခံစားချက်ကို ကျွန်တော် ကောင်းကောင်းသိတယ်။ အဆုံးစွန်ပြောရရင် ခံစားချက်မရှိသလို ဖြစ်နေတဲ့ ခံစားချက်က အစပေါ့။ ကျွန်တော်နဲ့ ထပ်တူထပ်မျှ ခံစားနိုင်တာ ကျွန်တော်တစ်ယောက်ထဲ ရှိပါလားလို့ သိလိုက်ရတဲ့နေ့က ကျွန်တော် ခံစားရသလိုမျိုး အခု ကျွန်တော် ဒီစကားလုံးတွေထဲပါအောင် ထည့်ရေးမပြနိုင်တော့ဘူး။ “အထီးကျန်ခြင်း” ဆိုတဲ့ စကားလုံးဟာ လူအမျိုးမျိုးအတွက် အနက်အထွေထွေထွက်ပြီး စာရွက်ပေါ်မှာတင် ယိုင်ရွဲ့သွားခဲ့ရပြီ။ ဒီတော့ အထီးကျန်တယ်ဟေ့လို့ တစ်ကမ္ဘာလုံးကြားအောင် ကြွေးကြော်နေလည်း အဓိပ္ပာယ် မရှိတော့ဘူးပေါ့။ လူသူမနီး ကျွန်းကလေးတစ်ကျွန်းပေါ်မှာ မိန်းကလေးတစ်ဦးနဲ့ နှစ်ယောက်ထဲအတူ ရှိနေရတဲ့အခါ “မင်းကိုကိုယ် ချစ်ပါတယ်” လို့ ပြောတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ပြရင် ဘေးမှကြည့်သူတွေအနေနဲ့ အတော်လေး ပြုံးချင်စရာဖြစ်ရသလို အထီးကျန်တဲ့အကြောင်း လူအများကြားအောင် ဖောက်သည်ချတဲ့အခါ ကူလီကူမာ နိုင်နေမှာပဲလို့ ကျွန်တော်က ထင်တယ်။ ကဲ ဒီတော့လည်း မပြောရုံပေါ့။ စကားမစပ် ခုထိ မှင်တွေကတော့ မလျော့သေးဘူး။ ဒီတော့ ဆက်ရေးလိုက်ဦးမယ်။
ကျွန်တော့်ရဲ့ နောက်ထပ် နာတာရှည် ခံစားချက်တစ်ခုက အလွမ်းပဲ။ လွမ်းတယ်ဆိုတာလည်း ရည်းစားကို လွမ်းသလို၊ အမေ့ကိုလွမ်းသလို ကြုံရာသီချင်းလေးတစ်ပုဒ်ပုဒ်ထဲက စာသားအတိုင်း လွမ်းလိုက်လို့ရတဲ့ အလွမ်းမျိုး မဟုတ်ဘူး။ ကျွန်တော်က ဘာမှန်းမသိတာကို လွမ်းနေတာ။ ဒါမှမဟုတ် ကျွန်တော်လွမ်းနေတာ ဘာမှန်း ကျွန်တော် မသိဘူး။ ဆရာမြင့်သန်းပြောသလို “ကဗျာဆရာဆိုတာ မရသေးတာတစ်ခုခုကို ဆုံးရှုံးသွားမှာ ကြောက်နေတတ်တဲ့ လူမျိုးပဲ” ဆိုတာနဲ့ ခပ်ဆင်ဆင်ပဲ။ ကျွန်တော့်အလွမ်းဟာ လူတစ်ဦးကို မဟုတ်ဘူး။ အကြောင်းအရာ တစ်ခုခုကို မဟုတ်ဘူး။ အတိတ်မှဖြစ်စေ၊ အနာဂတ်မှဖြစ်စေ ကျွန်တော် မမှတ်မိ (နိုင်) တော့တဲ့ ကျွန်တော့်ရဲ့ ဆုံးရှုံးမှုတစ်ခုခုကို လွမ်းနေတာမျိုးပဲ။ ဥပမာ လွတ်လပ်ပါတယ်လို့ ဆိုတဲ့ လူသားတစ်ယောက်အနေနဲ့ ဂြိုဟ်သိမ်လေးတစ်ခုမှာ လာပိတ်မိနေရတယ် ဆိုတဲ့ခံစားချက်မျိုး။ အရပ်လေးမျက်နှာ ဘယ်လောက်ပဲ လွတ်လပ်ပါစေ၊ မြေလျှိုးမိုးပျံမရတဲ့အတွက်တော့ ကျွန်တော်ဟာ ၀မ်းနည်းနေမိတဲ့ လူပဲ။ ကဗျာဆရာမဟုတ်တာက လွဲလို့ပေါ့။
ကျွန်တော် ငယ်ငယ်က မြစ်ဝကျွန်းပေါ် ရေလမ်းခရီးတွေ တော်တော်များများ သွားခဲ့ရတယ်။ ဧရာဝတီ နှစ်ထပ်သင်္ဘောပေါ်က ကြည့်ရင် မြစ်ကမ်းနဘေးမှာ ကိုယ်လုံးတီးရေချိုးနေကြတဲ့ ကလေးလေးတွေ တွေ့ရတတ်တယ်။ အဲဒီကလေးလေးတွေဟာ သင်္ဘောမြင်တိုင်း ၀မ်းသာအားရ အော်ဟစ်ပြီး လက်ပြနှုတ်ဆက် တတ်ကြတယ်။ ဘာကြောင့်မှန်းမသိ သူတို့တွေ တဖြည်းဖြည်းဝေးဝေးပြီး နောက်မှာ ကျန်ရစ်နေခဲ့တာကို ကြည့်ပြီး ကျွန်တော် လွမ်းတယ်၊ ၀မ်းနည်းတယ်။ (ဤအကြောင်း ကဗျာဆရာမောင်စိမ်းနီ ရေးဖူးကြောင်း သတိရမိတယ်) သူတို့နဲ့ငါဟာ သိလည်း မသိဘူး။ ပြီးတော့ နောက်တစ်ခါ ဘယ်တော့မှလည်း ပြန်တွေ့ရမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အခုချိန်မှာ တွေ့နေရတယ်။ ခဏလေးအပြီးမှာ အပြီးတိုင် ခွဲရမှာပါပဲ။ ဒါဟာ သုံးနှစ် ကျော်ကျော် ကလေးငယ်တစ်ယောက်ကို အတော်လေး ၀မ်းနည်းစေပါတယ်။ (သုံးနှစ်သားအရွယ်နဲ့ ဒီလို တွေးတတ်ပါ့မလားဆိုတာကတော့ စာဖတ်သူက ဆုံးဖြတ်ရုံသာ ရှိပါတယ်) ဒါဟာလည်း ကျွန်တော်ကိုယ်တိုင်ဟာ ကျန်ရစ်ခဲ့သူ ဖြစ်ရလိမ့်မယ်လို့ ကြိုသိနေတာကြောင့် ဖြစ်ကောင်းဖြစ်မယ်။ အဖေအမေနဲ့ဝေးပြီး အဘိုးအဘွားတွေနဲ့ ရွာလေးတစ်ရွာမှာ တစ်နှစ်ကျော် ကျွန်တော် အတူနေခဲ့ရတယ်။
အမေဟာ ကျွန်တော့်ကို ရွာမှာ ချန်ထားခဲ့တယ်။ တစ်နှစ်ကျော်ဆိုတဲ့အချိန်ဟာ အဲဒီအချိန်က ကျွန်တော့်အတွက် အတော်ကြာတယ်။ အဘိုးနဲ့အဘွားက ရန်ကုန်မှာပျော်လား တောမှာပျော်လားလို့ မကြာခဏ မေးတတ်တယ်။ ကျွန်တော်က တောမှာပျော်တယ်လို့ အဘွားကို ပြန်ဖြေလေ့ရှိခဲ့တယ်။ ရန်ကုန်မှာနေရရင်လည်း ရန်ကုန်မှာ ပျော်မယ်ထင်တယ်လို့ ဆက်ပြောမိလိုက်သေးတယ်။ အဲဒီအချိန်က ကျွန်တော် မညာတတ်သေးဘူး။ တစ်ချိန်တည်းမှာ အဘိုးအဘွားတွေကိုလည်း ကျွန်တော်နဲ့ ပတ်သက်လို့ စိတ်မညှိုးနွမ်းစေချင်ဘူး။ ဒါအတွက် ကျွန်တော် အကောင်းဆုံးအဖြေ ပေးနိုင်ခဲ့တယ်လို့ ထင်တယ်။ ကျွန်တော် လွမ်းနေတာ၊ သတိရနေတာတွေကို တခြားလူတွေ မသိစေချင်ဘူး။ အမေကျွန်တော့်ကိုထားပြီး ပြန်ခါနီးကျတော့ “ငါ့မြေးက ကစားနေတာ ညည်းကို ဂရုတောင်မစိုက်ဘူး” လို့ အဘွားက ကျွန်တော့်ကိုကြည့်ပြီး အမေ့ကို ပြောလိုက်တယ်။ ကျွန်တော့်ကိုယ် ကျွန်တော်မြင်တာတော့ အဲဒီအချိန်က လှိုက်လှိုက်လှဲလှဲ ငိုနေမိတာပဲ။ ဒီလိုပေါ့ ကျွန်တော့်တစ်ယောက်တည်းအပေါ် အဘွားရဲ့အမြင်နဲ့ ကျွန်တော်ကိုယ်တိုင်မြင်တဲ့ အမြင်နဲ့တော့ ဘယ်တူနိုင်မလဲ။ ဒါပေမဲ့ ကျွန်တော့်အကြောင်းကိုတော့ ကျွန်တော်ကပဲ ပိုသိလိမ့်မယ် ထင်တယ်။ အဘွားပြောသလို အဘွားမြင်ရဖို့ ကျွန်တော်က ဘာလို့ မလိုအပ်ဘဲ သရုပ်ဆောင်နေခဲ့ မိတယ်ဆိုတာ ကျွန်တော် မသိဘူး။ တစ်ခုရှိတာက ကျွန်တော်ဟာ ၀မ်းနည်းပက်လက် ကျန်ရစ်ခဲ့ရသူလို့ အမေ့ကို မသိစေချင်တာဟာ အကြောင်းရင်း ဖြစ်နိုင်ကောင်းတယ်။
ဒီနေရာမှာ ထူးဆန်းတာ တစ်ခုထပ်တွေ့ရပြန်တယ်။ ဘောပင်နဲ့ စာရေးနေမိတာအပြင် နောက်ထပ်အရာ တစ်ခုပေါ့။ ကျွန်တော်က ဒီဘောပင်ကို မှင်ကုန်အောင်လို့ ရည်ရွယ်ချက်ရှိရှိ ရေးကြည့်နေတယ်။ လက်က ညောင်းနေပြီ မှင်က လျော့မသွားဘူး၊ ပုံပျက်မသွားဘူး။ အရိုးစွဲနေတဲ့အရာကို တိုက်ဖျက်ဖို့အထိ မရည်ရွယ်ပေမယ့် တစ်ခုခုများ ထူးခြားသွားနိုးပေါ့။ ဒါပေမဲ့ ဘောပင်တစ်ချောင်းက မှင်တွေ ကုန်သွားအောင် ကျွန်တော် ဘယ်လိုရေးမလဲ။ မှင်ဟာ မှင်ပဲဖြစ်သလို ကျွန်တော်ဟာလည်း ကျွန်တော်ပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ဟာ တဖြည်းဖြည်းချင်းသာ မသိမသာ ကုန်ခမ်းကြရမှာပဲ။ ဘောပင် တစ်ချောင်းရဲ့ ဘ၀မှာ အရေးကြီးတာက စာတွေအရုပ်တွေ တချို့တလေ စာရွက်ပေါ် ထင်ကျန်နေရစ်ခဲ့စေဖို့ပဲ မဟုတ်လား။ အခု ကျွန်တော့်စာအုပ်မှာ စာအချို့ ရှိနေပြီ။ ခံစားချက်တွေ အတွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်ကိုယ်တိုင်ရေးခဲ့တဲ့ ကျွန်တော်သိတဲ့ ကျွန်တော့်အကြောင်းတွေပေါ့။ ဘောပင်ထဲက မှင်တချို့ စာရွက်ပေါ် ရောက်သွားပြီဆို ကျွန်တော့် အာသာပြေပြီလို့ပဲ ဆိုပါစို့။ ဒီလို ဘောပင်ထဲက မှင်တွေအကုန် စာမျက်နှာထက် ထင်ကျန်အောင် တစ်ထိုင်ထဲ မဖြုန်းနိုင်ကြောင်း အတွေးပေါက်လိုက်ချိန်မှာ စာရေးခြင်းကို ကျွန်တော် အလိုလို ရပ်လိုက်မိတော့တယ်။
◄ တေဇာ ►

ပိုစ့်ဖတ်ပြီး ဘာကိုမှန်းမသိ အရမ်းကြီးကိုလွမ်းသွားတယ်။
ReplyDeleteJJ
အမလဲ အဲ့လို အလွမ်းတွေ ချ ရေးချင်လိုက်တာ...ပီပြင်အောင် မရေးနိုင်ဘူး..
ReplyDelete