Skip to main content

ပါပီလွန်မှ အပြင်းစားလောကဓံများ

ကျွန်တော်သည် အချုပ်ခန်းကျဉ်းလေးအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်၏။ အခန်းမှာ ကျဉ်းလွန်းသဖြင့် ခြေလှမ်းများများ လျှောက်မရ။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း၊ ငါးလှမ်း။ နံရံရောက်ပြီ။ နောက်ပြန်လှည့်ရ၏။ ကျွန်တော် စိတ်မပျက်ပါ။ ငါးလှမ်းလှမ်းပြီး တစ်ကြိမ် နောက်ပြန်လှည့်၍ မရပ်မနားလွတ်လပ်သော ပတ်ဝန်းကျင်တွင် ခရီးရှည်သွား နေရသကဲ့သို့ လမ်းလျှောက်၏။ မောလာပြီ။ ကျွန်တော် မရပ်။ (၁၆) နာရီပြည့်သည်အထိ ကျွန်တော် လမ်းလျှောက်၏။

လမ်းလျှောက်နေသဖြင့် ကျွန်တော့်ခန္ဓာကိုယ်မှ ကြွက်သားများမှာ ပိုကြံ့ခိုင်လာ၏။ မောလွန်းသဖြင့် ခေါင်းချလိုက်လျှင် ချက်ချင်းအိပ်ပျော်သွား၏။ စိတ်လေလွင့်ချိန်၊ တွေဝေချိန်များ မရတော့။ မှန်သည်။ တရုတ်လူမျိုးတို့သည် လူ့ ခေါင်းပေါ် ရေတစ်စက်ချင်းချပေး၍ ညှဉ်းဆဲသောနည်းကို ကမ္ဘာတွင် ပထမဆုံး စတွေ့သကဲ့သို့ ကျွန်တော်တို့ ပြင်သစ်လူမျိုးများသည်လည်း လူကို ဆိတ်ငြိမ်သောအခန်းတွင်းသွင်း၍ ဆိတ်ငြိမ်ခြင်းဖြင့် ညှဉ်းဆဲသောနည်းကို ပထမဆုံးတွေ့ခဲ့သူ၊ နားလည်ခဲ့သူများဖြစ်၏။ အကျဉ်းသားကို ပြင်ပပတ်ဝန်းကျင်မှ ဘာသံမျှမကြားနိုင်သော အလုံပိတ်အခန်းတွင် ထား၏။ မည်သည့်အကျဉ်းသားနှင့်မျှ စကားမပြောရ။ မည်သည့်ဝါဒါမျှလည်း လာစကားမပြော။ ရက်အနည်းငယ်ကြာလျှင် အကျဉ်းသားမှာ ဆိတ်ငြိမ်မှုကို ဆက်မခံနိုင်။ တရုတ်ညှဉ်းပန်းနည်း၌ ရေပေါက်လေး ခေါင်းပေါ်ကျသည်ကို အချိန်ကြာလာသောအခါ၌ လူမှာ တူနှင့်အထုခံနေရသကဲ့သို့ မခံမရပ်နိုင်ဖြစ်လာသကဲ့သို့ ဆိတ်ငြိမ်ခြင်းမှာလည်း လူကို မခံမရပ်နိုင်အောင် ဖြစ်လာ၏။ အချို့ ကြောက်လန့်စွာ အသံကုန်အော်ဟစ်ပြီး ရူးသွား၏။ အချို့မှာ ၀ါဒါများကို အကြိမ်ကြိမ်ခယပြီး အခန်းပြင်သို့ထုတ်ပေးရန် ခယနေရ၏။ ကျွန်တော့်မှာ ဤညှဉ်းပန်းမှုအကြောင်းကို ကြိုသိထားသူဖြစ်၏။ ထို့ကြောင့် ဤဆိတ်ငြိမ်ခြင်းဒဏ်ကို ခံနိုင်အောင် မိမိကိုယ်မိမိ အမြဲပြင်ဆင်ထား၏။ တစ်ခါတစ်ရံ ကျွန်တော်သည် တစ်ယောက်တည်း စကားပြော၏။ တစ်ခန်းလုံးကို ကျွန်တော့်အသံများဖြင့် ဆူညံနေစေ၏။ (စာ- ၂၆, ၂၇)
§ § § § § 


ဤအရေးအသားများကို ဦးလှဝင်း (လေသူရဲတစ်ဦး) ဘာသာပြန်သည့် “ပါပီလွန်နှင့် ဗင်ကို” ၀တ္ထုမှ သင့်ရာဆွဲထုတ်ထားခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Henri Charriere ၏ Papillon & Banco ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ ပြင်သစ်ဘာသာဖြင့် ရေးသားထားခြင်းဖြစ်ပြီး ဘာသာပြန်သူက အင်္ဂလိပ်မူမှ ပြန်ဆိုထားသည်ဟု ဆိုသည်။ စာအုပ်အဖြစ်နှင့်ရော ရုပ်ရှင်အနေဖြင့်ပါ အလွန်အောင်မြင် လူကြိုက်များခဲ့သည့် စာအုပ်ပင်ဖြစ်သည်။ အဓိကညွှန်းလိုသည့် အချက်မှာ ဤစာအုပ်ပါဖြစ်ရပ်များသည့် တကယ့်ဖြစ်ရပ်မှန်များဖြစ်ပြီး၊ “ပါပီလွန်” သည် ပြင်ပကမ္ဘာမှ လူသားစစ်စစ်တစ်ဦး ဖြစ်နေသည့်အချက်ပင် ဖြစ်ပါသည်။ စိတ်ကူးယဉ်ဝတ္ထု (Fiction) တစ်ခု ဆိုလျှင်သော် ကျွန်တော့်အနေဖြင့် ပြန်လည်တင်ပြဖြစ်လိမ့်မည် မဟုတ်ပါ။ စိတ်ဝင်စားသူများအား အချိန်ကုန်ခံ ဖတ်ရှုကြည့်ထိုက်သော အကြောင်းအရာမျိုးဖြစ်သည်ဟု ဆိုချင်ပါသည်။ ကျွန်တော့်ပုဂ္ဂိုလ်ရေးအမြင်အရမူ ဖြစ်ရပ်မှန်ဟု ဆိုသော်လည်း အလွန်ရုပ်ရှင်ဆန်သည့် ဖြစ်ရပ်များဟု ထင်မြင်မိသည်။ လေသူရဲတစ်ဦး၏ မြန်မာပြန် အရေးအသားမှာ “အလွန်” ချောမွေ့သည်။  [ပြန်လည်တင်ပြသူ]
 
§ § § § §

တစ်ကျွန်းပို့ရန် (၁၂) ရက်သာ လိုတော့သည်။ သင်္ဘောထွက်မည့်ရက်ကို ထောင်ထဲမှစောင့်နေရသည်မှာ အလွန်ငြီးငွေ့ဖွယ် ကောင်းလှဘိ၏။ ရန်ပွဲများလည်း မကြာခဏ ဖြစ်နေ၏။ “ဘေးလက်” ညီအစ်ကို၏ ရန်ပွဲမှာ ကြောက်စရာရန်ပွဲဖြစ်၏။ သူတို့ညီအစ်ကို ပြိုင်သတ်နေကြသည်မှာ တိရစ္ဆာန်နှစ်ကောင်၏ ရန်ပွဲနှင့်တူ၏။ သူတို့ရန်ပွဲပြီးသည့်နောက် တစ်ယောက်ကို ကျွန်တော်တို့အခန်းသို့ ခွဲပို့လိုက်၏။ ထောင်အာဏာပိုင်များက ဤရန်ပွဲဖြစ်ရသည်မှာ ထောင်ဝါဒါများ ပေါ့လျော့မှုကြောင့်ဟု ယူဆ၏။ ထောင်မှူးကြီးက ဤညီအစ်ကို တစ်ယောက်နှင့်တစ်ယောက်တွေ့လျှင် သတ်ကြမည်ဟု သိ၏။ လုံးဝအတွေ့ပေးမခံရန် အသေအချာ မှာထား၏။ ထောင်ဝါဒါများ ပေါ့လျော့မှုကြောင့် ရေချိုးခန်း၌ သူတို့ညီအစ်ကို မျက်နှာချင်းဆိုင်တွေ့၏ သတ်ကြ၏။

ဘာကြောင့် “ဘေးလက်” ညီအစ်ကို တစ်ယောက်နှင့်တစ်ယောက် သတ်ချင်နေကြပါသနည်း။ သူတို့ဇာတ်လမ်းမှာ တစ်ယောက်ကိုတစ်ယောက် အလွန်နာကျည်းစရာပင်ဖြစ်၏။

ဘေးလက်ညီအစ်ကိုမှ ညီဖြစ်သူမှာ အင်ဒရီ ဖြစ်၏။ တစ်နေ့ အင်ဒရီက အဘွားအိုသူဌေးမတစ်ယောက်ကို သတ်ပြီး ငွေများကို လုခဲ့၏။ အစ်ကိုဖြစ်သူ အီဗီးက အင်ဒရီလုလာသောငွေများကို တာဝန်ယူဝှက်ထားပေး၏။ အီဗီးမှာ မကြာခင် ခိုးမှုတစ်ခုဖြင့် ထောင်သုံးနှစ်ကျသွား၏။ အီဗီးထောင်ထဲရောက်၍ လအတန်ကြာသည်အထိ ညီဖြစ်သူ အင်ဒရီက သွားမတွေ့ပါ။ အီဗီးမှာ လာကြည့်မည့်သူမရှိသဖြင့် ထောင်ထဲ၌ အနေရအလွန်ဆင်းရဲ၏။ တဖြည်းဖြည်း သူ့အား ပစ်ထားသော ညီဖြစ်သူ အင်ဒရီကို ဒေါသဖြစ်လာ၏။ သူနှင့်အတူနေသော အခြားအကျဉ်းသားများကို ညီဖြစ်သူအပေါ်၌ အလွန်စိတ်နာကြောင်း၊ သူ့တွင် ညီဖြစ်သူ အင်ဒရီ လူသတ်ပြီးတိုက်လာသည့် ငွေများကို ၀ှက်ထားသည်များရှိကြောင်း၊ ထောင်မှထွက်လျှင် ညီဖြစ်သူ အင်ဒရီကို ထိုငွေထဲမှ တစ်ပြားမှပေးတော့မည် မဟုတ်ကြောင်း ဒေါသဖြင့် မဆင်မခြင်ပြော၏။ ထောင်ကျထဲမှ ထောင်မှူးသူလျှိုတစ်ယောက်က ထောင်မှူးကို သွားပြောပြ၏။ ထောင်မှူးက ရဲကို အကြောင်းကြားသဖြင့် ရဲက ထိုမြှုပ်နေပြီဖြစ်သော အမှုကို ပြန်ဖွင့်၏။ အင်ဒရီကို ရှာဖမ်း၏။ အမှုလုပ်၏။ ညီအစ်ကိုနှစ်ယောက်လုးကို သေဒဏ်ချလိုက်၏။ ကံကောင်းသည်မှာ သေဒဏ်မစီရင်မီ ပြင်သစ်နိုင်ငံ၏ သမ္မတကြီး “တောမာ” အသတ်ခံရ၏။ သမ္မတသစ် လဲ၏။ သမ္မတသစ်က ဘေးလက်ညီအစ်ကို၏ သေဒဏ်ကို တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းချပေး၏။ ဘေးလက်ညီအစ်ကိုသည် ထောင်ထဲ၌ တစ်ယောက်ကိုတစ်ယောက်တွေ့တိုင်း သတ်ကြ၏။ တစ်ယောက်ကိုတစ်ယောက် အလစ်တွင် အသေသတ်ရန်လည်း အမြဲကြံ၏။ နောက်ဆုံးတွင် အီဗီးအသတ်ခံရ၏။ သတ်သူကို မဖော်နိုင်ပါ။ အင်ဒရီသတ်ခြင်း ဖြစ်သည်ကို တစ်ထောင်လုံးသိ၏။ (စာ- ၃၆, ၃၇)

§ § § § §

ထောင်မှပြေးရန် ရည်ရွယ်ချက်ရှိသော အကျဉ်းသားသည် ပင်လယ်တွင်းမှ ကျွန်းများသို့ အပို့ခံထားရပြီဟုဆိုလျှင် ပြေးရန်မလွယ်တော့ပါ။ ပြေးရန် အလွယ်ဆုံးမှာ မာလိုနီမြစ်ကမ်းဘေးတွင်ရှိသော ထောင်မကြီးမှ ဖြစ်၏။ အန္တရာယ်ရှိသော အကျဉ်းသားအဖြစ် သတ်မှတ်ခံရသူများမှာ ယခု ကျွန်တော်တို့ တစ်ကျွန်းသင်္ဘောဆိုက်သည်နှင့် ထောင်မကြီးရှိ အလုံပိတ် သီးသန့်အထူး အကျဉ်းခန်းများသို့ အပို့ခံရမည်ဖြစ်၏။ ထိုအလုံပိတ်အခန်းသို့ ရောက်သွားပြီဆိုလျှင်လည်း ပြေးရန်မလွယ်တော့ပါ။ ဂျူလော့မှာ တစ်ကျွန်းမှပြေးလာသူ ဖြစ်သဖြင့် အန္တရာယ်ရှိသောအကျဉ်းသား စာရင်းဝင်နေသူဖြစ်၏။ သင်္ဘောဆိုက်သည်နှင့် အလုံပိတ်သီးသန့် အထူးအကျဉ်းခန်းသို့ မြန်းရပေမည်။ ဂျူလော့မှာ တစ်ကျွန်းမှ ဒုတိယအကြိမ် ဖောက်ပြေးရန် ဆုံးဖြတ်ထားသူဖြစ်၏။ အလုံပိတ်အထူးအကျဉ်းခန်းသို့ မမြန်းနိုင်ပါ။ ထို့ကြောင့် သူ့တွင် အသင့်ဝှက်ဆောင်လာသော မုတ်ဆိတ်ရိတ်ဓားတစ်ချောင်း ရှိ၏။ ဤဓားဖြင့် သင်္ဘောဆိုက်ခါနီးတွင် သူ့ဒူးမှ အရေပြားကို ခြောက်လက်မခန့် လှီးဖြတ်မည်။ နောက် သင်္ဘောမှအဆင်းတွင် လှေကားမှလဲကျ၍ ဒူးတွင် ပြင်းထန်စွာ ဒဏ်ရာရဟန်ဆောင်မည်။ အထူးအကျဉ်းခန်းသို့ ရောက်ရမည့်အစား ဆေးရုံရောက်သွားအောင် ကြံမည်။ ဆေးရုံမှ ကျွန်းဖောက်ပြေးမည် ဖြစ်၏။ ဤသည်မှာ ဂျူလော့၏ စိတ်ကူးဖြစ်၏။ သူ့ကုသိုလ်ကံမှာ ထူးလှပါသည်။ သူ ကြံစည်စိတ်ကူးထားသည့်အတိုင်းလည်း အံ့စရာ လက်တွေ့အောင်မြင်သွားခဲ့ပါသည်။ (စာ-၄၆)

§ § § § §

ကျွန်တော့်ကို လက်ထိပ်ခတ်လိုက်၏။ ကျွန်တော့်ပစ္စည်းများကို ရှာ၏။ အိတ်ထဲမှာ ဂျာတိုလက်ဆောင်ပေးလိုက်သော ပီဆိုရွှေပြားအားလုံးကို အရာရှိလုပ်သူကသိမ်းယူပြီး သူ့ဘောင်းဘီအိတ်တွင်းသို့ ထည့်လိုက်၏။ ကျွန်တော့်ကို သီလရှင်ကျောင်းအပြင်သို့ ထုတ်လာ၏။ အသင့်စောင့်နေသောကားပေါ် တက်စေ၏။ ကားသမားမှာ လူမည်းတစ်ဦးဖြစ်၏။ ကားပေါ်ရောက်မှပင် အငိုက်မိခံရ၍ တုန်လှုပ်နေသော ကျွန်တော့်စိတ်များကို ပြန်လည်တည်ငြိမ်အောင် ကြိုးစား၏။ အဖမ်းခံရပြန်ပြီ။ အရေးမကြီး။ မျှော်လင့်ချက်မကုန်သေး။ ကြံနိုင်လျှင် လွတ်ကိုလွတ်ရဦးမည်။ ခုချိန်၌ ဘယ်သူ့ကိုမျှ အသနားခံ၍ ရနိုင်သောအချိန်မဟုတ်တော့။ မိမိကိုယ်ကိုသာမိမိ အားထားရမည်။ ပထမဆုံး အရေးကြီးသည်မှာ ကိုယ့်ကိုယ်ကိုယ် အဖမ်းခံရပြီဆိုသည်နှင့် ချက်ချင်းအားလျှော့ပြီး ကြွက်စုတ်လေးတစ်ကောင်အဖြစ် ရောက်မသွားစေဘဲ ဖြစ်သမျှ ရင်ဆိုင်မည်။ အခက်အခဲအားလုံးကို ပြန်ကျော်လွှားဦးမည်ဟူသော စိတ်ဓာတ်ကိုမွေးရေး ဖြစ်၏။ (စာ- ၁၃၁, ၁၃၂)

§ § § § §

အမှောင်တိုက်အတွင်းမှ အကျဉ်းသားများမှာ စီးကရက်ကိုယ်စီဖြင့် မင်္ဂလာယူနေကြ၏။ လူအားလုံး ဆယ့်ရှစ်ယောက်တိတိ ရှိပါသည်။ ဘယ်သူမျှ တစ်ယောက်ကိုတစ်ယောက် စကားမပြောကြ။

ဒီတက်လာချိန်တွင် ကျွန်တော့်လည်ပင်းမြုပ်သည်အထိ အချုပ်ခန်းတွင်းသို့ ရေ၀င်လာ၏။ ကိုယ့်ကိုယ်ကိုယ် အမှောင်ထဲတွင် ရေမွမ်းပြီးမသေအောင် အတော်ကြိုးစားရ၏။ ကျွန်တော့်အတွေးများတွင် သီလရှင်ဂိုဏ်းချုပ်ကြီးကို ရုတ်တရက်သတိရလိုက်ပြီး တစ်ကိုယ်လုံးထူပူသွားအောင် ဒေါသမီးပွားမိ၏။ တကယ်တော့ ကျွန်တော့်အမှားပါ။ သီလရှင်များကို အဘယ်ကြောင့် ယုံကြည်မိလိုက်သနည်း။ လှည်းပေါ်တွင်လည်း တစ်ခွန်းနှစ်ခွန်း ပြင်သစ်လိုပြောလိုက်မိသဖြင့် လှည်းမောင်းသမားက ရိပ်မိသွားပြီး ချောက်ကျလေသလား။ ဒီရေ တစ်နေ့နှစ်ကြိမ်တက်၏။ ဒီတက်ချိန်တွင် ရေကူးနေရပြီး ကျန်အချိန်တွင် အမှောင်ခန်းမှာ အလွန်ပူလှ၏။ ပထမ ဖိနပ်နှင့်ခြေအိတ်ကို ကျွန်တော်ချွတ်သည်။ နောက်အင်္ကျီ၊ နောက် ဘောင်းဘီ၊ နောက် တစ်ကိုယ်လုံးရှိအ၀တ်အစားများချွတ်ပြီး သံတန်းများအပေါ် တင်ထားလိုက်တော့၏။

တစ်ကျွန်းမှပြေးခဲ့သော မိုင်ပေါင်း တစ်ထောင့်ငါးရာပေါက်ခဲ့ပြီ ဖြစ်၏။ ဘုရားဘုရား၊ ဒီခရီးရောက်အောင် ပြေးနိုင်ခဲ့ပြီးမှ ဒီအမှောင်ခန်းအတွင်းတွင် ကိုယ့်ဘ၀ကို အဆုံးသတ်ရတော့ချေမည်လား။ မသတ်ချင်ပါ။ ဘုရားကယ်,မလို့ ဒီလို မသတ်ရပါစေနဲ့။ ကျွန်တော်လွတ်မြောက်ရမည်။ အားလုံးမှာ ကျွန်တော့် မိုက်ပြစ်များဖြစ်၏။ အလွန်ချစ်စရာကောင်းသော ဂိုအာချီလာလူရိုင်းများကို ရူးမိုက်စွာ စွန့်ထွက်လာမိသည်။ တစ်သက်လုံး သူတို့နှင့်အတူ နေလိုက်မိလျှင် ကောင်းပေစွ။ ဟိုမှာ ရဲမရှိ။ ထောင်မရှိ။ ကိုယ့်ကိုမုန်းတဲ့လူမရှိ။ ငွေဆိုတာ ဘာမျှ ရှာနေစရာမလို။ သြော်… ငါ မှားလေစွ။ ငါ ပြန်အဖမ်းခံရတဲ့သတင်းကိုကြားရင် ပြင်သစ်မှာရှိတဲ့ ငါ့ကို မတရားအပြစ်ဒဏ်ပေးတဲ့ မသူတော် တရားသူကြီး၊ ဂျူရီလူကြီးနဲ့ ရဲဆွဲချတွေကတော့ ၀မ်းသာလွန်းလို့ ဟားတိုက်ပြီး ဘယ်လောက်ရယ်နေကြမလဲ။ ငါ့မိသားစုနဲ့ ငါချစ်တဲ့လူတွေရော ဘယ်လိုနေကြလေမလဲ။ ငါလွတ်သွားပြီဆိုတဲ့ သတင်းကြားတုန်းကတော့ သူတို့ အလွန်ဝမ်းသာကြမယ်။ ခု ငါ့ကို ဖမ်းမိပြီဆိုတဲ့သတင်း ကြားရရင်တော့ သူတို့ ဘယ်လောက်ပူဆွေးသောကရောက်ကြမလဲ။ ဘုရားတပည့်တော် လူမိုက်ကို လူယဉ်ကျေးတို့လောကမှာ ငြိမ်းချမ်းစွာပြန်နေနိုင်တဲ့ဘ၀ရောက်တဲ့အထိ ပြန်ပို့ပေးတော်မူပါ။ တပည့်တော်ဟာ အပြစ်ရှိသူ မဟုတ်ပါဘူး။ အပြစ်မဲ့သူအမှန်ဆိုတဲ့အကြောင်း ပတ်ဝန်းကျင်တစ်ခုလုံးကို လက်ခံသည်အထိ တရားသောသက်သေထူခွင့် ပေးတော်မူပါ။ (စာ- ၁၃၆)

§ § § § §

“ခင်ဗျားတို့က တကယ် သေဒဏ်ကျနိုင်တဲ့အခြေအနေ ရှိလို့လား”
“ရှိရုံတင်မကဘူး။ ကျဖို့ သေချာသလောက်ပဲ”
“ဒါဖြင့် ဘာပြုလို့ ခင်ဗျားတို့ကို သီးသန့်မခွဲထားဘဲ ဒီအခန်းထဲ တခြားလူတွေနဲ့ လာစုထားရတာလဲ”
“သီးခြား ကျွန်တော်တို့ကိုခွဲထားရင် ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သတ်သေလိုက်မှာ သူတို့ကြောက်လို့”
“အင်း… ဒါလဲ ဖြစ်နိုင်တာပဲ။ ပြဿနာက ဘယ်လိုဖြစ်တာလဲ”
“ကျွန်တော်တို့ အာရပ်အစောင့်တစ်ယောက်ကို အရှင်လတ်လတ် ပုရွက်ဆိတ်စာကျွေးပြီး သတ်ပစ်ခဲ့ကြလို့”
“ပုရွက်ဆိတ်စာကျွေးပြီး သတ်တယ်” “ဟုတ်တယ်” “ဘယ်လိုကျွေးတာလဲ”

“ပြောရမှာတော့ အရှည်ကြီးပဲဗျာ။ တိုတိုပြောရရင် ဖြစ်တာက ဒီလို။ ကီလိုမီတာ (၄၂) စခန်းဆိုတာ ခင်ဗျားကြားဖူးလား။ ဒီစခန်းက သစ်ခုတ်ရတဲ့စခန်းဗျာ။ စိန့်လောရင့်ဆိုတဲ့ကျွန်းက မိုင်လေးဆယ်အကွာမှာ ရှိတဲ့စခန်း၊ အဲဒီစခန်းမှာ အကျဉ်းသားတစ်ယောက်ဟာ သုံးကုဗပေရှိတဲ့သစ်တုံးတစ်တုံးရအောင် နေ့တိုင်းခုတ်ရတယ်။ လူတစ်ယောက် တစ်နေ့ သုံးကုဗပေရှိတဲ့ သစ်တုံးတစ်တုံးရအောင်ခုတ်ဖို့ဆိုတာ မလွယ်ဘူး။ အင်မတန်ခက်တာ”
“ခုတ်ပြီးတဲ့ သစ်တုံးကို သူတို့ ဘာလုပ်သလဲ”
“ဘာမှမလုပ်ဘူး။ ဆေးအနီနဲ့လာမှတ်သွားပြီး နောက်တစ်နေ့ အသစ်ဆက်ခုတ်ခိုင်းတယ်။ မသေသေအောင် အလုပ်ကြမ်းခိုင်းတဲ့ သဘောပေါ့။ တစ်ယောက်တည်းခုတ်ဖို့ဆိုတာလဲ မလွယ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ကူညီး၊ ညှိပြီး ခုတ်မှရတာ။ ကျွန်တော်တို့နှစ်ယောက်ကတော့ အမြဲညှိပြီး ခုတ်နေကျဆိုပါတော့ဗျာ။ တစ်နေ့တော့ ကျွန်တော်တို့နှစ်ယောက် သုံးကုဗပေပြည့်အောင် မရဘူး။ ညနေ ၀ါဒါလာစစ်လို့ ပြည့်အောင်ခုတ်နိုင်တာ မတွေ့တာနဲ့ အဲဒီည ကျွန်တော်တို့နှစ်ယောက်လုံး အပြစ်ဒဏ်ခတ်တဲ့အခန်းထဲပိတ်ပြီး ထမင်းမကျွေးဘူး။ ရေမတိုက်ဘူး။ နောက်တစ်နေ့ကျတော့ အဲဒီနေ့အတွက် ကိုတာ သစ်သာမဟုတ်ဘူး။ မနေ့ကမပြည့်တဲ့ သစ် ကိုတာကိုပါရအောင် ဆက်ခုတ်ခိုင်းတယ်။ ထမင်းမကျွေး ရေမတိုက်ဘဲ နှစ်ရက်စာကိုတာပါပြည့်အောင် ဘယ်ခုတ်နိုင်မလဲဗျာ။ အဲ.. အဲဒီနေ့မှာလဲ မရဘူးဆိုပြန်တော့ အဲဒီနေ့ညလဲ ထမင်းမကျွေး၊ ရေမတိုက်ဘဲ နောက်တစ်နေ့မှာ ပထမနေ့အတွက်ရော၊ ဒုတိယနေ့အတွက်ရော လိုနေတဲ့သစ်ကိုတာကိုပါ ပြည့်အောင် ဆက်ခုတ်ခိုင်းပြန်တယ်။ ခင်ဗျားစဉ်းစားကြည့်ဗျာ။ ဘယ်လောက်ပင်ပန်းပြီး ဘယ်လောက်ဆင်းရဲမလဲဆိုတာ၊ ဒီလိုအပြစ်ဒဏ်ခံနေရတဲ့ အကျဉ်းသားကို သူတို့က လွှတ်ထားတာမဟုတ်ဘူး။ အသေအချာစောင့်ကြည့်နေပြီး မကြာခဏလည်း ခေါ်ခေါ်ရိုက်သေးတယ်။ နောက်ဆုံးတော့ဗျာ ပိုပြီးအခံရခက်အောင် ရိုးရိုးဝါဒါတောင် အစောင့်မချတော့ဘူး။ အာရပ်အစောင့်တစ်ယောက်ကိုခေါ်ပြီး စောင့်ခိုင်းတယ်။ ညှဉ်းဆဲခိုင်းတယ်။ ကျွန်တော်တို့ကို လာအစောင့်ထားတဲ့အာရပ်ကလဲ ရက်စက်လိုက်တဲ့ဆီမှာ ကမ်းကုန်ပဲ။ အမျိုးမျိုးနောက်က ကြိမ်နဲ့ရိုက်၊ အစာမစားရ၊ ရေမသောက်ရတာကြာပြီဖြစ်တဲ့ ကျွန်တော်တို့အနားမှာလာပြီး အစာစားပြ၊ ရေသောက်ပြနဲ့ အမျိုးမျိုး မခံချင်အောင်လုပ်တယ်ဆိုပါတော့ဗျာ။ ကျွန်တော်တို့လည်း နောက်ဆုံး မခံနိုင်တဲ့အဆုံးမှာ ဘယ်လိုကြံကြလဲဆိုတော့ သူ့ကို လာဘ်ထိုးရတော့တာပဲ။ ကျွန်တော်တို့ကိုယ်ထဲမှာ ၀ှက်ထားတာက ဖရန့်ငွေ သုံးထောင်စီရှိတယ်။ အဲဒီငွေထဲက တစ်နေ့စာကိုတာ သစ်ကို ဖရန့်ငွေငါးဆယ်ပေးပြီး သူ့ဆီက ၀ယ်တယ်။ သူက ၀ါဒါတွေဆီအပ်ပြီးသား သစ်တွေထဲက ခိုးပြီးဖြည့်ပေးတယ်။ ဒီလိုနဲ့ ဖရန့်ငွေ နှစ်ထောင်ကုန်တဲ့အခါကျတော့ ကျွန်တော်တို့လိုနေတဲ့ ကိုတာသစ်တွေအားလုံးလည်း ပြည့်သွားရောဆိုပါတော့ဗျာ။ အဲ.. ကိုတာပြည့်လို့ အဆင်ပြေသွားတဲ့အချိန်ကစပြီး နောက်တော့ ကျွန်တော်တို့လဲ ဘယ်လိုလုပ်လဲဆိုတော့ သစ်ကိုတာမပြည့်တဲ့အခါတိုင်း အာရပ်ခိုးပေးထားတဲ့နေရာကိုသွားပြီး လိုနေတဲ့သစ် ခိုးပြီး ဖြည့်ကြတယ်။ လူတွေကလဲ ကြာလာတော့ တဖြည်းဖြည်းနဲ့ အားတွေကလဲ ယုတ်လာကုန်ပြီ။ အဲဒီမှာ ဘယ်လိုဖြစ်ပြန်လဲဆိုတော့ တစ်နေ့ ကျွန်တော်တို့လိုနေတဲ့သစ်တွေကို သွားခိုးကြတုန်း အာရပ်က ကျွန်တော်တို့ အနောက်က လိုက်ချောင်းပြီး နောက်မိရောဆိုပါတော့။ သူက ဖရန့်ငွေ ငါးရာတောင်းတယ်။ မပေးရင် ၀ါဒါတွေကို တိုင်မယ်လို့ ပြောတယ်။ ကျွန်တော်တို့ကလည်း သူခိုးချင်းအတူတူမို့ သူတကယ်တိုင်ရဲလိမ့်မယ် မထင်ဘူး။ ဒါကြောင့် မပေးမိဘူး။ မပေးဘူးဆိုရင်ဘဲ ညနေကျတော့ အာရပ်က ၀ါဒါတွေခေါ်ပြီးရောက်လာရော။ ၀ါဒါတွေ ကျွန်တော်တို့ကို ညှဉ်းဆဲပုံက ပြန်ပြောပြဖို့တောင် မကောင်းဘူး။ လူကို တုံးလုံးချွတ်ခိုင်း၊ နောက် ကျွန်တော်တို့ ခိုးလာတဲ့သစ်တွေကို ခိုးတဲ့နေရာက သစ်ခုတ်တဲ့နေရာရောက်တဲ့အထိ ခေါက်တုံ့ခေါက်ပြန်သယ်ခိုင်းတယ်။ အာရပ်က ကျွန်တော်တို့အနောက်ကလိုက်ပြီး သွားတာလာတာနှေးသွားတာနဲ့ ကြာပွတ်နဲ့နောက်က ရိုက်ခိုင်းတယ်။ အစာနဲ့ရေလုံးဝမပေးဘဲ နှစ်ရက်တိတိ အဲဒီလို ခေါက်တုံ့ခေါက်ပြန်သယ်ခိုင်းနေတော့ နောက်ဆုံး ကျွန်တော် မြေပုံပေါ်လဲရော၊ လဲတော့ အာရပ်က ကြာပွတ်နဲ့ဆက်ရိုက်၊ နောက်ဆုံး သူဘာလုပ်လဲဆိုရင် လူသားစားတဲ့ ပုရွတ်ဆိတ်အနီအုံကြီးတစ်ခု သွားရှာခဲ့ပြီး ကျွန်တော်တို့ မျက်နှာပေါ် ကိုယ်ပေါ် လိုက်ချပေးတယ်။ ဘယ်လောက် အခံရခက်မလဲဆိုတာ ခင်ဗျားစဉ်းစားကြည့်စမ်းဗျာ။ ဒီပုရွက်ဆိတ်တွေက ကိုယ့်ကိုယ်ပေါ်ကျပြီးပြီ ဆိုရင် ရိုးရိုးခါပစ်လို့ ရတာမဟုတ်ဘူး။ ပွတ်သတ်ပစ်ပြီး သေသွားမှ ဖယ်လို့ရတာ။ ကျွန်တော်တို့ကလည်း အမောဆို့ပြီး မလှုပ်နိုင်မယှက်နိုင်၊ ၀ါဒါတွေက ပုရွတ်ဆိတ်တွေနဲ့ တစ်ကိုယ်လုံးပြည့်နေတဲ့ ကျွန်တော်တို့နှစ်ယောက်ကို ခြေထောက်က တရွတ်တိုက်ဆွဲပြီး အမှောင်ခန်းထဲမှာ ဆယ်ရက်လောက် သွားပစ်ထားတယ်။ သုံးရက်ကြာရင်ပဲ အသားစားပုရွတ်ဆိတ် ကိုက်တဲ့ဒဏ်နဲ့ ကျွန်တော့်မျက်လုံးတစ်ဖက် လုံးလုံးကန်းရော”

“ဆယ်ရက်ပြည့်လို့ အမှောင်ခန်းထဲကထုတ်ပြီး သစ်ပြန်ခုတ်ခိုင်းတဲ့အခါကျတော့ တခြားအကျဉ်းသားတွေက ညဘက် သူတို့ဟာသူတို့ဆွေးနွေးပြီး ကျွန်တော်တို့နှစ်ယောက်ကို အကူအညီပေးဖို့ ဖုံးဖြတ်ကြတယ်။ နေ့တိုင်း ကျွန်တော်တို့ ပြန်ကျန်းမာလာတဲ့အထိ ကျွန်တော်တို့ကိုတာသစ်တွေကို ကူခုတ်ပေးတယ်။ ဒါနဲ့ ကျွန်တော်တို့ နောက်ဆုံး မသေဘဲ ပြန်ကျန်းမာလာရော၊ ပြန်ကျန်းမာလာတယ်ဆိုရင်ပဲ ကျွန်တော်တို့စိတ်ထဲမှာ အပြတ်ဆုံးဖြတ်ထားတာက ကျွန်တော်တို့အပေါ် အမျိုးမျိုးရက်စက်ထားတဲ့ အာရပ်ကို ကလဲ့စားချေဖို့ပဲ။ တစ်နေ့တော့ တောနက်နက်ထဲမှာ လူသားစားပုရွတ်ဆိတ်အုံကြီးတစ်ခုကို ကျွန်တော်တို့ ရှာတွေ့တယ်။ ကျွန်တော်တို့ အဲဒီ ပုရွက်ဆိတ်အုံရှိတဲ့နေရာကို အသေအချာမှတ်ထားပြီး အာရပ်ကိုချောင်းပြီး မေ့နေအောင် နောက်ကရိုက်၊ ပုရွက်ဆိတ်အုံရှိတဲ့အထိ သယ်သွား၊ နောက် ကျုပ်တို့ခံရတုန်းကလိုပဲ သူ့တစ်ကိုယ်လုံး အ၀တ်ချွတ်၊ သစ်ပင်ဇောက်ထိုးဆွဲ၊ နောက် ပေါက်ဆိန်ဖျားနဲ့ တစ်ကိုယ်လုံး ဓားရာလေးတွေပေးပြီး ပုရွက်ဆိတ်အုံကို သူ့အပေါ် ချပေးလိုက်တော့တာပဲ။ အာရပ်ခံရပုံကတော့ ဘယ်ပြောကောင်းမလဲ၊ ကျုပ်တို့ခံရတုန်းကထက်တောင် ဆိုးသေးတယ်။ နှစ်ရက်နဲ့တစ်မနက်တိတိ အလူးအလဲဝဋ်ခံပြီးမှ သေသွားတယ်။ ပြဿနာက ဒီအတိုင်းပစ်ထားလိုက်ရင် ကောင်းသား၊ ကျုပ်တို့သတ်ထားတဲ့နေရာက တောနက်ထဲမှာဆိုတော့ ဘယ်သူမှလည်း ရှာတွေ့နိုင်တာ မဟုတ်ဘူး။ ဒါပေမဲ့ဖြစ်ချင်တော့ ကျုပ်တို့က သတ်ထားတဲ့လက်ရာကို ပိုပြီး အစပျောက်သေချာအောင်ဆိုပြီး အာရပ်အလောင်းကို မြေမြှုပ်ပစ်လိုက်ဖို့ စီစဉ်ကြတယ်။ ၀ါဒါတွေကလည်း အာရပ်ပျောက်သွားကတည်းက ကျုပ်တို့လက်ချက်ပဲလို့ အပြတ်ယူဆပြီး ကျုပ်တို့နောက်က မသိမသာ လိုက်ချောင်းနေကြတယ်။ ကျုပ်တို့ကလည်း မသိဘူး။ ပထမ အလောင်းမျြပ်ဖို့ ချောင်ကောင်းကောင်းမှာ တွင်းတူး၊ နောက် အာရပ်အလောင်းကို သွားယူတယ်။ အလောင်းက ကျုပ်တို့သွားယူတော့ အသားက ပုရွက်ဆိတ်တွေစားပစ်လိုက်လို့ အရိုးပဲကျန်တော့တယ်။ အဲဒီအရိုးစုကြီးကို သစ်ပင်က ကျုပ်တို့ ပြန်ဖြုတ်၊ နောက် အသင့်တူးထားတဲ့တွင်းမှာ မြှုပ်ဖို့လုပ်နေတုန်း လိုက်ချောင်းနေတဲ့ဝါဒါတွေ ကျုပ်တို့ကို မိတော့တာပဲ။ ဒါကြောင့် ကျုပ်စောစောကပြောတာ၊ အလောင်းနဲ့ကို လက်ပူးလက်ကြပ်မိထားတာမို့ သေဒဏ်ခံရဖို့ပဲ များတယ်ဆိုတာ”
(စာ- ၁၇၄-၁၇၆)

§ § § § §

“ပြောရရင်တော့ အရှည်ကြီးဗျာ။ ဖြစ်ကြပုံက ကျွန်တော်တို့လဲ နာမည်ကျော် ကီလိုမီတာ (၄၂) စခန်းမှာ အညှဉ်းမခံနိုင်လို့ နောက်ဆုံး ထွက်ပြေးကြတယ်။ ပြေးတဲ့အဖွဲ့က အားလုံးခြောက်ယောက်ပါတယ်။ ကျွန်တော်၊ ဒီတီ၊ ဂျင်း၊ ဂဂီဆီပီနဲ့ နောက် ခြေတစ်ဖက်ပြတ်နေတဲ့ လူလိမ်တစ်ကောင်နဲ့ အသက် (၂၃) နှစ်ရှိတဲ့ ကောင်လေးတစ်ယောက်ဗျာ။ ဒီတီနဲ့ဂျင်းက ညီအစ်ကိုအရင်း၊ ကျွန်တော်တို့ စခန်းက လစ်ထွက်လာကြတုန်းကတော့ အားလုံး ချောချောမောမောပဲ။ ဒါပေမဲ့ ပင်လယ်ခရီးကို ဘယ်သူမှ ကျွမ်းကျင်တာမဟုတ်တော့ ထွက်ပြီး နှစ်နာရီလောက်ကြတယ်ဆိုရင်ပဲ ဒတ်ခ်ျပိုင် နယူးဂီနီကမ်းဘက်မှာ သောင်တင်ကုန်ရော။ လှေက ကမ်းရောက်ခါနီးမှ မှောက်သွားပြီး လှေပေါ်ကရိက္ခာတို့၊ အ၀တ်တို့ ဘာမှ ကျွန်တော်တို့ မယူလိုက်နိုင်ကြဘူး။ အသက်လုပြီး ကမ်းရောက်အောင်ပဲ မနည်းသွားကြရတယ်။

“ကမ်းရောက်တော့လဲ ကုန်းတွင်းပိုင်းက တောနက်ကြီးဗျ၊ ကျွန်တော်တို့ကလည်း ဘယ်သွားလို့ ဘယ်လာရမှန်းလဲ မသိဘူး။ လမ်းလဲ ဘယ်လိုစရှာရမှန်း မသိဘူး။ ဒီတော့ ကျွန်တော်တို့ တိုင်ပင်ပြီး လူသုံးစုခွဲပြီး လမ်းရှာဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီတီနဲ့ဂျင်းတို့ ညီအစ်ကိုက တစ်ဖွဲ့၊ ကျွန်တော်နဲ့ဂဂီဆီပီက တစ်ဖွဲ့၊ နောက် ခြေပြတ်လူလိမ်နဲ့ ကောင်လေးက တစ်ဖွဲ့ပေါ့ဗျာ။ ကျွန်တော်တို့ လမ်းရှာထွက်တာ ဆယ့်နှစ်ရက်လုံးလုံး ကြာတယ်။ ဘာမှ ရှာမတွေ့ဘူး။ တောကလဲ နက်လိုက်တာ၊ သွားရလဲ ခက်လိုက်တာ၊ အစာရေစာကလဲ ဘာမှကိုမရှိဘူး။ နောက်ဆယ့်နှစ်ရက်ကြာတော့ ဘယ်ကနေ လမ်းပျောက်သွားကြတာလဲ မသိဘူး။ ကျွန်တော်တို့ ပထမဆုံး လူစုခွဲခဲ့တဲ့နေရာမှာပဲ နောက်ဆုံး အားလုံးပြန်ဆုံမိကြတယ်။ ပထမဆုံးဆုံမိတဲ့အဖွဲ့က ဒီတီတို့ ညီအစ်ကိုအဖွဲ့နဲ့ ကျွန်တော်တို့အဖွဲ့၊ လူတွေကလဲ ဆယ့်နှစ်ရက်လုံးလုံး အစာပြတ်ရေပြတ်ထားတာမို့ အားပြတ်ပြီး မလဲရုံတမည်ပဲ ရှိကြတော့တယ်။ ကျွန်တော်တို့ ဘာဆက်လုပ်သင့်တယ်ဆိုတာ ၀ိုင်းတိုင်ပင်ကြတယ်။ လေးယောက်စလုံးပဲ ဒီအတိုင်းဆက်နေကြလို့တော့ သေကြရုံပဲရှိမယ်။ ဒီတော့ အသေခံမယ့်အစား ဒတ်ခ်ျအာဏာပိုင်တွေဆီမှာပဲ သွားအဖမ်းခံလိုက်တော့မယ်။ ဒတ်ခ်ျအာဏာပိုင်တွေဆီ သွားအဖမ်းခံရဖို့ကတော့ အလွယ်လေး၊ ကမ်းစပ်ပြန်သွားပြီး သစ်ပင်ထိပ်ပေါ်မှာ အ၀တ်ဖြူတစ်ခု ထောင်ပြထားရင် ကင်းလှည့်နေတဲ့သင်္ဘောတစ်စီးစီးတော့ မကြာခင်ရောက်လာမှာပဲ။ နောက် ကျွန်တော်တို့ ပျောက်နေတဲ့ခြေပြတ်နဲ့ သူ့ကောင်လေးအဖွဲ့ကို လိုက်ရှာဖို့ ဆုံးဖြတ်ကြတယ်။ အဲဒီလိုဆုံးဖြတ်ပြီး စရှာမယ်လုပ်တုန်းပဲ ခြေပြတ်က သူ့သစ်သားခြေတုကြီးတစ်ဖက်နဲ့ ထော့နဲ့ထော့နဲ့ ပြန်ရောက်လာရောဗျာ။ သူ့ကို ကြည့်ရတာ အံ့သြစရာ၊ ဘာမှလဲ ကျွန်တော်တို့လို ပင်ပန်းပုံ၊ အားပြတ်နေပုံမရဘူး။ ဒီတီက သိပ်ပါးတဲ့အကောင်၊ ခြေပြတ်လူလိမ်ကို မြင်တာနဲ့ ဒီကောင် ဘာလုပ်ခဲ့ပြီဆိုတာ ချက်ချင်းရိပ်မိတယ်။ ဒါနဲ့ သူက မေးတယ်”
“ဟိုကောင်လေးရော”
“နောက်မှာ ကျန်ခဲ့တယ်။ ဒီကောင် လမ်းမလျှောက်နိုင်တော့ဘူးလို့ ပြောတယ်”
“မင်းမညာနဲ့။ မှန်မှန်ပြော၊ ဒီကောင်လေး ဘယ်မှာလဲ”
“ငါ မညာပါဘူး။ နောက်မှာရှိပါတယ်။ မင်းတို့ဆီအကူအညီတောင်းဖို့ ပြန်သွားပါဆိုလို့ ငါပြန်လာတာ”
“မင်းခြေထောက်မှာစွပ်ထားတာ ဟိုကောင်လေးဖိနပ်မဟုတ်လား”
“ဟုတ်တယ်။ သူက ၀တ်ပါဆိုလို့ ငါဝတ်ထားတာ”
“မင်းကိုကြည့်ရတာ ငါတို့လို ဘာမှလဲ မောလာပုံ၊ ပင်ပန်းလာပုံမရဘူး။ ပြစမ်း.. မင်းအိတ်ထဲမှာ ဘာတွေရှိလဲ”
“ဒီတီက ခြေပြတ်လူလိမ်ရဲ့ပုခုံးမှာ လွယ်ထားတဲ့အိတ်ကို ဆွဲလုပြီး ဖွင့်ကြည့်လိုက်တယ်။ ဘာတွေလဲသိလား။ အသားခြောက်တွေ။ ဒီတီက ဘာမှ ရှည်ရှည်ဝေးဝေးဆက်မေးမနေတော့ဘူး။ သူ့ခါးကြားက ဓားကိုထုတ်ပြီး ခြေပြတ်လူလိမ်ကို ထိုးသတ်လိုက်တော့တာပဲ”
“သတ်ပြီးတော့” ကျွန်တော်က ဖြတ်မေးလိုက်၏။
“သတ်ပြီးတော့ ဘာလုပ်ရမလဲ၊ သူ့ကောင်လေးကိုလုပ်ခဲ့သလိုပဲ သူ့အသားကိုလဲ ကျွန်တော်တို့ လှီးပြီး ကင်စားကြရတော့တာပေါ့။ လူတွေကလဲ အာဟာရပြတ်ပြီး သေကြရတော့မယ်မဟုတ်လား”
“မင်းတို့ အားလုံး စားကြတာပဲလား”
“မစားဘူး။  ကမ်းစပ်သွားပြီး ဂဏန်းတို့၊ ခရုတို့ပဲ သူရှာစားတယ်။ အငတ်ခံတယ်”
“နောက်တော့…”
“နောက်တော့ ဒတ်ခ်ျကင်းသမားစစ်သားတွေက ကျွန်တော်တို့ကိုဖမ်း။ ပြင်သစ်အာဏာပိုင်တွေလက်ထဲ ပြန်လွှဲပေးလိုက်တာပေါ့”
“လူသတ်စားခဲ့ကြတဲ့ ကိစ္စက”
“ဒီကိစ္စက အစကတော့ ဘယ်သူမှမသိဘူး။ ဒါပေမဲ့ ဂဂီဆီပီက နှုတ်မလုံဘူး။ ထောင်ပြန်ရောက်တော့ တခြား အကျဉ်းသားတွေကို ပြန်ပြောပြလိုက်တယ်။ ခုတော့ ဒီသတင်းက တစ်ယောက်နားကတစ်ယောက် တစ်ဆင့်ကြားပြီး ထောင်ဝါဒါတချို့တောင် သိနေကြပါပြီ။ ပဏာမစစ်ဆေးတဲ့ ခုံရုံးမှာတော့ လူသတ်စားကြတဲ့အကြောင်းကို အကုန်ဝိုင်းငြင်းတယ်။ ဂဂီဆီပီကလဲ ၀န်မခံဘူး။ ငြင်းတယ်။ ဒါပေမဲ့ ဒီကောင့်ပါးစပ်က လုံတာမဟုတ်တော့ ဒီကောင့်ကိုပဲ စိတ်ပူနေကြရတယ်”

ကြောက်စရာဇာတ်လမ်းဖြစ်၏။ နောက်တစ်ပတ်ခန့်အကြာ အမှောင်ထုထဲတွင် ဂဂီဆီပီ ဓားနှင့်အထိုးသတ်ခံရ၏။ မည်သူသတ်ခြင်းဖြစ်နိုင်သည်ကို ကျွန်တော်တို့အားလုံး မှန်းဆကြည့်၍ ရ၏။ သို့သော် လူသတ်စားခဲ့ကြသည့်ကိစ္စကိုမူ ထောင်အာဏာပိုင်များ မည်သို့မျှ ခုံရုံးတွင်ပေါ်အောင် ဖော်ဆောင်နိုင်တော့မည်မဟုတ်။ (စာ- ၁၇၈-၁၇၉)

§ § § § §

Comments

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...