လူတွေက အရူးထပြီး အချင်းချင်း သတ်တဲ့ဖြတ်တဲ့ ဗယောက်ဗယက် ကစားပွဲကြီးထဲမှာ ငါမပါဘူး။ ဒါကြောင့် ငါမသေဘူး။ ငါဟာ လူ့အဖိုးတန် တစ်ယောက်ပဲ။ ငါ့ဆွေမျိုးတွေ ငါ့မိတ်ဆွေတွေ ကျီးစာ၊ လင်းတစာ ဖြစ်ကုန်ကြပါပကော…။ ငါကတော့ လူဖြစ်ရကျိုးနပ်ပြီ။ ဒသမသုံးသုညသုံး ရိုင်ဖယ်ဖြင့် ချောင်းပစ်ခံရ၍ ၀မ်းဗိုက်ပွင့်ကာ စားပြီးစထမင်းစေ့များ၊ ၀က်သားဖတ်များပေါ်မှာ မျက်နှာအပ်လျက် သေခဲ့ရသော အစ်ကိုကြီး ကိုငဒေါင်း၏ အလောင်းကို ထွန်းအံ့သည် သွေးခုန်နှုန်း မှန်ကန်စွာဖြင့် ဖုတ်ကြည်းသင်္ဂြိုဟ်ပေးနိုင်ခဲ့သည် မဟုတ်ပေဘူးလား။
သူပွေ့ပိုက်ထားသော ဂျပ်စက္ကူဘူးထဲတွင် အသေကောင်လေးတစ်ခု အေးစက်စွာ လဲလျောင်းနေသည်။ အသေကောင်လေး။ လမစေ့ဘဲ မွေးဖွားလာရာမှ မိခင်ဝမ်းထဲမှ ပြင်ပသို့ ရောက်လျှင်ရောက်ချင်း အသက်ရှူရပ်သွားသည့် လူသား မိန်းကလေး။ ထိုကလေးသည် သူစိမ်းပြင်ပြင်လည်း မဟုတ်ပါ။ သူနှင့် အေးမတို့၏ ရင်သွေးဦးသာဖြစ်၏။ အိမ်ထောင်သက် လေးနှစ်အကြာ၌ မော်တာသံ၊ စိန်ပြောင်းသံ၊ ရိုင်ဖယ်သံ၊ စက်ကလေးသံတို့ မြည်ဟိန်းနေဆဲတွင် အမိ၏ ၀မ်းကြာတိုက်ထဲသို့ ခဲရာခဲဆစ် တိုးဝင်လာခဲ့သော ဤမိန်းမသားလေးသည် အမိအဖတို့၏ ဒုက္ခတစ်ခုအဖြစ် ထပ်မံမဖြည်းဆည်းလိုတော့သလို မွေးသေဘ၀ဖြင့် ရှောင်တိမ်းသွားခဲ့ခြင်းဟုကော မယူဆနိုင်ဘူးလား။

ဘွတ်ဖိနပ်ထည့်သော ဂျပ်စက္ကူဘူးဟောင်းတစ်ခုကို ဦးသူတော်က ထုတ်ပေးခဲ့၏။ ဒါသည်ပင်လျှင် အလေးချိန် တစ်ပိဿာမပြည့်သော အလောင်းကောင်ကလေးအတွက် အကောင်းဆုံးမဖြစ်သော်လည်း အသင့်လျော်ဆုံး ခေါင်းတလား ဖြစ်ရပေမည်။
( မျက်မမြင်ဆွံ့အ သက်သေများ)
ကမ္ဘာပေါ်မှာ ကလေးတစ်ချို့ကို မိခင်တချို့ဟာ မမွေးချင်ပါလျက်နဲ့ မွေးခဲ့ရတယ် သမီးကလေးရဲ့။ မမွေးမဖြစ်လို့ပေါ့ကွယ်။ အများစုသော မိခင်တွေကတော့ ကလေးတွေကို တောင့်တလိုလားစွာ မွေးခဲ့ကြတာပဲ။ ဒီနေရာမှာ သမီးကို မေမေ မွေးထုတ်ခဲ့ရတဲ့အကြောင်းက တစ်မျိုးတစ်ဖုံ ထူးခြားနေတယ်။ သမီးကို မေမေက ရင်နှစ်သည်းချာ သားသမီးရတနာအဖြစ် ရည်ရွယ်ပြီး မွေးပစ်လိုက်တာမဟုတ်ဘူး။ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အရေးကိစ္စတစ်ခုမှာ နည်းဗျူဟာလက်နက်တစ်ခုအဖြစ် အသုံးချဖို့ “လက်ရှိအသုံးချတန်ဆာပလာ” အဖြစ် မွေးယူခဲ့တာပဲ။ ရှင်းပြီလားကွယ်။ ဒါပေမဲ့ မေမေ့ရည်မှန်းချက် မအောင်မြင်တဲ့အပြင် ပထမဆုံးရှုံးမှုကနေ ထပ်ဆင့်ဆုံးရှုံးမှုတွေကို ကြုံတွေ့လာရတော့ မေမေ့ ရင်နှလုံးကြွေပြုန်းမတတ် နင့်နင့်နဲနဲ ခံစားရပြီလေ။ မေမေ့ရဲ့ ထိခိုက်နာကျင်မှုအတွက် မေမေ့ကိုယ်တိုင်မှာ တာဝန်ရှိတာမှန်ပေမဲ့ တစ်ခါတစ်ရံမှာတော့ သမီးကို ခုလို တစိမ့်စိမ့် ငေးစိုက်ကြည့်မိရာကနေ မှုခင်းတစ်ခုမှာ ပါဝင်တဲ့ အမှုတွဲတရားခံကလေး တစ်ယောက်လို ထင်မြင်မိလာတယ်။ အဲဒီအခါမှာ သမီးဟာ မေမေ့အတွက် မလိုလားအပ်တဲ့ အနီးဆုံး အပေါင်းအဖော်ဖြစ်လာတယ်။ သမီးကို မေမေ မုန်းမယ်ဆို မုန်းလို့ရအောင် သမီးရဲ့အနေအထားက မေမေ့ရဲ့ဘ၀ကို ကုတ်ခြစ်ကိုက်ခဲနေတဲ့ တိရိစ္ဆာန်ရိုင်းတစ်ကောင်နဲ့ တူသယောင်ယောင် မေမေ ယောင်မှားသံသယနဲ့ ခံစားလာရတာပေါ့ကွယ်။ ကမ္ဘာပေါ်မှာ မွေးကင်းစရင်သွေး လူမမည်ကို မုန်းတီးတဲ့ မိခင်တစ်ချို့ရှိနေတာ အမှန်ပါ။ သူတို့နေရာမှာ ၀င်ရောက်ခံစားကြည့်မှသာ သူတို့ကို နားလည်နိုင်မှာပါ။ သူတို့ဟာ မိခင်စိတ် ကင်းပျောက်လွင့်ပါးကုန်ကြတဲ့အထိ လောကဓံရဲ့ ညှင်းပမ်းနှိပ်စက်မှုကို မဆန့်ရင်တန် တွေ့ကြုံလိုက်ရလို့ပါကွယ်။ တကယ်ဆို သတ္တ၀ါတို့ရဲ့ ဗီဇအခြေခံသဘောအရ မိခင်တိုင်း သူတို့ဝမ်းဗိုက်ထဲမှာ အရှိယူခိုအောင်း အားမွေးပြီး ပြင်ပလောကထဲကို တိုးထွက်လာတဲ့ သူတို့ရဲ့ ကိုယ်ပွားငယ်ကလေးကို ချစ်ခင်တွယ်တာကြတာဟာ ငြင်းဆန်လို့မရတဲ့ သတ္တလောက နိယာမပါ။ သို့ပေမဲ့ မေမေ့ရဲ့လက်ရှိအခြေအနေမှာတော့ သမီးဟာ ရွံ့မုန်းစရာမဟုတ်သည့်တိုင် မေမေ့ကို ငြီးငွေ့မောပန်းစေတဲ့ ၀န်ထုပ်ဝန်ပိုး ဖြစ်နေပြီဆိုတာ သမီးသိပါရဲ့လား။ မေမေကိုယ်တိုင် ကြံစည်တီထွင်ခဲ့တဲ့ လက်နက်ဆန်းက ရန်သူကိုမထိမှန်ဘဲ မေမေ့ဆီကို ဦးလှည့်ပုန်ကန် ပျံသန်းလာနေပြီဆိုတာကော သမီးရိပ်မိနိုင်ပါရဲ့လား။
(သင်္ချာဆရာမ)
“ကဗျာဆရာတစ်ယောက်ရဲ့ ကိလေသာစည်းစိမ်ကို အပြည့်အစုံဆုံးဖွဲ့ဆိုတဲ့ အိုမာခိုင်ယမ်ဟာ ပါရှင်းကြီးတစ်ယောက်ပေါ့ နန္ဒီရယ်”
ကြည်လင်လန်းဆန်းနေခဲ့သည့် နန္ဒီ၏ မျက်နှာကလေးသည် တမဟုတ်ချင်း အုံမှိုင်းညှိုးလျသွားသည်။
“ဒီကနေ့ ကမ္ဘာသူကမ္ဘာသားတွေထဲက အများစုဟာ အိုမာခိုင်ယမ်ရဲ့ ကဗျာလင်္ကာတွေကို ခံစားနိုင်စွမ်း မရှိကြတော့ပါဘူး။ ဖတ်ကြည့်ကြပါဆိုရင်လည်း သူတို့မှာ နားလည်နိုင်တဲ့အသိမျိုး မရှိရှာကြတော့ပါဘူး။ အိုမာခိုင်ယမ်ရဲ့ ခေတ် ဝေးဝေးကြီးတော့ ပြန်မသွားချင်ဘူး။ နန္ဒီတို့ ဘိုးဘေးဘီဘင်တွေ လသာချိန် မြေတလင်းမှာ နဘေကာရန် အသံချိုချိုနဲ့ ကဗျာရွတ်ကြတဲ့ခေတ်ကို ပြန်သွားချင်လိုက်တာ စန္ဒြရယ်”
ကျွန်တော့်မှာလည်း နန္ဒီ၏ အာသီသမျိုး ရှိနေပါသည်။ ကွန်ပြူတာကဗျာများ၊ ကွန်ပြူတာရော့ခ်သီချင်းများ ပေါ်ထွန်းလာခဲ့ပြီးကတည်းက ကမ္ဘာပေါ်တွင် ကဗျာဆရာ၊ တေးပြုစာဆိုလူတန်းစာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါသည်။ အခြားနှမြောတသစရာမှာ ဂီတအနုပညာရှင်များ၊ ပန်းချီအနုပညာရှင်များ မျိုးတုံးသွားခဲ့ခြင်း ဖြစ်သည်။ ၂၂ ရာစုသို့ အ၀င်တွင် လူလုံးပြဖျော်ဖြေရေးလုပ်ငန်းတွင် သက်မဲ့ကွန်ပြူတာဒါရိုက်တာများသာ ကြီးစိုးလာခဲ့ကြပါသည်။ ၀တ္ထုဇာတ်ညွှန်းရေးသူများသည် ကွန်ပြူတာများကို (လူရိုင်းတွေက ခွန်အားကြီးမားသည့် တိရိစ္ဆာန်ကောင်ကြီးများကို နတ်ဒေ၀တာစာရင်းသွင်း၍ ကြောက်ရွံ့ရိုကျိုးကြသလို) အားကိုးဆည်းကပ်နေခဲ့ကြပါသည်။ ကွန်ပြူတာအဆိုတော်များပေါ်ပေါက်လာချိန်တွင် ရုပ်ရည်သွင်ပြင် ပြေပြစ်မှုကင်းသော အဆိုတော်လူသားတွေ ငို့လျှိုးတိမ်းရှောင်ပေးလိုက်ကြရပြန်ပါသည်။ ယခုအခါ စာပေအနုပညာဝေဖန်ရေး ကွန်ပြူတာများတည်ဆောက်ရန် ကြိုးပမ်းသူက ကြိုးပမ်းလျက်ရှိနေကြပါပြီ။
(ကွင်းဆက်အသေ)
“ဒီမယ်.. မလှမေ၊ မယုံမရှိနဲ့။ လူတစ်ယောက်သေလို့ သူ့မျက်နှာက အရေအသားတွေ ပျက်စီးပြီဆိုတာနဲ့ သူကျန်ရစ်ခဲ့တဲ့ဓာတ်ပုံတွေက သူ့မျက်နှာတွေဟာလည်းပဲ အနည်းနဲ့အများ ပျက်စီးစပြုတော့တာပဲရှင့်။ ကျွန်မယောက်ျားသေတုန်းကလည်း သူ့ဓာတ်ပုံတွေပျက်တော့ ကျွန်မသိပ်မယုံချင်ဘူး၊ ကျွန်မရဲ့သားသမက် အရက်သမားသေပြီးလို့ တယ်လီဖုန်းကြားတာနဲ့ အိမ်ကသူ့ဓာတ်ပုံတွေကြည့်လိုက်တော့ ဟုတ်ပါ့ရှင် ဒင်းရဲ့မျက်နှာက လူသေကောင်မျက်နှာလို ဖြည်းဖြည်းချင်း ညိုပုတ်လာတယ်။ ဒါအမှန်ပဲနော်။ မယုံမရှိနဲ့၊ ရှင့်လူကြီးကိုဘသွင်ဟာ ဓာတ်ပုံထဲမှာ ဘယ်လောက်ချောချော သူပုတ်တာနဲ့ ဓာတ်ပုံမှာ ပျက်စီးယိုယွင်းတဲ့ လက္ခဏာတွေ အလိုလိုပြလာမှာပဲ။ မယုံမရှိနဲ့မလှမေ၊ မယုံမရှိနဲ့”
(ကိုဘသွင်၏ ပုံတူ)
“ဒေါ်မယ်ရှင် ခံတွင်းများတွေ့မလားလို့ ကျွန်မ ကြက်သားကြာဇံဟင်းခါးလာပို့တာ” ဟု သမစာရေးကတော်ကြီးက ပြောလိုက်စဉ် လူမမာသည် မှေးထားသောမျက်ခွံကို ဖျတ်ခနဲဖွင့်ကာ တစ်ခဏအတွင်း ဖျတ်ခနဲပြန်မှိတ်၏။
လူမမာသည် ငြိမ်သက်မြဲ ငြိမ်သက်နေသည်။ လူမမာ၏ သမီးထံမှ မျက်လုံးတွေက သတ္တုချိုင့်ဆီသို့ ကျရောက်သွားပြီး တောက်ပလာ၏။ သူမ၏နှာခေါင်းအိုး အ၀နှစ်ဖက်သည် ဖြည်းညှင်းစွာလှုပ်ရွလာသော်လည်း သူမကိုယ်တိုင်ပင် ထိုလှုပ်ရှားမှုကို သိပုံမရပါ။
“မသေပါနဲ့ဦး ဘွားဘွားကြီးရယ်၊ ဘွားဘွားကြီးရှိလို့ သမီးတို့တစ်အိမ်သားလုံး အကောင်းတွေ စားနေကြရတာ၊ ဘွားဘွားကြီးသေရင် ဘယ်သူမှ လာပေးကြမှာ မဟုတ်တော့ဘူး၊ သမီးတို့လည်း စပျစ်သီးတွေ၊ ပေါင်မုန့်တွေ မစားရတော့ဘူး၊ မေမေတို့ အန်တီတို့လည်း ဟင်းကောင်းစားရမှာ မဟုတ်တော့ဘူး၊ ဖေဖေလည်း ကြက်သားဟင်းနဲ့အရက်နဲ့ မြည်းရတော့မှာ မဟုတ်ဘူး၊ မသေပါနဲ့ဦး ဘွားဘွားကြီးရယ်၊ မသေပါနဲ့ဦး…”
(ငိုနေသော မြေခွေးများ)
“မှတ်ထားဟဲ့ ခွေးစုတ်ခွေးနာ ခိုးစားချင်ဦး”
ထို မိန်းမ၀၀ကြီးက ပလတ်စတစ်ဆွဲပုံးကိုမြှောက်၍ အောင်ပွဲခံလူရိုင်းစစ်သည် တစ်ဦးလို အော်ဟစ်ကြွေးကြော်နေသည်။
ကိုအေးချိုတို့ ငှားရမ်းနေထိုင်ရာအိမ်၏ နောက်ကျောအစွန်းသည် အိမ်ရှင်၏ ခြံမြေပိုင်နက် နယ်နိမိတ်ဖြစ်သည်။ ထိုနယ်နမိတ်၏ ဟိုမှာဘက်တွင် “စည်ပင်” ဌာနပိုင် နောက်ဖေးလမ်းကြားရှိ၏။ နောက်ဖေးလမ်းကြားသည် မူလသတ်မှတ်ချက်ထက် လျော့ပါးကျဉ်းမြောင်းလာကာ ကျောချင်းကပ်အိမ်နှစ်လုံး၏ နောက်ကျောအစွန်ချင်း ထိမတတ်ဖြစ်နေသည်။ ထို့ကြောင့် ကျောချင်းကပ်အိမ်မှ အိမ်ရှင်မ၀၀ကြီးက နောက်ဖေးလမ်းကြား အမှိုက်သရိုက် အပုပ်အစပ်များကြားတွင် ၀မ်းစာရှာဖွေနေသော ပိန်လှီခြောက်ကပ်သည့် ခွေးဝင်စားဝဲထူကလေး တစ်ကောင်အား ထမင်းရည်ပူနှင့်ပက်ချလိုက်သော မြင်ကွင်းကို သူသည် အနီးကပ်မြင်ခွင့် ရလိုက်ခြင်းဖြစ်သည်။
ခွေးကလေးသည် ထမင်းရည်ပူများ ထိသည်နှင့် ရုတ်တရက် လျှပ်စစ်ဓာတ်စီးဝင်ခြင်းခံရသလို တွန့်လိမ်လှုပ်ဆတ်သည်။ ပြီးလျှင် အမှိုက်သရိုက်များကြားတွင် အလန့်တကြားလှဲချလူးလိမ့်၏။ ထို့နောက်မှာတော့ တစ်တစ်ချင်ချင် စူးစူးဝါးဝါး အော်ဟစ်ညည်းညူပြီး သွေးရူးသွေးတန်း ထပြေးရှာတော့သည်။ ခွေးကလေးပြေးလွှားပုံမှာ ကာတွန်းရုပ်ရှင်ကားထဲမှ ရယ်မောဖွယ် ကာတွန်းဇာတ်ကောင်ဆန်ဆန် ကိုးရိုးကားရား လျင်မြန်သွက်လက်နေသော်လည်း ကိုအေးချို မရယ်ချင်ပါ။ သူ အသက်ရှူဖို့မေ့ပြီး ငေးကြောင်နေပါသည်။ ငေးကြောင်ရာမှ သူ့ရင်ခေါင်းထဲမှာ တင်းကျပ်မွန်းလှောင်လာပါသည်။ အို ရက်စက်လှချည်လား၊ အကြင်နာမဲ့လှချည်လား၊ လူမဆန်လှချည်လားဟု တွေးကြည့်သည်။ ဂျပန်ဆူမိုနပန်းသမားနှစ်ဦး ပူးကပ်ဖက်တွယ်၍ မသတ်ပုတ်မီ မျက်လုံးချင်းဆိုင်၍ ကြည့်နေကြသလို ကိုအေးချိုသည် မိန်းမ၀၀ကြီးနှင့် မျက်တောင်မခတ်တမ်း မျက်လုံးချင်းဆိုင်မိ၏။ သို့တစေ ကိုအေးချိုသည် ဆူမိုနပန်းသမားလို ၀တုတ်သူမဟုတ်။ လူဗလံလေးမျှသာ ဖြစ်၏။ ထို့ကြောင့် သူသည် မိန်းမ၀၀ကြီးကို မျက်လုံးချင်းဆိုင် မကြည့်တော့ဘဲ မျက်စိလွှဲကာ အိမ်ထဲသို့ ကုပ်ချောင်းချောင်းပြန်ဝင်ခဲ့ပါသည်။ မျက်နှာသစ်ရန်၊ သွားတိုက်ရန် ပလုတ်ကျင်းရန်လည်း သူ မေ့လျော့သွားခဲ့ရပါပြီ။
(ထိုနေ့က သူတို့ နွားများကို ရိုက်နှက်ခဲ့ကြသည်)

Ref: (ဆရာ) ကြူးနှစ်၏ “၀တ္ထုတိုအချို့အ၀က်”
Comments
Post a Comment