ကျွန်တော်က ကူးတို့ပေါ်သို့ ရွေးချယ် စီးနင်းလိုက်သည်။ ဒီနေ့ ဧရာဝတီတိုင်း ကျေးရွာလေး တစ်ရွာမှ ရန်ကုန်သို့ ပြန်ကြမည်။ မေမေ၊ ညီမလေးနှင့်အတူ ဒေါ်လေးနှစ်ယောက်လည်း ပါသည်။ ရန်ကုန်ပြန်မည့် သူထက် သင်္ဘောဆိပ်ရှိရာ မြစ်တစ်ဖက်ကမ်းသို့ ပစ္စည်းပစ္စယများ သယ်ပိုးပြီး လိုက်ပို့ကြမည့် လူအင်အားက ပိုများနေသည်။ ထို့ကြောင့် လှေတစ်စင်းနှင့် မလောက်၊ ဆန်အိတ်၊ အုန်းသီး၊ ငှက်ပျောသီးစသည့် ရွာမှဆွေမျိုးများ၏ ရန်ကုန်ပြန် လက်ဆောင်များက များပြားလှသည်။ ဘိုးဘိုးတို့ပိုင် လှေနှင့် ငှားထားသည့် ကူးတို့ စုစုပေါင်းနှစ်စင်း ချောင်းကမ်းနဖူးတွင် ဆိုက်ကပ်ထားသည်။ မည်သူမျှ လှေပေါ်သို့ မတက်ကြသေးခင်တွင် လူကြီးများက ကျွန်တော့်အား ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်စီးနင်းစေပါသည်။ ကျဉ်းမြောင်းသည့် ချောင်းရိုးအတိုင်း မိနစ်နှစ်ဆယ်ခန့် စုန်ဆင်းပြီးလျှင် မြစ်ပြင်ကျယ်ကြီးကို ဖြတ်ရဦးမည်မှန်း ကျွန်တော် သိပြီးဖြစ်သည်။ ဘိုးဘိုးတို့လှေလေးမှာ သိပ်မသေးလှသည့်တိုင် ကူးတို့လောက်လည်း တောင့်တင်းခိုင်ခံ့ လိမ့်မည်မဟုတ်ဟု ကျွန်တော် တွက်ဆမိသည်။ လှိုင်းကြီးသည့်မြစ်ပြင်အား ရေပြင်နှင့်နီးကပ်စွာထိုင်ပြီး လှေငယ်လေးဖြင့်ဖြတ်ရမည်ထက် ကျွမ်းကျင်သော ကူးတို့သမား ခတ်သည့် ကူးတို့ပေါ်မှသာ ကျွန်တော်ပိုမိုဖြတ်သန်းချင်သည်။ ရေနံချေးဝ၍ နက်ပြောင်နေသော ကူးတို့၏ ဦးမကျပဲ့မကျ၊ အလယ်လောက်နေရာကို ကျွန်တော်က မြစ်ကိုဖြတ်ရန် ဖင်တစ်နေရာစာအဖြစ် ရွေးချယ်လိုက်ပါသည်။ ထိုအချိန်က ကျွန်တော်က ငါးနှစ်သားခန့် ဖြစ်သည်။
ဝန်စည်စလယ်များအားလုံး လှေပေါ်တင်ပြီး၍ လူများလှေပေါ်သို့စတက်ချိန်တွင် ကျွန်တော် ကြိတ်၍ ဆုတောင်းနေခဲ့သလို မေမေက ကျွန်တော်ရှိရာ ကူးတို့ပေါ်သို့ တက်မလာဘဲ လှေပေါ်သို့သာ ညီမလေးကို ပွေ့ချီ၍ တက်သွားခဲ့သည်။ ငါကတော့ ငါတို့လှေပဲစီးမယ်ဟု ကျွန်တော့်ဆီသို့ ကျီစယ်သလို ပြုံးပြီး ပြောလိုက်သေးသည်ကို ကျွန်တော် မှတ်မိနေသည်။ သိပ်မထူးခြားသွားဟန်ဖြင့် ကျွန်တော်က ကူးတို့ပေါ်မှာပင် မှင်သေသေ ဆက်ထိုင်နေခဲ့သည်။ ထို့နည်းတူ ဒေါ်လေးနှစ်ယောက်လည်း လှေကလေးပေါ်တက်သွားချိန်တွင် ကျွန်တော့်ဆုံးဖြတ်ချက် မှားသွားပြီဟု စိတ်တွင်းမှ ၀မ်းနည်းစွာ တွေးလိုက်မိပါသည်။ ကူးတို့ပေါ်သို့ ကျွန်တော်နှင့်မသိသည့် ယောက်ျားကြီးအချို့နှင့် ဦးလေးတို့ တက်လာကြသည်။ ထိုအချိန်တွင် လှေပေါ်သို့ ပြောင်းစီးတော့မည်ဟု ကလေးတို့၏ အခွင့်အရေးမျိုးဖြင့် တောင်းဆိုခွင့်၊ အဆုံးစွန်ဆိုလျှင် ငိုယိုကန့်ကွက်၍ ကျွန်တော့် ဆုံးဖြတ်ချက်ကို ပြောင်းပြစ်နိုင်ခဲ့ပါလိမ့်မည်။ သို့သော် ကျွန်တော်က ထိုသို့ အပြောင်းအလဲမြန်သော လူမျိုး မဟုတ်ခဲ့၊ ထို့အတူ မိမိ၏ ခံစားချက်ကို ထုတ်ဖော်ဖွင့်ဟရန် ရှက်ရွံ့တတ်သည့် ပွင့်လင်းမှု အလုံအလောက် မရှိသော ကလေးမျိုးသာ (အဘွားက တုံဏိဘောဟု ကင်ပွန်းတပ်ခဲ့သည်) ဖြစ်ခဲ့သည်။ လှေနှစ်စင်း ပြိုင်တူ စတင်ထွက်ခွာ၍ မကြာမီပင် မေမေတို့လှေကလေးမှာ ကျွန်တော်တို့၏ အိပဲ့ပဲ့ကူးတို့ကို သွက်လက်စွာ ကျော်ဖြတ်သွားခဲ့သည်။ ထိုအချိန်က အပျိုပေါက်အရွယ် ဒေါ်လေးများက ဟေးကနဲအော်၍ ကျွန်တော့်ကို လှော်တက်များ မြှောက်၍ လှောင်ပြောင်နှုတ်ဆက် သွားသည်ကို ကျွန်တော် မျက်နှာလွှဲနေလိုက်သည်။ မျက်လုံးတွင် ရစ်ဝဲလာသော မျက်ရည်များကို ကူးတို့ပေါ်ရှိ လူကြီးများမသိအောင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ ကြိုးစားကွယ်ဝှက်ရသည်။ ငိုချင်ပေမဲ့ ငိုခွင့်မှမရှိတာ။ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ်ပဲ မဟုတ်လား။ လူကြီးများ၏ အမြင်တွင် ရယ်စရာကောင်းသည့် ကလေးငယ်တစ်ဦး ကျွန်တော် ဖြစ်မနေလိုပါ။ ခဏအကြာတွင် ခတ်တက်မှ တကျွီကျွီမြည်သံနှင့်အတူ တရွေ့ရွေ့ သွားနေသော ကူးတို့ပေါ်မှ ကျွန်တော်၏ မြင်ကွင်းတွင် မေမေတို့လှေကလေးသည် ကွေ့ကောက်သော ချောင်းရိုးအတွင်းသို့ ၀င်ရောက်ပျောက်ကွယ် သွားခဲ့ပါပြီ။
ချောင်းရိုးအတွင်းမှ မြစ်ပြင်သို့အထွက်တွင် နေရောင်သည် လှပစွာ ဖြာကျနေသည်။ သင်္ဘောဆိပ်ရှိရာ ကျိုက်ထော်မြို့ မြစ်တစ်ဖက်ကမ်းကို ခပ်ဝါးဝါးသာ မြင်နေရသည်။ နံနက်ခင်း၏ ကျယ်ပြန့်လှသည့်မြစ်ပြင်တွင် သင်္ဘောများ၊ လှေသမ္ဗန်များ၊ ကူးတို့များ ပြောက်တိပြောက်ကျား စတင်လှုပ်ရှားနေပြီဖြစ်သည်။ ကျွန်တော်က မေမေတို့ လှေကလေးကိုသာ မြစ်ပြင်ကျယ်ကြီးထဲတွင် အသည်းအသန် လိုက်လံရှာဖွေနေမိသည်။ မြစ်ပြင်ကျယ်ကြီးထဲတွင် လှေကလေးများ၏ ပုံရိပ်မှာ သေးငယ်မှုန်ဝါးလွန်းလှသည်။ လူကြီးများကိုယ်တိုင်လည်း မည်သည်က ကျွန်တော်တို့လှေကလေးမှန်း မဝေခွဲတတ်။ နေရောင်ကြောင့်လား မပြောတတ်သည့် အပြင်သို့ထွက်လာသည့် မျက်ရည်အချို့ကို ကျွန်တော် လက်ခုံဖြင့် သုတ်လိုက်သည်။ ကူးတို့သမားက ဟိုဘက်ကမ်း ရောက်သွားလောက်ပါပြီဟု ကျွန်တော့်ကို လှမ်းပြောလိုက်သည်။ လှိုင်းလုံးကြီးများက ကူးတို့၏ ကျွန်းသားကိုယ်ထည်ကို စည်းချက်ကျကျ လာရောက်ရိုက်ခတ်နေသည်။ ဤကူးတို့သည် လှိုင်းကြောင့် နစ်မြုပ်သွားမှာ ပူပင်စရာမလိုဟု ကျွန်တော် မိမိကိုယ်ကို အားပေးလိုက်သည်။ သို့သော် အခြား သောကတစ်မျိုးက နေရာယူလာပြန်သည်။ တဖြည်းဖြည်းနီးကပ်လာသော မြစ်တစ်ဖက်ကမ်း သင်္ဘော ဘောတံတားတွင် ကျွန်တော်တို့စီးရမည့် ဧရာဝတီသင်္ဘောက ဆိုက်ကပ်ထားပြီး ဖြစ်သည်။ မေမေတို့ သင်္ဘောပေါ် ရောက်နေနှင့် ကြပြီလား။ သင်္ဘောက ထွက်တော့မှာလား။ ကျွန်တော်တို့ကူးတို့ သင်္ဘောမထွက်ခင် အချိန်မီ တစ်ဖက်ကမ်းသို့ ရောက်ပါ့မလား။ ထိုသို့ ကြီးစွာသော သောကများသည် စကားလုံးအဖြစ်ဖြင့် အပြင်သို့ မည်သည့်အခါမှ ရောက်မလာခဲ့ကြ။ နေကြီးက လှလိုက်တာ ကြည့်ရတာ မျက်ရည်တောင်ဝဲတယ်ဟု ကျွန်တော်ကဆိုသောအခါ ဦးလေး၏အပြုံးသည် နားလည်သည့်အပြုံးလား၊ လှောင်ပြောင်သည့်အပြုံးလား ယခုအချိန်မှာ ကျွန်တော် မဝေခွဲတတ်တော့ပါ။ မြစ်ပြင်ကျယ်၏ လှိုင်းလေတို့ကို ကြောက်၍ ကူးတို့ကို ရွေးချယ်စီးနင်းခဲ့ပြီး နောက်ကျကျန်ခဲ့မှာ စိုးရိမ်နေရခြင်းသည် ရှောင်လွှဲမရသည့် ပူပန်သောကသာ ဖြစ်ကြောင်း ထိုအချိန်က ကျွန်တော် သိကောင်းမှ သိခဲ့လိမ့်မည်ဖြစ်သော်လည်း အော်ဟစ်ငိုကြွေးခြင်း မပြုခဲ့မိသည်ကတော့ အမှန်ပင်ဖြစ်သည်။ ယခုသော် မြစ်တစ်စင်းအား ယုံကြည်စိတ်ချစွာ ဖြတ်သန်းလိုခြင်းသည် ကလေးဆန်ခြင်းတစ်မျိုးသာ ဖြစ်ကြောင်း ကျွန်တော်သိခဲ့ပါပြီ။ တစ်ဖက်ကမ်းရှိ မြင်ကွင်းကို လွှဲဖယ်လိုက်ပြီး ပက်ခွံကို ကိုင်ကာ ကူးတို့၏ အလယ်တည့်တည့်လောက်ရှိ လစ်လပ်နေသော အကန့်တစ်ခုအတွင်းမှ စိမ့်ဝင်လာသော မြစ်ရေတို့ကို ကျွန်တော် ပက်ထုတ်နေမိသည်။ အချိန်မီ ရောက်လုနီးပါပြီ။
◄ တေဇာ ►
သိပ်ကို ကောင်းသော post ဖြစ်ပါ ကြောင်း
ReplyDelete